ကောင်းစွာ ကျန်းမာခြင်း ရှိစေရန်၊ ကျွန်ုပ်တို့၌ ကောင်းသော သွေးများ ရှိရမည်၊ အကြောင်းကား အသွေးသည် အသက်ရှင်စေသော အရာ ဖြစ်၏။ ၎င်းသည် အသုံးမဝင်၍ ပစ်လိုက်ရသော အရာများ နေရာ၌ အသစ်သော အရာတို့ကို ပြုပြင်ပေး၍ ကိုယ်ကာယကို အာဟာရနှင့် ဖြည့်စွက်ပေး၏။ သင့်တော်သော အာဟာရဓါတ်များကို ရရှိသောအခါ၊ ၎င်းပြင် သန့်ရှင်းစင်ကြယ်သော လေအားဖြင့် ၎င်းကို ဆေးကြောလျက် အားသစ် ဖြည့်ပေးသောအခါ၊ ၎င်းသည် ကိုယ်အင်္ဂါ အစိတ်အပိုင်းတိုင်းသို့ အသက် နှင့် အင်အားသတ္တိကို ယူဆောင်သွား၏။ သွေးသွားလာ လှုပ်ရှားခြင်း အမှုသည် သာ၍ စုံလင်လျှင်၊ ဤ လုပ်ငန်းကို သာ၍ ကောင်းမွန်စွာ ပြီးမြောက်စေလိမ့်မည်။1M H 271; CCB2 230.1
အပြင်အပ၌ ရေကို အသုံးပြုပေးခြင်းသည် သွေးလှည့်လည် သွားလာခြင်းကို နေရာတကျ စီမံပေးခြင်း နည်းကို အလွယ်ကူဆုံး နှင့် စိတ်ကျေနပ်ဖွယ် အကောင်းဆုံး ဖြစ်သည်။ ရေအေးစိမ်ခြင်း၊ ရေအေးချိုးခြင်းသည် ခွန်အားသစ် ဖြစ်စေဖို့ အကောင်းဆုံး နည်း တစ်ခု ဖြစ်သည်။ ရေနွေးချိုးခြင်း၊ ရေနွေးစိမ်ပေးခြင်းဖြင့် အသားအရေတွင် ရှိသော အပေါက်ငယ်ကလေးများကို ပွင့်လာစေ၏။ ၎င်းပြင် ထိုနည်းအားဖြင့် မသန့်ရှင်းသော အရာတို့ကို ကိုယ်တွင်းမှ အပြင်သို့ ထွက်စေခြင်း အမှုကို အားပေး ကူညီ၏။ ရေနွေး နှင့် သင့်ရုံ နွေးသော ရေဖြင့် ချိုးခြင်း ပွတ်တိုက် သုတ်သပ်ပေးခြင်းဖြင့် အကြောများကို ညှင်သာစေ၍ သွေးလှည့်လည် လှုပ်ရှားခြင်းကို သမမျှတစေ၏။ CCB2 230.2
ကိုယ်လက် လှုပ်ရှား ပရိစယပြုခြင်းဖြင့် သွေးလှည့်လည် လှုပ်ရှားခြင်း အမှုကို မြန်စေ၍ ညီညွတ် မျှတစေ၏။ သို့ရာတွင် ပျင်းရိ၍ မလှုပ်ရှားဘဲ နေခြင်းဖြင့် သွေးသည် လွတ်လပ်စွာ လှည့်လည် သွားလာခြင်း မပြု၊ ၎င်းပြင် အသက်ရှင်ရေး နှင့် ကျန်းမာရေးအတွက် လိုအပ်သော ပြောင်းလဲမှုလည်း သွေးထဲ၌ ဖြစ်မလာချေ။ အသားအရေသည်လည်း လှုပ်ရှားခြင်း မရှိဘဲ ဖြစ်လာ၏။ သွေးလှည့်လည်ခြင်းသည် ပြင်းသော လှုပ်ရှားခြင်း ပရိစယအားဖြင့် လျင်မြန်လာ၍ အသားအရေသည် ကျန်းမာသော အခြေအနေ၌ တည်ရှိလျက် အဆုတ်သည် သန့်ရှင်း လတ်ဆတ်သော လေကို များစွာ ရရှိလျှင်၊ အညစ်အကြေးများကို ထုတ်ပစ်သကဲ့သို့၊ ၎င်းတို့ကို အပြင်သို့ ထုတ်မပစ်တော့ချေ။ 2M H 237, 238; CCB2 230.3
