“ဆူးပင်တို့တွင် အစေ့ကို ကြဲခြင်း အကြောင်းအရာကား တရားစကားကို ကြား၍ လောကီအမှု၌ စိုးရိမ်ခြင်း နှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။” COLB 40.1
ဧဝံဂလိတရားတော်မျိုးစေ့များသည် မကြာခဏ ဆူးပင် အဆိပ်တို့တွင် ကျရောက်တတ်ပါသည်။ လူ၏ စိတ်နှလုံးတွင် အကျင့်ကောင်း အကျင့်မှန်များ သက်ဝင်ပြောင်းလဲခြင်း မရှိပါက လည်းကောင်း၊ ဒုစရိုက်အသက်တာ နှင့် ထုံးစံဓလေ့ဟောင်းများကို ကျောခိုင်း၍ မထားခဲ့ပါက လည်းကောင်း၊ စာတန်နှင့် ဆိုင်သည့် ထူးခြားသော အရည်အသွေးများကို စိတ်နှလုံးအတွင်းမှ နှင်ထုတ်ခြင်း မပြုမလုပ်ပါက လည်းကောင်း စပါးပင်တို့သည် အသီးမသီးနိုင်ဘဲ ရှိကြလိမ့်မည်။ ဆူးပင်တောပင်များ လွှမ်းမိုးသဖြင့် စပါးပင်များ ပျက်စီးကြလိမ့်မည်။ COLB 40.2
မြတ်တော်မူသော သမ္မာတရားမျိုးစေ့အတွက် အမြဲတမ်း ပြင်ဆင်မှု ရှိသော စိတ်နှလုံးအတွင်း၌သာ ကျေးဇူးတော် ဖွံ့ဖြိုးလိမ့်မည်။ ဒုစရိုက်ဆူးပင်တို့မူကား မည်ကဲ့သို့သော မြေ အမျိုးအစား၌မဆို ကြီးထွားရှင်သန်ကြလိမ့်မည်။ ၎င်းတို့ကို ပြုစုပျိုးထောင်ပေးရန် မလိုပါ။ သို့သော် ကျေးဇူးတော်ကိုမူကား ကောင်းစွာစိုက်ပျိုးပြုစုရမည်။ ဆူးပင်တောပင်တို့သည် မည်သည့်အခါမဆို ပေါက်ပွါးရန် အသင့် ရှိသည် ဖြစ်၍ ရှင်းလင်းရေး လုပ်ငန်းကို ဆက်တိုက် လုပ်ရမည်။ စိတ်နှလုံးသည် ဘုရားသခင်၏ အုပ်စိုးတော်မှုခြင်းကို မခံမယူပါကလည်းကောင်း၊ အကျင့်စာရိတ္တကို မြင့်မြတ် သန့်ရှင်းစေရန် သန့်ရှင်းသော ဝိညာဉ်တော်က မပြတ်မလပ် ပြုပြင်ခြင်း မရှိပါက လည်းကောင်း အသက်တာတွင် အကျင့်ဟောင်း ဓလေ့ဟောင်းများ ပေါ်လွင်ထင်ရှားလျက်ပင် ရှိနေပေလိမ့်မည်။ လူတို့သည် ဧဝံဂလိတရားတော် ကို ယုံကြည်သည်ဟု ယူဆကြသော်လည်း သူတို့သည် ဧဝံဂလိတရားတော်အားဖြင့် သန့်စင်ခြင်း မရှိကြပါက သူတို့ ယုံကြည်သည်ဟု ဆိုရာ၌ သူတို့အတွက် အကျိုးသက်ရောက်မှု မရှိနိုင်။ သူတို့သည် ဒုစရိုက်အပြစ်ကို အောင်နိုင်ခြင်း မရှိပါက ဒုစရိုက်အပြစ်က သူတို့ကို အောင်နိုင်လျက်ပင် ရှိနေပေလိမ့်မည်။ ပင်စည်ကို ဖြတ်တောက်ထားသော်လည်း အမြစ်ကိုပါ နုတ်ပစ်ခြင်း မပြုသေးသော ဆူးပင်တို့သည် လျင်မြန်စွာ ကြီးထွားလာသောကြောင့် အသက်ဝိညာဉ် တစ်ခုလုံးသည် ဆူးပင်များနှင့် ပြည့်လျှံ၍နေသည်တိုင်အောင် ကြီးပွားထွန်းကားကြလိမ့်မည်။ COLB 40.3
