Go to full page →

အခန်း ၂၉။—ထိမ်းမြားစုံဖက်ခြင်း။ CCB2 35

ဘုရားသခင်သည် လူယောက်ျားမှ လူမိန်းမကို ဖန်ဆင်းတော်မူ၍ မိန်းမသည် ယောက်ျားအဖို့ အဖော် နှင့် အထောက်အမ ဖြစ်လျက် သူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်၍ သူ့ကို အားပေးကူညီ ဝမ်းမြောက်စေမည်၊ ၎င်းပြင် ယောက်ျားသည် တစ်ဖန် သူမ အဖို့ ခွန်အားကြီးသော အကူအညီ ဖြစ်ရမည်။ သန့်ရှင်းသော ရည်ရွယ်ချက်နှင့် ထိမ်းမြားစုံဖက်ခြင်းကို ပြုသော သူအပေါင်း - ယောက်ျားသည် မိန်းမ၏ ဖြူစင်သော ချစ်ခြင်းကို ရရှိရန်၊ မိန်းမသည် ယောက်ျား၏ အကျင့်ကို နူးညံ့တိုးတက်စေ၍ ပြည့်စုံစေရန် ပြုသောသူ - တို့သည် သူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပြည့်စုံစေကြ၏။ CCB2 35.1

သခင်ခရစ်တော်သည် ဤ ထုံးစံကို ဖျက်ဆီးရန် မဟုတ်ဘဲ၊ မူလ သန့်ရှင်းမြင့်မြတ်သော အခြေအနေသို့ ပြန်ရောက်ရှိစေရန် ပြုလုပ်ဖို့ ကြွလာတော်မူ၏။ လူတွင် ဘုရားသခင်၏ အကျင့်နှင့် ပြည့်စုံသော ပုံသဏ္ဍာန်မျိုးကို ပြန်၍ ဖြစ်ပေါ်လာစေရန် ပြုပြင်ဖို့ ကိုယ်တော်သည် ကြွလာတော်မူ၍ ထိမ်းမြားစုံဖက်ခြင်း အမှုကို ထောက်မအားပေးခြင်းဖြင့် မိမိ၏ အမှုတော်ကို အစပြုတော်မူ၏။ CCB2 35.2

ဧဝကို အာဒံအား အထောက်အမ အဖြစ် ပေးတော်မူသော ကိုယ်တော်သည် မင်္ဂလာဆောင်ပွဲ၌ ပထမဦးဆုံး နိမိတ်လက္ခဏာကို ပြုတော်မူ၏။ ဆွေမျိုးများ နှင့် မိတ်ဆွေများသည် ဝမ်းမြောက်စွာ စုရုံးလျက် ရှိကြသော မင်္ဂလာပွဲ အခမ်းမကြီးတွင် သခင်ခရစ်တော်သည် မိမိ၏ အမှုတော်ကို အစပြု ဆောင်ရွက်တော်မူ၏။ ထိုသို့အားဖြင့် မင်္ဂလာဆောင်ခြင်း အမှုကို မိမိ ကိုယ်တော်တိုင် အသိအမှတ် ပြုခဲ့သော ထုံးစံ အဖြစ် အသိအမှတ် ပြုလျက် ၎င်းကို အခွင့်ပြုတော်မူ၏။ အိမ်ထောင်များကို ဖြစ်ပေါ်လာစေရန် ယောက်ျား နှင့် မိန်းမတို့အား သန့်ရှင်းစွာ ထိမ်းမြားစုံဖက်စေရန် ကိုယ်တော်သည် စီမံထားတော်မူ၏။ ထိုအိမ်များတွင် ပါဝင်သော အိမ်ထောင်သားများတို့ သည် ချီးမြှောက်ခြင်း ခံရကြလျက် အထက် ကောင်းကင် အိမ်ထောင်သားများ အဖြစ် အသိအမှတ် ပြုခြင်းကို ခံရကြလိမ့်မည်။ CCB2 35.3