Go to full page →

မည်သို့ ဝှက်ထားပါသနည်း COLB 108

ဧဝံဂလိတရားတည်းဟူသော ဘဏ္ဍာကို ဝှက်ထားသည်ဟု ဆိုပါသည်။ ကိုယ်ကိုကိုယ် ပညာရှင်ဟု အခေါ်ခံသူများ နှင့် အချည်းနှီးသော အတွေးအခေါ်များအားဖြင့် စိတ်နေမြင့်နေသော သူများသည် ရွေးနုတ်ခြင်း အကြံအစည်၏ နက်နဲပုံ၊ တန်ခိုးကြီးပုံ နှင့် တင့်အပ်လျောက်ပတ်ပုံများကို နားလည်နိုင်ကြလိမ့်မည် မဟုတ်ပါ။ မျက်စိ ရှိသူ အများစု မမြင်၊ နားရှိသူ အများစုလည်း မကြား၊ ထက်မြက်သော ဉာဏ်ရည် ဉာဏ်စွမ်း ရှိသော်လည်း ဝှက်ထားသော ဘဏ္ဍာ ရတနာအကြောင်းကို သူတို့ မသိကြ။ COLB 108.3

လူတစ်ယောက်သည် မြှပ်ထားသော ဘဏ္ဍာ ရှိရာ နေရာကို ဖြတ်ကျော်သွားကောင်း သွားပေလိမ့်မည်။ သူသည် မောပန်းနွမ်းရိသဖြင့် သစ်ပင်ရိပ်တွင် ခေတ္တမျှ ထိုင်၍ နားနေမိခဲ့မည် ဖြစ်သော်လည်း ယင်း သစ်ပင်၏ အခြေတွင် များစွာသော ဘဏ္ဍာများကို မြှပ်နှံထားကြောင်း မသိဘဲ ရှိနိုင်ပါသည်။ ယုဒလူတို့မှာ ယင်းကဲ့သို့ပင် ဖြစ်ခဲ့ကြပါသည်။ ရွှေငွေဘဏ္ဍာများတည်းဟူသော သမ္မာတရားကို ဟေဗြဲလူတို့အား ယုံမှတ်လွှဲအပ်ထားခဲ့ပါသည်။ ကောင်းကင် အမှတ်တံဆိပ်ပါသော ယုဒလူတို့၏ စီးပွားရေး၊ စားဝတ်နေရေးကို ခရစ်တော် ကိုယ်တိုင် ပြဌာန်းခဲ့ပါသည်။ မွန်မြတ်လှသော ရွေးနုတ်ခြင်းဆိုင်ရာ သစ္စာတရားများကို ပုံစံများဖြင့် လည်းကောင်း၊ အထိမ်းအမှတ်များဖြင့် လည်းကောင်း အရိပ်နိမိတ်ပြခဲ့ပါသည်။ ခရစ်တော်ကို ပြညွှန်းခဲ့သော ယင်း အထိမ်းအမှတ်များ ရှိခဲ့ပါလျက် ခရစ်တော် ကြွလာတော်မူသောအခါ ယုဒလူတို့သည် ကိုယ်တော်ကို အသိအမှတ် မပြုကြ။ သူတို့၏ လက်ဝယ်တွင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော် ရှိခဲ့ပါချက် ခေတ် အဆက်ဆက်မှ ဆင်းသက်ခဲ့သော ထုံးစံဓလေ့များ နှင့် လူတို့အနက် အဓိပ္ပါယ် ဖေါ်ထားသော ကျမ်းစကားများကြောင့် ယေရှုရှင်၌ ရှိတော်မူသော သမ္မာတရားမှန်ကို သူတို့ မသိမတွေ့ကြ။ ကျမ်းစာတော်မြတ်၏ ဝိညာဉ်ရေးဆိုင်ရာ အဓိပ္ပါယ် သက်ရောက်မှုများကို မျက်ခြည်ပြတ်ကြ၏။ ဉာဏ်ပညာ ပေါင်းစုံ ပါဝင်သော ဘဏ္ဍာတိုက်ကြီးကို သူတို့အတွက် ဖွင့်ပေးထားသော်လည်း သူတို့ မတွေ့မသိ နားမလည်ကြ။ COLB 109.1

