ဂျာမနီတွင် အပြစ်ကင်းလွတ်ခွင့်လက်မှတ်ရောင်းချရေးကို နာမည်ပျက်ရှိသော တက်ဇယ်ကဦးဆောင်ခဲ့ပြီး ဆွစ်တွင်မူ အီတလီ ရဟန်းပျို ဆမ်းဆန်ကဦးဆောင်ပါသည်။ ဆမ်းဆန်သည် ရဟန်းမင်း၏ ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းရန် ဂျာမနီနှင့် ဆွစ်ဇာလန်တို့မှ ငွေအမြောက်အမြား ကောက်ခံစုသိမ်းခဲ့ပြီးဖြစ်သည်။ ယခုတွင် သူသည် ဆင်းရဲသားများ၏ မရှိမဲ့ရှိမဲ့ ငွေကြေးများနှင့် လူချမ်းသာများထံမှ အဖိုးတန်ပစ္စည်းများကို အနိုင်အထက် လုယူရန် ဆွစ်ဇာလန်သို့ ဦးလှည့်လာခဲ့ချေပြီ။ ဇွင်းကလိသည် ထိုသူနှင့် ချက်ချင်းရင်ဆိုင်လိုက်ပါသည်။ ဆမ်းဆန်က မိမိ၌ တာဝန်ရှိသေးသည်ဟု ဆိုကာ အခြားနေရာသို့ထွက်ခွာသွားခြင်းသည် ဟန်ဆောင်မှုတစ်ရပ် ဖြစ်ကြောင်း ထင်ရှားပေါ်လွင်ခဲ့သဖြင့် ဇွင်းကလိအတွက် အောင်ပွဲတစ်ရပ် ဖြစ်နေပါသည်။ ဇူးရစ်တွင် ဇွင်းကလိသည် အပြစ်လွတ်ခြင်းလက်မှတ် ရောင်းသူများနှင့်ဆန့်ကျင်သောတရားကို စိတ်အားထက်သန်စွာ ဟောကြားခဲ့ပါသည်။ ထိုနေရာသို့ ဆမ်းဆန်ချဉ်းကပ်လာသောအခါ ထိုနေရာမှ ထွက်ခွာသွားဖို့ ခြိမ်းခြောက်စကားများ ပြောသည့်ကောင်စီမှ လွှတ်လိုက်သော သတင်းပို့သူတစ်ဦးက သူ့ကိုလာတွေ့ခဲ့ပါသည်။ ပရိယာယ်သုံးကာ မြို့ထဲသို့ အရောက်လာနိုင်ခဲ့သော်လည်း လက်မှတ်တစ်စောင်မှမရောင်းရဘဲ၊ နှင်အထုတ် ခံရသဖြင့် မကြာမီမှာပင် ဆွစ်ဇာလန်မှ သူထွက်ခွာသွားခဲ့ပါသည်။ HFB 180.1
၁၅၁၉ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံအနှံ့၌ ပလိပ်ရောဂါဖြစ်ပွားခဲ့ရာ မိမိတို့ဝယ်ထားသည့် အပြစ်လွတ်ခြင်းလက်မှတ်များ သည် အရာမရောက်ကြောင်း လူများစွာတို့သိရှိလာခဲ့သည်။ ထိုကြောင့် ထိုသူများသည် မိမိတို့၏ ယုံကြည်ခြင်းအတွက် ခိုင်မာသောအခြေအမြစ် တစ်ခုကို တောင့်တခဲ့ကြသည်။ ဇူးရစ်မြို့ရှိ ဇွင်းကလိသည်လည်း ကပ်သင့်ခဲ့ရာ သေသွားပြီဟုပင် သတင်းထွက်နေပါသည်။ သူသည် ထိုဒုက္ခကာလအတွင်းတွင် အပြစ်အတွက် ကိုယ်စားအသေသတ်ခံခဲ့သော လုံလောက်ပြည်စုံသည့် အပြစ်ဖြေရာယေရှုခရစ်ကို ကိုးစားလျက် ကပ်တိုင်ကိုသာ ယုံကြည်ခြင်းအားဖြင့် ပြည့်စုံခဲ့ပါသည်။ ပြန်လည်ကျန်းမာလာသောအခါ နှုတ်ကပတ်တော်ကို ယခင်ကထက် ပို၍ခွန်အားပါပါ ဟောကြားခဲ့ပါသည်။ သေရွာပြန်လူထုကြီးသည်လည်း ယခင်က တစ်ခါမှမခံစားဖူးခဲ့သော ဧဝံဂေလိတရားတော်၏ အနှစ်သာရကို ယခုတွင်ခံစားခဲ့ကြရပါသည်။ HFB 180.2
