ပရိုတက်စတင့်အသင်းတော်များစွာတို့သည် ရောမ၏ပုံစံနမူနာကို လိုက်လျှောက်ခဲ့ကြသည်။ အစိုးရကအသိအမှတ်ပြုထားသည့် အသင်းတော် များသည် နိုင်ငံတော်၏အစိုးရမင်းများနှင့် ဆက်သွယ်ခြင်းအားဖြင့် လည်းကောင်း၊ ဂိုဏ်းဂဏများသည် လောက၏ ထောက်ခံမှုရအောင် ကြိုးစားခြင်းအားဖြင့်လည်းကောင်း လောကီရှင်ဘုရင်များနှင့် အဆက်အသွယ် ပြုခဲ့ကြသည်။ မိမိတို့၏ယုံကြည်ချက် များကို သမ္မာကျမ်းစာမှရယူလျက်ရှိကြောင်း ဝန်ခံလျက် တစ်ခုနှင့်တစ်ခု မဆီလျော်သည့် ယုံကြည်ချက်အသေးအဖွဲကလေးများအထိ မရေတွက်နိုင်အောင် ခွဲခြမ်းစိတ်ဖြာနေသည့် ဘာသာရေးအဖွဲ့အစည်းကို ရှုပ်ထွေးခြင်းဟုအနက်ရသော၊ ဗာဗုလုန်ဟူသော အသုံးအနှုန်းကို သုံးထားခြင်း ဖြစ်နိုင်သည်။ HFB 411.2
‘‘ရောမအသင်းတော်သည် သန့်ရှင်းသူများနှင့် စပ်ဆိုင်သောရုပ်တု များကို ကိုးကွယ်ခြင်းကြောင့် အပြစ်ရှိသည်ဟုဆိုလျှင် သူ၏သမီးဖြစ်သူ အင်္ဂလန်အသင်းတော်သည်လည်း ထိုအပြစ်မျိုးကို ကျူးလွန်နေပါသည်။ ခရစ်တော်အတွက် ဆက်ကပ်ထားသည့် ဘုရားကျောင်းတစ်ခုရှိတိုင်း မယ်တော်မာရိအတွက် ဆက်ကပ်ထားသည့် ဘုရားကျောင်းဆယ်ကျောင်း ရှိနေပါသည်’’ ဟု ကာတိုလိတ်အသင်းတော်က ငြင်းချက်ထုတ်ထားပါသည်။ HFB 412.1
‘‘ခရစ်ယာန်ဆန့်ကျင်ရေးစိတ်ဓါတ်နှင့် ဓလေ့အကျင့်များကို ရောမ အသင်းတော်တစ်ခုတည်းက ကျင့်ဆောင်နေသည်ဟုပြောဆိုရန်မှာ ယထာဘူတကျမည်မဟုတ်ချေ။ ပရိုတက်စတင့်အသင်းတော်များ၌လည်း ထိုစိတ်ဓါတ်မျိုးနှင့်အကျင့်ဓလေ့များရှိနေသည့်ပြင် ဖေါက်ပြန်ပျက်စီးမှုနှင့် ဆိုးညစ်မှုများကို လုံးလုံးကြီးပြုပြင်နိုင်ဖို့ရန် ခရီးဝေးကွာနေပါသေးသည်’’ ဟု ဒေါက်တာဟုတ်ကင်းက ကြွေးကြော်ခဲ့သည်။ HFB 412.2
ရောမအသင်းတော်မှ ပရက်စ်ဆက်တီးရီးယန်းအသင်းတော်ကြီး ခွဲထွက်လာခြင်းနှင့်ပတ်သက်၍ ဒေါက်တာဂူးသီးယာက ‘‘ကျွန်တော်တို့ အသင်းတော်သည် မိမိ၏အလံပေါ်မှာ သမ္မာကျမ်းစာကိုဖွင့်လျက် ‘သမ္မာကျမ်းစာကိုစေ့စေ့ကြည့်ရှုကြလော့’ ဟူသော ဆောင်ပုဒ်ကိုရင်ဝယ်ပိုက်လျက် လွန်ခဲ့သောနှစ်ပေါင်းသုံးရာအချိန်က ရောမ၏ ဂိတ်ထဲကထွက်ခဲ့ပါသည်’’ ဟု ဖွင့်ဆိုခဲ့သည်။ ထိုနောက် ‘‘သူတို့ဟာ ဗာဗုလုန်ထဲက လုံးလုံးကြီးထွက်ခဲ့ကြသလား’’ ဟူသော အရေးကြီးသည့် မေးခွန်းတစ်ခုကို သူမေးခဲ့သည်။ HFB 412.3