Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ I

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပရောဖက်ထံသို့ မည်ကဲ့သို့ အလင်းတရား ရောက်ရှိလာကြောင်း။

    ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရပြီးသည်အတိုင်း၊ တစ်ကြိမ်တစ်ခါက ဣသရေလလူတို့၏ အဖြစ်အပျက်တွင်၊ ထာဝရဘုရားက သူတို့အား ပရောဖက်အားဖြင့် မည်ကဲ့သို့ အဆက်အသွယ်ပြုမည် အကြောင်း သူတို့အား မိန့်တော်မူ၏။CCB1 21.2

    “သင်တို့တွင် ပရောဖက် ရှိလျှင်၊ ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်” ဟု မိန့်တော်မူ၏။ တော၊ ၁၂: ၆။CCB1 21.3

    နောက်ဆုံးအခန်းတွင် ကြီးစွာသော တိုက်လှန်ပွဲကြီး အကြောင်းနှင့် ဆိုင်သော ရူပါရုံများ အကြောင်း သင်တို့ ဖတ်ကြည့်ကြပါ။ ထိုရူပါရုံများကို ရရှိနေစဉ် ကိုယ်ကာယနှင့် စပ်ဆိုင်၍ ထူးခြားသော အကြောင်းအရာများလည်း ဖြစ်ပွားခဲ့ပါသည်။ အဘယ်ကြောင့် ဤနည်းဖြင့် ရူပါရုံတို့ကို ပေးသနည်းဟု တစ်စုံတစ်ဦးက အလွန် ဆီလျော်စွာ မေးလိမ့်မည်။ အမှန်အားဖြင့် လူများတို့၌ ယုံကြည်အားထားမှု ရှိလျက် ထာဝရဘုရားသည် ဧကန်အမှန်ပင် ပရောဖက်အား မိန့်တော်မူကြောင်း အသေအချာ သိရှိစေရန် ဖြစ်ပေသည်။ မစ္စစ်ဝှိုက်သည် ရူပါရုံရရှိနေစဉ် မိမိ၏ အခြေအနေကို မကြာခဏ အသေအချာ ပြည့်စုံစွာ ဖော်မပြချေ။ သို့ရာတွင် တစ်ကြိမ်က၊ နောက်ဆုံးကာလ၌ ကျွန်ုပ်တို့သည် ပရောဖက် ဟောသော စကားချက် သဘောကို ယုံကြည်အားကိုးကြ မည် အကြောင်း၊ လူအပေါင်းတို့၏ ယုံကြည်ခြင်းကို တည်မြဲစေရန် ဤသတင်းစကားများကို ထိုသို့ ပေးတော်မူပြီဟု သူမက ဖော်ပြ၏။CCB1 21.4

    မစ္စစ်ဝှိုက်၏ လုပ်ငန်းများသည် တိုးတက်လာသောအခါ၊ ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်ဟူသော အချက်ကဲ့သို့ ၎င်းလုပ်ငန်းကို ကျမ်းစာ၏ နည်းများဖြင့် စစ်ဆေးကြည့်နိုင်သည်။ သို့ရာတွင် အကျင့်တည်းဟူသော အသီးကို တိုးပွားစေရန် အချိန်လို၏။ ၎င်းပြင် လူများသည် ယုံကြည်မည် အကြောင်း ရူပါရုံကို ပေးတော်မူကြောင်း ထင်ရှားသော သက်သေကို အစအဦးကပင် ထာဝရဘုရားသည် ဖော်ပြတော်မူ၏။CCB1 22.1

    သို့သော် ကိုယ်ကာယနှင့် စပ်ဆိုင်၍ ထူးခြားသော အကြောင်းအရာများ ပါရှိလျက်၊ ရူပါရုံ အားလုံးကို လူအများတို့ ရှေ့တွင် ဖော်ပြတော်မမူ။ ဤအခန်းကို အစပြုသော ကျမ်းချက်၌ ဘုရားသခင်သည် ပရောဖက်အား မိမိ ကိုယ်တော်တိုင်ကို “ရူပါရုံ၌” ပြတော်မူသည် သာမက “အိပ်မက်ထဲ၌လည်း သူ့ကို မိန့်တော်မူ” သေးကြောင်း ကျွန်ုပ်တို့အား ဖော်ပြထား၏။ ဤအရာသည် ဒံယေလ ဖော်ပြသည်အတိုင်း အနာဂတ်စကားနှင့် ဆိုင်သော အိပ်မက် ဖြစ်၏။CCB1 22.2

    ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာ နန်းစံ ပဋ္ဌမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကို မြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌ အာရုံပြုပြီးမှ မြင်မက်သော အရာတို့ကို ရေးထားသော အချက်ကား။” ဒံ၊ ၇: ၁။CCB1 22.3

    ဒံယေလသည် မိမိအား ဖော်ပြတော်မူသော အရာကို ပြောပြနေစဉ်၊ “ထိုညအခါ ငါသည် အာရုံပြု၍” ဟု မကြာခဏ ဖော်ပြ၏။ မကြာခဏ မစ္စစ်ဝှိုက်သည်လည်း အိပ်ပျော်နေစဉ်အခါ၊ ရူပါရုံများကို မြင်မက်ရလေ၏။ “ညအခါ ရူပါရုံများတွင် အချို့သော အကြောင်းအရာတို့ကို ကျွန်ုပ်အား ထင်ရှားစွာ ပြတော်မူ၏။” သို့မဟုတ် ပရောဖက်အား ဘုရားသခင်သည် မကြာခဏ အိပ်မက်ထဲတွင် မိန့်တော်မူ၏ ဟူသော ဤစကားများကို ကျွန်ုပ်တို့သည် ရှေးဦးစွာ ဖတ်ရကြသည်။ ပရောဖက်၏ အိပ်မက် သို့မဟုတ် ညအခါ၌ မြင်ရသော ရူပါရုံ နှင့် ရိုးရိုး အိပ်မက်တို့ အကြောင်းနှင့် ပတ်သက်၍ မေး စရာများ ရှိတတ်သည်။ ၁၈၆၈ ခုနှစ်က မစ္စစ်ဝှိုက်သည် ဤအကြောင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထား၏။CCB1 22.4

    “အသက်တာ၏ ရိုးရိုး အကြောင်းအရာတို့မှ ဖြစ်ပေါ်လာသော အိပ်မက်များစွာ ရှိ၍ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ဘာမျှ မသက်ဆိုင်ကြချေ။ စာတန်၏ ဝိညာဉ်အားဖြင့် ဖြစ်ပေါ်လာသော မှားသော အိပ်မက်နှင့်တကွ မှားသော ရူပါရုံများလည်း ရှိကြသည်။ သို့သော် ထာဝရဘုရားထံတော်မှ လာသော အိပ်မက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရှိ ရူပါရုံများနှင့် အတူတူ ဖြစ်သည်။ ထိုသို့သော အိပ်မက်တို့ကို ရရှိသော သူများ အကြောင်း နှင့် မည်ကဲ့သို့သော အခြေအနေ၌ ထိုအိပ်မက်တို့ကို ပေးတော်မူသည်တို့ကို စစ်ဆေးကြည့်လျှင်၊ ထိုအိပ်မက်တို့သည် မှန်ကန်ကြောင်း သက်သေခိုင်လုံစွာ ရှိကြသည်။”CCB1 23.1

    မစ္စစ်ဝှိုက်သည် အသက်အရွယ် အတော် အိုသောအခါ၊ တစ်ကြိမ်က၊ သူမ၏ သား ဖြစ်သူ၊ ဆရာကြီး ဒဗလျူ၊ စီ၊ ဝှိုက် သည် ဗဟုသုတများစွာ မရှိသော သူတို့အား ပြောပြလိုသဖြင့် သူမအား ဤကဲ့သို့ မေးမြန်း၏။ “အမေ၊ ညအခါ အမေ့အား ဖော်ပြသော အကြောင်းအရာများ အကြောင်းကို အမေ မကြာခဏ ပြောပြပါသည်။ အလင်းတရားကို ရရှိသော အိပ်မက်များ အကြောင်းကို အမေ ပြောပြပါသည်။ ကျွန်တော်တို့ အားလုံး အိပ်မက်မြင်ကြပါသည်။ အမေ ခဏခဏ ပြောသည်အတိုင်း အိပ်မက်ထဲတွင် ဘုရားသခင်သည် အမေ့အား မိန့်တော်မူသည်ကို အမေ မည်ကဲ့သို့ သိပါသနည်း။”CCB1 23.2

