Go to full page →

အသင်းတော်တွင် ပေးအပ်သော အခွင့်အာဏာ။ CCB1 211

သခင်ခရစ်တော်သည အသင်းတော်အား စကားပြောဆိုရာတွင် တန်ခိုးကို ပေးတော်မူ၏။ “ငါအမှန်ဆိုသည်ကား မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက် ရှိလိမ့်မည်။” မဿဲ၊ ၁၈: ၁၈။ အသင်းတော်၏ ဝေဖန်ချက်ကို ဂရုမစိုက်ဘဲ၊ လူတစ်စုံတစ်ယောက်သည် မိမိနှင့် ဆိုင်ရာ တာဝန်ကို အစပြုလျက် မိမိ သဘောကျသော ထင်မြင်ချက်ကို ထောက်ခံခြင်း အမှုကဲ့သို့သော အရာ တစ်စုံတစ်ခုမျှ မျက်နှာသာ မရတတ်ချေ။ ဘုရားသခင်သည် ကောင်းကင်အောက်တွင် မိမိ၏ အသင်းတော်အား အမြတ်ဆုံး တန်ခိုးကို ပေးတော်မူခဲ့ပြီ။ အသင်းတော် အဖြစ် ပါဝင်လျက် စုရုံးထားသော မိမိ၏ လူတို့တွင် ရိုသေလေးစားအပ်သော အရာမှာ ဘုရားသခင်၏ စကားသံတော် ဖြစ်သည်။53T 450, 451; CCB1 211.2

လူတစ်စုံတစ်ယောက်အား အသင်းတော်၏ ဝေဖန်ချက်နှင့် ဆန့်ကျင်သော ဝေဖန်ချက်ကို ပြုလုပ်စေရန် သို့မဟုတ် အသင်းတော်၏ ထင်မြင်ချက်နှင့် ဆန့်ကျင်သော ထင်မြင်ချက်ကို ဖော်ပြစေရန် ဘုရားသခင်၏ နှုတ်ကပတ်တော်က အခွင့်မပြုပါ။ အသင်းတော်၏ စည်းကမ်း နှင့် အုပ်ချုပ်နည်း မရှိလျှင်၊ အသင်းတော်သည် အပိုင်းပိုင်း ကွဲသွားလိမ့်မည်။ ၎င်းသည် တစ်ကိုယ်တည်းကဲ့ သို့ တည်မနေနိုင်တော့ချေ။ မိမိတို့သည် မှန်ကန်သည်။ ဘုရားသခင်သည် မိမိတို့အား အထူးသဖြင့် သွန်သင် လမ်းပြ၍ စိတ်စွဲလမ်းစေတော်မူပြီဟု အခိုင်အမာ ပြောဆိုလျက် စိတ်သဘော ကွဲလွဲသော သူများ အသီးအသီး ရှိခဲ့ဖူးပြီ။ အသီးအသီးတို့၌ မိမိတို့ ကိုယ်တိုင်အတွက်သာ ထူးခြားသော ထင်မြင်ချက်များ ရှိလျက်၊ မိမိတို့၏ ထင်မြင်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ညီညွတ်၏ဟု ပြောဆိုကြ၏။ အသီးအသီးတို့၌ ခြားနားသော ထင်မြင်ချက် နှင့် ယုံကြည်ခြင်း ရှိကြသော်လည်း၊ ဘုရားသခင်ထံမှ ထူးခြားသော အလင်းကို ရရှိသည်ဟု အသီးအသီးက ပြောဆိုကြ၏။ ဤသူတို့သည် ပင်ကိုယ်မှ ခွဲခွာသွား၍ အသီးအသီးတို့သည် မိမိတို့ ကိုယ်တိုင် ခြားနားသော အသင်းတော် တစ်ခုစီ ဖြစ်လာကြ၏။ ဤသူ အားလုံးသည် မမှန်နိုင်ချေ၊ သို့သော် သူတို့ အားလုံးက သခင်ဘုရား လမ်းပြတော်မူပြီဟု ဆိုကြ၏။ CCB1 211.3

ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် ဆုံးမသြဝါဒ ပေးတော်မူပြီးနောက်၊ လူနှစ်ဦး သုံးဦးသည် စုရုံး၍ ဘုရားသခင်အား တစ်စုံတစ်ခုကို တောင်းလျှောက်လျှင် ရရှိလိမ့်မည်ဟု ဂတိထားတော်မူ၏။ ဖော်ပြထားသော အရာ တစ်ခုကို ကျွန်ုပ်တို့ အလိုရှိသော အခါ၌ပင်၊ အခြားသူတို့နှင့် ပူးပေါင်းရမည်ကို သခင်ခရစ်တော်က ဤနေရာ၌ ဖော်ပြတော်မူ၏။ ဆုတောင်းခြင်း၌ ပူးပေါင်းဖို့၊ အကြံအစည်တွင် စည်းလုံးညီညွတ်ဖို့ အလွန် အရေးကြီးပေသည်။ ဘုရားသခင်သည် လူအသီးအသီး၏ ဆုတောင်းသံကို နားညောင်းတော်မူ၏။ သို့ရာတွင် မြေကြီးပေါ်၌ ကိုယ်တော် တည်ထောင်ထားတော်မူသော အသစ်သော အသင်းတော်အတွက် ထူးခြားစွာ အကျိုး ဖြစ်ထွန်းစေမည့် ထူးခြား အရေးကြီးသော သင်ခန်းစာတို့ကို သခင်ယေရှုအား ဖော်ပြတော်မူ၏။ သူတို့ အလိုရှိ၍ ဆုတောင်းသော အရာများအတွက် သဘောတူညီခြင်း ရှိရမည်။ တစ်ခုတည်းသော စိတ်သဘော၏ အကြံအစည်၊ လှုပ်ရှားမှုများသာ လှည့်ဖြားခြင်းကို ခံရတတ်သည် မဟုတ်။ တောင်းလျှောက်ခြင်းမှာလည်း တစ်ခုတည်းသောအချက်ကို ဗဟို တည်လျက် စိတ်သဘောအများက စိတ်အားကြီးစွာ တောင့်တခြင်း ဖြစ်ရမည်။63T 428, 429; CCB1 212.1

အသင်းတော်သည် လူတို့၏ ကယ်တင်ခြင်းအတွက် ဘုရားသခင် ခန့်ထားတော်မူသော ကိုယ်စားလှယ် ဖြစ်၏။ ၎င်းကို အမှုတော် ဆောင်ရွက်ရန် တည်ထောင်ထား၍ ၎င်း၏ တာဝန်ကား လောကသို့ ဧဝံဂေလိတရားကို ယူဆောင်သွားခြင်း ဖြစ်သည်။ မိမိ၏ အသင်းတားအားဖြင့် လောကအား ဘုရားသခင်၏ ပြည့်စုံခြင်း နှင့် လုံလောက်ခြင်းကို ပြန်၍ ထင်ရှားစေရမည်ဟု ဘုရားသခင်သည် အစအဦးကပင် စီမံ ကြံစည်ထားတော်မူ၏။ မှောင်မိုက်ထဲမှ ကိုယ်တော်၏ အံ့သြဖွယ် အလင်းထဲသို့ ကိုယ်တော် ခေါ်ဆောင်လာတော်မူသော အသင်းတော်သားတို့သည် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေရကြမည်။ အသင်းတော်သည် သခင်ခရစ်တော်၏ ကြွယ်ဝသော ကျေးဇူးတော်များကို သိုထားရာ နေရာ ဖြစ်သည်။ ၎င်းပြင် အဆုံးကာလ၌ အသင်းတော်အားဖြင့် ကောင်းကင်တွင် ရှိသော အထွဋ်အမြတ်များ နှင့် အာဏာစက်များတို့ ရှေ့၌ပင် ဘုရားသခင်၏ မေတ္တာတော်ကို နောက်ဆုံး၌ ပြည့်စုံစွာ ထင်ရှားစေလိမ့်မည်။7AA 9; CCB1 212.2