လုကာ၊ ၁၈:၉-၁၄။ ကို အခြေပြုပါသည်။
“ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတစ်ပါးကို မထီမဲ့မြင် ပြုတတ်သော သူအချို့တို့အား” ခရစ်တော်သည် ဖါရိရှဲ နှင့် အခွန်ခံတို့၏ ဥပမာကို ပြောကြားတော်မူ၏။ ဖါရိရှဲသည် ဗိမာန်တော်ပေါ်သို့ တက်ရောက်၍ ဘုရားဝတ်ပြုသည်မှာ သူသည် အပြစ်သား တစ်ယောက် ဖြစ်၍ အပြစ် ဖြေလွှတ်ခြင်းကို လိုအပ်နေသည်ဟု သဘောရ၍ မဟုတ်၊ သူ့ကိုယ်သူ ဖြောင့်မတ်သည်ဟု ယူဆသဖြင့် သူတစ်ပါးတို့၏ ချီးမွမ်းခြင်းကို ခံရလိုသောကြောင့် ဖြစ်၏။ ဤသို့ ဘုရားဝတ်ပြုသည့် ကောင်းမှုကုသိုလ်သည် သူ့အား ဘုရားသခင်ထံတော်သို့ ရောက်ရှိနိုင်ရန် အထောက်အမ ဖြစ်လိမ့်မည်ဟု သူ ယူဆ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဘုရားတရား ကြည်ညိုမှုကို လူအများက အထင်ကြီးကြလိမ့်မည်။ ဘုရားသခင် နှင့် လူတို့၏ ရှေ့တွင် မျက်နှာ ရရန် မျှော်မှန်း၍ ကိုယ်ကျိုးအတွက် ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်၏။ COLB 169.1
သူသည် ကိုယ်ကိုကိုယ် သိဒ္ဓိတင်နေခြင်း ဖြစ်၏။ သူ လမ်းလျှောက်ရာတွင် လည်းကောင်း၊ ဆုတောင်းရာတွင် လည်းကောင်း ယင်းအတိုင်းပင် မြင်နေရ၏။ သူတစ်ပါးကို ဝေးစွာ ခွါ၍ “တစ်ယောက်တည်း” ရပ်လျက် “ငါ့ထံသို့ မချဉ်းနှင့်၊ ငါသည့် သင့်ထက်သာ၍ သန့်ရှင်းသည်” (ဟေရှာ၊ ၆၅:၅) ဟု သဘောထားသည့် ပုံစံဖြင့် သူ ဆုတောင်းပတ္ထနာပြုနေ၏။ ဘုရားသခင် နှင့် လူတို့သည် တူညီစွာ နှစ်မြို့ကြလိမ့်မည်ဟု ကိုယ်ကိုကိုယ် ကျေနပ်နေ၏။ COLB 169.2
“အို ဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက် လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ အပြစ် ရှိသကဲ့သို့ အကျွန်ုပ်၌ မရှိသည် သာမက ဤ အခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။” ဟု သူ ဆုတောင်း၏။ သူ၏ အကျင့်စာရိတ္တကို ဘုရားသခင်၏ သန့်ရှင်းတော်မူသော ဂုဏ်တော်နှင့် ယှဉ်၍ မဆုံးဖြတ်ဘဲ သူတစ်ပါး၏ အကျင့်စာရိတ္တနှင့် နှိုင်းယှဉ်၍ ဆုံးဖြတ်ချက် ချ၏။ သူ၏စိတ် သည် ဘုရားသခင်ကို ကျောခိုင်း၍ လူသား အချင်းချင်းထံသို့ ရောက်နေ၏။ ယင်း အကြောင်းများကြောင့် သူသည် ကိုယ်ကိုကိုယ် ကျေနပ်နေခြင်း ဖြစ်ပါသည်။ COLB 169.3
ဤမျှဖြင့် မပြီးသေး “အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက် အစာရှောင်ပါ၏။ ဥစ္စာ ရှိသမျှတို့ကို ဆယ်ဖို့ တစ်ဖို့ လှူပါ၏။” ဟု ဆက်လက်၍ ကိုယ်ကုသိုလ်ကောင်းမှုတို့ကို ရေတွက်နေတော့၏။ ဖါရိရှဲသည် စိတ်နှလုံး ကြေကွဲသောကြောင့် ဘုရားကို ဝတ်ပြုသည် မဟုတ်ပါ။ ကိုယ်တော်နည်းတူ မေတ္တာ ကရုဏာနှင့် ပြည့်ဝသည့် စိတ်နှလုံး ရှိသော သူ ဖြစ်ရန် ကြိုးစားနေသူ မဟုတ်ပါ။ သူသည် အပြင်သဏ္ဌာန်အားဖြင့် ဘုရားဝတ်ပြုကိုးကွယ်သည့် အသက်တာဖြင့်သာ ကျေနပ်ရောင့်ရဲနေ၏။ သူ၏ လုပ်ရပ်များမှ ရရှိသော အကျိုးသက်ရောက်မှုများကို အကြောင်းပြု၍ ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု လူတို့၏စံနှုန်းဖြင့် တိုင်းတာ၏။ COLB 170.1
ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု ယူဆသော သူသည် သူတစ်ပါးကို မထီမဲ့မြင် ပြုလိမ့်မည်။ ဖါရိရှဲသည် ကိုယ်ကိုကိုယ် သူတစ်ပါးနှင့် နှိုင်းချိန်၍ ဆုံးဖြတ်ချက် ချသကဲ့့သို့ သူတစ်ပါးကိုလည်း မိမိကိုယ်နှင့် နှိုင်းယှဉ်၍ အကဲဖြတ်၏။ သူ၏ ဖြောင့်မတ်ခြင်းကို သူတစ်ပါးတို့၏ ဖြောင့်မတ်ခြင်းနှင့် နှိုင်းချိန်သဖြင့် သူတစ်ပါးတို့က ဆိုးသွမ်းလေ သူက ပို၍ ဖြောင့်မတ်လေဟု သူ သဘောထားနေပါသည်။ သူသည် ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု သဘောထားသဖြင့် “သူတစ်ပါးတို့” သည် ဘုရားသခင်၏ ပညတ်တော်များကို ကျူးလွန်သော သူများ ဖြစ်သည်ဟု စွပ်စွဲရာ ရောက်နေပါသည်။ ထိုကြောင့် သူ၌ စာတန်၏ သဘောရင်း ထင်ရှား၍ ညီအစ်ကို အချင်းချင်းကို စွပ်စွဲသူ ဖြစ်၏။ ယင်း စိတ်သဘောကြောင့် သူသည် ဘုရားသခင်နှင့် မဆက်ဆံနိုင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကိုလည်း မရရှိဘဲ ဗိမာန်တော်မှ ဆင်း၍ အိမ်သို့ ပြန်လေ၏။ COLB 170.2
အခွန်ခံမှာမူကား အခြားသော ဘုရားဝတ်ပြုသူများနှင့် အတူ ဗိမာန်တော်သို့ သွားသော်လည်း သူတစ်ပါးတို့နှင့် အတူ ဘုရားဝတ်ပြုရန် ထိုက်တန်သော သူ မဟုတ်ဟု သူ့ကိုယ်သူ ယူဆသောကြောင့် မကြာမီ ခွဲထွက်ခဲ့ပြီလျှင် အဝေးက ရပ်လျက် စိတ်ဒုက္ခ ကိုယ်ဒုက္ခပြင်းစွာ ခံရသောကြောင့် ကိုယ်ကိုကိုယ် အလွန် စက်ဆုပ်သဖြင့် “ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ဘတ်ကို ခတ်” လေ၏။ သူသည် ဘုရားသခင်ကို ပြစ်မှားသောကြောင့် ဆိုးသွမ်းညစ်ညမ်းသော သူ ဖြစ်သည်ဟု ခံစားနေရ၏။ သူ၏ ဝန်းကျင်တွင် ရှိသော သူတို့သည် သူ့ကို မထီလေးစား ကြည့်နေကြသောကြောင့် သူတို့၏ သနားကြင်နာမှုကိုလည်း သူ မမျှော်ကိုးပါ။ ဘုရားသခင်၏ အထံတော်သို့ ရောက်ရှိနိုင်သည့် ကုသိုလ် ကောင်းမှု သူ၌ လုံးဝ မရှိသည်ကိုလည်း သိသောကြောင့် စိတ်ပျက်အားလျော့စွာဖြင့် “အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ် ရှိတော်မူပါ” ဟု ဆုတောင်းပတ္ထနာပြုလေ၏။ သူသည် ကိုယ်ကိုကိုယ္ သူတစ်ပါးနှင့် နှိုင်းယှဉ်ခြင်း မပြုမလုပ်။ မကောင်းမှု ဒုစရိုက်၏ ဖိနှိပ်ခြင်းကို ခံစားနေရသည့်အတွက် ဘုရားသခင်၏ ရှေ့တော်တွင် တစ်ယောက်တည်း ရပ်နေရသည်ဟု ဝမ်းနည်းစွာ ခံစားနေရ၏။ သူ၏ တစ်ခုတည်းသော လိုလားတောင်းတချက်မှာ သူ့အား ဘုရားသခင် အပြစ် ဖြေလွှတ်၍ ငြိမ်သက်ခြင်း ချမ်းသာကို ပေးသနားတော်မူရန်ပင် ဖြစ်ပါသည်။ သို့ဖြစ်၍ သူ၏ တစ်ခုတည်းသော အသနားခံချက်မှာလည်း ဘုရားသခင်၏ ကရုဏာတော်ပင် ဖြစ်ပါသည်။ ထိုကြောင့် သူသည် ကောင်းချီးမင်္ဂလာကို ခံစားရ၏။ “ငါဆိုသည်ကား ထိုသူသည် အပြစ်ပြေလျက် မိမိ အိမ်သို့ ပြန်သွား၏။ ဖါရိရှဲမူကား အပြစ် မပြေ” ဟု ခရစ်တော် မိန့်တော်မူ၏။ COLB 170.3
