ဘုရားသခင်သည ကျွန်ုပ်တို့၏ ရှေ့ဦး မိဘများအား လူမျိုးတို့ စားအပ်သည်ဟု စီမံထားတော်မူသော အစာကို ပေးတော်မူ၏။ သတ္တဝါ တစ်စုံတစ်ခု၏ အသက်ကို သတ်ခြင်းသည် ဘုရားသခင်၏ အကြံတော်နှင့် ဆန့်ကျင်ဖက် ဖြစ်၏။ ဧဒင်ဥယျာဉ်တွင် သေခြင်း တစ်စုံတစ်ခုမျှ မရှိရ။ သစ်ပင်၏ အသီးများသည် လူအတွက် လိုအပ်သော အစာ ဖြစ်၏။ ရေလွှမ်းမိုးပြီးခဲ့သော အချိန် မရောက်မီ ဘုရားသခင်သည် လူတို့အား တိရိစ္ဆာန်၏ အသားကို စားရသော အခွင့်ကို ပေးတော်မမူ။ လူတို့ မှီဝဲနိုင်သော အရာ ရှိသမျှသည် ပျက်စီးကုန်ကြသဖြင့်၊ သင်္ဘောထဲသို့ မိမိ ယူဆောင်ထားသော တိရိစ္ဆာန်တို့ အထဲမှ သန့်ရှင်းသော အကောင်တို့ကို စားရန် နောဧအား ထာဝရဘုရားက အခွင့်ပြုတော်မူ၏။ အလွန် လိုအပ်သော အခါ ဖြစ်၍ ခွင့်ပြုတော်မူရ၏။ သို့ရာတွင် တိရိစ္ဆာန်မှ ရသော အစာသည် လူအတွက် ကျန်းမာစေဖို့ရန် အကောင်းဆုံး အစာ မဟုတ်။ CCB2 249.1
ရေလွှမ်းမိုးပြီးခဲ့သည်နောက် လူတို့သည် တိရိစ္ဆာန်၏ အသားကို အစာ အဖြစ် များစွာ သုံးဆောင်ရကြ၏။ လူတို့၏ အကျင့်သည် ပျက်စီး၍ လူသည် မိမိ၏ ဖန်ဆင်းရှင်ကို ဆန့်ကျင်ဖက် ပြုကာ၊ မိမိ ကိုယ်ကို ချီးမြှောက်လိုသော စိတ် ရှိလာကြလျက် မိမိ၏ သဘောအတိုင်း ပြုလုပ်လိုကြသည်။ ထိုကြောင့် အသက်ရှည်သော ထိုလူမျိုး၏ အပြစ်များသော အသက်တာကို တိုစေခြင်းငှါ တိရိစ္ဆာန်၏ အသားကို စားစေဖို့ ဘုရားသခင်က ခွင့်ပြုတော်မူ၏။ ရေလွှမ်းမိုးပြီးနောက် များမကြာမီ လူမျိုးသည် အရွယ် အရပ်အမောင်းတွင် လျင်မြန်စွာ ဆုတ်လျော့လာ၍ ကြာရှည်သော အသက်သည်လည်း တိုလာ၏။ 1CD 373; CCB2 249.2
ဧဒင်ဥယျာဉ်၌ လူ၏ အစာကို ရွေးချယ်တော်မူရာ၌၊ ဘယ်အရာသည် အကောင်းဆုံးသော အစာ ဖြစ်သည်ကို ထာဝရဘုရားက ဖော်ပြတော်မူ၏။ ဣသရေလ လူတို့အတွက် ရွေးချယ်ရာတွင်လည်း၊ ဘုရားသခင်သည် အလားတူ သင်ခန်းစာကိုသွန်သင်တော်မူ၏။ သူတို့အားဖြင့် လောကအား ကောင်းကြီးပေး၍ သွန်သင်စေခြင်းငှါ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ဤ ရည် ရွယ်ချက်နှင့် အသင့်တော်ဆုံးသော အစာကို ဘုရားသခင်သည် သူတို့အား အစာကို ပေးတော်မူ၏။ ၎င်းကား အသား မဟုတ်ဘဲ မန္နမုန့် ဖြစ်၏။ ကောင်းကင်မှ မုန့် ဖြစ်၏။ သူတို့သည် မရောင်ရဲဘဲ အဲဂုတ္တုပြည်၏ အမဲအိုးကင်းကို တောင့်တလျက် ညည်းညူနေကြသောကြောင့်သာ တိရိစ္ဆာန်၏ အသားကို သူတို့အား ခွင့်ပြုတော်မူ၏။ သို့သော် ခဏမျှသာ စားရကြ၏။ ၎င်းကို သုံးဆောင်ရခြင်းကြောင့် ရောဂါ ဖြစ်၍ ထောင်ပေါင်းများစွာ သေဆုံးရကြ၏။ အသား မပါသော အစာကို စားဖို့ တားမြစ်ထားသော စည်းကမ်းကို ဘယ်အခါမျှ စိတ်ပါစွာ လက်မခံကြချေ။ ၎င်းသည် ထင်ရှားစွာ သို့မဟုတ် လျှို့ဝှက်စွာ မတင်းတိမ်မှု နှင့် ညည်းညူမှုတို့၏ အကြောင်းရင်း ဖြစ်သည်။ ၎င်းပြင် ၎င်းသည် တာရှည် မတည်ရှိချေ။ CCB2 249.3
