ဩဇာအာဏာရှိသူများသည် လူအများကိုဒုက္ခပေးရန် ထိုအာဏာ တန်ခိုးများကို အသုံးပြုခဲ့ကြသည်။ ဂိုဏ်းချုပ်များစွာတို့သည် အကြမ်းနည်းကို အသုံးပြုကာ ၎င်းတို့၏အသင်းတော်ထဲသို့ ဖြူစင်သောယုံကြည်ခြင်း ဝင်မလာနိုင်အောင် တားဆီးခဲ့ကြပါသည်။ တရားဟောစင်မြင့်ပေါ်မှနေ၍ ထိုယုံကြည်ခြင်းကို လူသိရှင်ကြားငြင်းဆိုနေကြသည်။ ထိုဂိုဏ်းချုပ်များသည် ဒုစရိုက်မှောင်မိုက်၏သားကောင်များကို နှိုးဆွခဲ့ကြပါသည်။ ဝက်စလေသည် ဘုရားသခင်၏ ကရုဏာတော်ဆိုင်ရာ နိမိတ်လက္ခဏာပြမှုကြောင့် သေတွင်းမှ အဖန်ဖန်လွတ်မြောက်ခဲ့ပါသည်။ လွတ်လမ်းမရှိတော့ဟု ထင်ရသည့် အချိန်မှာပင် လူပုံသဏ္ဌာန်ရှိ ကောင်းကင်တမန်တစ်ပါးသည် သူ့နံဘေးသို့ ရောက်လာကာ လူအုပ်ကြီးအား တွန်းလှန်တိုက်ခိုက်လျက် ဝက်စလေအား အန္တရာယ်စက်ကွင်းအတွင်းမှ ကယ်နုတ်သွားခဲ့ပါသည်။ ‘‘လူပေါင်းများစွာတို့ဟာ ကျွန်တော်ရဲ့အင်္ကျီကော်လာနဲ့ အင်္ကျီတွေကိုဆွဲပြီး ကျွန်တော့်ကိုဆွဲလှဲဖို့ကြိုးစားကြပေမယ့် တစ်ယောက်သာ ကျွန်တော့်ဝစ္စကုတ် တစ်ခြမ်းကိုဆုပ်ကိုင်နိုင်ခဲ့တယ်။ ဒါပေမယ် အဲဒီ အင်္ကျီတစ်ခြမ်းဟာပြဲပြီး သူ့လက်ထဲမှာပါသွားတယ်။ ဘဏ်ငွေစုထုတ်စာရွက်ထည့်ထားတဲ့ အိပ်ကပ် ရှိနေတဲ့ဝစ္စကုတ်တစ်ခြမ်းကတော့ပြတ်ပြီးကျန်ခဲ့တယ်။ လူဆိုးတစ်ယောက်ဟာ ကျွန်တော့်နောက်ကနေ ဝက်သစ်ချသားတင်းပုတ်ကြီးနဲ့ထုတယ်။ အမှန်တော့ အဲဒီတင်းပုတ်နဲ့ တစ်ချက်ထုမိရုံနဲ့ ပွဲပြီးသွားနိုင်ပါတယ်။ ဒါပေမယ့် သူထုလိုက်တိုင်း တစ်ချက်မှမထိဘူး။ ဘာကြောင့်လဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ကိုယ်တိုင်တော့ ဘယ်ဘက်ကော ညာဘက်ကိုပါ လုံးဝရွှေ့လို့ မရခဲ့ဘူး’’ ဟု ဒုက္ခဆင်းရဲခြင်းများမှ လွတ်မြောက်လာပုံတချို့ကို ဝက်စလေ ပြောပြဖူးပါသည်။ HFB 270.1
ထိုခေတ်ထိုအခါက မက်သဒစ်ဘာသာဝင်များသည် ပြောင်လှောင်သရော်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုများကို မကြာခဏ ခံခဲ့ကြရသည်။ ဥပမာအားဖြင့်ဖေါ်ပြရလျှင် တစ်ခါက လူထုကြော်ငြာသင်ပုန်း ပေါ်တွင် စာတစ်စောင်ကိုကပ်ထားသည်။ မက်သဒစ်များ၏ အိမ်များကို ချိုးဖေါက်ဖျက်ဆီးကာ ပစ္စည်းများကို လုယူလိုသူများ မည်သည့်အချိန်တွင်၊ မည်သည့်နေရာ၌ စုရုံးကြရန် ဆင့်ခေါ်သောစာဖြစ်သည်။ အပြစ်သားများကို အမှန်လမ်းသို့ ပို့ဆောင်ဖို့ကြိုးစားနေခြင်းကို အပြစ်ဟုမှတ်ယူကာ ထိုသူများ အပေါ်စနစ်တကျစီစဉ်ကာ နှိပ်စက်ညှဉ်းပန်းခဲ့ကြပါသည်။ HFB 271.1
ပညတ်တော်ဆယ်ပါးကို ခရစ်တော်ဖျက်သိမ်းခဲ့သည်ဟုဆိုကာ ပညတ်တော်ကိုစောင့်ရန် ခရစ်ယာန်များ၌ တာဝန်မရှိတော့ဟု သွန်သင်ခြင်း၏ ရလဒ်အဖြစ် ဝက်စလေအချိန်မတိုင်မီကလေးတွင် အင်္ဂလန်၌ ဝိညာဉ်ရေးကျဆင်းမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။ ဘုရားသခင်က ကယ်တင်ခြင်းပေးရန ရွေးကောက်ခြင်းခံရသူများသည် အကျင့်သီလနှင့် ပြည့်စုံသော ဘုရားတရားရှိသည့်အသက်တာအတိုင်း ကျင့်ဆောင်သွားကြမည် ဖြစ်ပြီး ပျက်စီးခြင်းသို့သွားရန် စီရင်ချက်အချခံရသူများသည် ဘုရားသခင်၏ ပညတ်တော်ကို စောင့်ထိန်းနိုင်စွမ်း မရှိပါဟုဆိုကာ လူအများအား ပညတ်တော်စောင့်ရန် တရားဟောဆရာများ အနေဖြင့် အားပေးပို့မလိုအပ်ကြောင်း တချို့ကဖွင့်ဆိုလာကြပါသည်။ HFB 271.2