ဘုရားသခင်၏ အထံတော်သို့ လာရောက်၍ ဝတ်ပြုကိုးကွယ်ကြသည့် လူ အမျိုးအစား နှစ်ရပ်ကို ဖါရိရှဲ နှင့် အခွန်ခံတို့၏ ဥပမာဖြင့် ပုံဆောင်ထားပါသည်။ ဤ လောကအတွင်းသို့ ရှေးဦး ပထမ ဖွားမြင်လာကြသော သား နှစ်ယောက်ဖြင့်လည်း ယင်း လူ အမျိုးအစား နှစ်ရပ်ကို ပုံဆောင်ထားပါသေးသည်။ ကာဣနက သူ့ ကိုယ်သူ ဖြောင့်မတ်သည်ဟု ယူဆသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းသည့် ပူဇော်သက္ကာရနှင့်သာ ဘုရားသခင်၏ အထံတော်သို့ ချဉ်းကပ်ခဲ့ပါသည်။ ကိုယ်အပြစ် ဒုစရိုက်ကို ဝန်ချ တောင်းပန်ခြင်း မပြုမလုပ်။ ကရုဏာတော်ကိုလည်းလိုအပ်သည် ဟူ၍လည်း ဝန်မခံပါ။ အာဗေလမူကား ဘုရားသခင်၏ သိုးသငယ်ကို ပုံဆောင် သည့် ယဇ်ကောင်ကို ဆောင်ခဲ့လေ၏။ သူသည် ပျောက်ဆုံးနေသောသူ ဖြစ်ကြောင်း ဝန်ခံ၍ ဒုစရိုက် အပြစ်သားအနေဖြင့် ချဉ်းကပ်ခဲ့ပါသည်။ သူ၏ တစ်ခုတည်းသော မျှော်မှန်းချက်မှာ သူကိုယ်တိုင်အနေဖြင့် မထိုက်မတန်သော ဘုရားသခင်၏ မေတ္တာတော်ကို ခံစားရန်ပင် ဖြစ်ပါသည်။ ထာဝရအရှင် ဘုရားသခင်သည် သူ၏ ပူဇော်သက္ကာရကို ပမာဏ ပြုတော်မူ၏။ ကာဣန နှင့် သူ၏ ပူဇော်သက္ကာရကိုမူကား ပမာဏ ပြုတော်မမူပါ။ ကျွန်ုပ်တို့သည် အပြစ် ရှိကြောင်း ဝန်ခံ၍ စိတ်နှလုံးနှိမ့်ချရန်မှာ ဘုရားသခင် လက်ခံတော်မူရန်အတွက် ပထမဦးစွာ အရေးကြီးသော စည်းကမ်းချက် ဖြစ်ပါသည်။ “စိတ်နှလုံး နှိမ့်ချသော သူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံ ဖြစ်၏။”မဿဲ၊ ၅:၃။ COLB 171.1
ဖါရိရှဲ နှင့် အခွန်ခံတို့ဖြင့် ပုံဆောင်ထားသည့် လူ တစ်မျိုးစီကဲ့သို့ တမန်တော် ရှင်ပေတရု၏ ဘဝအတ္ထုပ္ပတ္တိတွင် သင်ခန်းစာ ရှိပါသည်။ တပည့်တော် ဘဝ ပထမပိုင်း အသက်တာတွင် တမန်တော် ရှင်ပေတရုသည် သူ့ကိုယ်သူ ခွန်အားကြီးမားသည်ဟု ယူဆခဲ့၏။ သူသည် “သူတစ်ပါးတို့” နှင့် မတူဟု ဖါရိရှဲနည်းတူ ကိုယ်ကိုကိုယ် ချင့်တွက် ခန့်မှန်းခဲ့၏။ ကိုယ်တော်ရှင်အား အပ်နှံမည့် ညနေချမ်း အချိန်တွင်ခရစ်တော်က “ယနေ့ညတွင် သင်တို့ ရှိသမျှသည် ငါကြောင့် စိတ်ပျက်ကြလိမ့်မည်” ဟု တပည့်တော်များအား ကြိုတင် သတိပေးသောအခါ ပေတရုက “ဤ သူ ရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း အကျွန်ုပ်သည် စိတ်မပျက်ပါ” ဟု သူ့ကိုယ်သူ ယုံကြည်စိတ်ချစွာ ကြေငြာခဲ့ပါသည်။ မာကု၊ ၁၄:၂၇၊ ၂၉။ တမန်တော် ရှင်ပေတရုသည် သူ၌ ရောက်လတ္တံ့သော ဘေးအန္တရာယ်ကို သူ မသိခဲ့။ သူ့ကိုယ်သူ ယုံကြည်အားကိုးသောကြောင့် လမ်းလွဲခဲ့၏။ စုံစမ်းနှောင့်ယှက်ခြင်းကို သူကိုယ်တိုင် ခုခံနိုင်မည်ဟု သူ ယူဆခဲ့၏။ သို့သော် နာရီပိုင်းအတွင်းမှာပင် အစမ်းအသပ်ကို ခံရလေ၏။ ထိုအခါ ကျိန်တွယ်တိုင်တည်ခြင်းများဖြင့် သခင်ဘုရားကို ငြင်းပယ်လေ၏။ COLB 172.1
ကြက်တွန်သံကြောင့် ခရစ်တော် မိန့်တော်မူသည့် စကားတော်များကို ပေတရု သတိရသောအခါ မကြာမီကလေးကပင် သူ ပြုခဲ့သည့် အမှု ကို သူ ကိုယ်တိုင် အံ့အားသင့်၍ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ သခင်ကို လှည့်ကြည့်လိုက်မိပါသည်။ ထိုအခိုက်တွင် ကိုယ်တော်ကလည်း သူ့ တပည့်တော်ကို ကြည့်လိုက်သည်နှင့် မျက်စိချင်း ဆုံမိကြ၏။ ကိုယ်တော်၏ ဝမ်းနည်းပူဆွေးနေသည့် မျက်နှာ နောက်ကွယ်တွင် သူ့အပေါ် ကရုဏာ နှင့် မေတ္တာ ပေါင်းစပ်ထားသည်ကို ပေတရု တွေ့မြင်ရသောအခါ သူ့ အားနည်းမှုကို သူ သိနားလည်သွားတော့၏။ ပေတရုသည် သတိရသဖြင့် ပြင်သို့ ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။ ခရစ်တော်၏ မျက်နှာထား ပုံကြောင့် ပေတရု စိတ်နှလုံး ကြေကွဲလေ၏။ ပေတရုသည် ပြောင်းလဲချိန်ရောက်သဖြင့် မိမိ၏ အပြစ်အတွက် ပြင်းစွာ နောင်တရလေ၏။ သူသည် အခွန်ခံကဲ့သို့ စိတ်နှလုံး ကြေကွဲ၍ နောင်တ သံဝေဂ ရသောကြောင့် အခွန်ခံကဲ့သို့ပင် ကရုဏာတော်ကို ခံစားရ၏။သူသည် အပြစ်မှ ချမ်းသာခွင့်ရကြောင်း ခရစ်တော်၏ မျက်နှာတော်က အာမခံတော်မူ၏။ COLB 172.2
သူ့ကိုယ်သူ အားကိုးအားထားပြုခြင်းများ ကွယ်ပျောက်သွားလေပြီ။ မည်သည့်အခါတွင်မျှ အခိုင်အမာ ဝါကြွားပြောဆိုခြင်းများ မပြုလုပ်တော့ပါ။ COLB 174.1
ခရစ်တော် ထမြောက်တော်မူပြီးသည့်နောက် ပေတရုကို သုံးကြိမ်တိုင်အောင် စစ်ဆေးစမ်းသပ်တော်မူ၏။ ကိုယ်တော်က “ယောန၏ သား ရှိမုန်၊ ဤ သူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည် သာ၍ ချစ်သလော” ဟု မေးတော်မူ၏။ ထိုအခါမှ စ၍ ပေတရုသည် မိမိ၏ ညီအစ်ကိုများထက် ကိုယ်ကိုကိုယ် ချီးကျူးခြင်း မပြုလုပ်တော့ပါ။ သူ၏ စိတ်နှလုံးကို သိတော်မူသော အရှင်အား “သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသော အရာတို့ကို သိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော် သိတော်မူ၏။” ဟု အသနားခံ၍ လျှောက်ထားလေ၏။ ယော၊ ၂၁:၁၅၊၁၇။ COLB 174.2