အသက်ဝိညာဉ်အတွက် အန္တရာယ် ဖြစ်စေနိုင်သော အရာများကို ခရစ်တော် အတိအကျ ညွှန်ပြတော်မူခဲ့ပါသည်။ ရှင်မာကုခရစ်ဝင်တွင် ‘လောကီအမှု၌ စိုးရိမ်ခြင်း၊ စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း၊ ကြွင်းသော အရာကို တပ်မက်ခြင်း’ ဟူ၍ လည်းကောင်း၊ ရှင်လုကာခရစ်ဝင်တွင် ‘လောကီစိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်း၊ ကာမဂုဏ်ခံစားခြင်း’ ဟူ၍ လည်းကောင်း ကိုယ်တော်ရှင်၏ သြဝါဒများကို မှတ်တမ်းတင်ထားကြပါသည်။ ဤ အရာများသည် ကြီးထွားရှင်သန်နေသော ဝိညာဉ်မျိုးစေ့တည်းဟူသော တရားစကားတော်ကို ဖိစီးညှည်းဆဲကြ၏။ အသက်ဝိညာဉ်ကို ကြီးထွားရှင်သန်စေနိုင်သည့် အာဟာရကို ခရစ်တော်ထံမှ ခံယူခြင်း မပြုနိုင်တော့သဖြင့် စိတ်နှလုံးအတွင်းရှိ ဝိညာဉ်ရေးမျိုးစေ့များ သေကျေပျက်စီးကြ၏။ COLB 41.1
“လောကီအမှု၌ စိုးရိမ်ခြင်း” လောကီရေး ကိစ္စများနှင့် ပတ်သက်၍ သောက ကင်းဝေးသော လူတန်းစား မရှိနိုင်။ ဆင်းရဲနွမ်းပါးသော သူများအတွက် ပင်ပန်းစွာ ကြိုးပမ်းလုပ်ကိုင်ရခြင်း၊ အရာခပ်သိမ်းတွင် အချည်းစည်း ရှိခြင်း၊ စိုးရိမ် ကြောင့်ကြရခြင်းများကြောင့် ဝန်လေးပင်ပန်း၍ နေပါသည်။ ကြွယ်ဝသူများအတွက်မှာမူကား ပျက်စီးဆုံးရှုံးမှုများ နှင့် စိုးရိမ် ကြောင့်ကြမှုမျိုးစုံကို ရင်ဆိုင်ရကြ၏။ ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူ အများပင်လျှင် ကိုယ်တော်ရှင် သင်ကြားတော်မူသည့် တောနှင်းပင်ကလေးများ၏ ဥပမာကို မေ့လျော့ကြ၏။ ကိုယ်တော်ရှင်သည် အစဉ်အမြဲ စောင့်ရှောက်ကြည့်ရှုလျက် ရှိတော်မူသည်ကို သူတို့ မယုံကြည်ကြ။ သူတို့၏ ဝန်ကို ခရစ်တော်သို့ လွှဲပြောင်း မပေးကြသော ကြောင့် ကိုယ်တော်သည် သူတို့၏ ကိုယ်စား သူတို့ ဝန်ကို သယ်ဆောင်၍ မပေးနိုင်။ ထိုကြောင့် သူတို့သည် အသက်တာ၏ စိုးရိမ်ကြောင့်ကြမှုများကြောင့် ကိုယ်တော်နှင့် နီးကပ်ရမည့်အစား ကိုယ်တော်နှင့် ဝေးကွာကြ၏။ COLB 41.2
ဘုရားသခင်၏ အမှုတော်တွင် အကျိုးဖြစ်ထွန်းစေနိုင်သော သူအများသည် လောကီကြွယ်ဝခြင်းများကို ဆည်းပူးရန် စွဲလမ်းနေကြပါသည်။ သူတို့၏ စွမ်းအား ရှိသမျှသည် စီးပွားရေးလုပ်ငန်းများတွင် နစ်မြှပ်နေကြသည် ဖြစ်၍ ဝိညာဉ်ရေးကို လျစ်လျူရှုရန် ဝန်မလေးကြ။ ယင်း နည်းအားဖြင့် ဘုရားသခင်နှင့် ဝေးကြ၏။ “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်း