ခါနာန်ပြည်၌ နေထိုင်ရကြသောအခါ၊ ဣသရေလ လူတို့အား အသားစားဖို့ အခွင့်ပေးတော်မူ၏၊ သို့ရာတွင် သေချာစွာ တားမြစ်ထားသည့် ဥပဒေကို ပေးတော်မူသဖြင့်၊ ၎င်းဥပဒေသည် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို နည်းပါးသွားစေရန် ဖြစ်သည်။ ဝက်သား စားခြင်းကို တားမြစ်ထား၍ မသန့်ရှင်းသော အခြား တိရိစ္ဆာန်နှင့် ငှက်များ၊ ငါးများကိုလည်း ထိုအတူ တားမြစ်ထား၏။ အသားများတွင် အဆီ နှင့် အသွေးကို မသုံးဆောင်ရန် ကြပ်တည်းစွာ တားမြစ်ထား၏။ CCB2 250.1
ကောင်းမွန်သော အခြေအနေ၌ ရှိသော တိရိစ္ဆာန်တို့၏ အသားကိုသာ အစာ အဖြစ် သုံးဆောင်ရကြမည်။ စုတ်ပြတ်နေသော တိရိစ္ဆာန်၊ အလိုအလျောက် သေသော တိရိစ္ဆာန်၊ သို့မဟုတ် သွေးကို ကုန်စင်အောင် မသွန်းသော တိရိစ္ဆာန်တို့၏ အသားကို မစားရ။ CCB2 250.2
သူတို့၏ အစားအသောက်အတွက် ဘုရားသခင် စီမံချပေးထားတော်မူသော စည်းကမ်းမှ လွဲသွားခြင်းအားဖြင့် ဣသရေလ လူတို့သည် များစွာ ဆုံးရှုံးခြင်းသို့ ရောက်ရကြ၏။ သူတို့သည် အသားပါသော အစာကို စားလိုကြ၍ ၎င်းကို စားခြင်း၏ ဆိုးကျိုးကို ခံရကြ၏။ သူတို့သည် အကျင့်အတွက် ဘုရားသခင်၏ စံနမူနာကို မမီကြ၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မပြည့်စုံစေကြ။ ထာဝရဘုရားသည် “သူတို့ တောင်းသော ဆုကို ပေးတော်မူ၏။ သို့သော်လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။” ဆာ၊ ၁၀၆: ၁၅။ သူတို့သည် ဝိညာဉ် အရာထက် လောကီ အရာကို တန်ဖိုးထားကြ၏ ၎င်းပြင် ဘုရားသခင်က သူတို့အတွက် ရည်ရွယ်တော်မူသော သန့်ရှင်းသော မြင့်မြတ်ခြင်း အခြေအနေကို သူတို့သည် မရောက်ရကြ။ CCB2 250.3
အသား စားသော သူတို့သည် စပါးမျိုး နှင့် ဟင်းသီးဟင်းရွက်တို့ကို ဒုတိယ အဆင့်၌ စားနေရခြင်းသာ ဖြစ်သည်။ အကြောင်းကား တိရိစ္ဆာန်တို့သည် ဤ အရာတို့မှ ကြီးပွား သန်စွမ်းရေးအတွက် အာဟာရကို ရရှိနေကြ၏။ စပါးမျိုး နှင့် ဟင်းသီးဟင်းရွက်တို့တွင် ရှိသော အသက်သည် စားသော သူထံသို့ ပြောင်းရွေ့ရောက်ရှိသွား၏။ တစ်ဖန် ကျွန်ုပ်တို့က တိရိစ္ဆာန်၏ အသားကို စားခြင်းဖြင့် ၎င်းကို တစ်ဆင့် ရရှိကြပြန်၏။ ကျွန်ုပ်တို့ သုံးဆောင်ဖို့ရန် ဘုရားသခင် ပေးသော အစာကို မှီဝဲခြင်းဖြင့် ၎င်းအသက်ကို တိုက်ရိုက်ရဖို့ မည်မျှ ကောင်းမည်လဲ။2MH 311-313; CCB2 251.1