လောက၌ ဖြစ်ပေါ်နေသော သဘောကား လူငယ်တို့အား မိမိတို့ စိတ်တိုင်းကျ သဘောဝအလျောက် နေထိုင် သွားလာစေဖို့ အခွင့်ပေးခြင်း ဖြစ်သည်။ ၎င်းပြင် ပျိုရွယ်စဉ်အခါ အလွန် ရိုင်းစိုင်းလျှင်၊ သူတို့သည် မကြာမီ အမှန်တရားကို ရလာကြလိမ့်မည်ဟု မိဘတို့က ပြောဆိုကြ၏။ ၎င်းပြင် အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ရှစ်နှစ် အရွယ်သို့ ရောက်သောအခါ မိမိတို့ ကိုယ်တိုင် ဆင်ခြင် စဉ်းစားလျက် မှားသော အကျင့်တို့ကို ပယ်ရှားပြီးလျှင် နောက်ဆုံး၌ အသုံးကျသော ယောက်ျား၊ မိန်းမများ ဖြစ်လာကြလိမ့်မည်ဟု ဆိုကြ၏။ မှားသော အချက် တစ်ခု ပါတကား။ နှစ်များစွာ သူတို့သည် စိတ်နှလုံး ဥယျာဉ်ထဲ၌ ရန်သူအား မျိုးစေ့ကြဲစေရန် ခွင့်ပြုခဲ့ကြပြီ။ မှားသော အခြေခံ တရားများကို ပွားများလာစေဖို့ အခွင့်ပေးကြပြီ။ ၎င်းပြင် အများသော အမှု၌ နောက်မှ ထိုမြေပေါ်၌ ကြိုးစား အားထုတ်၍ လုပ်ကိုင်မှု ရှိသမျှသည် အကျိုးမပေးဘဲ နေလိမ့်မည်။ CCB2 167.1
စာတန်သည် ပါးနပ်၍ ကြိုးစား အားထုတ်သော အလုပ်သမား တစ်ယောက်၊ သေစေအောင် ပြုတတ်သော ရန်သူ တစ်ဦး ဖြစ်သည်။ လူငယ်အား ထိခိုက်စေရန် သတိမရှိသော စကားတစ်ခွန်းကို ပြောလိုက်သော အခါတိုင်း၊ မြှောက်ပင့်၍ ပြောဆိုသောအခါ ဖြစ်စေ၊ အပြစ်ကို အနည်းငယ်မျှ မုန်းတီး ရွံ့ရှာခြင်း မဖြစ်စေလောက်အောင် သူတို့၏ စိတ်ထဲ၌ ထင်မှတ်စေလောက်အောင် ပြောဆိုသည့် အခါ ဖြစ်စေ၊ စာတန်သည် အခွင့်အရေး ယူလျက် အမြစ်စွဲ၍ များပြားစွာ အသီးသီးစေမည် အကြောင်း ဆိုးသော မျိုးစေ့ကို စိုက်ပျိုး ပြုပြင်ပေးလေ၏။ အချို့သော မိဘတို့သည် မိမိတို့၏ သားသမီးများအား မှားသော အကျင့်ဓလေ့များကို ဖြစ်ပေါ်လာစေဖို့ အခွင့်ပြုထားကြသဖြင့်၊ ၎င်းတို့၏ အမှတ်လက္ခဏာကို တစ်သက်ပတ်လုံး တွေ့မြင်နိုင်ကြလိမ့်မည်။ ဤ အပြစ်သည် မိဘတို့ အပေါ်၌ တည်နေပေ၏။ ဤ သားသမီးတို့သည် ခရစ်ယာန်များဟု ခေါ်နေကြလိမ့်မည်။ သို့ရာတွင် စိတ်နှလုံးပေါ်၌ ကျေးဇူးတော်၏ ပြုပြင်ခြင်း အမှု နှင့် အသက်တာတွင် သေချာ စေ့စပ်စွာ ပြုပြင် ပြောင်းလဲမှု မရှိသဖြင့်၊ သူတို့၏ လွန်ခဲ့သော အကျင့်မျိုးကို သူတို့၏ အသက်တာ တစ်လျှောက်လုံးတွင် တွေ့မြင်နေရလျက် မိမိတို့၏ မိဘများက ဖြစ်ပေါ်လာစေဖို့ ခွင့်ပြုထားခဲ့သော အကျင့်စာရိတ္တမျိုးကိုပင် သူတို့သည် ဆက်လက် ဖော်ပြနေကြလိမ့်မည်။11T 403; CCB2 167.2
