Go to full page →

ခရစ်တော်၏ကြားဖျန်ဖြေဆုတောင်းခြင်း HFB 528

ကောင်းကင်ဗိမာန်တော်၌ လူသာများကိုယ်စားဆောင်ရွက်နေသော ခရစ်တော်၏ ကြားဖျန်ဖြေရေးအမှုတော်သည် ကယ်တင်ခြင်းစီမံကိန်းတွင် ကပ်တိုင်ပေါ်တွင် အသေခံခြင်းကဲ့သို့ပင် အရေးပါလှပါသည်။ ကိုယ်တော်သည် ကောင်းကင်တွင်အဆုံးသတ်ရန် တက်ကြွ သွားသည့်ထိုအမှုတော်ကို သေခံခြင်းအားဖြင့် အစပျိုးတော်မူခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ‘‘ယေရှုရှေ့ဆောင်ဝင်သွား’’ သည့် ထိုကန့်လန့်ကာထဲသို့ဝင်ကြရပါမည်။ (ဟေဗြဲ ၆:၂၀)။ ထိုနေရာတွင် ကပ်တိုင်မှ အလင်းတော်သည် ရောင်ပြန်ဟပ်နေပါသည်။ ကယ်တင်ခြင်းနှင့် ပတ်သက်သော နက်နဲမှုများကို ထိုနေရာတွင် ရှင်းလင်းစွာကျွန်ုပ်တို့မြင်တွေ့ နိုင်ကြပါသည်။ HFB 528.2

‘‘မိမိ၏အပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖေါ်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကိုခံရလိမ့်မည်။’’ သု၊ ၂၈:၁၃။ အကယ်၍သာ မိမိ၏အမှားများအတွက် ဆင်ခြေပေးတတ်သော သူများသည် ၎င်းတို့လုပ်ဆောင်သည့်နည်းတူ ခရစ်တော်အား စာတန်ထိကပါး ရိကပါးပြောဆိုခဲ့သည်ကို တွေ့မြင်ကြမည်ဆိုလျှင် ၎င်းတို့သည် အပြစ်များကို ဝန်ချကာ စွန့်ပစ်ကြပေလိမ့်မည်။ စာတန်သည် စိတ်နှလုံးတစ်ခုလုံးကို စိုးမိုး ထိန်းချုပ်ရန် လုပ်ဆောင်တတ်ပါသည်။ အားနည်းချက်ကလေးများကို အပြစ်ဟူ၍ မမြင်လာကြလျှင် သူအောင်မြင်တော့မည်ဆိုသည်ကို စာတန်သိထားပါသည်။ ထိုကြောင့် ခရစ်တော်နောက်လိုက်များအနေဖြင့် ကျော်လွှားရန်မဖြစ်နိုင်လောက်အောင် ဆန်းသစ်ထိရောက်သော နည်းများကို အသုံးပြုကာ အမြဲတမ်းလှည့်ဖြားရန် သူကြိုးစားနေပါသည်။ သို့ရာတွင် ခရစ်တော်က မိမိ၏နောက်လိုက်များအား ‘‘ငါ့ကျေးဇူးသည် သင့်အဖိုလောက်ပေ၏။’’ ‘‘ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်သည်လည်း ပေါ့၏’’ ဟု မိန့်တော်မူခဲ့ပါသည်။ ၂ကော၊ ၁၂:၉။ မဿဲ ၁၁:၃၀။ မည်သူမျှ မိမိတို့၏အပြစ်အနာအဆာများကို ကုစားလို့မရနိုင်သည့်အရာများအဖြစ် မရှုမြင်ကြနှင့်။ ထာဝရဘုရားသခင်သည် အောင်မြင်ကျော်လွှားနိုင်ရန် ယုံကြည်ခြင်းနှင့် ကျေးဇူးတော်ကို ပေးတော်မူလိမ့်မည်။ HFB 529.1

ကျွန်ုပ်တို့သည် အပြစ်ဖြေရာကာလတွင် အသက်ရှင်နေထိုင်လျက် ရှိကြပါသည်။ ယဇ်ပုရောဟိတ်မင်းက ဣသရေလများအား အပြစ်ဖြေပေးနေစဉ် ထိုသူများသည် အပြစ်ကိုနောင်တရလျက် စိတ်နှလုံးကြေကွဲကြရမည်ဖြစ်သလို အသက်စာစောင်ထဲတွင် အမည်စာရင်းပါဝင်နေသည့် ကျွန်ုပ်တို့သည်လည်း နောင်တရသောစိတ်နှင့် ဘုရားသခင့်ရှေ့တော်မှောက်တွင် စိတ်နှလုံးကြေကွဲ ကြရပါမည်။ လူအများလိုက်စားနေသည့် စိတ်နေမြင့်မှုများကို ဖယ်ရှားကာ မိမိ၏စိတ်နှလုံးကို နက်နဲစွာဆန်းစစ်ကြရပါမည်။ အကြီးအကဲဖြစ်လိုသော စိတ်သဘောထားကို ချေမှုန်းမည့်လူအပေါင်းတို့သည် ခိုင်မာသော တိုက်လှန်ပွဲတစ်ခုနှင့် ရင်ဆိုင်ရစမြဲဖြစ်သည်။ လူတိုင်းလူတိုင်းသည် ‘‘အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်း’’ များနှင့် ကင်းလွတ်ကြရမည် ဖြစ်သည်။ ဧဖက် ၅:၂၇။ HFB 530.1

ထိုကြောင့် ‘‘ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့် ဆုတောင်းလျက်စောင့်နေကြလော့’’ ဟူသော ကယ်တင်ရှင်၏ဆုံးမစကားအတိုင်း နေထိုင်အသက်ရှင်ရမည့်အချိန်မှာ ယခုအချိန်ပင်ဖြစ်သည် HFB 530.2