မရှိဘဲ” ဆောင်ရွက်ကြရန် ကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား လမ်းညွှန်ထားပါသည်။ ရောမ၊ ၁၂:၁၁။ ဆင်းရဲနွမ်းပါးသော သူကို ဝေငှထောက်ပံ့နိုင်ရန် ကျွန်ုပ်တို့ လုပ်ဆောင်ရမည်။ စီးပွားရေး လုပ်ငန်းများတွင်လည်း တွဲဖက်ပါဝင်ရပါမည်။ ယင်းသို့ ပါဝင်ဆောင်ရွက်သော်လည်း ပတ္ထနာပြုချိန်ပင် မရလောက်အောင် စီးပွားရေး လုပ်ငန်းတွင် နစ်မြှပ်နေတတ်ကြပါသည်။ သမ္မာကျမ်းစာတော်မြတ်ကို ဖတ်ရှုလေ့လာရန်လည်း အချိန် မပေးနိုင်ကြ၊ ဘုရားသခင်ကို ရှာ၍ ကိုယ်တော၏ အမှုတော်ကို ဆောင်ရွက်ရန် အချိန်လည်း မပေးနိုင်ကြ။ တစ်ခါတစ်ရံ သန့်ရှင်းခြင်း နှင့် ကောင်းကင်ဘုံသို့ စိတ်ရောက်သွားတတ်ကြသော်လည်း လောကီဆူညံမှု အပေါင်းကို ကျောခိုင်း၍ ဘုရားသခင်၏ ဝိညာဉ်တော်ဆိုင်ရာ ဘုန်းတန်ခိုးအာဏာစက်၏ စကားသံအတိုင်း လိုက်နာရန် အချိန် မရှိကြ။ ထာဝရကာလဆိုင်ရာရေးရာများကို ဦးစားမပေးဘဲ လောကီရေးရာများကို အရေးအကြီးဆုံးဟု သဘောထားကြ၏။ သူ၏ အသက်တာသည် ဆူးပင်တည်းဟူသော လောကီရေးရာများကိုသာ အာဟာရ ပြုနေသောကြောင့် နှုတ်ကပါတ် တရားတော်မျိုးစေ့သည် အသီး မသီးနိုင်တော့ပါ။ COLB 42.1
အမှန်တကယ် ထူးခြားသော ရည်ရွယ်ချက်ဖြင့် တာဝန်ထမ်းဆောင်နေကြသော သူအများသည်လည်း အလားတူ မှားနေကြပါသည်။ သူတို့သည် သူတစ်ပါး ကောင်းကျိုးအတွက် တာဝန်ယူ ဆောင်ရွက်နေကြ၏။ တာဝန်များ၏ ဖိနှိပ်မှုကို ခံနေရကြ၏။ သူတို့၏ တာဝန်ဝတ္တရားများ မြားမြောင်လှာသောကြောင့် ဘုရားဝတ်ပြုကိုးကွယ်ခြင်းကို မပြုလုပ်နိုင်ကြပါ။ ပတ္ထနာအားဖြင့် လည်းကောင်း၊ နှုတ်ကပါတ် တရားတော်ကို လေ့လာ ဖတ်ရှုခြင်းအားဖြင့် လည်းကောင်း ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကို မပြုလုပ်နိုင်ကြပါ။ “ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဟု ခရစ်တော် မိန့်တော်မူသည်ကို သူတို့ မေ့ကြ၏။ ယော၊ ၁၅:၅။ သူတို့သည် ခရစ်တော်နှင့် ခွဲခွာ၍ လျှောက်ကြ၏၊ သူတို့၏ အသက်တာတွင် ကိုယ်တော်၏ ကျေးဇူးတော်ကို မခံစားရကြ၊ တစ်ကိုယ်ကောင်း စိတ်များကိုလည်း ထင်ရှားစွာ ပြသကြ၏။ သူတို့၏ ထောင်လွှားသော စိတ်၊ ခက်ထန်ကြမ်းတမ်းသော စိတ်၊ သူတစ်ပါးထက် သာလိုသော စိတ်များသည် နှစ်သက်ဖွယ် မကောင်းသောကြောင့် သူတို့ အမှုတော် ဆောင်ရွက်ရာတွင် အကျိုး မဖြစ်ထွန်း။ ဤအချက်သည်လည်း ခရစ်ယာန် လုပ်ငန်း မအောင်မြင်မှုအတွက် လျှို့ဝှက်ချက်ကြီး တစ်ခု ဖြစ်ပါသည်။ ယင်း အကြောင်းကြောင့် အကျိုးသက်ရောက်မှု အလွန် နည်းပါးနေပါသည်။ COLB 42.2
“စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်း။” စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကို မြတ်နိုးသော စိတ်သည် ချုပ်တည်း၍ မရနိုင်သည့် အပြင် လှည့်စားတတ်သော စွမ်းပကား ရှိပါသည်။ လောကီကြွယ်ဝမှု ရှိသော သူသည် ယင်း ကြွယ်ဝမှုကို ဘုရားသခင် ပေးသနားတော်မူသော စွမ်းရည်သတ္တိဖြင့်သာ ရရှိသည်ကို များသောအားဖြင့် မေ့လျော့တတ်၏။ “ငါ့ တန်ခိုး၊ ငါ့ လက်သတ္တိအားဖြင့် ဤ စည်းစိမ်ကို ငါ ရတတ်သည်” ဟု သူတို့ ပြောဆိုတတ်ကြ၏။ တရား၊ ၂:၁၇။ သူတို့၏ ကြွယ်ဝမှုကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို သိနားလည်ရမည့် အစား ကိုယ်ကိုကိုယ် ချီးမြှောက်ကြ၏။ သူတို့သည် ဘုရားသခင်၏ အပေါ်တွင် မှီခိုအားထား၍ နေရကြသည်ကို လည်းကောင်း၊ လူသား လုပ်ဖေါ်ဆောင်ဖက် အချင်းချင်း၏ တာဝန်ဝတ္တရားများကို လည်းကောင်း မေ့ကြ၏။ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် နှင့် လူသားတို့၏ ဘဝကို မြှင့်တင်ပေးရန်အတွက် စွမ်းရည် တစ်ခု ဖြစ်သည်ဟု သဘောထားရမည့် အစား ကိုယ်ကျိုးအတွက် သက်သေအသုံးချရမည်ဟု သဘောပိုက်ကြ ၏။ ယင်း ကြွယ်ဝမှုများအားဖြင့် လူသားတို့တွင် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်ကို ဖြစ်ထွန်းစေရမည့်အစား စာတန်၏ ဂုဏ်အင်္ဂါလက္ခဏာများကိုသာ ဖြစ်ထွန်းပေါ်ပေါက်လာစေကြ၏။ နှုတ်ကပါတ် တရားမျိုးစေ့များသည် ဆူးပင်တောပင်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရကြ၏။ COLB 43.1
“ကာမဂုဏ်ခံစားခြင်း” ကိုယ်အလို ပြည့်စေရန်အတွက်သာ လိုက်စားသော ပျော်ရွှင်မှုတွင် ဘေးအန္တရာယ်များလှပါသည်။ ကိုယ်ခန္ဓာကို အင်အား ဆုတ်ယုတ်စေတတ်သော၊ စိတ်အာရုံကို ထိုင်းမှိုင်းစေတတ်သော၊ သိမှတ်တတ်သာ ဉာဏ်ကို ထုံထိုင်းစေတတ်သော အလေ့အထ ရှိသမျှ၏ အလိုကို လိုက်ခြင်းများသည် “ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယ တပ်မက်ခြင်းများ” ဖြစ်ကြ၏။ ၁ ပေ၊ ၂:၁၁။ COLB 44.1
