Go to full page →

ဘုရားသခင်၏ အိမ်တော်၌ ဆုတောင်းရာတွင် ကိုယ်အနေအထား။ CCB1 229

ဝတ်ပြုကိုးကွယ်သူတို့သည် စည်းဝေးသော နေရာသို့ သွားသောအခါ၊ မိမိတို့ ထိုင်မည့် နေရာသို့ တင့်တယ်သော အမူအရာဖြင့် ဆိတ်ငြိမ်စွာ သွားရမည်။ အခန်းတွင်း၌ မီးဖို ရှိလျှင် ၎င်းပတ်လည်တွင် အမှုမဲ့ အမှတ်မဲ့ ပျင်းရိစွာ စုရုံးနေဖို့ မသင့်။ စည်းဝေး မစမီ သို့မဟုတ် ပြီးသောအခါ ဘုရားသခင်၏ အိမ်တော်တွင် ရိုးရိုး စကားပြောခြင်း၊ တိုးတိုး ပြောခြင်း၊ ရယ်မောခြင်းတို့ကို ပြုခွင့် မပေးရ။ ဝတ်ပြုကိုးကွယ် သူတို့သည် ဘုရားတရားရေး၌ စိတ်အားထက်သန်မှု ရှိရမည်။ CCB1 229.1

စည်းဝေးမစမီ အချို့တို့သည် မိနစ် အနည်းငယ် စောင့်ဆိုင်းနေရကြလျှင်၊ စည်းဝေးသည် မိမိတို့ စိတ်နှလုံးထဲ၌ အထူး အကျိုး ဖြစ်စေ၍ အခြားသော ဝိညာဉ်တို့အား မိမိတို့၏ အပြစ်ကို မြင်လျက် စိတ်နှလုံး ပြောင်းလဲကြမည် အကြောင်း၊ စိတ်ထဲမှ ဘုရားသခင်ကို ဆုတောင်းနေလျက် တိတ်ဆိတ်စွာ ဆင်ခြင် အောက်မေ့ခြင်းဖြင့် မှန်ကန်စွာ ဝတ်ပြုကိုးကွယ်ခြင်း သဘော ရှိကြပါစေ။ အိမ်တော်၌ ကောင်းကင်စေတမန်များ ရှိနေကြသည်ကို သူတို့သည် သတိရသင့်ကြသည်။ ကျွန်ုပ်တို့သည် ပြန်၍ ဆင်ခြင်စဉ်းစားခြင်း၊ ဆုတောင်းခြင်း အမှုကို အားမပေးဘဲ နေခြင်း၊ ငြိမ်သက်စွာ မနေခြင်းအားဖြင့် ဘုရားသခင်နှင့် ချိုသာစွာ မိဿဟာယ ဖွဲ့ခြင်း အခွင့်ကို ကျွန်ုပ်တို့ အားလုံးသည် လက်လွတ် ဆုံးရှုံးကြလိမ့်မည်။ မကြာခဏ ဝိညာဉ်ရေး အခြေအနေကို ပြန်၍ စစ်ဆေးကြည့်ရှုလျက် စိတ်နှလုံးကို ဖြောင့်မတ်ခြင်း တရားနေမင်း ထံသို့ ဆွဲဆောင် ပေးဖို့ လိုပေသည်။ CCB1 229.2

လူများတို့သည် ဝတ်ပြုရာ အိမ်တော်သို့ လာကြသောအခါ၊ ထာဝရဘုရားအား အမှန် ရိုသေ၍ သူတို့သည် ဘုရားသခင်၏ ရှေ့တော်၌ ရှိနေကြသည်ဟု မှတ်ကျုံးကြလျှင်၊ သူတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ နေကြလိမ့်မည်။ ရိုးရိုး အလုပ်ကိစ္စ၌ တိုးတိုး ပြောခြင်း၊ ရယ်မောခြင်း၊ စကားပြောခြင်းတို့သည် အပြစ် မရှိသော်လည်း၊ ဘုရားသခင်ကို ကိုးကွယ်သော အိမ်တော်၌ ပြုလုပ်ဖို့ မသင့်။ မိမိ တာဝန်ကို သိလျက် စိတ်နှလုံးထဲ၌ သင့်တော်စွာ စွဲမြဲစေမည် အကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ရန် စိတ်သဘောကို ပြင်ဆင်ထားရမည်။ CCB1 229.3

သင်းအုပ်ဆရာသည် မိမိ ဂုဏ်အသရေနှင့် အညီ စည်းဝေးထဲသို့ ဣန္ဒြေနှင့် ဝင်လာရမည်။ သူသည် တရားဟော စင်မြင့်ပေါ်သို့ တက်ပြီးသည်နှင့် တစ်ပြိုက်နက် ဦးညွတ်လျက် တိတ်ဆိတ်စွာ ဆုတောင်းရမည်။ ဤအမူအရာသည် မည်မျှ စိတ်ထိခိုက်ခြင်း ဖြစ်လိမ့်မည်နည်း။ လူများတို့သည် ကြည်ညိုခြင်း၊ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည်။ သူတို့၏ သင်းအုပ်ဆရာသည် ဘုရားသခင်နှင့် ဆွေးနွေးနေ၏။ သူသည် လူများတို့ ရှေ့၌ မရပ်မီ မိမိ ကိုယ်ကို ဘုရားသခင်အား ဆက်ကပ်လျက် ရှိ၏။ လူအပေါင်းတို့၌လည်း ကြည်ညိုခြင်း သဘော ရှိ၍၊ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် အလွန် နီးကပ်စွာ ချဉ်းကပ်လာကြ၏။ ဘုရားသခင်သည် ကြွလာတော်မူလျက် စည်းဝေးကို ဂုဏ်ပြု၍ လူ၏ နှုတ်မှ ဟောသော သမ္မာတရားအား တန်ခိုးကို ပေးတော်မူမည် အကြောင်း၊ စည်းဝေးတွင် ဘုရားကို ကြောက်ရွံ့သော သူတိုင်းသည် ဦးညွတ်လျက် သင်းအုပ်ဆရာ နှင့်အတူ တိတ်ဆိတ်စွာ ဆုတောင်းရကြမည်။15T 491-493; CCB1 230.1

ဆွေးနွေးတိုင်ပင်ခြင်း နှင့် ဆုတောင်းခြင်းအတွက် စည်းဝေးများကို ငြီးငွေ့ဖွယ် မဖြစ်စေရ။ တတ်နိုင်က လူအပေါင်းသည် ချိန်းချက်ထားသော အချိန်နာရီတွင် မှန်ကန်စွာ လာရောက်ရမည်။ နာရီဝက် သို့မဟုတ် ဆယ့်ငါးမိနစ်ပင် နောက်ကျသော သူများ ရှိသော်လည်း သူတို့ကို စောင့်မနေရ။ နှစ်ယောက်သာ ရောက်သော်လည်း ဂတိတော်ကို တောင်းခံနိုင်သည်။ လူနည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ၊ တတ်နိုင်က စည်းဝေးကို အချိန်နှင့် အစပြုရမည်။22T 577, 578; CCB1 230.2