မိဘတို့သည် မိမိတို့ သားသမီးများကို ကောင်းစွာ အုပ်ချုပ် စီမံရမည်။ သူတို့၏ အလိုရမ္မက်များကို ပြင်ပေးရမည်၊ ၎င်းပြင် မိဘ အလိုသို့ လိုက်အောင် နှိပ်ကွပ် ဆုံးမရမည်။ သို့မဟုတ် ဘုရားသခင်သည် ကြောက်စရာ ကောင်းလောက်အောင် အမျက်တော် ထင်ရှားသော နေ့၌ သားသမီးတို့ကို ဧကန် အမှန် ဖျက်ဆီးတော်မူလိမ့်မည်။ ၎င်းပြင် မိမိတို့၏ သားသမီးတို့ကို နိုင်နင်းအောင် မအုပ်ချုပ်ခဲ့သော မိဘတို့သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်ကြမည် မဟုတ်။ အထူးသဖြင့် ဘုရားသခင်၏ ကျွန်များသည် မိမိတို့၏ အိမ်ထောင်များကို ကောင်းစွာ အုပ်ချုပ်လျက် သူတို့အား မိမိတို့ အလိုသို့ ကောင်းစွာ လိုက်နာရန် ပြုပြင်ပေးရမည်။ သူတို့သည် မိမိတို့၏ အိမ်၌ ကောင်းစွာ မအုပ်ချုပ်နိုင်လျှင်၊ အသင်းတော်၏ အမှုကိစ္စများကို ဝေဖန် ဆုံးဖြတ်ရန် ပြင်ဆင်ခြင်း မရှိကြသည်ကို ကျွန်ုပ် မြင်ရသည်။ သူတို့၏ အိမ်၌ ရှေးဦးစွာ နေရာတကျ စီမံ အုပ်ချုပ်ခြင်း ရှိရမည်။ ထိုနောက်မှ အသင်းတော်၌ သူတို့သည် ဝေဖန် စီရင်၍ သြဇာညောင်းနိုင်ကြောင်းကို သေချာစွာ ထင်ရှားစေလိမ့်မည်။ 21T 119; CCB2 168.1
သားသမီးတိုင်းသည် ညအခါအိမ်မှ ထွက်ခွာသွားသောအခါ၊ သူတို့ကို သေချာစွာ စစ်ဆေး မေးမြန်း ရမည်။ မိမိတို့၏ သားသမီးများသည် မည်ကဲ့သို့သော သူတို့နှင့် ပေါင်းဖော်၍ မည်သူ၏ အိမ်၌ ညဦး အချိန်တွင် အချိန်ဖြုန်းတတ်ကြကြောင်းကို မိဘတို့သည် သိရှိရကြမည်။34T 651; CCB2 168.2
လူတို့၏ အတတ်ပညာသည် ဘုရားသခင် သိတော်မူသည်ထက် ပိုမို၍ မတွေ့မသိရှိပေ၊ သို့မဟုတ် သားသမီးတို့နှင့် သက်ဆိုင်၍ ကျွန်ုပ်တို့၏ ထာဝရဘုရား ပေးတော်မူသော အရာထက် သာ၍ အမျှော်အမြင် ရှိသော စီမံကိန်းကို မစီမံခဲ့ပေ။ သားသမီးတို့၌ လိုအပ်သော အရာ အပေါင်းတို့ကို သူတို့၏ ဖန်ဆင်းရှင်ထက် မည်သူသည် သာ၍ သိရှိ နားလည်နိုင်မည်နည်း။ သူတို့၏ ကောင်းကျိုး အလိုငှါ မိမိ၏ အသွေးတော်အားဖြင့် သူတို့အား ဝယ်ယူတော်မူသော