ထိုအချိန်မှ စ၍ တမန်တော် ရှင်ပေတရုသည် အထူး အခွင့်အာဏာ အပ်နှင်းခြင်းကို ခံရလေ၏။ အတိတ်က အပ်နှင်းထားခဲ့သည့် တာဝန်ထက် ပိုမို ကျယ်ပြန့်၍ သာလွန် သိမ်မွေ့နုနယ်သော တာဝန်ကို ပေးတော် မူ၏။ ခရစ်တော်သည် သူ့အား ကိုယ်တော်၏ သိုး နှင့် သိုးသငယ်တို့ကို ကျွေးမွေးရန် မိန့်မှာတော်မူ၏။ ကယ်တင်ရှင်သည် မိမိ၏ အသက်တော်ကို စွန့်၍ ကယ်ဆယ်ထားသော အသက်ဝိညာဉ်များအတွက် ဘဏ္ဍာစိုးအရာကို အပ်နှင်းခံရသည်မှာ ခရစ်တော်သည် ပေတရု၏ ပြန်လည် တည်မြဲခြင်းကို ယုံကြည်စိတ်ချသည့်အတွက် အခိုင်အမာဆုံးသော သက်သေ သာဓက ဖြစ်ပါသည်။ တစ်ကြိမ်က အငြိမ်မနေ လှုပ်လှုပ်ရွရွဖြင့် ကိုယ့်အစွမ်းကိုယ်အားကိုး၍ ဝါကြွားတတ်သော တပည့်တော်သည် စိတ်နှလုံး ကြေကွဲလျက် နောင်တ သံဝေဂရသဖြင့် ကိုယ်ကိုကိုယ် ချုပ်တည်းနိုင်သူ ဖြစ်လေ၏။ ယင်း အချိန်မှ စ၍ သူတစ်ပါး အကျိုးအတွက် ကိုယ့်အသက် စည်းစိမ်ဥစ္စာကို စွန့်လွှတ်ပြီးလျှင် သူ၏ အရှင်သခင် နောက်တော်သို့ လိုက်လေ၏။ သူသည် ခရစ်တော် ခံရသည့် ဒုက္ခဆင်းရဲခြင်းများတွင် ပါဝင်ခံစားခဲ့သည် ဖြစ်၍ ခရစ်တော်သည် မိမိ၏ ဘုန်းတော်ပလ္လင်ပေါ်၌ ထိုင်တော်မူသောအခါ တမန်တော် ရှင်ပေတရုသည်လည်း ကိုယ်တော်၏ ဘုန်းတော်၌ ပါဝင်ခံစားခွင့်ရလိမ့်မည်။ COLB 174.3
တပည့်တော် ပေတရုအား ဖေါက်ပြန်ဆုံးရှုံးစေခဲ့သည့် အကြောင်းရင်း ဖြစ်သော မကောင်းမှုသည် လည်းကောင်း၊ ဖါရိရှဲကို ဘုရားသခင်နှင့် ဆက်ဆံခြင်းမှ ဟန့်တားခဲ့သည့် မကောင်းမှုသည် လည်းကောင်း ထောင်သောင်းမကသော လူသားများအား ယနေ့ ဖျက်ဆီးလျက်ပင် ရှိနေသေးပါသည်။ ဘုရားသခင်အား ပြစ်မှားကျူးလွန်ရာ၌ လည်းကောင်း၊ လူကို အနန္တရာယ် ဖြစ်စေရာ၌ လည်းကောင်း မာနထောင်လွှားခြင်း နှင့် ကိုယ်ကိုကိုယ် အထင်ကြီးခြင်းတို့ထက် သာလွန် ဆိုးယုတ်သော အရာ မရှိ။ အပြစ်ဒုစရိုက်တို့တွင် ၎င်းသည် မျှော်လင့်ချက် အကင်းမဲ့ဆုံး ဖြစ်၏။ ပြုပြင်၍ မရနိုင်ဆုံးလည်း ဖြစ်၏။ COLB 175.1
ရှင်ပေတရု ဆုံးရှုံးခဲ့ရခြင်းသည် ရုတ်တရက် ချက်ချင်း မဟုတ်၊ တစ်စတစ်စ ဖြစ်ပေါ်လာခြင်းသာတည်း။ ကိုယ်ကိုကိုယ် ယုံကြည်အားထားသောကြောင့် သူသည် ကယ်တင်ခြင်း ရပြီဟု ယုံကြည်ခဲ့သဖြင့် ဆုံးရှုံးရာ လမ်းသို့ တစ်ဆင့်ပြီး တစ်ဆင့် ဆင်းသက်ခဲ့ရာ နောက်ဆုံးတွင် အရှင်သခင် ကို ငြင်းပယ်သည့် အခြေသို့ ဆိုက်ရောက်ခဲ့၏။ ကျွန်ုပ်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းများကို အောင်နိုင်လိမ့်မည်ဟု ကောင်းကင်နိုင်ငံတော်သို့ မရောက်မီ ကာလအတွင်း မည်သည့်အခါမျှ စိတ်ချ၍ မနေပါနှင့်။ ကယ်တင်ရှင်ကို လက်ခံထားသော သူတိုင်းအနေဖြင့် သူတို့၏ ပြောင်းလဲခြင်းသည် မည်မျှပင် မှန်ကန်စေကာမူ သူတို့သည် ကယ်တင်ပြီး ဖြစ်သည်ဟု ယူဆခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ရန် မည်သည့်အခါမျှ သင်မပေးပါနှင့်။ ဤသည်ကား မှားယွင်းစရာ အကြောင်းကို ဖြစ်စေတတ်၏။ လူတိုင်းအား ယုံကြည်ခြင်း နှင့် မျှော်လင့်ခြင်းကို နှစ်ခြိုက်မြတ်နိုးရန် သင်ကြားပေးရမည် ဖြစ်သော်လည်း ကိုယ်ကိုကိုယ် ခရစ်တော်အား ဆပ်ကပ်ပြီး၍ ကိုယ်တော်ရှင်က ကျွန်ုပ်တို့အား လက်ခံထားပြီဟု သိရသော်လည်း ကျွန်ုပ်တို့သည် စုံစမ်းသွေးဆောင်ခြင်း အရပ်ရပ်နှင့် လွတ်ကင်းပြီဟု မဆိုနိုင်သေးပါ။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်က “လူအများတို့သည် သန့်ရှင်း ဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်” ဟု ဖေါ်ပြထားပါသည်။ ဒံယေလ၊ ၁၂:၁၀။ စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသော သူသာလျှင် အသက်သရဖူကို ရလိမ့်မည်။ (ယာကုပ်၊ ၁:၁၂)။ COLB 175.2
ခရစ်တော်ကို လက်ခံပြီးသည်နှင့် တစ်ပြိုင်နက် ‘ငါတော့ ကယ်တင်ခြင်း ရပြီ’ ဟု ယုံကြည်စိတ်ချနေသော သူတို့သည် ကိုယ်ကိုကိုယ် အားကိုးအားထား ပြုသည့်အတွက် အနန္တရာယ် ရှိနေပါသည်။ သူတို့သည် ကိုယ်တိုင်အားဖြင့် အားနည်းသည် ဖြစ်၍ ဘုရားသခင်ထံမှ ခွန်အား ရရှိရန် အမြဲတစေ လိုအပ်နေကြောင်း မျက်ခြည်ပြတ်ကြ၏။ သူတို့အနေဖြင့် စာတန်၏ ဉာဏ်ဆင်ပုံများကို ခုခံတွန်းလှန်ရန် ကြိုတင်ပြင်ဆင်မှု မရှိသောကြောင့် စုံစမ်းသွေးဆောင်ခြင်းများနှင့် ရင်ဆိုင်ရသောအခါ ပေတရုကဲ့သို့ နက်ရှိုင်းသော အပြစ်ဒုစရိုက်အတွင်းသို့ ကျဆင်းတတ်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အား သတိပေးထားသည်မှာ “အကြင်သူသည် မိမိ တည်ကြည်လျက်နေသည်ဟု မိမိ ထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။” ၁ ကော၊ ၁၀:၁၂။ ကျွန်ုပ်တို့၏ တစ်ခုတည်းသော လုံခြုံမှုမှာ မည်သည့်အခါမျှ ကိုယ်ကိုကိုယ် အားမကိုးဘဲ ခရစ်တော်ကိုသာ အမြဲတစေ မှီခို၍ နေရမည်။ COLB 176.1
တပည့်တော် ပေတရုအနေဖြင့် မိမိ၏ အကျင့်စာရိတ္တ မစုံလင်ကြောင်း၊ ခရစ်တော်၏ တန်ခိုးတော် နှင့် ကျေးဇူးတော်ကို အမြဲတစေ လိုအပ်၍နေကြောင်း နားလည် သဘောပေါက်ရန် လိုအပ်ခဲ့ပါသည်။ ပေတရုသည် စုံစမ်းစစ်ဆေးခြင်း မခံရအောင် ကိုယ်တော် မကာကွယ်နိုင်သော်လည်း ယင်း စုံစမ်းစစ်ဆေးခြင်းမှ ကယ်မနိုင်ပါသည်။ ပေတရုအနေဖြင့် ခရစ်တော်၏ သတိပေး စကားများကို လက်ခံလိုသည် ဆိုပါက ဆုတောင်း၍ စောင့်နေပေလိမ့်မည်။ သူသည် ခလုတ်တိုက်မိ၍ လဲမည်ကို စိုးသောကြောင့် သတိတရားကြီးစွာဖြင့် တုန်တုန်ယင်ယင် လိုက်လျှောက်ခဲ့လိမ့်မည်။ ထိုအခါ စာတန်သည် သူ့ကို အောင်နိုင်ခြင်း မရှိစေ၇န် ကိုယ်တော်၏ စောင့်ရှောက်ခြင်းကို ခံရပေလိမ့်မည်။ COLB 177.1
