နောက်ဆုံးသောကာလတွင်ဖြစ်ပျက်မည့် ဥပုသ်နေ့နှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲမှုများအကြောင်းကို ဟေရှာယ အနာဂတ္တိကျမ်းတွင် ကြိုတင် ဟောကိန်းထုတ်ထားပါသည်။ ‘‘ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာကျင့်ကြလော့။ ငါ၏ကယ်တင်ခြင်းကျေးဇူး ရောက်ချိန်နှင့် ငါ၏ဖြောင့်မတ်ခြင်းတရားထင်ရှားချိန် ရောက်လုနီးပြီ။ ထိုသို့ ပြုသောသူ၊ အမြဲစွဲလမ်းသောလူသားသည် ဥပုသ်နေ့ကို မရှုတ်ချ။ စောင့်ရှေဪက်၍ ဒုစရိုက်ကိုမပြုမည်အကြောင်း မိမိလက်ကိုချုပ်တည်း လျှင်လည်း မင်္ဂလာရှိ၏။---ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလို့ငှာ ထာဝရဘုရား၌မှီဝဲသော တစ်ပါး အမျိုးသားတို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ။ စောင့်ရှောက်၍ ငါ၏ပဋိညာဉ်ကိုစွဲလမ်းသောသူအပေါင်းတို့ကိုလည်းကောင်း ငါ၏သန့်ရှင်း သောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။’’ ဟေရှာ၊ ၅၆:၁-၂၊ ၆-၇။ HFB 486.1
ဟေရှာ ၅၆:၈ အရ ဤစကားများသည် ဤခရစ်ယာန်ခေတ်နှင့် အကျုံးဝင်ပတ်သက်နေပါသည်။ ကိုယ်တော်၏တပည့်တော်များ ဟောကြားသည့် ဝမ်းမြောက်ဖွယ်ရာသတင်းစကားကြောင့် တစ်ပါး အမျိုးသားများတွင် ခရစ်ယာန်များအစုအဖွဲ့လိုက် ပေါ်ထွန်းလာလိမ့်မည်။ HFB 486.2
‘‘ပညတ်တရားကိုတံဆိပ်ခတ်နှိပ်လော့’’ ဟု ထာဝရဘုရား မိန့်တော်မူ၏။’’ ဟေရှာ ၈:၁၆။ ဘုရားသခင့်ပညတ်တရား၏ တံဆိပ်ကို စတုတ္ထပညတ်တော်တွင် တွေ့ရပါသည်။ ပညတ်တော် (၁၀) ပါးအနက် ဤပညတ်တွင်သာ ပညတ်တော်ပေးသည့် ဘုရားသခင်၏ နာမတော်နှင့် ဘွဲ့တော်တို့ကို ဖေါ်ပြထားပါသည်။ ဥပုသ်နေ့ကို ရဟန်းမင်း၏တန်ခိုး အာဏာဖြင့် ပြောင်းလဲပစ်သောအခါ ထိုတံဆိပ်သည်လည်း ပညတ်တော်မှ ဖယ်ရှားခြင်းခံလိုက်ရပါသည်။ ထိုကြောင့် အာဏာတော်၏ အထိမ်းအမှတ်နှင့် ဖန်ဆင်းရှင်၏သတိရ အောက်မေ့စရာများအဖြစ် သတ္တမနေ့ဥပုသ်ကို ပြန်လည်ချီးမြှောက်ခြင်းအားဖြင့် ထိုဥပုသ်နေ့ကို ပုံမှန်အနေအထားသို့ ရောက်အောင် လုပ်ဆောင်ကြရန် တပည့်တော်များအား မိန့်မှာတော်မူပါသည်။ HFB 486.3
‘‘အသံမလျှော့ဘဲ ကြွေးကြော်ကြလော့။ တံပိုးကဲ့သို့ အသံကိုလွှင့်၍ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား သူတို့ဒုစရိုက်အပြစ်ကို ဖေါ်ပြလော့။’’ ဟေရှာ ၅၈:၁။ ‘‘ငါ၏လူတို့’’ ဟု ဘုရားသခင်က သတ်မှတ် ထားသည့်လူတို့သည် ၎င်းတို့ပြုခဲ့သော ဒုစရိုက်အပြစ်များအတွက် အဆုံးမ ခံကြရပါမည်။ ထိုသူများသည် ဘုရားသခင်၏ အမှုတော်တွင် ဖြောင့်မတ်သူများဟု ကိုယ့်ကိုကိုယ် အထင်ရှိနေသူများဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် ပညတ်တော်ကိုချိုးဖောက်သူများဖြစ်နေကြောင်း ဘုရားသခင်၏ ဆုံးမစကားများက သက်သေပြုနေပါသည်။ HFB 487.1
‘‘သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေးကာလ၌တည်ဖူးသော တိုက်မြစ်များအပေါ်မှာ ထပ်ဆင့်၍တည်ဆောက် ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သောမြို့ရိုးကို ပြုပြင်သောသူ၊ လူနေရာ လမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်။ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ၍ ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင် သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့်မည်။’’ ဟေရှာ ၅၈:၁၂-၁၄။ HFB 487.2
ရောမ၏တန်ခိုးအာဏာများကိုအသုံးပြုကာ ဥပုသ်နေ့ကို ပြောင်းလဲ ပစ်လိုက်သောအချိန်တွင် ပညတ်တော်မြို့ရိုးကြီးကျိုးပဲ့ ပျက်စီးပါသည်။ သို့ရာတွင် ထိုပြိုပျက်သွားသောမြို့ရိုးကို ပြန်လည်ပြင်ဆင်ဖို့အချိန် ရောက်ရှိလာပါပြီ။ HFB 488.1
ထိုဥပုသ်နေ့ကို အပြစ်ကင်းစင်သောအာဒံသည် ဧဒင်ဥယျာဉ်တွင် စောင့်ရှောက်ခဲ့သည်နည်းတူ အပြစ်ကြောင့် နှင်ထုတ်ခံရသော်လည်း နောင်တ ရသောအာဒံသည် ဧဒင်ဥယျာဉ်အပြင်သို့ ရောက်သွားသောအချိန်တွင်လည်း ဆက်လက်စောင့်ရှောက်ခဲ့သည်။ အာဗေလမှစ၍ နောဧ၊ အာဗြဟံ၊ ယာကုပ် အစရှိသည့် ရှေးဘိုးဘေးများလည်း ထိုသတ္တမနေ့ဥပုသ်ကိုပင် စောင့်ရှောက်ခဲ့ ကြသည်။ ဣသရေလများအား အီဂျစ်ပြည်မှထုတ်ဆောင်လာသော အချိန်တွင်လည်း ထိုလူထုကြီးအား ထိုပညတ်ကိုစောင့်ရန် နှုတ်ဖြင့် ကိုယ်တော်ရှင်မြွက်ဆိုတော်မူခဲ့သည်။ HFB 488.2