ကိုယ်တော်ထက် မည်သူသည် သာ၍ လေးနက်စွာ စိတ်ပါဝင်စား ခြင်း ရှိနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာစွာ လေ့ကျက် ဖတ်ရှု၍ သစ္စာနှင့် လိုက်နာ စောင့်ရှောက်ခဲ့လျှင်၊ ဆိုးသော သားသမီးတို့၏ လမ်းလွဲနေသော အကျင့်ဓလေ့တို့အတွက် စိတ်ပူဆွေးရခြင်း များစွာ ရှိလိမ့်မည် မဟုတ်။ CCB2 168.3
မိဘများက ဝန်ခံ၍ ဂရုစိုက်အပ်သော အခွင့်အရေးသည် သားသမီးများ၌ ရှိပေသည်။ သူတို့အဖို့ အသုံးဝင်၍ ရိုသေလေးစားမှု ရှိစေလျက် ဤ ဘဝရှိ အဖွဲ့အစည်းတွင် နှစ်သက် ချစ်ခင်ဖွယ် အသင်းသားများ ဖြစ်စေ၍ ဖြူစင် သန့်ရှင်းသော နောင်ဘဝ၏ အဖွဲ့အစည်းနှင့် သင့်တော်အောင် ပြုပြင်ပေးသော အကျင့်ကို ရရှိစေသော ပညာ သင်ကြား လေ့လာရေးမျိုးကို သူတို့သည် ရရှိနိုင်ဖို့ အခွင့်အရေး ရှိပေသည်။ သူတို့၏ ပစ္စုပ္ပန် နှင့် အနာဂတ် ကောင်းစားရေးသည် အများအားဖြင့် ငယ်ရွယ်စဉ်အခါ နှင့် ပျိုရွယ်စဉ်အအခါ၌ ဖြစ်ပေါ်လာသော အကျင့်ဓလေ့တို့ အပေါ်၌ မှီခိုလျက် ရှိသည်ကို လူငယ်တို့အား သွန်သင်ပေးရမည်။4AH 306; CCB2 169.1
ကျမ်းစာကို ရိုသေ လေးမြတ်၍ ၎င်း၏ သွန်သင်ချက်တို့ကို လိုက်နာနေကြသည်ဟု ပြောဆိုနေကြသော ယောက်ျား၊ မိန်းမတို့သည် အများသော အချက်တို့၌ ကျမ်းစာ၏ အမိန့်တော်များအတိုင်း လိုက်နာ ပြုကျင့်ခြင်း မရှိကြ။ သားသမီးများကို သွန်သင် လေ့ကျင့်ပေးရာ၌ ဘုရားသခင်က ဖော်ပြထားသော အလိုတော်ထက် မိမိတို့ လွဲမှားသော ဇာတိပကတိ သဘောကို လိုက်နာ ကျင့်ဆောင်နေကြသည်။ ဤကဲ့သို့ တာဝန်ကို ဂရုမစိုက်မှုကြောင့် ထောင်ပေါင်းများစွာသော ဝိညာဉ်တို့သည် ဆုံးရှုံးရကြလေ၏။ သားသမီးများအား မှန်ကန်စွာ သွန်သင် ဆုံးမရန်အတွက် ကျမ်းစာက နည်းဥပဒေများကို စီမံ ဖော်ပြထားပါသည်။ ဘုရားသခင် ပေးတော်မူသော ဤ အမိန့်များကို မိဘတို့သည် ဂရုစိုက် သတိပြုကြလျှင်၊ ကျွန်ုပ်တို့သည် ယနေ့ လောက ဇာတ်ခုံတွင် ခြားနားသော ပျိုရွယ်သူတို့ကို တွေ့မြင်ရကြလိမ့်မည်။ သို့ရာတွင် ကျမ်းစာကို ဖတ်သော သူ၊ ကျမ်းစာကို လိုက်နာ စောင့်ရှောက်သူများဟု ခေါ်နေကြသော မိဘတို့သည် ၎င်း၏ သွန်သင်ချက်များမှ အသေအချာ လမ်းလွဲလျက် ရှိနေကြသည်။ မိမိတို့၏ မှားသော