Go to full page →

ပြုပြင်ပြောင်းလဲရေးလုပ်ငန်း၏အောင်ပွဲများ HFB 244

ရောမအသင်းတော်သည် ထိုနည်းလမ်းများကိုအသုံးပြုကာ ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်း ချုပ်ငြိမ်းသွားစေပြီး အမှောင် ခေတ်၏ မသိနားမလည်သည့်ဘဝ၊ အယူသီးသည့်ဘဝသို့ ပြန်လည်ရောက်ရှိ သွားစေကြသည်။ သို့သော် ဘုရားသခင်ပေးသော ကောင်းချီးများနှင့် လူးသာကို ဆက်ခံရန် ဘုရားသခင်ရွေးကောက်ထားသည့် လူကောင်းများ၏ လုပ်ဆောင်မှုများကြောင့် ပရိုတက်စတင့်အယူဝါဒသည် ပျောက်ကွယ်မသွား ခဲ့ပါ။ အမှုတော်၏ ခွန်အားသည် မင်းညီမင်းသားများ၏ အမအစပေါ်တွင် အကြွေးတင်ခြင်း မဟုတ်ပါ။ အနိမ့်ကျဆုံနှင့် ခွန်အားအနည်းဆုံးနိုင်ငံများသည် အမှုတော်အတွက် ပင်မကြီးပွားတိုးတက်ရာဒေသများဖြစ်လာသည်။ ထိုဒေသများမှာ ဂျနီဗာ၊ စပိန်၏နှိပ်စက်ကလူပြုခြင်းမှ ရုန်းကန်နေသော ဟော်လန်၊ အေးမြသာယာ၍မြေဩဇာကောင်းသည့် ဆွီဒင်နိုင်ငံတို့ဖြစ်ကြသည်။ HFB 244.1

ကဲလ်ဗင်းသည် ဥရောပတစ်ခွင်၌ ဘာသာရေးပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းတိုးတက်ရန်အတွက် နှစ်ပေါင်း (၃၀) ခန့်မျှ ဂျနီဗာတွင် အမှုတော် ထမ်းခဲ့ပါသည်။ သူ့လုပ်ဆောင်မှုများ၌ အမှားမကင်းသလို သူ့ယုံကြည်ချက်များ ၌လည်း အမှားအယွင်း မကင်းရှင်းခဲ့သော်လည်း အလွန်အရေးပါသော သမ္မာတရားများကို ဖြန့်ချိရန်အတွက်မှာမူ သူပြန်လည်နိုးကြားနေသည့် ရဟန်းမင်း၏ လှုပ်ရှားမှုများကို ဟန့်တားမည့် ပရိုတက်စတင့်အယူဝါဒကို ဆက်လက်ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေး အသင်းတော်များ၌ ရိုးသားသန့်စင်သော အသက်တာများ ပိုမိုရရှိလာအောင် လုပ်ဆောင်ပေးရန်အတွက်လည်းကောင်း သူ့အား ဘုရားသခင် အသုံးပြုတော်မူခဲ့ပါသည်။ HFB 244.2

ဘာသာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ယုံကြည်ချက်များကို ဖြန့်ချိရန် စာအုပ်စာပေများကို ဂျနီဗာတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သလို ထိုယုံကြည်ချက်များကို သွန်သင်မည့်ဆရာများကိုလည်း ဤအရပ်မှပင် မွေးထုတ်ခဲ့ရာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် နိုင်ငံများက သွန်သင်ချက်များနှင့် အားပေးစကားများကိုရရန် ဂျနီဗာကိုပင် အားကိုးနေရပါသည်။ ဥရောပအနောက်ခြမ်းနိုင်ငံများမှ လိုက်လံဖမ်းဆီးခြင်း ခံနေရသော ဘာသာရေးခေါင်းဆောင်များအတွက်လည်း ဂျနီဗာသည် ခိုလှုံရာမြို့တစ်မြို့ ဖြစ်လာပါသည်။ ထိုသူများသည် ဂျနီဗာတွင် နွေးထွေးသော ကြိုဆိုပြုစုမှုများကိုခံကြရရာ ၎င်းတို့၏ ကျွမ်းကျင်စွာတတ်မြောက်သော ပညာများ၊ ဘုရားတရားရှိမှုများဖြင့် ထိုမြို့ကို သူတို့ကောင်းကျိုးပြုခဲ့ကြသည်။ စကော့တလန်မှ ဘာသာရေးခေါင်းဆောင်ဖြစ်သူ ဂျွန်နောက်စ် အင်္ဂလိပ် ပျူရီတန် အဖွဲ့မှပုဂ္ဂိုလ်များ၊ ဟော်လန်နှင့်စပိန်တို့မှ ပရိုတက်စတင့်များ၊ ပြင်သစ်မှ ဟုဂနောက်စ်များတို့သည် ၎င်းတို့ခိုလှုံနေသော ဂျနီဗာမှ သမ္မာတရား အလင်းများကိုယူကာ အမှောင်ထုလွှမ်းမိုးနေသော မိမိတို့၏နိုင်ငံအသီးသီးသို့ ပြန်ကာ အလင်းထွန်းလင်းခဲ့ကြပါသည်။ HFB 245.1

*****