“ကြွင်းသောအရာကို တပ်မက်ခြင်း” အချို့သော အရာများသည် အလိုအလျောက် မကောင်းမှု ဒုစရိုက်များ မဟုတ်ကြသော်လည်း ယင်းတို့ကို ဘုရားသခင်၏ နိုင်ငံတော်ထက် ပို၍ ဦးစားပေးခြင်းအားဖြင့် မကောင်းမှုများ ဖြစ်လာကြပါသည်။ ဘုရားသခင်အား အာရုံပြုနေသည့် စိတ်ကို အခြား တစ်ပါးသို့ ဆွဲဆောင်သည့် အရာများ နှင့် ခရစ်တော်ကို ချစ်မြတ်နိုးသည်ထက် ပို၍ မြတ်နိုးချစ်ခင်စေတတ်သော အရာမှန်သမျှသည် အသက်ဝိညာဉ်၏ ရန်သူများ ဖြစ်ကြပါသည်။ COLB 44.2
နုနယ်ပျိုမျစ်သော စိတ်သည် အားအင် သန်စွမ်းချက် လျင်မြန်စွာ ကြီးထွားရင့်သန်ခြင်းကို ခံယူနိုင်စွမ်း ရှိသည့်အချိန်တွင် ကိုယ်ကျိုးအတွက် သက်သက် ဆောင်ရွက်ရန် နှင့် ကိုယ်ကိုကိုယ် ထင်ပေါ်ကျော်စောလိုသောစိတ်များနှင့်သာ လွှမ်းမိုး၍ နေပါသည်။ လောကီရေး အကြံအစည်များတွင် အောင်မြင်မှု ရရှိနေသမျှကာလပတ်လုံး အမှားအမှန်ကို ချိန်ဆရန် သတိမမူတော့ဘဲ စုံလင်သော အကျင့်စာရိတ္တဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို မှန်ကန်စွာ ချင့်ချိန်နိုင်ရန် မလွယ်ကူတော့ပါ။ အကယ်၍ အခြေအနေ ပေးလာပါက ယင်းကဲ့သို့ ကြီးပွားတိုးတက်နေခြင်းမှာ နှုတ်ကပါတ် တရားတော်နှင့် ဆန့်ကျင်နေကြောင်း တွေ့သိရလိမ့်မည်။ COLB 44.3
လူငယ်များ၏ ဘဝ အသက်တာကို ပုံသွန်းနေသည့် အချိန်သည် မိဘများအတွက် အလွန် တာဝန်ကြီးလေးသော အချိန် ဖြစ်ပါသည်။ လူငယ်များအား မှန်သော အကျိုးသက်ရောက်မှုကို ဖြစ်စေမည့် အကြံအစည်များကို သွန်သင်ပေးရန် ကိုယ်တိုင် လေ့လာရပါမည်။ ဘဝ အသက်တာ၏ မှန်သော အအောင်မြင်မှု နှင့် စစ်မှန်သော အယူအဆကို ဖန်တီးပေးနိုင်သော အကျိုး သက်ရောက်မှုများသာ ဖြစ်စေသင့်ပါသည်။ ယင်းသို့ ဆောင်ရွက်ရမည့်အစား သားသမီးများအား လောကီစည်းစိမ် တိုးတက်ကြီးပွားရေးအတွက် ခိုင်လုံမှု ရှိစေရန် ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်ပေးနေသော မိဘများ မည်မျှ များပြားလျက် ရှိပါသနည်း။ သူတို့အတွက် အပေါင်းအသင်းများကိုလည်း ယင်း ရည်ရွယ်ချက်ဖြင့်ပင် ရွေးချယ်ပေးနေကြပါသည်။ အများသော မိဘများသည် မြို့ကြီးပြကြီးများတွင် နေအိမ်ကို ရွေးချယ်၍ သားသမီးများအား ခေတ်မီသော ဝန်းကျင်တွင် ပါဝင်ဆက်သွယ်စေကြ၏။ လောကီရေးရာများကို လိုက်စားခြင်း နှင့် ဂုဏ်ဝင့်ဝါခြင်းကို အားပေးသော အသိုက်အဝန်းနှင့် ဝန်းရံလျက် ရှိနေစ၏။ ယင်း ပတ်ဝန်းကျင်တွင် သူတို့သည် ကိုယ်ရောစိတ်ပါ ကြီးထွားရှင်သန်ခြင်း မရှိနိုင်ကြ။ ဘဝ အသက်တာအတွက် မြင့်မြတ်သော ရည်ရွယ်ချက်များကို သူတို့ မျက်ခြေပြတ်ကြ၏။ ဘုရားသခင်၏ သားသမီးများ ဖြစ်ရမည့် အခွင့်အရေးတည်းဟူသော ထာဝရ အမွေအနှစ်ကို လောကီ အောင်မြင်မှုနှင့် ဖလှယ်ကြ၏။ COLB 45.1
