စာတန်၏စာရိတ္တမှာ ပြောင်းလဲသွားခြင်းလုံးဝ မရှိပါ။ ပုန်ကန် ခြားနားမှုကြီးသည် ပြင်းထန်သောရေအဟုန်ပမာ တစ်ဖန်ပေါ်ပေါက်လာပြန် ပါသည်။ ဘုရင်တကာတို့၏ဘုရင်ရှေ့တွင် အညံ့မခံဖို့ သူစိတ်ဆုံးဖြတ်ထား သော်လည်း ကုဋေနှင့်ချီသော သူ၏နောက်လိုက်များထဲက တစ်ယောက်တလေ ကမျှ သူ၏အကြီးအကဲပြုခြင်းကို အသိအမှတ်မပြုကြတော့ချေ။ ထိုလူယုတ်မာ များသည် စာတန်ကဲ့သို့ပင် ဘုရားသခင်ကိုအမုန်းကြီးမုန်းကြသော်လည်း မိမိတို့၏အခြေအနေသည် မြော်လင့်ချက်မဲ့နေကြောင်း သူတို့သိပါသည်။ ‘‘သင်သည် ကိုယ်ကို ဘုရားသခင်ကဲ့သို့ထင်မှတ်သောကြောင့် ကြောက်မက်ဖွယ်သော တစ်ကျွန်းတစ်နိုင်ငံသားတို့ကို သင်ရှိရာသို့ ငါပို့ဆောင်သဖြင့် သူတို့သည် သင်၏ပညာဂုဏ်ကို ဓါးနှင့်ခုတ်၍ သင်၏ တင့်တယ်ခြင်းအသရေကို ရှုတ်ချကြလိမ့်မည်။ သင့်ကို မြေတွင်းထဲသို့ နှိမ့်ချ လိမ့်မည်။’’ ‘‘အိုလွှမ်းမိုးသောခေရုဗိမ်၊ မီးတောက်သောကျောက်တို့အထဲက သင့်ကိုငါပယ်ရှင်းမည်။--- ငါသည် သင့်ကိုမြေသို့တိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်ရှု၍ ဝမ်းမြောက်စေခြင်းငှာ သူတို့ရှေ့မှာ သင့်ကိုငါချထားမည်။---- သင့်ကိုမြင်သောသူအပေါင်းတို့ရှေ့မှာ သင်၏ပြာကို မြေပေါ်သို့ငါချထားမည်။--- သင်သည် ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ နောက်တစ်ဖန်မပေါ်လာရ။’’ ယေဇကျေလ ၂၈:၆-၈၊ ၁၆-၁၉။ HFB 735.1
‘‘ထာဝရဘုရား၏---ပြင်းစွာသောအမျက်တော်သည် သူတို့ အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။’’ ‘‘မတရားသောသူတို့အပေါ်မှာ တောက်သေမီးခဲ၊ ကန့်နှင့်ရောသောမီးခဲ။ ပူလောင်သောမုန်တိုင်းကို သက်ရောက်စေ၍ သူတို့သောက်စရာဖို့ စီရင်တော်မူမည်။’’ ဟေရှာ၊ ၃၄:၂။ ဆာလံ ၁၁:၆။ ကောင်းကင်ထက်ရှိ ဘုရားသခင်ထံမှ မီးကျလေ၏။ ချိုင့်ဝှန်းလျှိုမြောင်များထဲမှ မီးများထွက်လာကာ ကျောက်တောင်များပင် မီးလောင်ကုန်ကြ၏။ ဤကမ္ဘာကြီးသည် ပျက်သုဉ်းချေပြီတကား။ အရာဝတ္ထု များသည် မီးအပူရှိန်ကြောင့် အရည်ပျော်သွားကြကာ ကမ္ဘာကြီးသည် လောင်ကျွမ်းပျက်စီးသွားလေ၏။ (၂ပေ၊ ၃:၁၀)။ ကမ္ဘာကြီး၏မျက်နှာပြင်သည် ချော်ရည်ထုကြီးပမာဖြစ်နေပါသည်။ မီးရေကန်ကြီးပမာ အရာဝတ္ထုများသည် မီးအရှိန်ကြောင့် ပွက်ထနေပါသည်။ ‘‘ထာဝရဘုရားဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့၏အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာနှစ်ရောက်လာပြီ။’’ ဟေရှာ၊ ၃၄:၈။ HFB 736.1
ဆိုးယုတ်သောသူများသည် မိမိတို့၏အကျင့်အလျောက် ပြစ်ဒဏ် စီရင်ခြင်းခံကြရပါသည်။ စာတန်မှာမူ မိမိကိုယ်တိုင်ကျူးလွန်ခဲ့သော အပြစ်များအတွက်သာမက သူတစ်ပါးအား အပြစ်ကျူးလွန်အောင် လုပ်ခဲ့သည့် အပြစ်အားလုံးအတွက်လည်း ပြစ်ဒဏ်စီရင်ခြင်း ခံရပါသည်။ စာတန်တည်း ဟူသော အပြစ်နှင့်တကွ အကိုင်းအခက်များဖြစ်သော ၎င်း၏နောက်လိုက် နောက်ပါများသည် နောက်ဆုံးတွင် မီးအိုင်ထဲတွင် ရှင်းရှင်းဖျက်ဆီးခံကြရပါသည်။ ပညတ်တော်ဆိုင်ရာ အလုံးစုံသောအပြစ်များကို စီရင်ချက်ချပြီးတော်မူပြီ။ တရားမျှတမှု၏ တောင်းဆိုမှုကိုလည်း ဖြည့်ဆည်းပေးခဲ့ချေပြီ။ ယခုတွင်မူ ဘုရားသခင်၏ သားသမီးများသည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ထာဝစဉ်ကင်းဝေးသွားကြပါပြီ။ HFB 736.2
ကမ္ဘာကြီး၌ မီးဟုန်းဟုန်းတောက်လောင်နေစဉ်တွင် ဖြောင့်မတ်သူများ မှာမူ ရွှေမြို့တော်အတွင်း၌ ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိပါသည်။ ဘုရားသခင်သည် ဆိုးယုတ်သူများအတွက် လောင်ကျွမ်းတတ်သောမီး ဖြစ်နေသော်လည်း သားသမီးများအတွက်မှာမူ ဒိုင်းလွှားတစ်ခုဖြစ်နေပါသည်။ (ဗျာ၊ ၂၀:၆။ ဆာလံ ၈၄:၁၁)။ HFB 737.1
‘‘ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။’’ ဗျာ၊ ၂၁:၁။ ထိုလူယုတ်မာများကို လောင်ကျွမ်းခဲ့သောမီးကြောင့် ဤကမ္ဘာကြီးသည် သန့်စင်သွားပါသည်။ ကျိန်ခြင်းအမင်္ဂလာ၏အစအနကိုမျှ မတွေ့ရတော့ချေ။ မည်သည့်ထာဝရမီးအိုင်မျှလည်း အပြစ်၏ကြောက်စရာဆိုးကျိုးကို သတိရရန် ရွေးနုတ်ခြင်းခံရသူများရှေ့တွင်ရှိမနေရပါ။ HFB 737.2