    “အဘယ်ကြောင့်ဆိုသော်၊ နေ့အခါ ရူပါရုံ၌ အမေ့အား သွန်သင်ရန် အနားတွင် ရပ်နေသော ကောင်းကင်တမန်ပင် ညအခါ ရူပါရုံ၌ အမေ၏ အနားတွင် ရပ်လျက် သွန်သင်ပေးနေသောကြောင့် ဖြစ်ပါသည်” ဟု သူမက ပြန်ဖြေ၏။ အခြားသော အချိန်အခါတွင် ကောင်းကင်မှ စေတမန်ကို ကောင်းကင်တမန်၊ ကျွန်ုပ်၏ လမ်းပြ၊ ကျွန်ုပ်ကို သွန်သင်သူမှ စ၍ ဖော်ပြထား၏။CCB1 23.3

    ညအခါ၌ ရရှိသော ဗျာဒိတ်နှင့် သက်ဆိုင်၍ ပရောဖက်သည် စိတ်ရှုပ်ထွေးခြင်း မရှိ၊ မေးမြန်းခြင်းလည်း မရှိချေ။ ၎င်းနှင့် သက်ဆိုင်သော အ ကြောင်းအရာတို့ကို ထောက်ရှုခြင်းဖြင့်၊ ၎င်းသည် ဘုရားသခင်ထံတော်မှ သက်ရောက်သော သွန်သင်ချက် ဖြစ်ကြောင်း ထင်ရှား၏။CCB1 23.4

    အခြား အချိန်အခါများတွင် မစ္စစ်ဝှိုက်သည် ဆုတောင်းနေစဉ်၊ စကားပြောနေစဉ် သို့မဟုတ် စာရေးနေစဉ်တွင် ရူပါရုံများကို မြင်ရ၏။ သူမသည် လူအများ ရှေ့တွင် စကားပြောစဉ်၊ သို့မဟုတ် ဆုတောင်းနေစဉ်၊ အနည်းငယ်ကြာ ရပ်နားနေခြင်း မရှိလျှင်၊ သူမ၏ ပတ်လည်ရှိ လူများတို့သည် ရူပါရုံ အကြောင်းကို မသိရှိကြချေ။ တစ်ကြိမ်က သူမသည် ဤကဲ့သို့ ရေးသားခဲ့၏။CCB1 24.1

    “ကျွန်ုပ်သည် ဆုတောင်းနေစဉ်၊ ကျွန်ုပ်၏ ပတ်လည်ရှိ အရာများကို ဘာမျှ မသိပါ။ အခန်းသည် အလင်းနှင့် ပြည့်သွား၍ အစည်းအဝေးကြီးကဲ့သို့ ထင်မြင်ရသော အစည်းအဝေး တစ်ခုသို့ ကြားပြောနေသော သတင်းစကား တစ်ခုကို ကျွန်ုပ်သည် ကြားနေရ၏။”CCB1 24.2

    နှစ်ပေါင်း ၇၀ အတွင်း ကြာမြင့်စွာ အမှုတော် ဆောင်ရွက်နေရသမျှ ကာလပတ်လုံး၊ မစ္စစ်ဝှိုက် ရရှိသော ရူပါရုံ အများတွင်၊ အကြာဆုံး ရူပါရုံသည် လေးနာရီ ကြာ၍ အတိုဆုံးမှာ အချိန် အနည်းငယ်လောက်မျှသာ ဖြစ်၏။ တစ်ခါတစ်ရံ ၎င်းတို့သည် နာရီဝက် ကြာ၏၊ သို့မဟုတ် ထိုမျှထက် အနည်းငယ် ပိုကြာ၏။ သို့ရာတွင် ရူပါရုံ အားလုံးအတွက် စည်းကမ်း တစ်ခုတည်း မထားနိုင်။ အကြောင်းကား၊ ပေါလုက ဤကဲ့သို့ ရေးသားထားသည် အတိုင်း ဖြစ်၏။CCB1 24.3

