မင်္ဂလာဆောင်ခြင်း၌ ထိုမျှ များသော ဆင်းရဲဒုက္ခများ ဖြစ်လာသော အခါ၊ အဘယ်ကြောင့် လူငယ်တို့သည် သတိပညာ မရှိဘဲ နေရကြမည်နည်း။အသက်ကြီးသော သူ နှင့် သာ၍ ဗဟုသုတ ရှိသော သူတို့၏ အကြံဉာဏ်ကို မလိုဟု သူတို့သည် အဘယ်ကြောင့် ဆက်လက် ထင်မှတ်နေကြသနည်း။ အလုပ်အကိုင်များတွင် ယောက်ျား၊ မိန်းမတို့သည် သတိ ကြီးစွာ ရှိကြောင်း ပြကြ၏။ အရေးကြီးသော အမှု တစ်စုံတစ်ခုကို အစပြု မဆောင်ရွက်ခင် သူတို့သည် မိမိတို့၏ အလုပ်အတွက် ပြင်ဆင်ခြင်း ပြုတတ်ကြသည်။ မိမိတို့ ဆောင်ရွက်ရမည့် အမှုသည် မပျက်စီးမည် အကြောင်း ထို လုပ်ငန်းနှင့် စပ်ဆိုင်၍ အချိန် နှင့် ငွေကို မှန်ကန်စွာ အကုန်ခံလျက် အလုပ် အကြောင်းကို သေချာစွာ စစ်ဆေး လေ့လာကြ၏။ CCB2 19.1
လက်ထပ်မင်္ဂလာကိစ္စ နှင့် သက်ဆိုင်လာလျှင် မည်မျှ သာ၍ ဂရုစိုက် သတိပြုဖို့ ကောင်းသနည်း။ ဤ ကိစ္စမှာလည်း နောင် လာလတ္တံ့သော လူမျိုး၊ နောင် လာလတ္တံ့သော အသက်တာကို ထိခိုက်စေတတ်သော အရာ ဖြစ်၏။ ဤကဲ့သို့ ဖြစ်ရမည် အစား၊ ၎င်း ကိစ္စကို ပြောင်လှောင်ပြီး ပေါ့ဆစွာ ထင်မှတ်ကြလျက် စိတ်ထကြွမှု အလျောက် တပ်မက်မေသော စိတ်ဖြင့် ပြုမူကြပြီးလျှင် အကန်းကဲ့သို့ တည်ကြည်စွာ ဆင်ခြင် စဉ်းစားခြင်း မရှိကြ။ ဤကဲ့သို့ ဖြစ်ရခြင်း၏ တစ်ခုတည်းသော အကြောင်းမှာ၊ စာတန်သည် လောက၌ ဒုက္ခဆင်းရဲ နှင့် ပျက်စီးခြင်းကို တွေ့မြင်လိုသောကြောင့်တည်း။ ထိုကြောင့် ဝိညာဉ်များကို ရှုပ်ထွေးသွားစေခြင်းငှါ သူသည် ဤ ပိုက်ကွန်ကို ယက်လုပ်ထားလေပြီ။ ဆင်ခြင်ခြင်း မရှိသော ဤ သူတို့အား ဤ လောက၌ ပျော်ရွှင်ခြင်း မရှိစေခြင်းငှါ လည်းကောင်း၊ လာလတ္တံ့သော လောက၌ ပျော်စရာ ကောင်းသော အိမ် မရရှိစေခြင်းငှါ လည်းကောင်း သူသည် အလွန် တွေ့မြင်လို၏။ CCB2 19.2
သားသမီးတို့သည် မိဘတို့၏ အကြံပေး ဝေဖန်ချက်တို့ကို ဂရုမစိုက်ဘဲ၊ မိမိတို့ သဘော အတိုင်းသာ ပြုလုပ်သင့်ကြသလား။ အချို့တို့သည် မိဘတို့၏ အလိုဆန္ဒ သို့မဟုတ် မိဘတို့ နှစ်သက်သော အမှုတို့ကိုပင် ဘယ်အခါမျှ မစဉ်းစားကြ၊ မိဘတို့၏ သေချာ ပြည့်စုံသော ဝေဖန်ချက်ကို ဂရုမစိုက်တတ်ကြ။ တစ်ကိုယ်ကောင်း ကြံသော သဘော အားဖြင့် သူတို့သည် မိဘတို့၏ မေတ္တာကို မိမိတို့၏ စိတ်နှလုံးထဲမှ ပယ်ရှားထားကြ၏။ ဤ ကိစ္စနှင့် ပတ်သက်၍ ငယ်ရွယ်သော သူတို့၏ စိတ်သည် ထကြွလာသင့်သည်။ ပဉ္စမ ပညတ် တစ်ခုတည်း၌သာ ဂတိတော် တစ်ခု တွဲဖက် ပါလာ၏။ သို့ရာတွင် ချစ်ခင်သော သူတို့သည် ၎င်းကို ပေါ့ဆစွာ သဘောထားကြလျက် သေချာစွာ ငြင်းပယ်ကြလေပြီ။ မိခင်၏ မေတ္တာကို ပေါ့ဆစွာ သဘောထားလျက် ဖခင်၏ ဂရုစိုက်မှုကို ရှုတ်ချခြင်းသည် အများသော လူငယ်တို့၏ ပြစ်မှုများ ဖြစ်ပေသည်။ CCB2 19.3
