ဘုရားသခင်၏ အနန္တကြီးမြတ်ခြင်း အကြောင်း နှင့် ဘုရားသခင် ကိုယ်တော်တိုင် တည်ရှိနေတော်မူခြင်း အကြောင်းကို သိရှိနားလည်ခြင်းအားဖြင့် ဘုရားသခင်အား အမှန် ရိုသေလေးစားသော သဘောကို ဖြစ်ပေါ်လာစေ၏။ မမြင်နိုင်သော အရှင်၏ အကြောင်းကို ဤကဲ့သို့ သိနားလည်ခြင်းဖြင့်၊ စိတ်နှလုံး အသီးအသီးသည် များစွာ စိတ်စွဲလမ်းရှိရမည်။ ဘုရားသခင်သည် ကြွလာတော်မူခြင်းကြောင့်၊ ဆုတောင်းရသော အချိန် နှင့် နေရာသည် သန့်ရှင်း၏။ ၎င်းပြင် အနေအထိုင် အပြုအမူတို့တွင် ရိုသေခြင်းကို ထင်ရှားစေသဖြင့်၊ ထိုသို့ ဖြစ်စေရန် ထကြွစေသော စိတ်သဘောသည် အလွန် ပြင်းထန်လာ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဖွယ် ဖြစ်၏။ ဆာလံ၊ ၁၁၁: ၉။3GW 176-178; CCB1 230.3
ဆုတောင်းခြင်းဖြင့် စည်းဝေးကို အစပြုသောအခါ၊ သန့်ရှင်းတော်မူသော အရှင် ရှေ့တော်၌ လူတိုင်း ဒူးထောက်၍ စိတ်ထဲမှ ဘုရားသခင်အား တိတ်ဆိတ်စွာ ဆုတောင်းရကြမည်။ သစ္စာနှင့် ကိုးကွယ်သူတို့၏ ဆုတောင်းသံများကို နားညောင်းတော်မူ၍ နှုတ်ကပတ်တော်ကို ဟောပြောခြင်း အမှုသည် အကျိုး ဖြစ်ထွန်းလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်၌ ကိုးကွယ်သော သူတို့၏ စိတ်မပါသော အပြုအမူတို့ကား တရားဟောပြောခြင်း အမှု၌ သာ၍ ကောင်းကျိုးကို မဖြစ်စေခြင်း၏ အကြောင်းရင်းကြီး တစ်ခု ဖြစ်သည်။ စည်းဝေးများ၏ အရှင်သခင် ရောက်ရှိနေတော်မူသည်ကို မြင်ရသကဲ့သို့ စည်းဝေး၏ ကိစ္စ အားလုံးကို ကြည်ညို ကြောက်ရွံ့ခြင်းနှင့် ပြုလုပ်ရကြမည်။ CCB1 231.1
နှုတ်ကပတ်တော်ကို ဟောပြောသောအခါ၊ ညီအစ်ကို မောင်နှမတို့၊ သင်သည် ဘုရားသခင်၏ စကားသံတော်ကို ဘုရားသခင်၏ စေတမန် ဖြစ်သော ကျွန် အားဖြင့် နားထောင်နေရသည်ကို သတိပြုရမည်။ သေချာစွာ နားထောင်ပါ။ အနည်းငယ်မျှ အိပ်ပျော် မနေနှင့်၊ အကြောင်းမူကား အိပ်ပျော်နေခြင်းဖြင့် သင် အလိုအရှိဆုံးသော စကားများကို လက်လွတ်သွားလိမ့်မည်။ ထိုစကားများကို သင်သည် ဂရုစိုက်လျှင် သင့်အား လမ်းလွဲသွားခြင်း အမှုမှ ကယ်တင်လိမ့်မည်။ နှိုးဆော်စကား၊ သတိပေးစကား နှင့် ဆုံးမစကားတို့ကို မကြားစေခြင်းငှါ၊ သို့မဟုတ် ကြားသော်လည်း စိတ်ထဲ၌ စွဲလမ်းခြင်း မရှိ၊ အသက်တာကို မပြောင်းလဲစေခြင်းငှါ၊ အာရုံ ငါးပါးကို ထုံထိုင်းသွားစေရန် စာတန် နှင့် သူ၏ တမန်တို့သည် ကြိုးစားနေကြသည်။ တစ်ခါတစ်ရံ ကလေးငယ်များကို တရားနာသူတို့သည် ဂရုစိုက် ကြည့်နေရကြသဖြင့်၊ အဖိုးထိုက်သော မျိုးစေ့သည် ကောင်းသော မြေ၌ မကျ၊ အသီးကို မသီးစေကြချေ။ တစ်ခါတစ်ရံ ယောက်ျားပျို နှင့် မိန်းမပျိုတို့သည် ဘုရားသခင်၏ အိမ်တော်ကို ရိုသေခြင်း မရှိသဖြင့်၊ တရားဟောနေစဉ် အချိန်အတွင်း အမြဲ စကား ပြောနေကြလိမ့်မည်။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် သူတို့ကို ကြည့်နေလျက် သူတို့၏ အပြုအမူတို့ကို မှတ်သားနေကြသည် ကို သူတို့သည် မြင်နိုင်လျှင်၊ သူတို့သည် ရှက်ကြောက်၍ မိမိတို့ ကိုယ်ကိုပင် စက်ဆုပ် ရွံ့ရှာကြလိမ့်မည်။ ဘုရားသခင်သည် ဂရုစိုက် နားထောင် သူတို့ကို အလိုရှိတော်မူ၏။ လူများသည် အိပ်ပျော်နေစဉ်အခါ၊ စာတန်သည် တောမျိုးစေ့တို့ကို ကြဲသွားတတ်သည်။ CCB1 231.2
ကောင်းကြီးမင်္ဂလာ ရရှိရန် ဆုတောင်းနေစဉ်၊ သခင်ခရစ်တော်၏ ငြိမ်သက်ခြင်းကို လက်လွတ်မည်ကို စိုးရိမ်သကဲ့သို့၊ အားလုံးတို့သည် ငြိမ်သက်စွာ နေရကြဦးမည်။ သူတို့သည် ဘုရားသခင်၏ ရှေ့တော်၌ ရှိ၍ ဘုရားသခင်သည် သူတို့ကို ကြည့်ရှုနေတော်မူလျက် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုယ်တိုင် မြင်နေရသကဲ့သို့ ပြုမူရမည်ဟု ထင်မှတ်လျက်၊ တိုးဝှေ့ခြင်း မပြုဘဲ အားလုံးတို့သည် တစ်ဖြည်းဖြည်း ထွက်လာရကြမည်။ အခြားသူများ ဖြတ်မသွားနိုင်အောင် ခုံများ အကြားရှိ လမ်းတွင် ရပ်လျက် စကားပြော မနေသင့်၊ တစ်ဦး နှင့် တစ်ဦး နှုတ်ဆက်ခြင်း ပြုမနေသင့်။ စည်းဝေးဇရပ် အတွင်းဘက်တွင် ရိုသေခြင်း ရှိရမည်။ ဤနေရာ၌ မိတ်ဆွေများနှင့် တွေ့ဆုံပြီး ရိုးရိုး စကား အကြံအစည်များ နှင့် လောကီ အလုပ်ကိစ္စတို့ကို ပြောနေဖို့ မသင့်။ ဤအရာများကို စည်းဝေးဇရပ် အပြင်ဘက်မှာ ထားခဲ့ရမည်။ သတိမရှိဘဲ ရယ်မောခြင်း၊ အချို့ နေရာများ၌ ခြေထောက်ဖြင့် ရှပ်တိုက်ခြင်းဖြင့် ဘုရားသခင် နှင့် ကောင်းကင်တမန်တို့ကို မရိုမသေ ပြုကြပြီ။ CCB1 232.1