    “ရှေးလွန်လေပြီးသောအခါ၊ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ် အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်။” ဟေ၊ ၁: ၁။CCB1 24.4

    ရူပါရုံအားဖြင့် ပရောဖက်အား အလင်းကို ချပေးတော်မူ၏။ သို့ရာတွင် ပရောဖက်သည် ရူပါရုံ ရရှိနေစဉ် စာရေးသားခြင်း မပြုပေ။ သူ၏ အလုပ်သည် စက်ကိရိယာကဲ့သို့ မဟုတ်ပေ။ ထူးခြားသော အချိန်အခါမှ လွဲ၍ ထာဝရဘုရားသည် ပရောဖက်အား မိန့်တော်မူသမျှ စကားတော်များကို တိကျသေချာစွာ ပြန်ပြောစေဖို့ အလိုရှိတော်မမူ။ သေချာတိကျသော စကားများကို ရေးသားစေဖို့ရန် ကောင်းကင်တမန်ကလည်း ပရောဖက်၏ လက်ကို ပြုပြင်မပေးချေ။ ပရိသတ်သည် သတင်းစကားကို ဖတ်ရသည်အခါ ဖြစ်စေ၊ နားဖြင့် ကြားရသည်အခါ ဖြစ်စေ၊ ပရောဖက်သည် မိမိ၏ စိတ်ထဲမှ၊ ရူပါရုံအားဖြင့် အလင်းကို ရရှိသည်အတိုင်း၊ အလင်းတရား နှင့် သွန်သင်ချက်တို့ကို သဘောပေါက်စေသော စကားများကိုသာ ပြောဆိုရေးသားထားလေ၏။CCB1 24.5

    ပရောဖက်၏ စိတ်သည် မည်ကဲ့သို့ အလင်းကို ရရှိသနည်း။ လူများတို့အား ပြောဆိုရန် သတင်းစကား နှင့် သွန်သင်ချက်တို့ကို သူသည် မည်ကဲ့သို့ ရရှိသနည်းဟု ကျွန်ုပ်တို့က မေးလိမ့်မည်။ ရူပါရုံကို ပေးရာ၌ စည်းကမ်းချက် တစ်ခုတည်း မထားနိုင်သကဲ့သို့ ဘုရားသခင်ထံမှ သတင်းစကားကို ပရောဖက်က ရရှိသော နည်းလမ်းတွင်လည်း စည်းကမ်းချက် တစ်ခုတည်း မထားနိုင်။ သို့ရာတွင် အမှုကိစ္စ အသီးအသီးတွင် အလွန် သေချာသော အဖြစ်အပျက်ကို ရရှိသဖြင့်၊ ပရောဖက်၏ စိတ်ထဲ၌ ၎င်းသည် မပျက်နိုင်အောင် စွဲမြဲနေလေ၏။ ၎င်းပြင် ကျွန်ုပ်တို့ ကြားရသော အရာထက် ကျွန်ုပ်တို့ တွေ့မြင်၍ ကိုယ်တိုင် ခံစားရသော အဖြစ်အပျက်တို့သည် ကျွန်ုပ်တို့၏ စိတ်ထဲ၌ သာ၍ စွဲမြဲ တည်ရှိနေတတ်ကြသည် နည်းတူ၊ ပရောဖက်သည် ဖြစ်ပေါ်လာသော အဖြစ်အပျက်တို့ကို ကိုယ်တိုင် တွေ့ကြုံရသောအခါ၌ ပရောဖက်တို့အား ဖော်ပြတော်မူသော အရာတို့သည် သူတို့၏ စိတ်ထဲ၌ စွဲမြဲစွာ တည်ရှိနေတတ်ကြသည်။CCB1 25.1