ချစ်ခြင်းမျိုးဖြင့် မိမိတို့၏ သားသမီးများကို ပျက်စီးစေလျက် မိမိတို့ ကိုယ်တိုင် ဤ ဝမ်းနည်း ပူဆွေးခြင်းကို မိမိတို့ အပေါ်သို့ သက်ရောက်စေ သည်ကို အနည်းငယ်မျှ မသိရှိဘဲ၊ မိမိတို့ သားသမီးတို့၏ အကျင့်ဓလေ့အတွက် ငိုကြွေး မြည်တမ်းနေကြသော မိခင်၊ ဖခင်တို့ထံမှ ဝမ်းနည်းပူဆွေးခြင်း နှင့် အော်ဟစ်သံကို ကျွန်ုပ်တို့သည် ကြားနေရကြ၏။ မိမိတို့၏ သားသမီးများအား ငယ်ရွယ်စဉ် အခါကာလပင် မှန်ကန်သော အလေ့အကျင့်ကို ဖြစ်စေရန် သွန်သင် လေ့ကျင့်ပေးဖို့ ဘုရားသခင် ပေးသနားတော်မူသော တာဝန်များကို သူတို့သည် အသေအချာ သိမှတ်ခြင်း မပြုကြချေ။54T 313; CCB2 169.2
ခရစ်ယာန် သားသမီးတို့သည် လောကီ ကောင်းကြီးမင်္ဂလာများထက် ဘုရားသခင်ကို ကြောက်ရွံ့သော မိဘတို့၏ ချစ်ခြင်းမေတ္တာ နှင့် ချီးမွမ်း နှစ်သက်ခြင်း သဘောကို လိုလာကြလိမ့်မည်။ သူတို့သည် မိဘများကို ချစ်၍ ရိုသေလေးစားကြလိမ့်မည်။ မိဘတို့အား ပျော်ရွှင်စေရန် မည်ကဲ့သို့ ပြုရမည်နည်း ဟူသော အချက်သည် သူတို့ အသက်တာတွင် အကြီးဆုံး လေ့လာမှု တစ်ခု ဖြစ်ရမည်။ ပုန်ကန်တတ်သော ဤ ခေတ်ကာလတွင် မှန်ကန်သော သွန်သင်ဆုံးမခြင်းကို မရရှိခဲ့သော သားသမီးတို့သည် မိဘများ အပေါ်၌ စောင့်ရှောက်ရန် တာဝန်များ ရှိသည်ကို အနည်းငယ်မျှ မသိတတ်ကြ။ မကြာခဏ၊ မိဘများက သူတို့အား သာ၍ ပြုစုခဲ့လေလေ၊ သူတို့သည် သာ၍ ကျေးဇူးကင်းမဲ့လျက် အရိုအသေ နည်းလေလေ ဖြစ်တတ်သည်။ CCB2 170.1
အများအားဖြင့် သားသမီးတို့၏ နောင်ကာလ ပျော်ရွှင်ချမ်းသာရေးသည် မိဘတို့၏ လက်ထဲ၌ တည်ရှိနေပေသည်။ ဤ သားသမီးတို့၏ အကျင့်စာရိတ္တ ပြုပြင်ရေး တည်းဟူသော အရေးကြီးသော လုပ်ငန်းသည် သူတို့ အပေါ်၌ ကျရောက်နေ၏။ ငယ်ရွယ်စဉ်အခါ ရရှိသော သွန်သင်ဆုံးမခြင်းသည် သူတို့၏ အသက်တာ တစ်လျှောက်လုံးအတွက် အကျိုးရှိသွားလိမ့်မည်။ မိဘများက စိုက်ပျိုးခဲ့သော မျိုးစေ့သည် ကောင်းသော အသီး၊ မကောင်းသော အသီးတို့ကို သီးစေလိမ့်မည်။ သူတို့သည် မိမိတို့၏ သားများ နှင့် သမီးများကို ပျော်ရွှင် စိတ်ချမ်းသာရေး သို့မဟုတ် စိတ်ဒုက္ခရောက်ရေးအတွက် သင့်တော်အောင် ပြုပြင်ပေးနိုင်ကြသည်။61T 392, 393; CCB2 170.2