Go to full page →

ပရောဖက်များ တည်ထောင်သော အသင်းတော်များ။ CCB1 219

ယေရုရှလင်မြို့၌ အသင်းတော် တည်ထောင်ခြင်းမှာ သမ္မာတရား၏ စေတမန်တို့သည် ဧဝံဂေလိတရားသို့ စိတ်ပြောင်းလဲသော သူတို့ကို ရရှိသော နေရာတိုင်း၌ အသင်းတော်များကို တည်ထောင်ဖို့အတွက် ပုံစံ နမူနာ ဖြစ်သည်။ အသင်းတော်ကို စောင့်ရှောက်ရန် တာဝန် ပေးအပ်ထားခြင်း ခံရသော သူတို့သည် ဘုရားသခင်၏ အမွေတော် အပေါ်တွင် အစိုးတရ မပြုဘဲ၊ သတိပညာ ရှိသော သိုးထိန်းကဲ့သို့၊ “ဘုရားသခင်၏ သိုးတော်စုကို ထိန်းလျက် သိုးတော်စု ရှေ့မှာ ပုံသက်သေကို ပြုရကြမည်။” ၎င်းပြင် သင်းထောက်များသည် “ဝိညာဉ်တော်နှင့် လည်းကောင်း၊ ပညာနှင့် လည်းကောင်း ပြည့်စုံလျက် အသရေ ရှိသော သူ” များ ဖြစ်ရကြမည်။ ဤသူတို့သည် မှန်ကန်သော ဘက်မှာ စည်းလုံး ညီညွတ်စွာ နေလျက် ထိုအခြေအနေ၌ မြဲမြံ တည်ကြည်စွာ ရှိနေရကြမည်။ ထိုသို့အားဖြင့် သိုးစု တစ်စုလုံး အပေါ်၌ စည်းလုံးခြင်း သဘောကို သြဇာညောင်းစေလိမ့်မည်။4AA 91; CCB1 219.2

စိတ်နှလုံး ပြောင်းလဲသော လူသစ်တို့၏ ဝိညာဉ် တိုးပွားရေးတွင် အရေးကြီးသော အချက် အဖြစ်နှင့် တမန်တော်တို့သည် ဧဝံဂေလိတရားနှင့် ဆိုင်ရာ စည်းစနစ်များဖြင့် သူတို့အား သေချာစွာ အုပ်ထိန်း စောင့်ရှောက်ရကြမည်။ ယုံကြည်သော သူတို့၏ ဝိညာဉ်ရေးနှင့် ဆိုင်သော ကိစ္စအပေါင်းကို စီမံအုပ်ချုပ်ဖို့ရန် အသင်းတော် အသီးအသီးတွင် အမှုဆောင်များကို ခန့်ထားလျက် သင့်တော်သော စည်းကမ်းစနစ်၊ နည်းနာများကို ပြုလုပ်ထားရကြမည်။ CCB1 220.1

ဤအမှုသည် သခင်ခရစ်တော်၌ ယုံကြည်သော သူအပေါင်းတို့ကို အဖွဲ့အစည်း တစ်ခုတွင် ပူးပေါင်းခြင်း တည်းဟူသော ဧဝံဂေလိတရားနှင့် ဆိုင်ရာ စီမံကိန်းနှင့် ညီညွတ်သဖြင့် ပေါလုသည် မိမိ အမှုဆောင်ရွက်ခဲ့သော အချိန်ကာလပတ်လုံး ဤစီမံကိန်းကို သေချာစွာ လိုက်နာရလိမ့်မည်။ မည်သည့်နေရာ၌ မဆို သူ အမှု ဆောင်ရွက်ခဲ့ခြင်းဖြင့် သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံကြသော သူတို့ကို သင့်တော်သော အချိန်တွင် အသင်းတော် တစ်ခု အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့၏။ ယုံကြည်သော သူတို့သည် အနည်းငယ်သာ ရှိသော်လည်း ဤကဲ့သို့ ဖွဲ့စည်းပေးခဲ့၏။ “အကြင်အရပ်၌ လူ နှစ်ဦး သုံးဦးတို့သည် ငါ၏ နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိသည်” ဟူသော ဂတိတော်ကို သတိရကြလျက် ခရစ်ယာန်တို့သည် အချင်းချင်းကို မစ ကူညီရန် ထိုသို့အားဖြင့် သွန်သင်ခြင်း ခံရကြ၏။5AA 185,186; CCB1 220.2