အဆုတ်သည် တတ်နိုင်သမျှ အများဆုံး လွတ်လပ်ခွင့်ကို ရရှိသင့်သည်။ ၎င်းတို့၏ အစွမ်းသတ္တိသည် လွတ်လပ်စွာ လှုပ်ရှားခြင်းအားဖြင့် တိုးပွား များပြားလာ၏။ ၎င်းသည် ကျုံ့နေ၍ ဖိနှိပ်ထားခြင်း ခံရလျှင်၊ ထိုသတ္တိများသည် နည်းပါးသွား၏။ ထိုကြောင့် အလုပ်ကို ကုန်း၍ ထိုင်လုပ်နေရသော အလုပ်မျိုးတွင် အထူးသဖြင့် မကောင်းသော အခြေအနေမျိုးကို အများအားဖြင့် ဖြစ်စေ၏။ ဤ အခြေအနေမျိုး၌ လေကို ကောင်းစွာ မရှူရှိုက်နိုင်ချေ။ အပေါ်ယံ အသက်ရှူရှိုက်ခြင်းသည် အကျင့် ဖြစ်လာ၍ အဆုတ်များကို ပွလာစေနိုင်သော သတ္တိကို ပျက်စီးစေတတ်သည်။ CCB2 231.1
ထိုသို့အားဖြင့် တေဇောဓါတ် (အုပ်ဇူဇင်) ကို လုံလောက်အောင် မရရှိနိုင်ချေ။ သွေးလှုပ်ရှားမှုသည် နှေးကန်နေ၏။ အဆုတ်မှ ထုတ်လိုက်သော လေတွင် ထွက်သွားစေရမည့် အညစ်အကြေး နှင့် အဆိပ်အတောက်များသည် မထွက်မသွားဘဲ ကျန်ရှိနေကြသဖြင့်၊ အသွေးသည် ညစ်ညူးလာ၏။ အဆုတ်များ သာမက၊ အစာအိမ်၊ အသည်း နှင့် ဦးနှောက်တို့ကိုလည်း၊ ထိခိုက်စေ၏။ အသားအရေသည် ဝါဖန့်ဖန့် ဖြစ်လာ၍ အစာကြေညက်ခြင်း မရှိ။ နှလုံးသည် ဖိနှိပ်ထားခြင်း ခံရ၏။ ဦးနှောက်သည် ကြည်လင်ခြင်း မရှိ။ အကြံအစည်များသည် ရောပြွန်း ရှုပ်ထွေးလာ၏။ စိတ်သဘောသည် သုန်မှုန် ထုံထိုင်းနေ၏ ကိုယ်အင်္ဂါစု တစ်ခုလုံးသည် ဖိနှိပ်ထားခြင်း ခံရ၍ လှုပ်ရှားခြင်း မရှိသဖြင့်၊ ထူးခြားစွာ ရောဂါ ကူးစက်လွယ်၏။ CCB2 231.2
အဆုတ်များသည် အမြဲသဖြင့် အညစ်အကြေးများကို ထုတ်ပစ်နေရသဖြင့်၊ ၎င်းတို့အား အစဉ်လိုလိုပင် လေကောင်း လေသစ်နှင့် ထပ်မံ ဖြည့်စွက်ပေးရ၏။ မသန့်ရှင်းသော လေသည် လိုအပ်သော တေဇောဓါတ်ကို မဖြည့်စွက်ချေ။ ၎င်းပြင် အသွေးသည် အားသစ်ကို မရရှိဘဲ၊ ဦးနှောက်နှင့် အခြား အင်္ဂါ အစိတ်အပိုင်းများသို့ ဖြတ်သွားလေ၏။ ထိုကြောင့် လေကောင်းစွာ ဝင်ထွက်နိုင်ဖို့ အရေးကြီး လိုအပ်ပေသည်။ ပိတ်လှုံထား၍ လေသည် လှုပ်ရှား ခြင်း မရှိ၊ ချို့ယွင်း ညစ်ညူးနေသော အခန်း၊ လေကောင်း လေသန့် ကောင်းစွာ မရရှိနိုင်သော အခန်းတို့တွင် နေထိုင်ခြင်းဖြင့် ကိုယ်ခန္ဓာ တစ်ခုလုံးကို အားနည်းစေ၏။ ကိုယ်ခန္ဓာသည် အအေးဒဏ်ကို မခံနိုင်သော အခြေအနေ ရှိသဖြင့်၊ အနည်းငယ် အအေးမိလျှင် ရောဂါ တစ်စုံတစ်ခု ဖြစ်လာတတ်၏။ အိမ်တွင်း ပုန်းနေရသောကြောင့် အများသော မိန်းမတို့သည် ဖြူဖတ် ဖြူရော် ဖြစ်နေလျက် အားနည်းနေတတ်ကြသည်။ သူတို့သည် အခန်းတွင်းရှိ ထပ်တလဲလဲ ရှူရှိုက်နေရကြသဖြင့်၊ အဆုံး၌ လေသည် အဆုတ် နှင့် အသားအရေတို့၏ အပေါက်ငယ်များမှ ထွက်လိုက်သော အညစ်အကြေး၊ အဆိပ်အတောက်တို့နှင့် ပြည့်နေ၏။ ၎င်းပြင် ထိုသို့အားဖြင့် ထိုအညစ်အကြေးတို့ကို သွေးထဲသို့ ပြန်ရောက်ရှိသွားစေ၏။ 3MH 272-274; CCB2 231.3
အများသော သူတို့သည် မိမိတို့၏ အိပ်ခန်းများထဲသို့ ညအခါ၊ သန့်ရှင်းသော ညလေကို မဝင်စေခြင်းဖြင့်၊ ရောဂါ ဝေဒနာများကို ခံစားနေရကြသည်။ ကောင်းကင်မှ လွတ်လပ် များပြားစွာ ရရှိနိုင်၍ သန့်ရှင်းသော လေသည် ကျွန်ုပ်တို့ ခံစားရနိုင်သော ကောင်းကြီးမင်္ဂလာများစွာတွင် အပါအဝင် ဖြစ်ပါသည်။ 42T 528; CCB2 232.1
အလွန် စေ့စပ် သေချာစွာ သန့်ရှင်းစင်ကြယ်စေခြင်း အမှုသည် ကိုယ်ကာယ နှင့် စိတ်ဉာဏ်၏ ကျန်းမာရေး နှစ်ခုစလုံးအတွက် လိုအပ်ပေသည်။ အညစ်အကြေးများကို အသားအရေအားဖြင့် ကိုယ်တွင်းမှ အမြဲသဖြင့် ထုတ်ပစ် ပယ်ရှားနေ၏။ မကြာခဏ ရေချိုး၊ ရေသုတ်သပ်ခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စွာ မထားလျှင်၊ အသားအရေတွင် ရှိသော သန်းပေါင်းများစွာသော အပေါက်ငယ်ကလေးများသည် ပိတ်ဆို့နေတတ်ကြသည်။ ၎င်းပြင် အသားအရေ ထဲမှ ထွက်သွားအပ်သော အညစ်အကြေးတို့သည် အညစ်အကြေး စွန့်ရသော အခြား အင်္ဂါ အစိတ်အပိုင်းတို့အား ထပ်မံ၍ ဝန်လေး ပင်ပန်းစေတတ်၏။ CCB2 232.2