အများသော မိဘတို့သည် သားသမီးများ စိတ်ချမ်းသာမှု အပြည့်အဝ ရရှိစေရန် သူတို့ ကြိုက်နှစ်သက်သော ပျော်ရွှင်မှုများဖြင့် အလိုပြည့်စေကြ၏။ ပြေးခုန်ကစားပွဲများတွင်လည်း ပါဝင်ခွင့်ပြုကြ၏။ အပျော်အပါး ပါတီပွဲများကိုလည်း သွားရောက်ခွင့်ပြုကြ၏၊ အလှ ပြုပြင်ခြင်း နှင့် ကိုယ်ကြိုက်နှစ်သက်သလို သုံးစွဲရန်အတွက် လိုသလောက်ငွေကို အကန့်အသတ် မရှိပေးကြ၏။ သောက်လေ သောက်လေ ငတ် မပြေ ကာမေ ငါးသင်း ဆားငန်းတွင်း ဟု အဆို ရှိသကဲ့သို့ အပျော်အပါး လိုက်စားရန် ဆန္ဒကို လိုက်လျောလေ အာသာ ဆန္ဓပြင်းပြလေဖြစ်၏။ ယင်း လူငယ်တို့သည် ပျော်ရွှင်မှုကိုသာ အာရုံ စူးစိုက်နေကြသောကြောင့် ယင်း ပျော်ရွှင် မှုသည် သူတို့၏ ဘဝ အသက်တာအတွက် ကြီးမားသော ရည်မှန်းချက် ဖြစ်သည်ဟု သဘောထားကြ၏။ အလဟဿ နေခြင်းသည် ဒုစရိုက်တို့၏ မိခင် ဖြစ်သည်ဟု အဆို ရှိသကဲ့သို့ သူတို့သည် အချည်းနှီး နေခြင်း နှင့် ကိုယ်အလိုသို့ လိုက်ခြင်းများကို အလေ့အထ ပြုလုပ်ထားကြသောကြောင့် တည်မြဲသော ခရစ်ယာန်များ မဖြစ်နိုင်တော့သည့် အြေခသို့ ဆိုက်ရောက်နေပါသည်။ COLB 45.2
သမ္မာတရားတော်၏ အခြေခံနှင့် မဏ္ဍိုင် ဖြစ်ရမည့် အသင်းတော်သည်ပင်လျှင် ကိုယ်ကျိုးအတွက် သက်သက် လိုက်စားသော ပျော်ရွှင်မှုများကို အားပေးနေကြောင်း တွေ့ရပါသည်။ ဘာသာရေး ကိစ္စအတွက် ရန်ပုံငွေ ရှာရန် လိုအပ်လာသောအခါ အများသော အသင်းတော်များ မည်သို့ မည်ပံု ဆောင်ရွက်နေကြပါသနည်း။ စာသောက်ဆိုင်များ၊ အပျော်စျေးဆိုင်များ နှင့် ထီဆိုင်များပင် မကျန် အလားတူ လုပ်ငန်းများ နှင့် ရန်ပုံငွေ ရှာကြ၏။ ဘုရားဝတ်ပြုကိုးကွယ်ရန် သီးခြား သတ်မှတ်ထားသော နေရာများ၌ပင် စားလျက် သောက်လျက်၊ ရောင်းလျက် ဝယ်လျက်၊ ပျော်ပွဲရွှင်ပွဲများနှင့် မကြာခဏ မရိုမသေ ပြုလုပ်နေကြ၏။ သူငယ်တို့၏ စိတ်သဘောတွင် ဘုရားသခင်၏ ဗိမာန်တော်ကို ရိုသေလေးစားရန် နှင့် ဘုရားသခင်ကို ရိုသေမြတ်နိုးစွာ ဝတ်ပြုကိုးကွယ်ရန် အလိုဆန္ဒများ လျော့နည်းလာကြ၏။ ကိုယ်အကျိုးကိုသာ လိုလားခြင်း၊ အလိုရမ္မက် ကြီးခြင်း၊ ဝတ်စားဆင်ယင်ခြင်းကို မြတ်နိုးခြင်းများ၌ စိတ်ဝင်စားကြ၏။ ယင်း စိတ်ဝင်စားမှုများလည်း တစ်စ တစ်စ ပြင်းထန်လာကြ၏။ COLB 46.1