ဘုရားသခင်သည် မိမိ သမ္မာတရားကို လူတို့ထံမှ ဖုံးကွယ်၍ မထားပါ။ သူတို့၏လုပ်ငန်း လမ်းစဉ်များကသာ သူတို့ကို မှောင်မိုက် နှင့် ဖုံးလွှမ်းထားပါသည်။ မိမိသည် မေရှိယ ဖြစ်ကြောင်း ယုဒလူတို့အား ပြည့်စုံကုံ လုံသော သက်သေ သာဓကများ ပေးထားတော်မူ၏။ သို့သော် ကိုယ်တော်၏သြဝါဒများသည် သူတို့၏ အသက်တာ လမ်းစဉ်ကို လုံးလုံးလျားလျား ပြောင်းလဲရန် တောင်းဆိုနေပါသည်။ သူတို့သည် ခရစ်တော်အား လက်ခံခဲ့ပါလျှင် သူတို့ နှစ်သက်မြတ်နိုးသော ဆိုရိုးစကားများ၊ ရိုးရာဓလေ့များ၊ တစ်ကိုယ်ကောင်း စိတ်ထားများ နှင့် ဘုရားမဲ့တရားမဲ့ နေထိုင်ခြင်းများကို စွန့်လွှတ်ရကြမည်ကို သူတို့ သိနှင့်ကြ၏။ ပြောင်းလဲခြင်း မရှိသော ထာဝရ သမ္မာတရားကို လက်ခံရန် အနစ်နာခံရမည်။ ထိုကြောင့် ခရစ်တော်ကို ယုံကြည်ရန် ဘုရားသခင်သည် သူတို့အား သက်သေခံချက် လုံလောက်စွာ ပေးနိုင်တော်မူသည်ကို သူတို့ ဝန်မခံကြ။ ဓမ္မဟောင်းကျမ်းများကို ယုံကြည်ပါသည်ဟု သူတို့က ဆိုပါသည်။ သို့ပါလျက် ယင်း ကျမ်းများတွင် ဖေါ်ညွှန်းထားသော ခရစ်တော်အကြောင်း နှင့် ကိုယ်တော်၏ အသက်တာအတွက် သက်သေခံချက်များကို သူတို့ လက်မခံကြ။ သူတို့သည် ပြောင်းလဲခြင်းသို့ ရောက်၍ သူတို့ တင်ကူးမှတ်ယူထားသော သဘောတရားများကို မလွဲမသဝေ စွန့်လွှတ်ရမည်ကို စိုးသောကြောင့် သူတို့ နားမလည်လိုကြ။ ဧဝံဂလိတရားတော်ဆိုင်ရာ ဘဏ္ဍာတည်းဟူသော လမ်းခရီး၊ သမ္မာတရား နှင့် အသက်ဖြစ်တော်မူသည့် ခရစ်တော်သည် သူတို့နှင့် အတူ ရှိနေတော်မူသော်လည်း ကောင်းကင်၏ အကြီးမြတ်ဆုံးသော လက်ဆောင်တော်ကို သူတို့ ငြင်းပယ်ကြ၏။ COLB 109.2

“အရာရှိအများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။ တရားဇရပ်မှ ဖါရိရှဲတို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှားစွာ ဝန်မခံကြ။” ဟု ကျမ်းစာတွင် တွေ့ဖတ်ရပါသည်။ ယော၊ ၁၂:၄၂။ ယေရှုရှင်သည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း သူတို့ ယုံကြည်ကြ၏၊ နားလည်သဘောပေါက်ကြ၏။ သို့သော် သူတို့၏ ကျော်စော ထင်ပေါ်လိုသော စိတ်နှင့် မကိုက်ညီသောကြောင့် ကိုယ်တော်ကို ဝန်မခံကြ။ သူတို့သည် လောကီဘဏ္ဍာကိုသာ ရှာဖွေနေကြသောကြောင့် ကောင်းကင်ဘဏ္ဍာကို စိတ်ချလက်ချ ပိုင်ဆိုင်နိုင်လောက်သည့် ယုံကြည်ခြင်း သူတို့တွင် မရှိပါ။ COLB 110.1

ယနေ့လောကတွင်လည်း လူတို့သည် လောကီဘဏ္ဍာများကိုသာ မက်မက်မောမော ရှာဖွေ စုဆောင်းနေကြပါသည်။ သူတို့သည် ကိုယ်ကျိုး ကိုယ်စီးပွားကို လိုလား၍ ထင်ပေါ်လိုသော စိတ်ထားများနှင့် ပြည့်ဝနေကြ၏။ လောကီစည်းစိမ် ကြွယ်ဝခြင်း၊ ဂုဏ်အသရေ ကြီးခြင်း၊ သြဇာအာဏာ ကြီးခြင်းများကို လိုလားသောကြောင့် ရိုးရာအစဉ်အလာများ၊ ထုံးစံဓလေ့များ နှင့် လူတို့၏ လိုအပ်ချက်များကို ဘုရားသခင် ဆင့်ဆိုတော်မူချက်များထက် ဦးစားပေးကြ၏။ ထိုကဲ့သို့သော သူများထံမှ နှုတ်ကပါတ် တရားတော်ဆိုင်ရာ ဘဏ္ဍာတော်များသည် ဖုံးကွယ်လျက် ရှိပါသည်။ COLB 110.2

“ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာ ဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင်။” ၁ ကော၊ ၂:၁၄။ COLB 111.1

“ငါတို့ ဟောပြောသော ဧဝံဂလိတရားသည် ဖုံးအုပ်လျက် ရှိလျှင် ဆုံးရှုံးခြင်းသို့ ရောက်သော သူတို့အားသာ ဖုံးအုပ်လျက် ရှိ၏။ ထိုသို့ မယုံကြည်သော သူတို့ကား ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂလိတရား၏ အရောင်သည် အလင်းကို မပေးစေခြင်းငှါ ဤ လောကကို အစိုးရသော ဘုရားသည် သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏။” ၂ ကော၊ ၄:၃၊၄။ COLB 111.2