Go to full page →

“လာကြ၊ ထာဝရဘုရားကို ကိုးကွယ်ကြကုန်အံ့” CCB1 99

သခင်ယေရှုက “အကြင်အရပ်၌ လူ နှစ်ဦး သုံးဦးတို့သည် ငါ၏ နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိသည်” ဟု မိန့်တော်မူပြီ။ မဿဲ၊ ၁၈: ၂၀။ ယုံကြည်သော သူ နှစ်ဦး သုံးဦး ရှိခဲ့လျှင်၊ ထာဝရဘုရား၏ ဂတိတော်ကို တောင်းခံရန် သူတို့သည် ဥပုသ်နေ့၌ စုရုံးစည်းဝေး ဝတ်ပြုကြပါစေ။ CCB1 99.1

အနည်းငယ်သော လူအစုအဝေးကလေးများသည် ဘုရားသခင်၏ သန့်ရှင်းသော နေ့မှာ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် စည်းဝေးကြလျှင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ထံတော်မှ များစွာသော ကောင်းကြီးမင်္ဂလာတို့ကို တောင်းခံပိုင်ခွင့် ရှိကြသည်။ သူတို့၏ အစည်းအဝေးများတွင် သခင်ယေရှုသည် ဂုဏ်အသရေ ရှိသော ဧည့်သည် အဖြစ် ကြွရောက်တော်မူသည်ကို သူတို့သည် ယုံကြည်ရကြမည်။ “ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိစေခြင်းငှါ” ဟူသော ဂတိတော်ကို ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှါ စောင့်ရှောက်၍ မှန်ကန်စွာ ကိုးကွယ် ဝတ်ပြုသော သူတိုင်း တောင်းခံကြရမည်။ ထွက်မြောက်ရာကျမ်း၊ ၃၁: ၁၃။ 76T 360, 361. CCB1 99.2

လူ၏ စိတ်ကို လောကီ အလုပ်အကိုင်တို့မှ ပြောင်းလဲစေပြီး ဘုရားသခင်၏ ကောင်းမြတ်ခြင်း ကရုဏာတော် နှင့် ဘုန်းတော်အကြောင်းကို ဆင်ခြင်စေရန် ပြုပြင်ပေးခြင်းဖြင့်၊ ဥပုသ်နေ့သည် လူအဖို့ ကောင်းကြီးမင်္ဂလာ ဖြစ်စေခြင်းငှါ၊ ၎င်းကို လူအတွက် တည်ထောင်ထား၏။ ဘုရားသခင်၏ လူများတို့သည် ဘုရားသခင်၏ အကြောင်းကို ပြောဆိုကြလျက် နှုတ်ကပတ်တော်တွင် ပါရှိသော သမ္မာတရားများ အကြောင်းနှင့် စပ်ဆိုင်၍ မိမိတို့၏ အကြံအစည်များကို ထုတ်ဖော် ဆွေးနွေး တိုင်ပင်ကြပြီး အချိန် အနည်းငယ်ကြာ သင့်တော် စွာ ဆုတောင်းပဋ္ဌနာပြုကြဖို့ လိုပေသည်။ သို့ရာတွင် ဥပုသ်နေ့၌ပင် ဤအချိန်အခါမျိုးတို့ကို ကြာရှည်စွာ ပြုလုပ်ခြင်း နှင့် စိတ်ဝင်စားမှု ကင်းဝေးခြင်းဖြင့် ငြီးငွေ့ ပျင်းရိဖွယ် ဖြစ်အောင် မပြုလုပ်သင့်ပေ။ 82T 583. CCB1 99.3

အသင်းတော်တွင် သင်းအုပ်ဆရာ မရှိသောအခါ၊ စည်းဝေးကို ဦးဆောင်ရန် တစ်စုံတစ်ယောက်ကို ခန့်ထားရမည်။ သို့သော် သူသည် တရားဟောဖို့ မလို သို့မဟုတ် အချိန် ကြာမြင့်စွာ ပြောဟောဖို့ မသင့်၊ တို၍ စိတ်ပါဝင်စားဖွယ် ကောင်းသော ကျမ်းချက် အနည်းငယ်ကို ဖတ်ပြခြင်းသည် တရားဟောချက်ထက် သာ၍ ကောင်းပေသည်။ ထိုနောက် လူ အချို့တို့ကို ဆုတောင်းစေခြင်း၊ သက်သေခံစေခြင်းကို ပြုလုပ်စေရမည်။ CCB1 100.1

ဥပုသ်နေ့၌ ကျင်းပရသော စည်းဝေးများကို စိတ်ပါဝင်စားဖွယ် ဖြစ်အောင် လုပ်ဖို့ လူတိုင်း၏ တာဝန် ဖြစ်သည်ဟု သဘောထားရမည်။ သင်သည် စည်းဝေးကို ဝတ်ကျေရုံ တက်ရမည် မဟုတ်။ အကြံအစည်တို့ကို ထုတ်ဖော်၍ အချင်းချင်း ဆွေးနွေးခြင်း၊ သင် နေ့စဉ် ခံစားရသော ကိုယ်တွေ့ အဖြစ်အပျက်တို့ကို ဖော်ပြခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သင်သည် ဘုရားသခင်ကို လည်းကောင်း၊ ဘုရားသခင် စေလွှတ်တော်မူသော သခင်ယေရှုကို လည်းကောင်း သိကျွမ်းမည် အကြောင်း၊ ဘုရားသခင်၏ အလင်းတရားကို ရိုးဖြောင့်စွာ အလိုဆန္ဒ ရှိကြောင်း ပြောပြခြင်း အမှုများကို ပြုဖို့ စည်းဝေးတက်ရခြင်း ဖြစ်သည်။ သခင်ခရစ်တော် အကြောင်း အတူတကွ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် အသက်တာ၏ စုံစမ်းနှောင့်ယှက်ခြင်း နှင့် တိုက်လှန်ပွဲများအတွက် စိတ်ဝိညာဉ် ခွန်အားနှင့် ပြည့်ဝလာလိမ့်မည်။ သင်သည် သင် ကိုယ်တိုင်ကိုသာ ဂရုစိုက်၊ သင် ကိုယ်ကိုသာ ကြည့်ရှုဆင်ခြင်နေလျှင်၊ သင်သည် ခရစ်ယာန် ဖြစ်သည်ဟု မည်သည့်အခါမျှ မထင်မမှတ်နှင့်။ လူတိုင်းတို့သည် အလွန် ကြီးကျယ်သော လူ့ အိမ်ထောင်ကြီးတွင် အပါအဝင် ဖြစ်၍ အသီးအသီးတို့၏ ကိုယ်တွေ့ အဖြစ်အပျက်တို့ကို မိမိ အပေါင်းအဖော်တို့၏ ကိုယ်တွေ့ အဖြစ်အပျက်တို့နှင့် အများအားဖြင့် နှိုင်းယှဉ်စစ်ဆေးလျက် ဝေဖန်ပိုင်းခြားရမည်။ 9 6T 361, 362. CCB1 100.2