ယုံကြည်သူများအား သတ်မှတ်ထားသည့်လျှို့ဝှက်နေရာတွင်စုရုံးရန် ဆင့်ခေါ်ခြင်းတာဝန်ကိုထမ်းဆောင်နေကျ ပြုပြင်ပြောင်းလဲရေးသမား တစ်ဦးမှာ အဖမ်းခံခဲ့ရသည်။ မြို့ထဲရှိ ပရိုတက်စတင့်အိမ်များကို တစ်အိမ်ချင်း လိုက်မပြပေးလျှင် အခုချက်ချင်း မီးရှို့သတ်ပစ်မည်ဟု သူ့အားခြိမ်းခြောက်သော် မီးရှို့သတ်မှာကြောက်သဖြင့် မိမိညီအစ်ကိုတို့အပေါ် သူသစ္စာဖေါက်လိုက် တော့သည်။ မိုရင်းဆိုသူ ဘုရင့်စုံထောက်သည် ထိုသစ္စာဖေါက်နှင့်အတူ မြို့တော် လမ်းများကို ဖြည်းဖြည်းချင်း ငြိမ်သက်စွာ ဖြတ်သွားနေပါသည်။ လူးသာ၏ နောက်လိုက်များ၏အိမ်သို့ရောက်လျှင် စကားတစ်လုံးမျှမပြောဘဲ ထိုသစ္စာဖေါက်က အချက်ပြလိုက်သည်။ နောက်မှလိုက်လာ ကြသော ရောမဘက်တော်သားများက ရပ်တန့်ကာ ထိုအိမ်ထဲသို့ဝင်ပြီး မိသားစုကို ချည်နှောင်ဖမ်းဆီးခေါ်ဆောင်သွားကြပါသည်။ ‘‘မိုရင်းဟာ ဒီမြို့တော်ကို တုန်လှုပ်သွားစေခဲ့တယ်။ တကယ့်ကြောက်စရာကာလပါပဲ။’’ ဖမ်းဆီးရမိသူများကို ရက်စက်စွာညှဉ်းဆဲပြီးမှ ကွပ်မျက်ကြသည်။ ဝေဒနာကို ကြာရှည်စွာခံစားရစေရန် မီးအရှိန်ကိုလျှော့၍ မီးလောင်တိုက် သွင်းခဲ့ကြပါသည်။ သို့ရာတွင် ထိုယုံကြည်သူများသည် သစ္စာထားမှုကို မဖေါက်ဖျက်၊ ငြိမ်သက်မှုကိုမထိခိုက်ဘဲ အောင်နိုင်သူများအနေဖြင့် သေပွဲဝင်ခဲ့ ကြပါသည်။ ၎င်းတို့အား နှိပ်စက်ကလူပြုခဲ့သူများပင် မိမိတို့ရှုံးနိမ့်သည်ဟု ခံစားမိခဲ့ကြပါသည်။ ‘‘ပဲရစ်မြို့သားများသည် အသစ်သောအယူအဆ တစ်ခုမှ မွေးထုတ်လိုက်သူများ၏ အခြေအနေကို မြင်တွေ့ခွင့်ရကြချေပြီ။ ထိုအာဇာနည် များကို မီးရှို့ရန် ပြင်ဆင်ထားသောထင်းပုံနှင့်တူသော တရားပလ္လင်မရှိခဲ့ပါချေ။ ကွပ်မျက်မည့်နေရာသို့ သွားနေစဉ် ထိုသူများ၏ မျက်နှာပေါ်တွင် ထွန်းတောက်နေသော ငြိမ်းအေးသည့် ဝမ်းမြောက်မှုများသည် ဧဝံဂေလိတရား တော်ကိုယ်စား အခုအခံခမဲ့ဖွင့်ဟ အသနားခံခဲ့ပါသည်။ HFB 231.2
ပရိုတက်စတင့်များသည် ကာတိုလိတ်များအား အစုလိုက်အပြုံလိုက် သတ်ရန် ကြံစည်မှု၊ အစိုးရအားဖြုတ်ချရန် ကြံစည်မှု၊ ဘုရင်ဧကရာဇ်အား လုပ်ကြံဖို့ ကြံစည်မှုများဖြင့် အစွပ်စွဲခံကြရသည်။ သို့ရာတွင် စွပ်စွဲမှုများအတွက် သက်သောအထောက်အထား တစ်စုံတစ်ခုကိုမျှ မပြနိုင်ကြချေ။ အပြစ်မဲ့သော ပရိုတက်စတင့်များအပေါ် ပြုကျင့်ခဲ့သော ရက်စက်မှုများသည် လက်တုံ့ပြန်မှုကို ရောက်သည့် အဆင့်အထိ များပြားလှပါသည်။ နောက်ပိုင်းရာစုနှစ်များတွင် သူတို့နိမိတ် ဖတ်ထားသည့် ကြမ္မာဆိုးများအတိုင်း ဧကရာဇ်ဘုရင်၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူများခံစားခဲ့ကြရပါသည်။ သို့ရာတွင် ထိုကြမ္မာဆိုး၏လက်သည်များမှာ ဘုရားတရားမဲ့သူများနှင့် ရဟန်းမင်းအဖွဲ့ကိုယ်တိုင် ဖြစ်နေပါသည်။ ပရိုတက်စတင့် အယူဝါဒအပေါ် ဖိနှပ်ရက်စက်ခြင်းများကြောင့် ပြင်သစ်ပြည်သည် ကြောက်စရာဘေးဥပဒ်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။ HFB 232.1
မယုံသင်္ကာစိတ်၊ သံသယစိတ်နှင့် ကြောက်စိတ်များသည် ယခုတွင် လူတန်းစားအသီးသီးတို့၏ စိတ်နှလုံးတွင် ငြိတွယ်နေပေပြီ။ ရာပေါင်းများစွာ သောယုံကြည်သူများသည် ပြုပြင်ပြောင်းလဲရေး သမားများ၏ ယုံကြည်ချက် များအပေါ် ထောက်ခံကြောင်း ဖေါ်ပြသည့်အနေဖြင့် ဇာတိမြေပဲရစ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါသည်။ ဘာသာရေး ဖေါက်ပြန် သူများဟု မိမိတို့ထင်မထားသော ထိုသူများ ထွက်ခွာသွားခြင်းကြောင့် ရဟန်းမင်းအဖွဲ့သည် အံ့အားသင့်ခဲ့ကြရပါသည်။ HFB 233.1