Go to full page →

သခင်ခရစ်တော် ဒုတိယ ကြွလာတော်မူခြင်းကို သတိပေးသော အရာ။ CCB1 346

သူတို့သည် စားပွဲ၌ စုရုံးကြသောအခါ၊ အလွန် ဝမ်းနည်းစရာ ကောင်းသော အသံဖြင့် ကိုယ်တော်က ဤကဲ့သို့ မိန့်တော်မူ၏။ “ငါသည် အသေမခံမီ ဤပသခါပွဲကို သင်တို့ နှင့်အတူ စားခြင်းငှါ အလွန် အလိုရှိလေပြီ။ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲ မပြည့်စုံမီတိုင်အောင် ယခုမှ စ၍ ဤပွဲကို တစ်ဖန် ငါမစားရဟု မိန့်တော်မူလျက်၊ ခွက်ဖလားကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကို ယူ၍ အချင်းချင်း ဝေကြလော့။ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှ စ၍ စပျစ်ရည်ကို တစ်ဖန် ငါမသောက်ရ” ဟု မိန့်တော်မူ၏။ (လု၊ ၂၂: ၁၅-၁၈။) CCB1 346.2

သို့ရာတွင် ပွဲတော်မင်္ဂလာ စည်းဝေးသည် ဝမ်းနည်ဖွယ်ကောင်းသော အချိန်အခါ မဟုတ်၊ ဤအရာအတွက် ၎င်းကို ရည်ရွယ်ထားသည် မဟုတ်။ သခင်ဘုရား၏ တပည့်တော်တို့သည် ကိုယ်တော်၏ စားပွဲ၌ စုရုံးလာကြသော အခါ၊ သူတို့သည် မိမိတို့၏ ပေါ့ဆ ပျက်ကွက်မှုတို့ကို သတိရလျက် ညည်းညူနေရ ကြမည် မဟုတ်။ မိမိတို့၏ လွန်ခဲ့သော ဘာသာရေး ဗဟုသုတတို့သည် မြှင့်တင်ပေးခဲ့သည် ဖြစ်စေ၊ ရှုတ်ချခဲ့သည် ဖြစ်စေ၊ ၎င်းတို့ကို သူတို့သည် စိတ်စွဲလမ်းနေရကြမည် မဟုတ်။ မိမိတို့ နှင့် မိမိတို့၏ ညီအစ်ကို မောင်နှမများ စပ်ကြားတွင် ရှိနေသော သဘောကွဲလွဲမှုတို့ကို သူတို့သည် ပြန်၍ စဉ်းစားနေရကြမည် မဟုတ်။ ပြင်ဆင်ခြင်း စည်းဝေးတွင် ဤအရာ အားလုံး ပါဝင်၏။ ကိုယ်ကို စစ်ဆေးခြင်း၊ အပြစ်ကို ဖော်ပြဝန်ချခြင်း၊ သဘောကွဲလွဲမှုများအတွက် ပြန်၍ မိဿဟာယဖွဲ့ခြင်းမှ စသော အရာအပေါင်းတို့ကို ပြုလုပ်ပြီးစီရမည်။ CCB1 346.3

ယခု သူတို့သည် သခင်ခရစ်တော်နှင့် တွေ့ဆုံရန် လာကြသည်။ သူတို့သည် လက်ဝါးကပ်တိုင်၏ အရိပ်ထဲတွင် ရပ်နေရကြသည်။ သို့ရာတွင် ၎င်း၏ ကယ်တင်သော အလင်းထဲတွင် ရှိနေကြသည်။ ဖြောင့်မတ်ခြင်း တရားနေမင်း၏ တောက်ပသော အလင်းရောင်ခြည် ဝင်ရောက်လာရန် သူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို ဖွင့်ထားရကြမည်။ သခင်ခရစ်တော် ကိုယ်တော်တိုင် တည်ရှိနေတော်မူကြောင်းကို မမြင်ရသော်လည်း၊ လုံးလုံး သိရှိကြလျက် စိတ်နှလုံးကို ကိုယ်တော်၏ အဖိုးအထိုက်ဆုံးသော အသွေးတော်နှင့် ဆေးကြောပြီးလျှင်၊ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည် မဟုတ်” ဟု ကိုယ်တော် မိန့်တော်မူသော စကားတော်ကို သူတို့သည် ကြားရကြလိမ့်မည်။ (ယော၊ ၁၄: ၂၇။) CCB1 347.1