မိမိ၏ အရည်အချင်း ပြီးပြည့်စုံသည်ဟု စိတ်မြင့်သောကြောင့် ပေတရု လဲခဲ့၏။ သို့သော် နောင်တရ ရ၍ စိတ်နှိမ့်ချသောကြောင့် ပြန်လည် တည်မြဲခဲ့၏။ သူ၏ ကိုယ်တွေ့ မှတ်တမ်းအားဖြင့် နောင်တရသော အပြစ်သားတိုင်းအတွက် စိတ်အားတက်ဖွယ် ဖြစ်ပါသည်။ ပေတရုသည် ဝမ်းနည်းစရာ ကောင်းလောက်အောင် အပြစ် ဒုစရိုက်အတွင်း၌ နစ်မွန်းခဲ့ရသော်လည်း စွန့်ပစ်တော်မူခြင်းကို မခံခဲ့ရပါ။ ခရစ်တော်၏ စကားတော်များသည် သူ၏ နှလုံးသားပေါ်တွင် အက္ခရာတင်လျက် ရှိခဲ့၏။ “သင်၏ ယုံကြည်ခြင်း မပျက်စေခြင်းငှါ ငါသည် သင့်အဖို့ ဆုတောင်းလေပြီ။” လု၊ ၂၂:၃၂။ သူသည် ပြင်းစွာ ပူဆွေးဒုက္ခရောက်၍ နောင်တသံဝေဂရနေချိန်တွင် ယင်း ပတ္ထနာတော် နှင့် ခရစ်တော်၏ မေတ္တာကရုဏာတော်ဖြင့် သူ့အား ကြည့်ရှုခဲ့ပုံကို သတိရသဖြင့် မျှော်လင့်ချက် ရှိခဲ့၏။ ခရစ်တော် ထမြောက်တော်မူသောအခါ ပေတရုကို အောက်မေ့ သတိရသဖြင့် ကောင်းကင်တမန်အားဖြင့် အမျိုးသမီးများအတွက် သတင်းစကား ပေးတော်မူသည်မှာ “သင်တို့ ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို ပေတရုမှ စ၍ တပည့်တော်တို့အား သွား၍ ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း ထို ပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်။” မာကု၊ ၁၆:၇။ အပြစ် ဖြေလွှတ်ပိုင်ခွင့် ရှိတော်မူသော ကယ်တင်ရှင်သည် ပေတရု နောင်တရသည်ကို လက်ခံတော်မူ၏။ COLB 177.2
ယင်းသို့ တပည့်တော် ပေတရုအား ကယ်ဆယ်တော်မူခဲ့သည့် ကရုဏာတော်သည်ပင်လျှင် ယနေ့ စုံစမ်းနှောင့်ယှက်ခြင်း၏ လက်အောင်၌ ဆုံးရှုံးနေသော သူအပေါင်းတို့အား ကမ်းလှမ်းလျက် ရှိနေပါသည်။ လူသည် အပြစ် ပြုမိ၍ ယင်း အပြစ် ဒုစရိုက်တွင် နစ်မွန်းလျက်၊ ခိုကိုးရာမဲ့သဖြင့် တုန်လှုပ်ချောက်ချားပြီးလျှင် အပြစ် ဖြေလွှတ်ခြင်းကို ရှာကြံဖို့ မဝံ့အောင် ပြုလုပ်ထားခြင်းမှာ စာတန်၏ ဝိသေသ ထူးခြားသော ဉာဏ်ဆင်မှု တစ်ရပ်ပင် ဖြစ်ပါသည်။ သို့သော “ငါ၏ အစွမ်းသတ္တိကို ကိုးစား၍ ငါနှင့် မိတ်သဟာယ ဖွဲ့ကြစေ။ ငါနှင့် မိသဟာယ ဖွဲ့ကြစေသော။” ဟု ဘုရားသခင် မိန့်တော်မူသည် ဖြစ်၍ ကျွန်ုပ်တို့သည် အဘယ်သို့လျှင် ကြောက်ဖွယ်ရာ ရှိပါမည်နည်း။ ဟေရှာ၊ ၂၇:၅။ ကျွန်ုပ်တို့၏ ခွန်အား နည်းပါးမှု အပေါင်းမှ လွတ်မြောက်ရာ စီမံချက် အများအပြား ထားရှိတော်မူ၏။ ၎င်းအပြင် ခရစ်တော်၏ အထံတော်သို့ ချဉ်းကပ်ရန် အားပေးတိုက်တွန်းချက် အရပ်ရပ်ကိုလည်း ကမ်းလှမ်းထားတော်မူပါသည်။ COLB 178.1
ဘုရားသခင်၏ အမွေခံများကို ပြန်လည် ဝယ်ယူရန်အတွက် ခရစ်တော်သည် မိမိ၏ ကြေမွကျိုးပဲ့သော ခန္ဓာကိုယ်ကို တင်လှူ ပူဇော်တော်မူခြင်းအားဖြင့် ဆုံးရှုံးပြီးသော လူသားကို နောက်တစ်ဖန် ထပ်မံ ကြိုးစားခွင့် ပေးတော်မူ၏။ “ထိုကြောင့် အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင် အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက် ကာလ အစဉ် အသက်ရှင်သောကြောင့် သူတို့ကို အစဉ် ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။” ဟေဗြဲ၊ ၇:၂၅။ ကိုယ်တော်၏ အပြစ် ဒုစရိုက်နှင့် ကင်းစင်သော အသက်တာဖြင့် လည်းကောင်း၊ကိုယ်တော်၏ နားထောင်တော်မူခြင်းအားဖြင့် လည်းကောင်း၊ကရာနီကုန်း လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ကို စွန့်တော်မူခြင်းအားဖြင့် လည်းကောင်း ခရစ်တော်သည် ဆုံးရှုံးသော လူသား၏ အမှုအတွက် ကြားဖျန်ဖြေတော်မူ၏။ ယခုအခါတွင် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းဆိုင်ရာ တပ်ဗိုလ်ကြီးသည် သာမန် အသနားခံ လျှောက်လဲသည့် အမှုဆောင် ရိုးရိုး မဟုတ်၊ အောင်ပွဲခံသူအနေဖြင့် ရထိုက်သည်များကို တောင်းဆို၍ နေတော်မူ၏။ ကိုယ်တော်သည် အပြစ်ကင်းသော မိမိ၏ ကောင်းမှုများ၊ မိမိ လူတို့၏ ပတ္ထနာ များ၊ ဝန်ချ တောင်းပန်ခြင်းများ နှင့် ကျေးဇူးတော် ချီးမွမ်းခြင်းများတည်းဟူသော နံ့သာပေါင်းကို ထည့်ထားသည့် ပူဇော်သကာ လင်ပန်းကို ဘုရားသခင်၏ ရှေ့တော်တွင် ကိုင်ဆောင်လျက် ကျွန်ုပ်တို့၏ အမှုဆောင် ကြားဖျန်ဖြေသူအဖြစ် ကိုယ်တိုင် ခန့်အပ်တော်မူပြီးလျှင် ပြီးပြည့်စုံသော ပူဇော်သကာကို ကိုယ်တိုင် ဆက်ကပ်ပူဇော်တော်မူ၏။ ကိုယ်တော်၏ ဖြောင့်မတ်ခြင်း ရနံ့ဖြင့် ယင်း ပူဇော်သကာများကို ထုံသင်းစေလျက် ထာဝရဘုရား၏ အထံတော်သို့ မွှေးကြိုင်သော ပူဇော်သကာဖြစ် တက်လေ၏။ ယင်း ပူဇော်သကာသည် စုံလင်သည် ဖြစ်၍ ဘုရားသခင်၏ ရှေ့တော်တွင် နှစ်သက်ဖွယ် ဖြစ်တော်မူ သောကြောင့် ဒစရိုက် ရှိသမျှကို ဖြေလွှတ်ရန် လုံလောက်ပေ၏။ COLB 178.2
ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ကိုယ်စားတော်အဖြစ်နှင့် လည်းကောင်၊ တာဝန်ခံတော်မူသော သူအဖြင့်နှင့် လည်းကောင်း မည်သူ့ကိုမျှ မချန် လူတိုင်းအတွက် ကိုယ်ကိုကိုယ် အာမခံတော်မူ၏။ အကယ်၍ သူတို့၏ ကိုယ်စား မိမိ ကိုယ်တော်တိုင် အသေမခံပါက သူတို့သည် ထာဝရ ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရတော့မည်ကို မကြည့်ရက်နိုင်သော ကိုယ်တော်သည် ကိုယ်ကိုကိုယ် မကယ်တင်နိုင်ကြောင်း သဘောပေါက်သူ အပေါင်းအား မေတ္တာကရုဏာ ပြည့်ဝစွာဖြင့် ကြည့်ရှုတော်မူလိမ့်မည်။ COLB 179.1
