Go to full page →

ဘုရားသခင်သည် မိမိ၏ သားသမီး အသီးအသီးတို့၌ စိတ်ပါဝင်စားတော်မူခြင်း။ CCB1 275

ဘုရားသခင် နှင့် သခင်ခရစ်တော်တို့၏ ဆက်သွယ် တော်စပ်မှု အကြောင်းကို ကျမ်းစာက သေချာ ထင်ရှားစွာ ဖော်ပြသဖြင့်၊ အသီးအသီးတို့သည် လူပုံသဏ္ဍာန်နှင့် ပြည့်စုံကြလျက် တစ်ဦး နှင့် တစ်ဦးသည် သီးခြားစွာ တည်ရှိနေကြကြောင်းကိုလည်း ထင်ရှားစွာ သိမြင်စေလေပြီ။ CCB1 275.1

ဘုရားသခင်သည် သခင်ခရစ်တော်၏ ခမည်းတော် ဖြစ်တော်မူ၏။ သခင်ခရစ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏။ သခင်ခရစ်တော်အား အလွန် မြင့်မြတ်သော ဂုဏ်အသရေကို ပေးထားတော်မူ၏။ ကိုယ်တော်သည် ခမည်းတော်နှင့် တူညီရသော အခွင့်ကို ရရှိတော်မူ၏။ ဘုရားသခင်သည် မိမိ၏ အကြံဉာဏ် ရှိသမျှတို့ကို မိမိ၏ သားတော်အား ဖွင့်ပြတော်မူ၏။ CCB1 275.2

ဤကဲ့သို့ တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း အကြောင်းကို၊ ယောဟန် ခရစ်ဝင် အခန်းကြီး ၁၇ တွင် မိမိ၏ တပည့်တော်တို့အတွက် သခင်ခရစ်တော် ဆုတောင်းတော်မူသော အချက်တွင်လည်း ဖော်ပြထား၏။ CCB1 275.3

“ထိုသူတို့အဖို့သာ အကျွန်ုပ်တို့ ဆုတောင်းသည် မဟုတ်ပါ။ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သော သူတို့အဖို့ကိုလည်း ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြည်ကြမည် အကြောင်း၊ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်း ဖြစ်စေခြင်းငှါ၊ ဆုတောင်းပါ၏။ ငါတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ ရှိ၍၊ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှါ၊ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်း နှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှါ လည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အား ပေးပါပြီ။ ယောဟန်၊ ၁၇: ၂၀-၂၃။ CCB1 275.4

မည်မျှ အံ့သြဖွယ် ဖော်ပြထားသော အချက် ဖြစ်သနည်း။ သခင်ခရစ်တော် နှင့် တပည့်တော်တို့၏ တစ်လုံးတစ်ဝတည်း ရှိခြင်း အဖြစ်သည် အသီးအသီးတို့၏ လူဇာတိ အဖြစ်ကို မဖျက်ဆီးချေ။ သူတို့သည် အကြံအစည်၊ စိတ်သဘော၊ အကျင့်စာရိတ္တတို့တွင် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏။ သို့သော် ကိုယ်ကာယအားဖြင့် ထိုသို့ မဟုတ်ကြ။ ထိုသို့အားဖြင့် ဘုရားသခင် နှင့် သခင်ခရစ်တော်တို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြ၏။ CCB1 276.1

ကျွန်ုပ်တို့၏ ဘုရားသခင်သည် ကောင်းကင် နှင့် မြေကြီးကို မိမိ သဘောအတိုင်း ပြုလုပ်ရန် အမိန့်ပေးတော်မူနိုင်သဖြင့် ကျွန်ုပ်တို့၌ အဘယ်အရာကို လိုနေကြောင်း သိရှိတော်မူ၏။ ကျွန်ုပ်တို့သည် မိမိတို့ ရှေ့၌ အနည်းငယ် ဝေးသော နေရာကိုသာ မြင်နိုင်ကြသည်။ သို့ရာတွင် “ငါတို့ကို စစ်ကြော စီရင်တော်မူသော သူရှေ့၌ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။ ဟေ၊ ၄: ၁၃။ လောက၏ ရှုပ်ထွေးခြင်းများ အထက်ရှီ ပလ္လင်တော်ပေါ်၌ ဘုရားသခင်သည် ထိုင်တော်မူ၏။ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ရှေ့တော်၌ ထင်ရှားစွာ တည်ရှိနေကြ၏။ ၎င်းပြင် မိမိ၏ တည်ငြိမ် ကြီးကျယ်သော ထာဝရ ကာလ အဆက်ဆက်ကပင် မိမိအဖို့ အကောင်းဆုံး ဖြစ်မည့် အရာများကို စီမံ ပြုပြင်ထားတော်မူ၏။ CCB1 276.2

ခမည်းတော် မသိမမြင်ရဘဲ စာငှက် တစ်ကောင်မျှ မြေကြီးပေါ်သို့ မကျရ။ စာတန်သည် ဘုရားသခင်ကို မုန်းသောကြောင့်၊ စကား မပြောနိုင်သော သတ္တဝါများကို ဖျက်ဆီးရန်ပင် သူသည် နှစ်သက်လာ၏။ ဘုရားသခင် စောင့်ရှောက် ကာကွယ်တော်မူခြင်းအားဖြင့် သာလျှင်၊ ငှက်များတို့သည် ကျွန်ုပ်တို့အား မိမိတို့၏ ဝမ်းမြောက်ဖွယ် သီချင်းများအားဖြင့် ဝမ်းမြောက် ရွှင်မြူးကြစေရန် အသက်ရှင်လျက် ရှိနေကြသေးသည်။ သို့သော် ဘုရားသခင်သည် စာငှက်များကိုပင် မမေ့လျော့တော် မမူပါ။ “ထိုကြောင့် မကြောက်ကြနှင့်” သင်တို့သည် စာငှက် အများတို့ထက် သာ၍ မြတ်ကြ၏။ မ၊ ၁၀: ၃၁။ CCB1 276.3