    ရှေ့လာမည့် အခန်းတွင် ကြီးစွာသော တိုက်လှန်ပွဲကြီးနှင့် ဆိုင်သော ရူပါရုံကို ဖော်ပြထားရာ၌၊ ရာဇဝင်နှင့် ဆိုင်ရာ အဖြစ်အပျက်တို့ အကြောင်းကို သူမသည် မည်ကဲ့သို့ သတင်းရရှိကြောင်း သူမ၏ စကားများကိုပင် ကျွန်ုပ်တို့က အသုံးပြုထားကြပါသည်။ အခြားအချိန်တွင် သူမထံ မည်ကဲ့သို့ အလင်းတရား ရောက်ရှိလာကြောင်း ဖော်ပြရာ၌၊ “သူမ၏ ရူပါရုံတွင်၊ မြေကြီးပေါ်၌ ဖြစ်ပျက်နေသော ရှုခင်းများကို မကြာခဏ သူမအား မည်ကဲ့သို့ ညွှန်ပြကြောင်း သူမက ဖော်ပြထားပါသည်။ မကြာခဏ သူမအား အလွန် ဝေးသော နောင်ကာလအချိန်တိုင်အောင် ခေါ်ဆောင်သွား၍ မည်ကဲ့သို့ ဖြစ်ပျက်သည် အကြောင်းအရာတို့ကို ပြသတော်မူပါသည်။ ထိုနောက် လွန်ခဲ့သော ခေတ်များက ဖြစ်ပျက်ခဲ့ပြီးသော အရာများကဲ့သို့သော အကြောင်းအရာတို့ကို သူမအား ပြတော်မူပြန်၏။”CCB1 25.2

    ဤအချက်ကို ထောက်ခြင်းဖြင့် အယ်လင်ဝှိုက်သည် ဤအကြောင်းအရာ အဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့ သက်သေကဲ့သို့ မြင်ခဲ့ရပါသည်။ ၎င်းအဖြစ်အပျက်တို့ကို သူမ၏ ရူပါရုံတွင် တစ်ဖန်ပြန်၍ ခင်းကျင်းပြတော်မူသဖြင့်၊ ၎င်းတို့သည် သူမ၏ စိတ်ထဲ၌ စွဲမြဲစွာ မှတ်မိနေ၏။CCB1 26.1

    အခြားသော အချိန်အခါများတွင် သူမအား ဖော်ပြသော ရှုခင်းများတွင် သူမကိုယ်တိုင် အကယ်ပင် ပါဝင်ဆင်နွဲနေရသဖြင့်၊ သူမကိုယ်တိုင် တွေ့ထိ၊ သိမြင်၊ ကြားနာ၊ လိုက်နာရသည်ဟု ထင်မြင်နေရ၏။ သို့သော် အမှန်အားဖြင့် အကယ်ပင် ထိုသို့ ဖြစ်သည် မဟုတ်ပါ၊ သို့ရာတွင် မမေ့နိုင်လောက်အောင် သူမ မြင်ရသော ရှုခင်းသည် သူမ၏ စိတ်ထဲ၌ စွဲလမ်းလျက် ရှိပေသည်၊ အခန်း ၁ တွင် ဖော်ပြထားသော သူမ၏ ပဋ္ဌမဦးဆုံး ရူပါရုံများသည် ဤကဲ့သို့သော အရာမျိုး ဖြစ်ပေသည်။CCB1 26.2

    အခြားသော အချိန်အခါများ၌ မစ္စစ် အီ၊ ဂျီ၊ ဝှိုက်သည် ရူပါရုံထဲ၌ လူအစုအဝေးများ၊ အိမ်များ၊ သို့မဟုတ် ရပ်ဝေးရှိ ကျောင်း၊ ဆေးရုံမှ စသော အဖွဲ့အစည်းများတွင် ရောက်ရှိနေသည်ဟု ထင်ရ၏။ ထိုသို့သော အစုအဝေးသို့ ရောက်ရှိနေသည်ဟု ဤသို့ ထင်မြင်နေရသည် အမှုမှာ အလွန် သေချာ ထင်ရှားသဖြင့်၊ မစ္စစ်ဝှိုက်သည် ထိုအစုအဝေးတွင်ရှိ လူ အသီးသီးတို့က ပြောဆိုသော စကားများ၊ ပြုမူသော အမှုများကိုပင် အသေးစိတ် သေချာ တိကျစွာ ဖော်ပြနိုင်၏။ တစ်ကြိမ်က ရူပါရုံရရှိနေစဉ်၊ မစ္စစ်ဝှိုက်သည် ကျွန်ုပ်တို့၏ ဆေးရုံ တစ်ရုံသို့ အကြည့်အရှု ရောက်သွား၍ အခန်းတိုင်းကို လှည့်လည်ကြည့်လျက် ထိုနေရာ၌ ဖြစ်ပျက်နေသော အရာတို့ကို မှန်ကန်သေချာစွာ မြင်နေရသည်ဟု ထင်မြင်ရ၏။ ဤတွေ့ကြုံမှု အကြောင်း သူမက ဤကဲ့သို့ ရေးထား၏။CCB1 26.3