ကိုယ်တော်သည် တုန်လှုပ်ချောက်ချား၍ အပူတပြင်း အသနားခံသော သူတိုင်းအား မချီမပင့်ဘဲ နေတော်မူလိမ့်မည် မဟုတ်ပါ။ အပြစ် ဖြေရဦ ယဇ်ကို ကိုယ်တိုင် ပူဇော်တော်မူခြင်းအားဖြင့် လူသားအတွက် ယုံမှား သံသယ ဖြစ်စရာ မလိုသည့် သန့်စင်သော တန်ခိုးတော်ကို အကန့်အသတ် မရှိအောင် တင်ကူးစီမံထားတော်မူသော ကိုယ်တော်သည် ယင်း တန်ခိုးတော်ကို ကျွန်ုပ်တို့အတွက် အသုံးမပြုဘဲ နေတော်မူမည် မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့အား ချစ်တော်မူသည် ဖြစ်၍ ကျွန်ုပ်တို့၏ အပြစ် ဒုစရိုက်များ နှင့် ဝမ်းနည်းပူဆွေးခြင်းများကို ကိုယ်တော်၏ ခြေတော်ရင်းသို့ ယူဆောင်သွားနိုင်ပါသည်။ ကိုယ်တော်၏ မျက်နှာတော်၌ ထင်ရှားသော လက္ခဏာ ရှိသမျှ နှင့် စကားတော်တိုင်းက ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားမှု COLB 179.2
ကို ဖိတ်ခေါ်နေပါသည်။ ကိုယ်တော်၏ အလိုတော်အတိုင်း ကျွန်ုပ်တို့၏ အကျင့်စာရိတ္တကို ပုံသွန်းပြုပြင်တော်မူလိမ့်မည်။ COLB 180.1
စာတန်မာန်နက်ဆိုင်ရာ အင်အား ရှိသမျှသည် ရိုးသားစွာဖြင့် ခရစ်တော်ကို ယုံကြည်ကိုးစားသူ တစ်ယောက်အား အောင်နိုင်လောက်သော စွမ်းအား မရှိပါ။ ဘုရားသခင်သည် “မောသော သူတို့အား ခွန်အားကို ပေးတော်မူ၏။ နွမ်းနယ်သော သူတို့အား အစွမ်းသတ္တိနှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။” ဟေရှာ၊ ၄၀:၂၉။ COLB 180.2
“ကိုယ်အပြစ်တို့ကို ဖေါ်ပြ တောင်းပန်လျှင် ငါတို့ အပြစ်များကို လွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။” ၁ ယော၊ ၁:၉။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ …. မှားယင်းသော အပြစ် ရှိကြောင်းကို ဝန်ချရုံမျှသာပြုလော့။” “သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်းသဖြင့် သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှ စ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်” ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။ ယေ၊ ၃:၁၃။ ယေဇ၊ ၃၆:၂၅။ COLB 180.3
သို့သော် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ အသိတရား ရှိရမည်။ အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ငြိမ်သက်ခြင်း ချမ်းသာကို မရရှိမီ အပြစ်အတွက်ကြောင့် ဝမ်းနည်းကြေကွဲ၍ နောတ သံဝေဂကို ဖြစ်စေသော အသိတရား ဖြစ်ပေါ်ရမည်။ ဖါရိရှဲသည် အပြစ်အတွက် ကြေကွဲ ဝမ်းနည်းသော စိတ် မရှိ။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူနှင့် အတူ အလုပ် မလုပ်နိုင်။ သူသည် ကိုယ်ပိုင် ဖြောင့်မတ်ခြင်း သံချပ် အင်္ကျီကို ဝတ်ဆင်ထားသောကြောင့် ဘုရားသခင်၏ ချွန်ထက်သော မြှားတို့ဖြင့် ကောင်းကင်တမန်များက တည့်ဖြောင့်အောင် ချိန်ရွယ်၍ ပစ်ကြသော်လည်း မထိုးမဖေါက်နိုင်။ မိမိကိုယ် မိမိ အပြစ် ရှိကြောင်း သိသော သူကိုသာလျှင် ခရစ်တော် ကယ်တင်နိုင်တော်မူ၏။ ကိုယ်တော်သည် “ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှါ လည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်း အ ကြောင်း နှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်စေခြင်း အကြောင်းကို ပြစေခြင်းငှါ လည်းကောင်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ လည်းကောင်း” ကြွလာတော်မူ၏။ လု၊ ၄:၁၈။ သို့သော် “ကျန်းမာသော သူတို့သည် ဆေးသမားကို အလိုမရှိကြ။” ဟု မိန့်တော်မူ၏။ လု၊ ၅:၃၁။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အခြေမှန်အနေမှန်ကို သိရကြမည်။ သို့မဟုတ်ပါက ခရစ်တော်၏ အကူအညီကို လိုအပ်နေကြောင်း မတွေ့မသိနိုင်ပါ။ ကျွန်ုပ်တို့၏ ဘေးအန္တရာယ်ကို ကျွန်ုပ်တို့ သိနားလည်ရမည်။ သို့မဟုတ်ပါက ခိုလှုံရာ အရပ်သို့ ပြေးဝင်လိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဒဏ်ရာမှ နာကျင်ခြင်း ဝေဒနာကို ကျွန်ုပ်တို့ ခံစားသိတွေ့ရမည်၊ သို့မဟုတ်ပါက ဒဏ်ရာ ပျောက်ကင်းဖို့ ကျွန်ုပ်တို့ လိုလားလိမ့်မည် မဟုတ်ပါ။ COLB 180.4
“သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာကို ဆည်းပူးပြီး တစ်စုံတစ်ခုကိုမျှ မလိုဟု ပြောဆို၍ ကိုယ်တိုင် ပင်ပန်းခြင်း၊ သနားဖွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်း ရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ မီးနှင့် ချွတ်ပြီးသော ရွှေကို လည်းကောင်း၊ အဝတ်အချည်းစည်း ရှိင သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဖို့ ဖြူသော အဝတ်ကို လည်းကောင်း ငါ့ထံမှာ ဝယ်လော့။ သင်၏ မျက်စိ မြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါ အကြံပေး၏” ဟု ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။ ဗျာ၊ ၃:၁၇၊၁၈။ မီးနှင့် ချွတ်ပြီးသော ရွှေဆိုသည်မှာ မေတ္တာ ရှေ့ထား၍ ဆောင်ရွက်သော ယုံကြည်ခြင်း ဖြစ်၏။ ယင်းအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မိသဟာယ ဖွဲ့နိုင်၏။ ကျွန်ုပ်တို့အနေဖြင့် များစွာ လှုပ်ရှား၍ များစွာ ဆောင်ရွက်မည် ဖြစ်သော်လည်း ခရစ်တော်၏ မေတ္တာတော်ကဲ့သို့သော မေတ္တာ မရှိပါက ကျွန်ုပ်တို့သည် ကောင်းကင် မိသားစု အသိုက်အဝန်းတွင် ရေတွက်ဝင်လိမ့်မည် မဟုတ်ပါ။ COLB 181.1