သခင်ခရစ်တော်၏ ကျိုးပဲ့သော ကိုယ် နှင့် သွန်းသော အသွေး၏ ပုံပမာ ဖြစ်သော မုန့် နှင့် စပျစ်ရည်ကို ကျွန်ုပ်တို့သည် ခံယူကြသောအခါ၊ ကျွန်ုပ်တို့သည် အထက်ခန်း၌ ပြုလုပ်သော ပွဲတော်တွင် စိတ်အထင်အားဖြင့် ပါဝင် စားသောက်ကြ၏။ လောက၏ အပြစ်ကို ဆောင်သွားသော ကိုယ်တော်၏ ဝေဒနာအားဖြင့် ဆက်ကပ်ထားသော ဥယျာဉ်တွင် ကျွန်ုပ်တို့သည် ဖြတ်သွားနေကြသည်ဟု ထင်ရ၏။ ကျွန်ုပ်တို့သည် တိုက်လှန်ခြင်းအားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းကို ရကြ၍ ထိုတိုက်လှန်ပွဲအတွက် သက်သေခံကြ၏။ သခင်ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကို ခံရတော်မူကြောင်း ကျွန်ုပ်တို့ အထဲ၌ ဖော်ပြတော်မူ၏။ CCB1 347.2

လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းကို ခံတော်မူသော ရွေးနှုတ်ရှင်ကို ကြည့်ခြင်းအားဖြင့်၊ ကောင်းကင် ဘုရင်မင်းမြတ် ပြုတော်မူခဲ့သော ပူဇော်ခြင်း အမှု၏ အလျား၊ အနံ၊ အစောက် နှင့် ၎င်း၏ အဓိပ္ပါယ်ကို ကျွန်ုပ်တို့သည် သာ၍ ပြည့်စုံစွာ သိနားလည်လာကြ၏။ ကယ်တင်ခြင်း အကြံအစည်သည် ကျွန်ုပ်တို့ ရှေ့၌ ဘုန်းတော် ပြည့်ဝ၍၊ ကရာနီကုန်း အကြောင်းကို စဉ်းစားခြင်းဖြင့် ကျွန်ုပ်တို့၏ နှလုံးထဲတွင် အသက်ရှင်၍ သန့်ရှင်းသော ထကြွလှုပ်ရှားမှုများကို ဖြစ်စေ၏။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ လည်းကောင်း၊ နှုတ်မှ လည်းကောင်း ဘုရားသခင် နှင့် သိုးသငယ်ကို ချီးမွမ်းလာကြလိမ့်မည်။ အကြောင်းကား၊ ကရာနီ၏ ရှုခင်းကို အမြဲသဖြင့် သတိရနေသော စိတ်ဝိညာဉ်ထဲ၌ မာနတရား နှင့် ကိုယ်ကို ဝတ်ပြုကိုးကွယ်ခြင်း သဘောများကို မဖြစ်ပေါ်လာစေနိုင်ချေ။ CCB1 348.1

ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ သခင်ဘုရား၏ ယဇ်ပူဇော်ခြင်း အမှုကြီးကို ဆင်ခြင်အောက်မေ့သောအခါ၊ ဝိညာဉ်သည် သခင်ခရစ်တော်၏ ဝိညာဉ် အသက်တာနှင့် ဆက်သွယ်လာ၏။ ထိုဝိညာဉ်သည် ပွဲတော်မင်္ဂလာတိုင်းမှ ဝိညာဉ်ခွန်အားကို ရရှိလာလိမ့်မည်။ ထိုပွဲတော် စည်းဝေးအားဖြင့် ယုံကြည်သော သူကို သခင်ခရစ်တော်နှင့် အမြဲ ဆက်ဆံ ချည်နှောင်ခြင်းကို ဖြစ်စေ၏။ ၎င်းပြင် ထိုသို့အားဖြင့် ခမည်းတော်နှင့် ချည်နှောင် ဆက်သွယ်လာ၏။ အထူးအားဖြင့် ဆိုလျှင်၊ အားကိုးနေရသော လူ နှင့် ဘုရားသခင် ဆက်သွယ်စေ၏။ CCB1 348.2