    “မရေရာသော စကားများ၊ မိုက်မဲစွာ ပြောင်လှောင် ကဲ့ရဲခြင်းများ၊ အဓိပ္ပါယ် မရှိဘဲ ရယ်မောခြင်းများကို နာကြည်းဖွယ် ကြားရပြီ …. မနာလို ငြူစူသော သဘောများ ရှိကြသည်ကို မြင်ရ၍ ဘုရားသခင်၏ ကောင်းကင်တမန်တို့အား ရှက်ဖွယ် ဖြစ်စေမည့် မနာလိုသော စကားများကို ကြားရသောအခါ၊ ကျွန်ုပ်သည် အံ့သြလျက်ရှိပါသည်”CCB1 26.4

    ထိုနောက် ထိုဆေးရုံတွင် နှစ်သက်ဖွယ် အခြေအနေကို ဖော်ပြထား၏။ သူမအား “ဆုတောင်းနေသော အသံများ ကြားရသော အခန်းCCB1 26.5

    များ” သို့ ခေါ်ဆောင်သွား၏။ “ထိုအသံကို ကြားရသည်မှာ မည်မျှ ဝမ်းသာရွှင်မြူးဖွယ် ဖြစ်သနည်း” ဤဆေးရုံသို့ ရောက်ရှိသွားခြင်း အကြောင်းကို လည်းကောင်း၊ အမျိုးမျိုးသော ဋ္ဌာန နှင့် အခန်းများသို့ သူမအား လမ်းပြခေါ်ဆောင်သွားသည်ဟု ထင်ရသော ကောင်းကင်တမန်၏ စကားများတို့ကို လည်းကောင်း၊ အမှီပြု၍ သွန်သင် သြဝါဒ ပေးထားသော သတင်းစကားများကို သူမသည် ရေးထားခဲ့၏။CCB1 27.1

    ကြာခဏ မစ္စစ်ဝှိုက်အား အလွန် ထင်ရှားသေချာသော ပုံပမာများကို ဖော်ပြခြင်းဖြင့် အလင်းတရားကို ပေးတော်မူ၏။ ဒုက္ခရောက်နေသည်ဟု ထင်ရသော ခေါင်းဆောင် အမှုတော်ဆောင် တစ်ဦးထံသို့ ပေးပို့လိုက်သော ကိုယ်တိုင်နှင့် ဆိုင်သည့် သတင်းစကားမှ ဖော်ပြထားသော အောက်ပါ စကားများတွင် ထိုသို့သော ပုံပမာကို ထင်ရှားသေချာစွာ ဖော်ပြထား၏။CCB1 27.2

    “အခြားအချိန်တွင် သင့်အား မြင်းစီး၍ အလံ တစ်ခုကို ကိုင်ထားသော စစ်ဗိုလ်ချုပ်ကြီး တစ်ဦးအဖြစ်နှင့် ပုံဆောင်လျက် ကျွန်ုပ်အား ဖော်ပြထား၏။ လူတစ်စုံတစ်ယောက်သည် ရောက်လာပြီးလျှင်၊ ‘ဘုရားသခင်၏ ပညတ်တော် နှင့် သခင်ယေရှု၏ ယုံကြည်ခြင်း’ ဟူသော စသားများ ပါရှိသော အလံကို သင်၏ လက်ထဲမှ ယူ၍ မြေကြီးပေါ်သို့ ပစ်ချလျက် ခြေဖြင့် နင်းလေ၏။ သင့်အား လောကနှင့် ဆက်သွယ်ပေးသော လူများသည် သင့် ပတ်လည်၌ ဝိုင်းရံနေကြသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရ၏။”CCB1 27.3