မည်သူမျှ မိမိ၏ အမှားကို မိမိ မသိနားမလည်နိုင်ပါ။ “စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန် ယိုယွင်းသော သဘော ရှိ၏။ စိတ်နှလုံး သဘောကို အဘယ်သူ သိနိုင်သနည်း။” ယေရမိ၊ ၁၇:၉။ နှိမ့်ချသော သူ ဖြစ်ပါသည်ဟု နှုတ်မြွက်သည်ကို စိတ်နှလုံးက အသိ အမှတ်မပြုဘဲ ရှိနိုင်ပါသည်။ စိတ်နှိမ့်ချပါသည်ဟု ဘုရားသခင်အား လျှောက်ထားနေသည့် အချိန်၌ပင်လျှင် ‘ငါ၏ နှိမ့်ချခြင်းသည် သူတစ်ပါးထက် သာသည် ဟူ၍ လည်းကောင်း၊ ငါ၏ ဖြောင့်မတ်ခြင်းသည် သူတစ်ပါးထက် မြင့်မြတ်သည် ဟူ၍ လည်းကောင်း’ သူသည် စိတ်မြင့်နေတတ်၏။ မိမိ၏ အခြေမှန် အနေမှန်ကို သိနားလည်နိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ရှုမျှော်၍ နေရန် ဖြစ်ပါသည်။ ကိုယ်ပိုင် ဖြောင့်မတ်ခြင်း၌ စိတ်နေမြင့်သော သူများသည် ကိုယ်ကိုကိုယ် မသိသော သူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းဖြူစင်တော်မူခြင်း နှင့် ကောင်းမြတ် စုံလင်တော်မူခြင်းများကို အာရုံပြု၍ လေးလေးနက်နက် ဆင်ခြင်လျက် ကျွန်ုပ်တို့ အားနည်းပုံ၊ ချို့ငဲ့ပုံ နှင့် မစုံမလင် ဖြစ်နေပုံများကို လည်းကောင်း၊ အခြား အပြစ်သားများ နည်းတူ ကိုယ်ပိုင် ဖြောင့်မတ်ခြင်း ဝတ်ရုံများ ဝတ်ဆင်လျက် မျှော်လင့်ချက် မရှိ ဆုံးရှုံးနေသူများ ဖြစ်ကြောင်းကို လည်းကောင်း အခြေမှန် အနေမှန်အတိုင်း တွေ့သိရကြလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ခံစားရမည် ဆိုပါက ကျွန်ုပ်တို့ ကိုယ်ပိုင် ကောင်းမှုကုသိုလ်များကြောင့် မဟုတ်ဘဲ ဘုရားသခင်၏ အကန့်အသတ် မရှိသော ကျေးဇူးတော်ကြောင့်သာ ဖြစ်ကြောင်း တွေ့သိရကြလိမ့်မည်။ COLB 181.2
အခွန်ခံ၏ ပတ္ထနာတော်ကို နားညောင်းတော်မူခြင်းမှာ၊ အရာခပ်သိမ်းကို တတ်နိုင်တော်မူသော အရှင်အား ဆွဲကိုင်၍ မှီခိုအားထားသောကြောင့် ဖြစ်ပါသည်။ အခွန်ခံအနေဖြင့် မိမိကိုယ်တွင် ရှက်ဖွယ်ရာမှ အပ အခြား မည်သည့် အရာကိုမျှ မတွေ့မမြင်ရ။ ဘုရားသခင်ကို ရှာသောသူတိုင်း ကိုယ်ကိုကိုယ် ယင်းသို့ပင် တွေ့မြင်ရကြပါမည်။ မရှိနွမ်းပါး၍ အသနားခံသော သူသည် ကိုယ်ကိုကိုယ် အားထားခြင်း မပြုသည့် စစ်မှန်သော ယုံကြည်ခြင်းဖြင့် အနန္တတန်ခိုးတော်ရှင်ကို ခိုလှုံကိုးစားရမည်။ COLB 182.1
ကိုယ်ကိုကိုယ် ငြင်းပယ်ခြင်း နှင့် ရိုးသားစွာ ယုံကြည်ခြင်းများကို မည်သည့် အပြင်ပန်း လိုက်နာ ဆောင်ရွက်မှုများဖြင့်မျှ အစားထိုး၍ မရနိုင်ပါ။ သို့သော် မည်သူမျှ ကိုယ့်ကိုယ်နှင့် ကိုယ် ခွဲ၍ မနေနိုင်ပါ။ ယင်း လုပ်ငန်းကို ခရစ်တော်ကိုယ်တိုင် ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့က ခွင့်ပြုရန် သာ ရှိပါသည်။ ထိုအခါ ကျွန်တော် ကျွန်မတို့က လျှောက်ထားရမည်မှာ အရှင်ဘုရား၊ ကျွန်တော် ကျွန်မတို့သည် မိမိတို့၏ စိတ်နှလုံးကို ဆက်ကပ်၍ မရသောကြောင့် ကိုယ်တိုင် သိမ်းပိုက်တော်မူပါ။ ၎င်းကို ကိုယ်တော် ပိုင်တော်မူသည် ဖြစ်၍ လည်းကောင်း ကျွန်တော် ကျွန်မတို့သည် ကိုယ်တော်ရှင်အတွက် သန့်ရှင်းအောင် စောင့်ရှောက်မထားနိုင် သောကြောင့် လည်းကောင်း သန့်ရှင်း ဖြူစင်အောင် သိမ်းပိုက်ထားတော်မူပါ။ ခရစ်တော်နှင့် မတူသည့် အားနည်းသော ကျွန်တော် ကျွန်မကို ကယ်တင်တော်မူပါ၊ ပုံသွန်းတော်မူပါ၊ ပြုပြင်တော်မူပါ၊ ကိုယ်တော်ရှင်၏ ကြွယ်ဝစွာသော မေတ္တာရေသည် ကျွန်တော် ကျွန်မ၏ စိတ်နှလုံးတွင်းသို့ စီးဝင်နိုင်သည့် သန့်ရှင်းမြင့်မြတ်သော အသိုက်အဝန်းသို့ သိမ်းသွင်းတော်မူပါဟု လျှောက်ထားရမည်။ COLB 182.2
ဤကဲ့သို့ ကိုယ်ကိုကိုယ် ငြင်းပယ်သည့် အလုပ်ကို ခရစ်ယာန် အသက်တာ အစ၌သာ ဆောင်ရွက်ရမည် မဟုတ်ပါ။ ကောင်းကင်ဘုံသို့ တက်လှမ်းနေသည့် အဆင့်တိုင်းတွင် အသစ် လဲလှယ်နေရမည်။ ကျွန်ုပ်တို့၏ ကောင်းမှု လုပ်ငန်း မှန်သမျှသည် ပြင်ပ တန်ခိုးတော်အပေါ် အမှီပြုနေပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား အမြဲတစေ မျှော်မှန်း တမ်းတနေရမည့် အပြင် ရိုသေလေးစားစွာဖြင့် လည်းကောင်း၊ စိတ်နှလုံး နှိမ့်ချကြေကွဲစွာဖြင့် လည်းကောင်း၊ ကိုယ်တော်ရှင်၏ ရှေ့တော်၌ အမြဲတစေ အပြစ်ကို ဝန်ချ တောင်းပန်နေရမည်။ အစဉ်မပြတ် ကိုယ်ကိုကိုယ် ငြင်းပယ်၍ ခရစ်တော်ကို ကိုးစားမှသာလျှင် နောက်တော်သို့ လုံခြုံစွာ လိုက်လျှောက်နိုင်လိမ့်မည်။ COLB 183.1
ကျွန်ုပ်တို့သည် ခရစ်တော်ထံသို့ နီးကပ်စွာ ချဉ်းကပ်လေ၊ ကိုယ်တော်၏ သန့်စင်စုံလင်သော ဂုဏ်သိက္ခာတော်ကို ထင်ရှားစွာ တွေ့မြင်ရလေ ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ဒုစရိုက် မကောင်းမှု ဆိုးသွမ်းပုံကိုလည်း ပို၍ ထင်ရှားစွာ သဘောပေါက်လာပြီးလျှင် ကိုယ်ကိုကိုယ် ချီးမြှင့်လိုသော ဆန္ဒ ပို၍ လျော့နည်းသွားလိမ့်မည်။ သန့်ရှင်းသော သူများအဖြစ် ကောင်းကင်ဘုံက အသိအမှတ်ပြုထားသော သူများသည် မိမိတို့၏ ကောင်းမှုကုသိုလ်များအတွက် ဂုဏ်ဖေါ်ကြလိမ့်မည် မဟုတ်။ တမန်တော် ရှင်ပေတရုသည် ခရစ်တော်၏ သစ္စာ ရှိသော အမှုတော်ဆောင် တစ်ယောက် ဖြစ်လာပြီးနောက် ကောင်းကင် အလင်းတော် နှင့် တန်ခိုးတော်အားဖြင့် ဂုဏ်ပြုခြင်းကို ခံခဲ့ရသည် ဖြစ်၍ ခရစ်တော်၏ အသင်းတော်ကို တည်ဆောက်ရာတွင်လည်း ကိုယ်တိုင် လှုပ်ရှား ပါဝင်နိုင်ခဲ့ပါသည်။ သို့သော် ပေတရုသည် ကိုယ်တိုင် ပူဆွေး ဒုက္ခရောက်ခဲ့ရသည့် ကြောက်မက်ဖွယ်သော ဗဟုသုတကို မည်သည့်အခါမျှ မမေ့နိုင်။ သူသည် အပြစ်လွှတ်ခြင်းကို ခံခဲ့ရ၏၊ သို့သော် သူ ကျဆုံးခဲ့ရသည့် အကြောင်းရင်းမှာ အကျင့်စာရိတ္တ အားနည်းမှုကြောင့် ဖြစ်၍ ခရစ်တော်၏ ကျေးဇူးတော်ကြောင့် သာလျှင် နေရာမှန်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သူ ကောင်းစွဦ သဘောပေါက်၏။ မိမိ ကိုယ်တိုင်အားဖြင့် ဂုဏ်ယူစရာ ဘာ တစ်ခုမျှ မရှိကြောင်း တွေ့သိလေ၏။ COLB 183.2