‘‘ရွေးချယ်ခြင်းခံရသူများသည် ကျေးဇူးတော်နှင့်တကွ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပါ’’ ဟူသော တချို့၏ ခံယူချက်များကြောင့် ‘‘ဒုစရိုက်မှုများကို သူတို့ ကျူးလွန်လျှင် တောင်မှ အမှန်တကယ်အပြစ်မရှိကြ။ ထိုကြောင့် အကျိုးဆက်အနေဖြင့်၊ ၎င်းတို့အနေဖြင့် အပြစ်တင်ဝန်ချတောင်းပန်စရာ မလိုသကဲ့သို့ နောင်တရစရာလည်းမလိုတော့’’ ဟု စိုးရိမ်စရာ ခံယူချက်များ ပေါ်ပေါက်လာပါသည်။ ထိုကြောင့် စကြဝဠာတစ်ခုလုံးက အဆိုးရွားဆုံးအပြစ် ဟုယူဆထားသည့် ဒုစရိုက်မှုဖြစ်စေဦးတော့ ရွေးခြယ်ခြင်းခံရသူတစ်ဦးက ထိုပြစ်မှုကိုကျူးလွန်ခဲ့လျှင် ဘုရားသခင်၏ မျက်မှောက်တော်တွင် ထိုအရာသည် အပြစ်မဟုတ်ဟု သူတို့ဖွင့်ဆိုလာကြပါသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်အား မနှစ်မြို့စေသောအရာကိုလည်းကောင်း၊ ပညတ်တော်က တားမြစ်ထားသည့်အရာများကိုလည်းကောင်း မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ခွင့်ရှိသည်ဟု ယူဆလာကြပါသည်။ HFB 272.1
အမှန်တရားအတွက် စံတစ်ခုအဖြစ်ရပ်တည်နေသည့် ပညတ် တော်သည် အပြောင်းအလဲ မရှိနိုင်သည့်အရာတော့မဟုတ်ကြောင်း၊ လူ့အဖွဲ့ အစည်းမှ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို လုပ်ရန်လိုအပ် သည်ဟု တင်ပြလာလျှင် ထိုပညတ်ကို ပြောင်းလဲပစ်နိုင်ကြောင်း သွန်သင်ချက်များသည် နောက်ပိုင်းသွန်သင်ချက်များကဲ့သို့ပင် ကြောက်စရာ ကောင်းလှပါသည်။ ထိုအတွေးအခေါ်များကို ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖေါက်ရန် အစပျိုးခဲ့သော အပြစ်မဲ့ သောကောင်းကင်သားများမှ ပုဂ္ဂိုလ်တစ်ဦးက လှုံ့ဆော်အသက်သွင်းခဲ့ခြင်း ဖြစ်သည်။ HFB 272.2
လူသားများ၏ အကျင့်စာရိတ္တကို မပြောင်းလဲနိုင်အောင် ခိုင်ခံ့မြဲမြံစေမည့် ဘုရားသခင်၏မိန့်တော်မူချက်ဆိုင်ရာ ယုံကြည်ချက် များကြောင့် လူများစွာတို့သည် ပညတ်တော်ကိုငြင်းပယ်ခဲ့ကြပါသည်။ ဝက်စလေသည် အင်တီနိုမီအာနစ်ဇင်ကို ဦးတည်နေသည့် ထိုယုံကြည်ချက်ကို မဆုတ်မနစ် ဆန့်ကျင်ခဲ့သည်။ ‘‘လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျက်ရှိ၏။’’ ‘‘လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မတရားကိုသိစေခြင်းငှာ ဘုရားသခင်အလိုတော်ရှိ၏။ ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့စပ်ကြားမှာ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုကိုယ်စွန့်တော်မူပြီ။’’ ‘‘ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ တိတု ၂:၁၁။ ၁တိ၊ ၂:၃-၆။ ယောဟန် ၁:၉။ လူအပေါင်းတို့သည် အသက်လက်ဆောင်ကို မိမိအလိုအတိုင်းငြင်းဆန်နေကြသဖြင့် ကယ်တင်ခြင်းကို လက်လွှတ်ဆုံးရှုံးနေကြပါသည်။ HFB 273.1