    တစ်ခါတစ်ရံ မစ္စစ်ဝှိုက်အား သဘောကွဲလွဲသော ထင်မြင်ချက် နှစ်မျိုးကို ဖော်ပြတတ်သည်။ တစ်ခုမှာ အချို့သော စီမံကိန်း သို့မဟုတ် စည်းကမ်းချက်တို့ကို လိုက်နာလျှင် မည်ကဲ့သို့ ဖြစ်ပျက်မည်ကို ဖော်ပြ၏။ အခြား ထင်မြင်ချက်ကား အခြားသော စီမံကိန်း သို့မဟုတ် စည်းကမ်းချက်တို့ကို လိုက်နာခြင်းဖြင့် ဖြစ်ပေါ်လာမည့် အရာတို့ကို ဖော်ပြ၏။ အကောင်းဆုံး ပုံသက်သေ တစ်ခုမှာ၊ အမေရိကန်ပြည် အနောက်ပိုင်းရှိ လိုမာလင်းဒါးမြို့တွင် ကျန်းမာသော အစားအသောက်များကို ထုတ်လုပ်သော စက်ရုံ တစ်ခုအတွက် နေရာ ရွေးချယ်ခြင်းမှုနှင့် ပတ်သက်၍ ဖော်ပြသော အချက် ဖြစ်သည်။ မန်နေဂျာ နှင့် သူ၏ အဖွဲ့ဝင်လူကြီးတို့သည် ဆေးရုံ အဆောက်အဦးနားတွင် ကြီးသော အဆောက် အဦးတစ်ခုကို ဆောက်လုပ်ရန် စီမံနေကြ၏။ စီမံကိန်းများကို ရေးဆွဲနေကြစဉ်၊ မိုင်ပေါင်းများစွာ ဝေးသော မိမိအိမ်၌ မစ္စစ်ဝှိုက်သည် ရူပါရုံ နှစ်ခုကို မြင်မက်လေ၏။ ပဋ္ဌမ ရူပါရုံအကြောင်း သူမက ဤကဲ့သို့ ပြောပြ၏။CCB1 27.4

    “အစားအသောက်များ ပြုပြင်ထုတ်လုပ်သော အဆောင်အဦးကြီး တစ်ခုကို ကျွန်ုပ်သည် တွေ့မြင်ရ၏။ မုန့်ဖုတ်သော စက်ရုံ အနီးတွင် အဆောက်အဦးငယ် အချို့လည်း ရှိ၏။ ကျွန်ုပ်သည် အနီး၌ ရပ်ကြည့်နေစဉ် ပြီးစီးခဲ့သော အလုပ်နှင့် ဆိုင်၍ ကျယ်စွာ အငြင်းအခုံ ဖြစ်နေသော စကားသံများကို ကျွန်ုပ် ကြားရ၏။ အလုပ်လုပ်သော သူတို့အထဲတွင် စိတ်သဘော ညီညွတ်ခြင်း မရှိဘဲ ရှုပ်ထွေးခြင်း အမှုများ ဖြစ်ပေါ်လာ၏။”CCB1 28.1

    ထိုနောက် စိတ်ဒုက္ခရောက်နေသော မန်နေဂျာသည် အလုပ်လုပ်သော သူတို့အထဲတွင် စိတ်သဘော ညီညွတ်ခြင်း ရှိရန် ဆွေးနွေးဖို့ ကြံစည်နေသည်ကို ကျွန်ုပ် တွေ့မြင်ရ၏။ ဤ ငြင်းခုံနေသော စကားများကို ကြားရကြသဖြင့်၊ ဆေးရုံနှင့် အလွန် နီး၍ လှပသာယာသော မြေကွက်ပေါ်တွင် အစားအသောက် ထုတ်လုပ်သော စက်ရုံကို တည်ဆောက်ထားရသည်ကို စိတ်ပျက်ဝမ်းနည်းဖွယ် ပြောဆိုနေသော လူနာများကို ကျွန်ုပ် မြင်ရ၏။ ထိုနောက် လူတစ်ဦးသည် ရူပါရုံ ရှုခင်းတွင် ပေါ်လာ၍၊ အချို့သော စီမံကိန်းတို့ကို လိုက်နာခြင်းကြောင့် ဖြစ်ပျက်ရသော အကြောင်းအရာကို သင် သိမြင်နိုင်မည် အကြောင်း၊ ဤအမှုကိစ္စ အပေါင်းသည် သင်၏ ရှေ့၌ သင်ရန် စာ တစ်ခုအဖြစ် ပေါ်လာပြီဟု ပြောဆို၏။CCB1 28.2