မည်သည့် တမန်တော်၊ မည်သည့် ပုရောဖက်မျှ မိမိကိုယ် မိမိ အပြစ် မရှိဟု အခိုင်အမာ မပြောခဲ့ကြပါ။ ဘုရားသခင်နှင့် အနီးကပ်ဆုံး အသက်ရှင်ခဲ့ကြသော သူများသည် လည်းကောင်း၊ သိလျက်နှင့် မကောင်းမှု ဒုစရိုက်ကို ပြုလုပ်မည့်အစား မိမိ အသက်ကို အသေခံမည့် သူများသည် လည်းကောင်း၊ အလင်းတရား နှင့် တန်ခိုးတော်အားဖြင့် ဘုရားသခင်က ဂုဏ်ပြုခြင်းကို ခံရသော သူများသည် လည်းကောင်း ဇာတိပကတိအားဖြင့် အပြစ်များသော သူများ ဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။ ထိုကြောင့် သူတို့၏ ဇာတိပကတိ ကိုယ်၌ အားကိုးအားထား မပြု၊ ကိုယ်တိုင်အားဖြင့်လည်း ဖြောင့်မတ်ခြင်း မရှိကြောင်း ဝန်ခံ၍ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကိုသာ လုံးလုံး အားကိုးအားထား ပြုကြ၏။ ခရစ်တော်အား ကြည့်မျှော်သော သူတိုင်း ယင်းသို့ ဖြစ်ကြလိမ့်မည်။ COLB 184.1
ခရစ်ယာန် အတွေ့အကြုံတွင် ရှေ့သို့ တစ်လှမ်း တိုး၍ ချီတက်တိုင်း ကျွန်ုပ်တို့၏ နောင်တ တရား ပို၍ နက်ရှိုင်းလာလိမ့်မည်။ ဘုရားသခင်၏ အပြစ် ဖြေလွှတ်ခြင်းကို ခံရသော သူများ နှင့် မိမိ၏ လူမျိုးဟု ကိုယ်တော် အသိအမှတ်ပြုသူများအား ကိုယ်တော်က “ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဖူးသော အကျင့်ဆိုး နှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ …. ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။” ဟု မိန့်တော်မူ၏။ ယေဇ၊ ၃၆:၃၁။ ၎င်း အပြင် “ထိုအခါ ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါ ဖွဲ့မည်။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင် သိရလိမ့်မည်။ သင် ပြုဖူးသမျှသော အမှုတို့ကို ငါ မမှတ်။ စိတ်ပြေသောအခါ သင်သည် အောက်မေ့၍ ရှက်ကြောက်ခြင်း နှင့် မျက်နှာပျက်ခြင်းကြောင့် နှုတ်ကို မဖွင့်ဘဲ နေရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။” ယေဇ၊ ၁၆:၆၂၊၆၃။ ထိုအခါ ကျွန်ုပ်တို့သည် ကိုယ့်ဂုဏ်ကိုယ် ဖေါ်၍ ကြွားဝါကြတော့မည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံမှုသည် ခရစ်တော်၌သာ ရှိကြောင်း သိနားလည်ကြလိမ့်မည်။ “ငါ့အထဲမှာ ဇာတိပကိ၌ ကောင်းသော အရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါ သိ၏” ဟူ၍ လည်းကောင်း၊ ရောမ၊ ၇:၁၈။ “ငါ ဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှ တစ်ပါး အဘယ်အရာ၌မျှ ဝါကြွားခြင်း မရှိပါစေနှင့်။ ထို လက်ဝါးကပ်တိုင်တော်မှာ ဤ လောကသည် ငါ့အဖို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။ ငါသည်လည်း ဤ လောကအဖို့ ရိုက်ထားခြင်းကို ခံလျက် ရှိ၏။” ဟူ၍ လည်းကောင်း တမန်တော် ရှင်ပေါလုကဲ့သို့ ကျွန်ုပ်တို့ ဝန်ခံကြလိမ့်မည်။ ဂလ၊ ၆:၁၄။ COLB 184.2
ယင်း အတွေ့အကြုံနှင့် လျော်ညီစွာ ပညတ်ထားတော်မူသည်မှာ၊ “ကြောက်ရွံ့တုန်လှုပ်သော စိတ်နှင့် ကိုယ်ကို ကယ်တင်ခြင်းငှါ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ လည်းကောင်း၊ အကျင့် ကျင့်စေခြင်းငှါ လည်းကောင်း သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသော သူကား ဘုရားသခင်ပေတည်း။” ဖိ၊ ၂:၁၂၊၁၃။ ဘုရားသခင်က မိမိအား မကြောက်ရွံ့ မကိုးကွယ်လျှင် ကတိတော်များ ပြည့်စုံစေလိမ့်မည် မဟုတ်ဟု မိန့်တော်မူသည် မဟုတ်ပါ။ သည်းခံတော်မူခြင်း အရာ၌လည်း ငြီးငွေ့တော်မူလိမ့်မည် မဟုတ်ပါ။ ကရုဏာတော်သည်လည်း ယုတ်လျော့သွားလိမ့်မည် မဟုတ်ပါ။ ကြောက်ရွံ့ခြင်း မရှိလျှင် သင်၏ အလိုဆန္ဒများသည် ခရစ်တော်၏ စေတနာတော်နှင့် မကိုက်ညီဘဲ သင်မြတ်နိုးသည့် အကျင့်စရိုက် နှင့် ထုံးစံဓလေ့များက သင်၏ အသက်တာကို စိုးမိုးနေလိမ့်မည်။ “သင်တို့သည် အလို ရှိစေခြင်းငှါ လည်းကောင်း၊ အကျင့် ကျင့်စေခြင်းငှါ လည်းကောင်း သင်တို့ အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသော သူကား ဘုရားသခင်ပေတည်း” ကြောက်ရွံ့ခြင်း မရှိလျှင် သင်၏ အသက်ဝိညာဉ် နှင့် လုပ်ဆောင်တော်မူသော အရှင်သခင်၏ စပ်ကြားတွင် သင်၏ တစ်ကိုယ်ကောင်း စိတ်က ဝင်ရောက် နှောင့်ယှက်နေလိမ့်မည်။ ကြောက်ရွံ့ခြင်း မရှိလျှင် သင့်အား ဘုရားသခင် ပေးအပ်ထားသော မြင့်မြတ်သည့် ကြံရွယ်ချက် မပြီးမြောက်အောင် သင်၏ တစ်ကိုယ်ကောင်း စိတ်က ဖျက်ဆီးလိမ့်မည်။ သို့သော် ကြောက်ရွံ့ရမည့် အကြောင်းများမှာ သင်၏ ကိုယ်ပိုင် စွမ်းအားကို မှီငြမ်း ပြုခြင်း နှင့် သင်သည် ခရစ်တော်နှင့် လက်တွဲထားခြင်းကို ဖြုတ်၍ ကိုယ်တော် မပါဘဲ ကိုယ့် အသက်တာလမ်းကို ကိုယ်တိုင် လျှောက်လိုက်ခြင်းပင် ဖြစ်ပါသည်။ COLB 185.1
ကိုယ်ကိုကိုယ် အထင်ကြီး၍ မာန ထောင်လွှားစေမည့် အရာခပ်သိမ်းကို ရှောင်ရန် လိုအပ်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် သူတစ်ပါးအား လည်းကောင်း၊ သူတစ်ပါးက ကျွန်ုပ်တို့အား လည်းကောင်း ချီးမွမ်းခြင်း၊ မြှောက်ပင့် ပြောဆိုခြင်းများနှင့် ပတ်သက်၍ သတိပြုရမည်။ မြှောက်ပင့် ပြောဆိုခြင်းသည် စာတန်၏ လုပ်ရပ် ဖြစ်ပါသည်။ သူတစ်ပါး၏ အလိုကို လိုက်၍ပြောဆိုခြင်း၊ ယိုးစွပ်ခြင်း နှင့် ပြစ်တင်ရှုတ်ချခြင်းများသည် သူ၏ လုပ်ငန်းများ ဖြစ်ပါသည်။ ယင်းနည်းများဖြင့် လူ၏ အသက်ဝိညာဉ်ကို ယိုယွင်းပျက်စီးစေပါသည်။ သူတစ်ပါးအား မြှောက်ပင့် ပြောဆိုသော သူများသည် စာတန်၏ ကိုယ်စားလှယ်များ ဖြစ်ပါသည်။ ခရစ်တော်အတွက် အမှုတော်ဆောင်ရွက်သော သူများသည် မြှောက်ပင့် ပြောဆိုသည့် စကားမှန်သမျှကို မနှစ်မြို့ကြပါစေနှင့်။ တစ်ကိုယ်ကောင်း စိတ်ထားကို မျက်မှောက် မပြုပါစေနှင့်။ ခရစ်တော် တစ်ဦးတည်းကိုသာလျှင် ချီးမြှင့်ရပါမည်။ “ငါတို့ကို ချစ်၍ မိမိ အသွေးနှင့် ငါတို့ အပြစ်များကို ဆေးကြော” တော်မူသော အရှင်ကိုသာလျှင် လူတိုင်း ချီးမွမ်းထောမနာ ပြု၍ အထက်သို့ မျှော်ရှုကြပါစေ။ (ဗျာ၊ ၁:၅) COLB 186.1