ပျော်ပွဲရွှင်ပွဲများကို မြို့ကြီးပြကြီးများ၌သာ အများအားဖြင့် တွေ့ရှိနိုင်ပါသည်။ မိဘအများစုသည် သားသမီးများအတွက် အကျိုးကျေးဇူး ပို၍ ထူးကဲလိမ့်မည်ဟု ထင်မြင်ယူဆချက်ဖြင့် မြို့ကြီးပြကြီးများတွင် နေအိမ် ရှာဖွေရွေးချယ်ကြရာ စိတ်ပျက်စရာနှင့် ရင်ဆိုင်ရသောအခါ မိမိတို့၏ အမှားအတွက် အချိန်နှောင်းမှ နောင်တရကြ၏။ ယနေ့ မြို့ကြီးပြကြီးများသည် သောဒုံမြို့ နှင့် ေဂါမောရမြို့တို့၏ ခြေရာကို အလျင်တစော လိုက်နေကြပါသည်။ များပြားလှစွာသော နေ့အားရက်အားတို့သည် အကျိုးမဲ့ အချိန် ဖြုန်းခြင်းကို အားပေးနေပါသည်။ စိတ်လှုပ်ရှားစေတတ်သော ပြေးခုန်ကစားခြင်း၊ ဇာတ်သဘင်များသို့ သွားခြင်း၊ မြင်းပွဲသို့ သွားခြင်း၊ လောင်းကစားခြင်း၊ အရက်သေစာ သောက်စားမူးယစ်ခြင်း၊ ပျော်ရွှင်မြူးထူးခြင်းစသည်တို့မှာ အပျော်အပါး လိုက်စားခြင်းတို့သာ စိတ်အားထက်သန်အောင် လှုံ့ဆော်နေပါသည်။ လူငယ်များသည် ခေတ်စားလျက်ရှိသော ရေလျဉ်ကြောတွင် မျောနေကြပါသည်။ အပျော်အပါး သက်သက်ကို နှစ်သက်လိုက်စားသူများသည် သွေးဆောင်ဖြားယောင်းမှု မျိုးစုံနှင့် ရင်ဆိုင်ရန် လမ်းဖွင့်ပေးနေကြပါသည်။ သူတို့သည် ဆင်ခြင်တုံတရား ကင်းမဲ့သော ပျော်ရွှင်မှုများကို အများနှင့် ရောပြွမ်း၍ လိုက်စားကြရာတွင် အပျော်အပါးလိုက်စားသူများနှင့်သာ ပေါင်းသင်းဆက်ဆံရကြသဖြင့် သူတို့၏ စိတ်အာရုံသည်လည်း အပျော်အပါးလိုက်စားခြင်း၌သာ စွဲလိမ်းနေကြပါသည်။ သူတို့သည် အပျော်အပါး စွဲလမ်းမှု တစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း၍ နောက်ဆုံးတွင် အသုံးဝင်သော အသက်တာကို လိုလားသော စိတ် မရှိနိုင်၊ ယင်း အသက်တာမျုးကို ရယူနိုင်သည့် စွမ်းရည်လည်း မရှိနိုင်။ သူတို့၏ ဘာသာရေး ဆန္ဒများ အေးစက်၍ ဝိညာဉ်ရေး အသက်တာသည်လည်း မှောင်မိုက် ဖုံးလွှမ်း၍ နေပါသည်။ အသက် ဝိညာဉ်ဆိုင်ရာ မြင့်မြတ်သော အရည်အချင်းများ နှင့် ဝိညာဉ်ဆိုင်ရာ အတွေးအခေါ်များသည်လည်း ယုတ်ညံ့ခြင်းသို့ ရောက်ကြ၏။ COLB 46.2