    “ထိုနောက် ရှုခင်းသည် ပြောင်းလဲသွား၍ အစားအသောက် စက်ရုံကို မီးရထားလမ်းဘက်သို့ သွားသော လမ်းပေါ်တွင် ဆေးရုံနှင့် အတော်ဝေးသော နေရာ၌ တွေ့မြင်ရ၏။” ဤနေရာ၌ အလုပ်အကိုင်များကို ဘုရားသခင်၏ စီမံကိန်းအတိုင်း နှိမ့်ချသော သဘောနှင့် ဆောင်ရွက်နေကြ၏။ ရူပါရုံကို မြင်ပြီးနောက် နာရီ အနည်းငယ် ကြာသောအခါ၊ မစ္စစ်ဝှိုက်က လိုမာလင်းဒါး ဆေးရုံရှိ အမှုဆောင်တို့အား စာရေးလိုက်ရာ၊ ဤစာအားဖြင့် ဘယ်နေရာ၌ အစားအသောက် စက်ရုံကို တည်ဆောက်ရမည် အကြောင်းနှင့် သက်ဆိုင်သော ပြဿနာသည် ပြေရှင်းသွားလေ၏။ သူတို့၏ မူလ စီမံကိန်းကို လိုက်နာ ပြုလုပ်ခဲ့ကြလျှင်၊ ဆ-ေးရုံ အနီး၌ ရောင်းဝယ်ဖေါက်ကားမှုအတွက် အဆောက်အဦးကြီး တစ်ခု တည်ရှိနေသည့်အတွက် နောက်လာမည့် နှစ်များတွင် ကျွန်ုပ်တို့သည် များစွာ စိတ်ဒုက္ခ ရောက်ရကြလိမ့်မည်။CCB1 28.3

    ထိုသို့အားဖြင့်၊ ထာဝရဘုရား၏ စေတမန်သည် နေ့ သို့မဟုတ် ညတွင် ရူပါရုံ၌ အမျိုးမျိုးသော နည်းတို့ဖြင့် သတင်းစကား နှင့် သွန်သင်ချက်တို့ကို ခံယူရရှိလေသည်။ ပရောဖက်သည် အလင်းကို ရရှိသော စိတ်ထဲမှ လူများတို့အဖို့ သွန်သင်ချက် နှင့် သတင်းစကားများကို ပြောဆိုရေးသားလေ၏။ ဤသို့ ပြုမူရာ၌ မစ္စစ်ဝှိုက်သည် ထာဝရဘုရား၏ သန့်ရှင်းသော ဝိညာဉ်ထံမှ အကူအညီ ရရှိလေ၏။ သို့ရာတွင် စက်ကဲ့သို့ စိုးမိုးချုပ်ချယ်ထားသည် မဟုတ်။ သတင်းစကားကို ဖော်ပြရန် သူမသည် မိမိ သဘောအတိုင်း ပြောဆိုရေးသားခွင့် ရှိ၏။ သူမသည် အသင်းတော်နှင့် ရှေးဦးစွာ အမှုဆောင်ရွက်စဉ်အခါက အသင်းတော်၏ စာစောင် တစ်ခုတွင် ဤကဲ့သို့ ရေးသား ဖော်ပြထားပါသည်။CCB1 29.1

    “ကျွန်ုပ်သည် ရူပါရုံများကို ရရှိစဉ်အခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်ထံမှ အကူအညီဖြင့် ကျွန်ုပ် မြင်ရသော အရာတို့ကို ရေးသားရသော်လည်း၊ ရေးသားသော စကားများမှာ ကျွန်ုပ်ကိုယ်တိုင်၏ စကားများ ဖြစ်ပါသည်။ ကောင်းကင်တမန်က ကျွန်ုပ်အား ဖော်ပြသော စကားများကိုသာ တိုက်ရိုက် ဖော်ပြထားပါသည်။”CCB1 29.2