ထာဝရဘုရားကို ကြောက်ရွံ့သော သဘော၌ မြတ်နိုးသည့် အသက်တာတွင် ဝမ်းနည်းခြင်း နှင့် စိတ်ညှိုးနွမ်းခြင်းများ ရှိလိမ့်မည် မဟုတ်ပါ။ ခရစ်တော်နှင့် အတူ မရှိသော သူ၏ မျက်နှာသည် ဝမ်းနည်းခြင်းကို ဖေါ်ပြ ၍ သူ၏ အသက်တာသည် ညဉ်းတွားခြင်းနှင့် ပြည့်ဝ၏။ ကိုယ်ကိုကိုယ် အထင်ကြီးခြင်း၊ ကိုယ်ကိုကိုယ် ချစ်မြတ်နိုးခြင်းများနှင့် ပြည့်ဝသော သူတို့သည် ခရစ်တော်နှင့် အတူ သက်ရှင်ဆက်ဆံရန် မလိုလားကြတော့ပါ။ သက်ရှင်ကျောက်မြတ်နှင့် မတွေ့မထိရသေးသော သူသည် သူ၏ စုံလင်မှုအတွက် ဝါကြွားနေဆဲပင်။ လူတို့သည် ဂုဏ်ကြီးမြင့်သော သဘောအယူဝါဒကို နှစ်သက်ကြ၏။ သူတို့ ကိုယ်ပိုင် ဂုဏ်ဒြပ် နှင့် အရည်အချင်းများကို သယ်ဆောင်သွားနိုင်လောက်အောင် ကျယ်သော လမ်းစဉ်ကို လိုက်လျှောက် လိုကြ၏။ ကိုယ်ကိုကိုယ် ချစ်မြတ်နိုး၍ ထင်ရှားကျော်ကြားလိုခြင်း နှင့် ချီးမြှင့်ခြင်း ခံလိုသော သူများ၏ စိတ်နှလုံးအတွင်း၌ ကယ်တင်ရှင်အတွက် နေရာ မရှိသောကြောင့် စိတ်ညှိုးငယ်ခြင်း၊ ဝမ်းနည်းခြင်းများနှင့် ပြည့်ဝကြ၏။ သို့သော် ခရစ်တော် ကိန်းအောင်းတော်မူသော အသက်တာသည် ဝမ်းမြောက်ရွှင်လန်းသော စမ်းရေတွင်း ဖြစ်ပါသည်။ ကိုယ်တော်ကို လည်းကောင်း၊ နှုတ်ကပါတ်တော်ကို လည်းကောင်း လက်ခံသော သူတိုင်းအတွက် ထင်ရှားသော ထူးခြားချက်မှာ ဝမ်းမြောက်ခြင်းပင် ဖြစ်ပါသည်။ COLB 186.2
“သန့်ရှင်းခြင်းဟု နာမ ရှိတော်မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွတ်အမြတ် ဖြစ်တော်မူသော ဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ် သန့်ရှင်းသော အရပ်၌ နေ၏။ စိတ်နှိမ့်ချသော သူ နှင့် နှလုံးကြေကွဲသော သူတို့၏ စိတ် ဝိညာဉ် အသက် ရှင်စေခြင်းငှါ ကြေကွဲနှိမ့်ချသော စိတ်သဘော ရှိသော သူတို့၌လည်း ငါနေ၏။” ဟေရှာ၊ ၅၇:၁၅။ COLB 187.1
ဘုရားသခင်သည် မောရှေအား ကျောက်ကြား၌ သွင်းထားတော်မူစဉ်က မောရှေသည် ဘုရားသခင်၏ ဘုန်းတော်ကို ရှုမြင်ခွင့် ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်တည်းဟူသော ကျောက်အတွင်း၌ ပုန်းအောင်းနေမှသာလျှင် ထိုးဖေါက်ခြင်းခံရပြီးသော မိမိ၏ လက်တော်ဖြင့် ဖုံးကွယ်ထားတော်မူလိမ့်မည်။ ၎င်းအပြင် ကိုယ်တော်သည် မိမိ၏ သားသမီးများအား မည်သို့ မိန့်တော်မူသည်ကို ကြားရကြလိမ့်မည်။ “ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်း နှင့် ကြွယ်ဝတော်မူသော၊ အထောင်အသောင်းများသော လူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်” မူသော ဘုရားသခင်သည် မောရှေကဲ့သို့ ကျွန်ုပ်တို့အားလည်း ကိုယ်ထင်ပြတော်မူလိမ့်မည်။ ထွ၊ ၃၄:၆၊၇။ COLB 187.2
ရွေးနုတ်တော်မူခြင်းဆိုင်ရာ အမှုတော်သည် နားလည် သဘောပေါက်ရန် မလွယ်ကူသည့် ခက်ခဲ နက်နဲသော အကြောင်းအရာများနှင့် ပေါင်းစပ် ဆက်နွယ်၍နေသောကြောင့် လူသားအနေဖြင့် ကြံစည်စိတ်ကူး၍ မမီနိုင်ပါ။ “ဘုရားသခင်ကို ချစ်သော သူတို့အဖို့အလို့ငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရာကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံမစည်သေး။” ၁ ကော၊ ၂:၉။ အပြစ်သားသည် ခရစ်တော်၏ တန်ခိုးတော်အားဖြင့် ဆွဲယူခြင်းကို ခံရသောအခါ မြှောက်ထားသော လက်ဝါးကပ်တိုင်သို့ ချဉ်းကပ်၍ ၎င်း၏ ရှေ့မှောက်တွင် ပျက်ဝပ်လျက် အသစ် ဖန်ဆင်းခြင်းကို ခံရလေ၏။ အသစ်သော နှလုံး ပေးအပ်ခြင်းကိုလည်း ခံရ၏။ ခရစ်တော်၌ အသစ်သော လူသတ္တဝါ ဖြစ်လာ၏။ သန့်ရှင်းခြင်းသို့ ရောက်လေ၏။ ဘုရားသခင် ကိုယတော်တိုင် “ယေရှုကို ယုံကြည်သော သူတို့၏ အပြစ်ကို လွှတ်တော်မူ” ၍ တရားသဖြင့် စီရင်တော်မူ၏။ ရောမ၊ ၃:၂၆။ ၎င်းအပြင် “ခေါ်တော်မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။” ရော၊ ၈:၃၀။ အပြစ် ဒုစရိုက်ကြောင့် ဂုဏ်အသရေ ဆုတ်ယုတ်ခြင်း နှင့် ရှက်ကြောင်းဖွယ် ဖြစ်ခြင်းသည် ကြီးမားလှပါ၏။ ထိုထက် ကြီးမားသည်မှာကား ရွေးနုတ်ခြင်းမေတ္တာဖြင့် ခံစားရသော ဂုဏ်အသရေနှင့် ချီးမြှောက်ခြင်း ပေတည်း။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် တူညီအောင် အားထုတ် ဆောင်ရွက်သော လူသားတို့အား ကောင်းကင်ဘဏ္ဍာ ရတနာ အရင်းအနှီးများ နှင့် စုံလင်ခြင်း တန်ခိုးကို ထုတ်ပေးတော်မူခြင်းအားဖြင့် သူတို့သည် မည်သည့် အခါကမျှ ဆုံးရှုံးခြင်း မရှိခဲ့သော ကောင်းကင်တမန်များထက် မြင့်သော အရပ်တွင် နေရကြလိမ့်မည်။ COLB 188.1
“ဣသရေလအမျိုးကို ရွေးနုတ်တော်မူ၍ ထို အမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည် အဘယ်သူမျှ မနှစ်သက်၊ တစ်ပြည်လုံးကို ရွံရှာဖွယ် ဖြစ် …. သူအား မိန့်တော်မူသည်ကား သစ္စာ ရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူးတော်ကြောင့် ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။” ဟေရှာ၊ ၄၉:၇။ COLB 189.1
“ကိုယ်ကိုကိုယ် ချီးမြှောက်သော သူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသော သူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မန့်တော်မူ၏။” COLB 189.2
* * * * *