ပွဲတော်မင်္ဂလာ စည်းဝေးသည် သခင်ခရစ်တော် ဒုတိယ ကြွလာတော်မူခြင်းကို ညွှန်ပြသည်။ ဤမျှော်လင့်ချက်ကို တပည့်တော်တို့၏ စိတ်ထဲ၌ ထင်ရှားစွာ တည်ရှိရန် ဤကဲ့သို့ စီမံထားတော်မူ၏။ ကိုယ်တော် အသေခံတော်မူခြင်းကို အောက်မေ့ဖို့ရန် သူတို့သည် စုဝေးကြသောအခါ၊ မည်ကဲ့သို့ “ကိုယ်တော်သည် ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ သူတို့အား ပေးတော်မူ၍၊ သင်တို့ ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏ အသွေး ဖြစ်၏။ ငါဆိုသည်ကား၊ ဤစပျစ်ရည်မျိုး အသစ်ကို ငါ့ ခမည်းတော်၏ နိုင်ငံ၌ သင်တို့ နှင့်အတူ ငါမသောက်မီ နေ့တိုင်အောင် ယခုမှ စ၍ တစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏” ဟူသော စကားများကို ပြန်၍ သတိရကြ၏။ (မ၊ ၂၆: ၂၇-၂၉။) သူတို့သည် ဒုက္ခဆင်းရဲခြင်း ရောက်ကြသောအခါ၌၊ သူတို့၏ သခင်ဘုရား ကြွလာတော်မူခြင်းကို မျှော်လင့်ခြင်း၌ စိတ်သက်သာခြင်းကို တွေ့ရှိရကြ၏။ “သင်တို့သည် ထိုမုန့်ကို စား၍ ထိုခွက်ကို သောက်သော အခါ၊ သခင်ဘုရား အသေခံတော်မူခြင်းကို ကြွလာတော်မမူမီ တိုင်အောင် ပြကြ၏” ဟူသော အချက်သည် သူတို့အဖို့ မပြောနိုင်လောက်အောင် အဖိုးထိုက်တန်၏။ (၁ ကော၊ ၁၁: ၂၆။) CCB1 348.3

ဤအရာတို့ကို ကျွန်ုပ်တို့သည် ဘယ်အခါမျှ မမေ့သင့်။ သခင်ခရစ်တော်၏ ချစ်ခြင်း မေတ္တာ နှင့်တကွ ၎င်း၏ သွေးဆောင်နိုင်သော တန်ခိုးကို ကျွန်ုပ်တို့သည် အစဉ်အမြဲ သတိရလျက် နေရကြမည်။ ကျွန်ုပ်တို့အတွက် ထင်ရှားစေသော ဘုရားသခင်၏ မေတ္တာ အကြောင်းကို သိနားလည်ကြမည် အကြောင်း ဤပွဲတော်မင်္ဂလာကို သခင်ခရစ်တော်သည် တည်ထားတော်မူ၏။ သခင်ခရစ်တော်မှ တစ်ပါး မည်သည့် နည်းအားဖြင့်မျှ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်နှင့် ဘုရားသခင်ကို တစ်လုံးတစ်ဝတည်း မဖြစ်စေနိုင်။ သခင်ယေရှု၏ ချစ်ခြင်း မေတ္တာအားဖြင့် ညီအစ်ကို မောင်နှမ အချင်းချင်းတို့၏ စည်းလုံးခြင်း နှင့် ချစ်ခြင်း မေတ္တာကို ထာဝရကာလ တည်မြဲစေရမည်။ သခင်ခရစ်တော်၏ အသေခံတော်မူခြင်းထက် ကျွန်ုပ်တို့အတွက် ကိုယ်တော်၏ မေတ္တာက အကျိုး ဖြစ်ထွန်းစေသော အခြား နည်း မရှိနိုင်ချေ။ ကိုယ်တော် အသေခံတော်မူခြင်းကြောင့်သာလျှင်၊ ကျွန်ုပ်တို့သည် ကိုယ်တော် ဒုတိယ ကြွလာတော်မူခြင်းကို ဝမ်းမြောက်စွာ မျှော်လင့်နိုင်ကြသည်။ ကိုယ်တော်၏ ပူဇော်ခြင်းအမှုသည် ကျွန်ုပ်တို့ မျှော်လင့်ရာ အကြောင်း၏ ဗဟိုချက် ဖြစ်သည်။ ဤအချက်ပေါ်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တည်ထားရကြမည်။2D A 643-661. CCB1 349.1