Go to full page →

သေးငယ်သော အရာများတွင် ဘုရားသခင်သည် စိတ်ဝင်စားတော်မူ၏။ CCB1 330

ဆုတောင်းခြင်း၏ အဖိုးတန်သော အခွင့်အရေးကို မှန်ကန်စွာလေးစား နှစ်သက်သူ သို့မဟုတ် မှန်ကန်စွာ တိုးတက်အောင် ပြုသော သူ အနည်းငယ်သာ ရှိကြ၏။ ကျွန်ုပ်တို့သည် သခင်ယေရှုထံတော်သို့ သွား၍ ကျွန်ုပ်တို့၏ လို သော အရာ အားလုံးကို ပြောပြရမည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ အနည်းငယ်သော စိုးရိမ်ပူပန်မှုများ၊ အရှုပ်အထွေးများ သာမက ကြီးကျယ်သော ဒုက္ခကြီးများကိုလည်း ယူဆောင်လာရကြမည်။ ကျွန်ုပ်တို့အား နှောင့်ယှက်ဒုက္ခရောက်စေသော အရာ ရှိသမျှကို ဆုတောင်းခြင်းဖြင့် သခင်ဘုရားထံ ယူဆောင်လာကြရမည်။ ခြေလှမ်းတိုင်းတွင် သခင်ခရစ်တော်ကို အလိုရှိသည်ဟု သိရှိလာသောအခါ၊ စာတန်သည် စုံစမ်းရန် အခွင့် အနည်းငယ် ရရှိလိမ့်မည်။ ကျွန်ုပ်တို့၏ အကောင်းဆုံး နှင့် ထောက်ထား စာနာဆုံးသော မိတ်ဆွေထံမှ ကျွန်ုပ်တို့ကို ဝေးကွာအောင် စာတန်သည် ကြိုးစားအားထုတ်လိမ့်မည်။ ကျွန်ုပ်တို့သည် သခင်ယေရှု အပြင် မည်သူကိုမျှမိမိတို့၏ အားကိုးအားထားရာ လူအဖြစ် မထားအပ်ပေ။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ရှိသမျှကို ကိုယ်တော်နှင့် ဘေးကင်းစွာ ဆွေးနွေးတိုင်ပင်နိုင်သည်။ CCB1 330.2

ညီအစ်ကို မောင်နှမများတို့၊ သင်တို့သည် ပေါင်းသင်းဆက်ဆံရေးအတွက် စည်းဝေးသောအခါ၊ သခင်ယေရှုသည် သင်တို့နှင့် တွေ့ဆုံကြောင်းကို ယုံကြည်ပါ။ သင်တို့ကို ကောင်းကြီးပေးရန် ကိုယ်တော်သည် အလိုရှိတော်မူကြောင်းကို ယုံကြည်ပါ။ မျက်စိကို ကိုယ်တိုင်မှ လွှဲ၍ သခင်ယေရှုကို ကြည့်ပါ။ ကိုယ်တော်၏ မနှိုင်းယှဉ်အပ်သော မေတ္တာတော် အကြောင်း ပြောပြပါ။ ကိုယ်တော်ကို ကြည့်ရှုခြင်းဖြင့် သင်တို့သည် ကိုယ်တော်၏ ပုံသဏ္ဍာန်နှင့် အညီ ပြောင်းလဲလာကြလိမ့်မည်။ ဆုတောင်းသောအခါ၊ တိုတို တောင်း၍ အချက်ကျပါစေ။ သင်၏ ရှည်သော ဆုတောင်းချက်ဖြင့် သခင်ဘုရားကို တရားဟော မနေပါနှင့်။ မြေကြီးပေါ်ရှိ ဖခင်ထံမှ ငတ်မွတ်သော သူငယ်သည် မုန့်ကို တောင်းသည် နည်းတူ အသက်မုန့်ကို တောင်းပါ။ ကျွန်ုပ်တို့သည် ရိုးရိုး နှင့် ယုံကြည်ခြင်းဖြင့် တောင်းလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အား လိုသော ကောင်းကြီးမင်္ဂလာကို ချပေးတော်မူမည်။ CCB1 331.1

ဆုတောင်းခြင်းသည် ဝိညာဉ်အတွက် အသန့်ရှင်းဆုံး လေ့ကျင့်ခြင်း ဖြစ်သည်။ ဆုတောင်းချက်သည် ရိုးသား၍ နှိမ့်ချလျက် စိတ်အား ထက်သန်ရမည်။ သန့်ရှင်းသော ဘုရားသခင် ရှေ့တော်၌ အသစ်သော စိတ်နှလုံးထဲမှ ထွက်လာသော အလိုဆန္ဒ ဖြစ်ရမည်။ မိမိသည် ဘုရားသခင် ရှေ့တော်၌ ရှိ ကြောင်းကို ဆုတောင်းသော သူသည် သိရှိသောအခါ၊ မိမိ ကိုယ်ကို မေ့လျော့သွားလိမ့်မည်။ သူသည် လူ၏ သတ္တိကို ပြလိုသော ဆန္ဒ မရှိတော့ချေ။ သူသည် လူတို့ နားထောင် ကောင်းအောင် ကြိုးစားလိမ့်မည် မဟုတ်ဘဲ၊ ဝိညာဉ်က တောင်းတသော ကောင်းကြီးမင်္ဂလာကို ရရှိရန် ကြိုးစားလိမ့်မည်။5TGW 178 CCB1 331.2

လူအများနှင့် ဖြစ်စေ၊ တစ်ယောက်တည်း ဖြစ်စေ ဝတ်ပြုကိုးကွယ်သော နေရာ၌၊ ဘုရားသခင်အား မိမိတို့၏ လိုလားချက်ကို တောင်းလျှောက်သောအခါ ဒူးထောက်ရကြမည်။ ကျွန်ုပ်တို့၏ ပုံသက်သေ ဖြစ်သော သခင်ယေရှုသည် ဒူးထောက်၍ ဆုတောင်းတော်မူ၏။ (လု၊ ၂၂: ၄၁။) တပည့်တော်တို့ အကြောင်းနှင့် စပ်ဆိုင်၍၊ သူတို့သည်လည်း ဒူးထောက်၍ ဆုတောင်းကြ၏ ဟု ရေးမှတ်ထား၏။ (တ၊ ၉: ၄၀။ ၂၀: ၃၆။ ၂၁: ၅။) ပေါလုက၊ “ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့မှာ ငါသည် ဒူးထောက်၏” ဟု ဖော်ပြထား၏။ (ဧ၊ ၃: ၁၄။) ဘုရားသခင် ရှေ့တော်၌ ဣသရေလ လူတို့၏ အပြစ်ကို ဖော်ပြဝန်ချသောအခါ၊ ဧဇရသည် ဒူးထောက်၏။ (ဧဇရ၊ ၉: ၅ ကို ကြည့်ပါ။) ဒံယေလသည် တစ်နေ့ သုံးကြိမ် ဒူးထောက်၊ ဆုတောင်းလျက် ဘုရားသခင်၏ ရှေ့တော်၌ ကျေးဇူးတော်ကို ချီးမွမ်း၏။ (ဒံ၊ ၆: ၁၀။) CCB1 332.1