Go to full page →

ဘုရားထံမှ အလင်းရမည်ဟု ဖတ်ရှုသော သူအား ဂတိထားခြင်း။ CCB1 306

ဘုရားသခင်၏ နှုတ်ကပတ်သည် ၎င်းကို စီရင် ရေးသားတော်မူသော ဘုရားနှင့် သဘောတော်တွင် တူညီလျက် ဉာဏ်မမီနိုင်သော လူသည် မည်သည့်အခါမျှ ပြည့်စုံစွာ နားမလည်နိုင်သော နက်နဲရာများကို ဖော်ပြ၏။ ၎င်းသည် ကျွန်ုပ်တို့၏ စိတ်ကို “အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ နေတော်မူထသော” ဖန်ဆင်းရှင်ထံသို့ ညွှန်ပြ၏။ (၁ တိ၊ ၆: ၁၆။) လူတို့ ရာဇဝင်၏ ခေတ်ကာလ အပေါင်းနှင့် သက်ဆိုင်၍ မကုန်မဆုံးနိုင်သော ထာဝရကာလတွင်သာ ပြည့်စုံခြင်းသို့ ရောက်ကြမည့် ဘုရားသခင်၏ အကြံတော်များကိုလည်း ၎င်းက ကျွန်ုပ်တို့အား ဖော်ပြထား၏။ ဘုရားသခင်၏ အုပ်စိုးခြင်း အာဏာစက်၊ လူတို့၏ နောက်ဆုံး ကံကြမ္မာ အကြောင်းနှင့် စပ်ဆိုင်၍ အကန့်အသတ် မရှိ နက်နဲ၍ အရေးကြီးသော အကြောင်းအရာများကိုလည်း ကျွန်ုပ်တို့အား သတိပြုစေရန် ဖော်ပြထား၏။ CCB1 306.3

ကျမ်းစာထဲတွင် ဖော်ပြထားသည်အတိုင်း၊ လောကထဲသို့ အပြစ်တရား ဝင်ရောက်ခြင်း၊ သခင်ခရစ်တော်၏ လူဇာတိ အဖြစ် ခံယူတော်မူခြင်း၊ အသစ် ပြုပြင်ခြင်း၊ ထမြောက်ခြင်း နှင့် များစွာသော အခြား အကြောင်းအရာတို့ကား လူ၏ ဉာဏ်ဖြင့် ရှင်းလင်း ဖော်ပြရန် သို့မဟုတ် ပြည့်စုံစွာ နားလည်ဖို့ရန်ပင် အလွန်တရာ နက်နဲသော အရာများ ဖြစ်ပေသည်။ သို့ရာတွင် ကျမ်းစာများသည် ဘုရားသဘောနှင့် ပြည့်စုံကြောင်း လုံလောက်သော သက်သေကို ဘုရားသခင်သည် ကျမ်းစာထဲ၌ ကျွန်ုပ်တို့အား ဖော်ပြထားတော်မူပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် ဘုရားသခင် စီမံထားတော်မူသော နက်နဲရာများကို နားမလည် နိုင်ကြသောကြောင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံမှားခြင်း မရှိရကြ။ CCB1 307.1

ဖန်ဆင်းထားသော သတ္တဝါတို့သည် ဘုရားသခင် နှင့် ဘုရားသခင်၏ အလုပ်အကိုင်များ အကြောင်းကို ပြည့်စုံစွာ နားလည်ခြင်းငှါ တတ်နိုင်ခဲ့လျှင်၊ ထိုအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်၊ သမ္မာတရားကို ဆက်လက် ရှာဖွေစရာ မလိုတော့ချေ။ ပညာ၌လည်း တိုးပွားခြင်း ရှိဖို့ မလိုတော့၊ စိတ်သဘော၌လည်း ဆက်လက် ကြီးပွား တိုးတက်မှု ရှိဖို့ မလိုတော့ချေ။ ဘုရားသခင်သည်လည်း အမြတ်ဆုံးသော ပုဂ္ဂိုလ် မဖြစ်တော့ချေ။ လူတို့သည် ပညာဉာဏ်၊ အစွမ်းသတ္တိတို့၌ အစွမ်းကုန် ကန့်သတ်ထားသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၍ ရှေ့သို့ တိုးတက်ခြင်း မရှိတော့ချေ။ ဤကဲ့သို့ မဖြစ်သည်အတွက်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ဘုရားသခင်သည် အကန့် အသတ် မရှိ၊ နိစ္စထာဝရ ဖြစ်တော်မူ၍၊ ဘုရားသခင်၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာ ရှိသမျှနှင့် ပြည့်စုံတော်မူ၏။ ၎င်းပြင် ထာဝရကာလ အဆက်ဆက် လူတို့သည် အစဉ်အမြဲ ရှာဖွေ စူးစမ်းလျက်၊ အစဉ်အမြဲ သင်ကြား လေ့လာလျက် နေရကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ ပညာ၊ ဘုရားသခင်၏ ကောင်းမြတ်ခြင်း နှင့် ဘုရားသခင်၏ တန်ခိုးတော် တည်းဟူသော ဘဏ္ဍာတို့သည် ဘယ်အခါမျှ ကုန်ခန်းခြင်း မရှိနိုင်။ CCB1 307.2

သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်း မရှိလျှင်၊ ကျွန်ုပ်တို့သည် အမြဲပင် ကျမ်းစာကို အလွဲ အနက်အဓိပ္ပါယ် ကောက်ယူနေကြလိမ့်မည်။ ကျမ်းစာကို များစွာ ဖတ်ရှုသော်လည်း အကျိုး မရှိသော အခါလည်း ရှိပေသည်။ ၎င်းပြင် အများသော သူတို့၌ အသေအချာ အကျိုး ပျက်စီးရတတ်ကြသည်။ ရိုသေခြင်း၊ ဆုတောင်းခြင်း မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖွင့်ဖတ်သောအခါ၊ ဘုရားသခင် အကြောင်းကို ဆင်ခြင် စဉ်းစားခြင်း၊ စိတ်စွဲလမ်းခြင်း မရှိ၊ ဘုရားသခင်၏ အလိုတော် နှင့် မိမိ၏ စိတ်သည် မညီညွတ်လျှင် စိတ်သည် ယုံမှားခြင်းနှင့် ဖုံးအုပ်နေ၏။ ၎င်းပြင် ကျမ်းစာကို လေ့ကျက်ရာ၌ ယုံမှားသော သဘောသည် တိုး၍ ခိုင်မာလာ၏။ ရန်သူသည် စိတ်အကြံအစည်ကို စိုးမိုးချုပ်ချယ်ထားလျက် မမှန်သော အနက်အဓိပ္ပါယ်များကို ကောက်ယူစေရန် အကြံပေးလိမ့်မည်။95T 699-705; CCB1 308.1