ဇွင်းကလိသည် သမ္မာကျမ်းစာမှ အမှန်တရားများကို ရှင်းလင်းစွာ နားလည်သဘောပေါက်လာရုံသာမက ထိုတရားတော်၏ အသစ်ပြုပြင်သော တန်ခိုးတော်ကိုလည်း ပြည့်စုံစွာ ကိုယ်တွေ့ခံစားခဲ့ရပါသည်။ ‘‘ခရစ်တော်ဟာ တို့အတွက် ဘယ်တော့မှ အဆုံးမသတ်တော့မယ့် ကယ်တင်ခြင်းကို ဝယ်ပေးခဲ့ပြီ။ ခရစ်တော်ခံစားတော်မူခဲ့သည့် ဝေဒနာသည် ထာဝရကာလအတွက် ဆက်ကပ်ခြင်းတစ်ခုဖြစ်ပြီး အနာကင်းငြိမ်းမှုအတွက် ထာဝရကာလတိုင် အကျိုးသက်ရောက်မှုရှိတယ်။ ထိုအသေခံခြင်းသည် ဤအချက်ကိုခိုင်မြဲတည်ကြည်သော ယုံကြည်မှုဖြင့် မှီခိုသူအားလုံးကိုယ်စား ဘုရားသခင်၏ ဖြောင့်မှန်ခြင်းကို အထစ်အငေါ့ကင်းရှင်းစေခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်သောနေရာတိုင်း၌ ကောင်းသောအကျင့်ကိုကျင့်ဖို့ လူများကိုတိုက်တွန်းလှုံ့ဆော်နေသော စိတ်အားထက်သန်မှုတစ်ခုရှိတတ်တယ်’’ ဟု ဇွင်းကလိပြောပါသည်။ HFB 181.1
ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် ဇူးရစ်မြို့တွင် ဖြည်းဖြည်းချင်းတိုးတက်နေပါသည်။ ထိုလုပ်ငန်းကြီး၏ ရန်သူများသည် ထိတ်ထိတ်လန့်လန့်ဖြင့် တက်ကြွစွာလှုပ်ရှားလာကြပါသည်။ ဇွင်းကလိကို ထပ်ခါတလဲတိုက်ခိုက်ပြောဆိုခဲ့ကြသည်။ ထိုသူကို နှုတ်ပိတ်နိုင်ရန်အတွက် ကွန်စတန်မြို့မှ ဂိုဏ်းချုပ်ကြီးက လူ့အသိုက်အဝန်း၏ အေးချမ်းငြိမ်သက်မှုကို အန္တရာယ်ပြုနိုင်သူအဖြစ် ဇွင်းကလိအား စွဲချက်တင်လျက် ဇူးရစ်ကောင်စီသို့ ကိုယ်စားလှယ်သုံးဦးကို စေလွှတ်ကာ အသင်းတော်၏အာဏာတော်ကို အလေးမထားခြင်းအားဖြင့် နေရာအနှံ့၌ မင်းမဲ့စရိုက်ကိုထွန်းကားလာ နိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ သို့သော် ထိုကောင်စီက ဇွင်းကလိကို အရေးယူရန် ငြင်းဆန်ခဲ့သည်။ ထိုကြောင့် ရောမအသင်းတော်သည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် ပြင်ဆင်ခဲ့ပြန်သည်။ ဇွင်းကလိကမူ ‘‘သူတို့ကို ဆက်လုပ်ပါစေ။ ငေါထွက်နေတဲ့ကျောက်ဆောင်ကလေးက ခြိမ်းခြောက်သံ တွေနဲ့ ၎င်းကိုလာတိုက်ပြီး ၎င်းရဲ့ခြေရင်းမှာ ပျောက်ကွယ်သွားတဲ့လှိုင်းတွေကို ကြောက်သလို ကျွန်တော်လည်း သူတို့ကိုကြောက်ပါတယ်’’ ဟု အငေါ့အထေ့ ကလေးများနှင့် ဟစ်ကြွေးလိုက်ပါသည်။ အသင်းတော်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့ချေမှုန်းလိုသော ဇွင်းကလိ၏ အမှုတော် လုပ်ငန်းကို သာ၍တိုးတက်ကြီးပွားသွားစေပါသည်။ အမှန်တရားများကို နေရာအနှံ့၌ လက်ခံနေကြပေပြီ။ လူးသာပျောက်ကွယ်သွားသဖြင့် စိတ်ညှိုးနွမ်းနေသော ဂျာမန်ယုံကြည်သူများသည် ဆွစ်ဇာလန်၌ ဧဝံဂေလိတရားတော် တိုးတက်ကြီးပွားနေကြောင်း သတင်းကြောင့် တစ်ဖန်စိတ်အားထက်သန်လာကြပြန်ပါသည်။ ဇူးရစ်တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အခြေကျလာသည်နှင့်အမျှ ဆိုးညစ်သောအမူအကျင့်များ လျော့နည်းလာကာ တည်ငြိမ်အေးချမ်းမှုများ တိုးတက်လာခဲ့ပါသည်။ HFB 182.1