ဤ အချက်နှင့် စပ်ဆိုင်၍ အကြီးဆုံးသော အမှား တစ်ခုကား၊ ငယ်ရွယ်၍ ဗဟုသုတ မရှိသော သူတို့အား သူတို့၏ အချစ်ရေးတွင် အနှောင့်အယှက် မပြုရ၊ သူတို့၏ ချစ်ခြင်း ဗဟုသုတတွင် ဝင်ရောက် စွက်ဖက်ခြင်း မပြုရ ဟူသော အချက် ဖြစ်သည်။ နေရာတိုင်းမှ နေ၍ ကြည့်ရှု ပြုမူရသော အချက်သည် ဤ အချက်ပင် ဖြစ်သည်။ နှစ်ဖက်စလုံးအတွက် ဗဟုသုတ ရှိသော သူတို့၏ အကူအညီ နှင့် တည်ကြည် သေချာစွာ ဆင်ခြင် စဉ်းစားခြင်း အမှုသည် အသေအချာ လိုအပ်ပေသည်။ အများသော သူတို့က အလွန် ပေါ့လျော့စွာ ပြုမူတတ်ကြသော အရာမှာ ဤ အချက်ပင် ဖြစ်သည် လူငယ် မိတ်ဆွေများတို့၊ ဘုရားသခင်ကို လည်းကောင်း၊ ဘုရားကို ကြောက်ရွံ့သော မိဘများကို လည်းကောင်း တိုင်ပင် ဆွေးနွေးကြလော့။ ကိစ္စ အကြောင်းကို ဆုတောင်းပါ။ CCB2 20.1
သား သို့မဟုတ် သမီး၏ သဘောကို မတိုင်ပင်ဘဲ မိဘတို့သည် အိမ်ထောင်ဖက်ကို ရွေးသင့်သလောဟု သင်တို့က မေးကြ၏။ သင်တို့အား မေးသင့်သည် အတိုင်း သင်တို့ကိုပင် ကျွန်ုပ်က ပြန်၍ မေးပါသည်။ မိဘတို့သည် သားသမီးတို့ကို ချစ်ကြလျှင်၊ အိမ်ထောင်ဖက် ရွေးမှုသည် မိဘကို ပျော်ရွှင်စေရမည် အမှု ဖြစ်သော အခါ၊ သား သို့မဟုတ် သမီးသည် မိဘတို့ကို မတိုင်ပင်ဘဲ ထိုသို့ အိမ်ထောင်ဖက် ရွေးရမည်လော။ ၎င်းပြင် ထို သားသမီးသည် မိဘတို့၏ အကြံပေးချက် တောင်းပန်ချက်တို့ကို ဂရုမစိုက်ဘဲ မိမိ သဘောအတိုင်း အတင်းအကြပ် ပြုမူရမည်လော။ ထိုသို့ မပြုရ။ သူသည် ဘယ်အခါမျှ လက်မထပ်လျှင် ထိုသို့ မပြုအပ်ဟု ကျွန်ုပ်က အသေအချာ ဖြေဆိုပါသည်။ ပဉ္စမ ပညတ်တော်က ထိုသို့ ပြုခြင်းကို တားမြစ်ထား၏။ “သင်၏ ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသော ပြည်၌ သင်သည် အသက်တာ ရှည်မည် အကြောင်း သင်၏ မိဘကို ရိုသေစွာ ပြုလော့။” ဤ ပညတ်သည် ဂတိတော် ပါသော ပညတ် ဖြစ်၍ နားထောင်သော သူတို့အဖို့ ထာဝရဘုရားသည် ထို ဂတိတော်ကို ပြည့်စုံစေတော်မူမည်။ သားသမီးတို့၏ အလိုဆန္ဒကို မသိရှိရဘဲ၊ သတိပညာ ရှိသော မိဘတို့သည် သားသမီးတို့အတွက် အိမ်ထောင်ဖက်ကို ဘယ်အခါမျှ ရွေးချယ်လိမ့်မည် မဟုတ်။ CCB2 20.2
လူငယ်တို့သည် မိမိတို့၏ မေတ္တာကို သင့်တော်သော အိမ်ထောင်ဖက် အပေါ်၌ ထားရှိနိုင်မည် အကြောင်း၊ မိခင် ဖခင်တို့က သူတို့အား အချစ်ကိစ္စတွင် လမ်းပြ သွန်သင်ပေးဖို့ တာဝန် ရှိသည်ဟု ထင်မှတ်ရကြမည်။ သားသမီးတို့သည် သန့်ရှင်း မြင့်မြတ်၍ ကောင်းမြတ် မှန်ကန်သော အရာတို့၌ စွဲလမ်းကြမည် အကြောင်း၊ သားသမီးများအား အလွန် ငယ်ရွယ်စဉ် အခါကပင် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် မိဘတို့က ကိုယ်တိုင် သွန်သင်လျက် ပုံသက်သေပြရကြမည်။ တူညီသော အရာသည် တူညီသော အရာကို စွဲလမ်း နှစ်သက်တတ်၏။ သစ္စာတရား၊ ဖြူစင်ခြင်း နှင့် ကောင်းမြတ်ခြင်းကို နှစ်သက်သော သဘောကို အလွန် ငယ်သော အခါ၌ပင် စိတ်ဝိညာဉ်ထဲ၌ တည်ရှိလာပါစေ။ ထိုအခါ လူငယ်တို့သည် ဤ သဘောမျိုး ရှိသော သူတို့နှင့် ပေါင်းဖော်ကြ လိမ့်မည်။ CCB2 21.1