အချို့သော သူတို့သည် ကိုယ့်အမှားကို ကိုယ်မြင်၍ နောင်တရကောင်းရကြလိမ့်မည်ဆိုသည်မှာ မှန်ကန်ပါသည်။ ဘုရားသခင်သည် သူတို့၏ အပြစ်ကို လွှတ်ကောင်းလွှတ်တော်မူလိမ့်မည်။ သို့သော် သူတို့သည် သူတို့၏ အသက်ဝိညာဉ်ကို ထိခိုက်ဒဏ်ရာ ရစေသောကြောင့် ဘဝ အသက်တာ တစ်လျှောက်လုံးတွင် အန္တရာယ်နှင့် ရင်ဆိုင် ရလိမ့်မည်။ အမှား နှင့် အမှန်ကို ခွဲခြားဝေဖန်နိုင်သော အသိဉာဏ်ကို အမြဲတစေ ထက်မြက်ရှင်သန်နေစေရမည့်အစား များစွာ ပျက်စီးချွတ်ယွင်းသွားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်သံ ဖြစ်သည် သို့မဟုတ် စာတန်၏ ဉာဏ်ဆင်ခြင်းများ ဖြစ်သည်ကို ရုတ်တရက် ခွဲခြား၍ မရိပ်စားမိကြ။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ များသောအားဖြင့် သွေးဆောင်ဖြား ယောင်းမှု နောက်သို့ လိုက်သွားသဖြင့် ဘုရားရှင်နှင့် ဝေးကြ၏။ သူတို့၏ အပျော်အပါး မြတ်နိုးသော အသက်တာ၏ အဆုံးသည် ယခုဘဝအတွက် သာမက နောက်ဘဝအတွက်ပါ ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ကြရ၏။ COLB 47.1
လောကီစိုးရိမ်ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းနည်းလမ်းများဖြင့် စာတန်သည် လူတို့၏ ဝိညာဉ်ရေး အသက်တာများကို အလောင်းအစား ပြုလုပ်ပါသည်။ ထိုကြောင့် “လောကကို လည်းကောင်း၊ လောက၌ ရှိသော အရာတို့ကို လည်းကောင်း မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာ မရှိ။ လောက၌ ရှိသော အရာတည်းဟူသော ကိုယ်ကာယ တပ်မက်ခြင်း၊ မျက်စိ တပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။” ဟု သတိပေးစကား သြဝါဒများ ရၕှိပါသည်။ ၁ ယော၊ ၂:၁၅၊၁၆။ ၎င်းအပြင် “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက် လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်း …. လိမ့်မည်” ဟု ဖွင့်ထားသော စာအုပ်ကို ဖတ်သကဲ့သို့ သူတို့၏ စိတ်နှလုံးကို သိတော်မူသော ကိုယ်တော်ရှင် မိန့်တော်မူ၏။ လု၊ ၂၁:၃၄။ တမန်တော် ရှင်ပေါလုကလည်း သန့်ရှင်းသော ဝိညာဉ်တော် တိုက်တွန်းချက်ဖြင့် ရေးသားဖေါ်ပြထားသည်မှာ “ငွေရတတ်ခြင်းငှါ အလိုရှိသော သူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်စီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား ငွေကို တပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ် ဖြစ်သတည်း၊ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်း ဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခတ်အောင် ထိုးကြပြီ။” ၁ တိ၊ ၆:၉၊၁၀။ COLB 48.1