ယခုတွင် သူ့အားမီးရှို့သတ်မည့်နေရာသို့ သယ်ဆောင်သွားကြရာ များပြားလှသောလူများသည် တန်းစီ၍လိုက်လာကြပါသည်။ မီးရှို့ရန်အဆင်သင့် ဖြစ်နေစဉ်မှာပင် သူ့အားမှားယွင်းသောလုပ်ရပ်များကို ပြန်လည်ရုပ်သိမ်းရန် တောင်းပန်ကြသောအခါ ‘‘ဘယ်အမှားကိုငါက တောင်းပန်ရမှာလဲ။ ဘယ်အမှားကိုမှ ငါမကျူးလွန်ခဲ့ဘူး။ ငါရေးခဲ့သမျှ၊ ဟောခဲ့သမျှတွေဟာ ဝိညာဉ်များကို အပြစ်နဲ့ငရဲမှ ကယ်ဖို့ဖြစ်တဲ့အကြောင်း ဘုရားသခင်ကို ငါသက်သေထားပြောချင် တယ်။ ဒါကြောင့် ငါရေးခဲ့တာတွေနဲ့ ဟောခဲ့တာတွေဟာ အမှန်တရားဖြစ်တယ် ဆိုတာကို ငါ့အသွေးနဲ့ငါ အတည်ပြုရတာကို ငါပျော်တယ်’’ ဟု သူတုံ့ပြန်ခဲ့သည်။ HFB 96.1
သူ့နံဘေးမှာရှိသည့် မီးတိုင်များကို ထွန်းညှိသောအချိန်တွင် ‘‘ဒါဝိဒ်၏သားယေရှုသခင် ကျွန်ုပ်အားသနားပါ’’ ဟု အသက်မရှူနိုင် တော့သည့် အချိန်အထိ သူကျူးအေးခဲ့လေသည်။ မာတုရသေခြင်းဖြင့် ရင်ဆိုင်ခဲ့ရသောဟပ်စ်နှင့် ဂျရုမ်းတို့အကြောင်းနှင့် ပတ်သက်၍ ရဟန်းမင်းအဖွဲ့မှ ဖွင့်ဆိုသည်မှာ ‘‘သူတို့ဟာ မီးအရှို့ခံဖို့လာတာကို မင်္ဂလာဆောင်ပွဲလာတာ ကျနေတာပဲ တစ်ချက်မှလည်း မညည်းကြဘူး။ မီးတောက်လာတာနဲ့ ဓမ္မသီချင်းကိုဆိုတော့တာပဲ။ သူတို့ရဲ့ သီချင်းသံကို တိတ်သွားစေတဲ့မီးအရှိန်ကတော့ အတော့ကိုပြင်းတယ်’’ ဟူ၍ဖြစ်၏။ HFB 97.1
ဟပ်စ်၏ခန္ဓာကိုယ်သည် မီးလောင်ကျွမ်းသွားသဖြင့် ရရှိသည့် ပြာများကိုစုသိမ်းကာ ရိုင်းမြစ်ထဲသို့ပစ်ချလိုက်ပါသည်။ ဤနည်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားသည့် မျိုးစေ့များသဖွယ် ပင်လယ်သမုဒ္ဒရာ ထဲသို့ ရောက်ရှိသွားခဲ့ပါသည်။ အမှန်တရားကိုမသိရှိသေးသည့် နိုင်ငံများတွင် ထိုပြာများသည် သမ္မာတရားသက်သေများ၌ များစွာသောအသီးကို သီးစေခဲ့ပါသည်။ ကွန်စတန်အစည်းအဝေး ခန်းမထဲမှ ထွက်ပေါ်လာသည့် အသံများသည် နောင်ခေတ်အဆက်ဆက် ကြားရမည့်ပဲ့တင်သံများကို နှိုးထစေပါသည်။ နှိပ်စက်ခြင်းနှင့်သေခြင်းတို့ကို ခိုင်မာစွာရင်ဆိုင်ရန် သူပြခဲ့သော နမူနာပုံသက်သေက လူအများအား အားရစေပါသည်။ သူ့အား အဆုံးစီရင်ခြင်းကြောင့် ရောမ၏ သစ္စာမဲ့သောရက်စက်မှုကို တစ်ကမ္ဘာလုံးက မြင်တွေ့ခဲ့ရပါသည်။ သမ္မာတရား၏ ထိုရန်သူများသည် ၎င်းတို့ဖျက်ဆီးပစ်လိုသော အမှုတော်ကို ပို၍ဖြစ်ထွန်းစေလျက်ရှိသည်။ HFB 97.2
အခြားသက်သေခ့တစ်ဦး၏သွေးသည်လည်း သမ္မာတရားအတွက် သက်သေခံခဲ့ပါသေးသည်။ ဒုက္ခရောက်လျှင် ကူညီမည်ဟု ဖွင့်ဆိုလျက် ဂျရုမ်းသည် ဟပ်စ်အား ရဲရင့်တည်ကြည်ဖို့ အားပေးခဲ့သည်။ ဟပ်စ်ထောင်ကျနေသည်ကို ကြားသောအခါ ဤသစ္စာရှိတပည့်တော်သည် မိမိပေးသောကတိအတိုင်း လုပ်ခဲ့ပါသည်။ အစောင့်အရှောက်မပါဘဲ ကွန်စတန်သို့ သူခရီးနှင်ခဲ့ပါသည်။ ဆိုက်ရောက်သွားသောအခါ အခြေအနေမှာ ဟပ်စ်ကိုမကူညီနိုင်မည့်အပြင် မိမိကိုယ်တိုင်ပင် ဒုက္ခရောက်တော့မည်ကို သိသဖြင့် ထွက်ပြေးခဲ့သော်လည်း အဖမ်းခံရကာ လက်ထိပ်နှင့်ခေါ်ဆောင် သွားခြင်းကို ခံခဲ့ရသည်။ ထိုကောင်စီရှေ့သို့ ပထမဦးဆုံးအကြိမ် ခေါ်ယူစစ်ဆေးခြင်းခံရသော အချိန်၌ ‘‘ဟပ်စ်နဲ့အတူ မီးသာရှို့လိုက်ပါ’’ ဟု အော်ဟစ်ကာ သူတုံ့ပြန်ခဲ့၏။ သူ့ကို ပေါင်မုန့်နှင့်ရေကိုသာကျွေးပြီး အချုပ်ခန်းထဲတွင် ချုပ်ထားရာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအထိ ဖျားနာလာပါသည်။ သူ့ရန်သူများက သူလွတ်သွားမည်ကို စိုးရိမ်သဖြင့် အချုပ်ထဲတွင် တစ်နှစ်ချုပ်ထားကာ ရက်စက်စွာပြုမူဆက်ဆံ ခဲ့ပါသည်။ HFB 98.1