အများသော သူတို့သည် နံနက် သို့မဟုတ် ညနေတွင် နေ့တိုင်း ရေအေး သို့မဟုတ် ကြက်သီးနွေးရေကို ချိုးပေးခြင်း၊ ကိုယ်လက်တို့၌ သုတ်သင်ပေးခြင်းဖြင့် အကျိုး ခံစားခွင့် ရရှိကြလိမ့်မည်။ အအေးမိတတ်သော အလေ့ကို တိုးပွား ဖြစ်ပေါ်လာစေမည့် အစား၊ သင့်တော်သော နည်းဖြင့် ရေချိုး ရေသုတ် သပ်ပေးခြင်းသည် အအေးမိခြင်းကို ကာကွယ်လေသည်။ အကြောင်းမူကား၊ ၎င်းသည် သွေးလှည့်လည် လှုပ်ရှားမှုကို တိုးတက် ကောင်းမွန်စေသဖြင့်၊ သွေးသည် မျက်နှာပြင်ပေါ်သို့ ရောက်ရှိလာပြီးလျှင်၊ သာ၍ လွယ်ကူ၊ မှန်ကန်စွာ သွေးစီးဆင်း သွားလာမှုကို ရရှိလာ၏။ စိတ် နှင့် ကိုယ်ကာယတို့သည် အတူတကွ အသစ်သော ခွန်အားနှင့် ပြည့်ဝလာကြ၏။ ကြွက်သားများသည် သာ၍ ပျော့ပြောင်းလာ၏။ ဉာဏ်စွမ်းသည် သာ၍ ထက်မြက်လာ၏။ ရေချိုး ရေသုတ်သပ်ခြင်းသည် အာရုံကြောများကို ညှင်သာ ပြေပြစ်စေ၏။ ရေချိုးခြင်းဖြင့် ဓါတ်ဝမ်းကို မှန်ကန်စေ၍ အစာအိမ် နှင့် အသည်းတို့၏ လုပ်ငန်းကို အကူအညီပေးလျက် အသီးသီးတို့အား ကျန်းမာခြင်း နှင့် အင်အားကို ပေးပြီး အစာကြေညက်ခြင်းကို ကောင်းမွန်စေ၏။ CCB2 232.3
အဝတ်အထည်များကိုလည်း သန့်ရှင်းစင်ကြယ်စွာ ထားဖို့ အရေးကြီးပေသည်။ အဝတ်အထည်များသည် အသားအရေ၏ အပေါက်ငယ်ကလေးများမှ ထွက်လာသော ချွေး၊ အညစ်အကြေးတို့ကို စုပ်ယူတတ်သဖြင့်၊ ၎င်းတို့ကို မကြာခဏ လဲ၍ လျှော်ဖွတ်ခြင်း မပြုလျှင်၊ အညစ်အကြေးများကို ကိုယ်က ပြန်၍ စုပ်ယူတတ်သည်။ CCB2 233.1
မသန့်ရှင်း မစင်ကြယ်သော အမှု အမျိုးမျိုးသည် ရောဂါဝေဒနာကို ဖြစ်စေတတ်သည်။ သေစေတတ်သော ရောဂါပိုးမွှားတို့သည် မှောင်၍ ဂရုမစိုက်ဘဲ ထားသော အခန်းထောင့်များ၊ ပုပ်သိုး ဆွေ့မြေ့နေသော အမှိုက်သရိုက်များ၊ စွပ်စိုသော နေရာ၊ မြေဆွေး နှင့် မှိုတက်၍ အောက်စော် နံနေသော နေရာများတွင် များပြားစွာ တည်ရှိနေတတ်ကြသည်။ မကောင်းသော ဟင်းရွက် ဟင်းသီးများ နှင့် စုပုံနေသော သစ်ရွက်ဟောင်းများကို ဆွေးမြေ့ ပုပ်သိုး၍ လေကို အဆိပ် ဖြစ်စေအောင် အိမ်အနီးအနားတွင် မရှိစေရ။ အိမ်အတွင်း၌ မသန့်ရှင်း၍ ပုပ်သိုးသွားတတ်သော အရာမှန်သမျှကို မထားမရှိစေရ။ CCB2 233.2
လုံးလုံး သန့်ရှင်းစင်ကြယ်ခြင်း၊ များစွာသော နေရောင်ခြည်၊ အိမ်ထောင်မှု ကိစ္စတွင် အသေအချာ သန့်ရှင်းစင်ကြယ်စေဖို့ ဂရုစိုက် ရှင်းလင်းခြင်း အမှုတို့သည် ရောဂါဘယ ကင်းရှင်း၍ အိမ်သားတို့၏ ပျော်ရွှင်ရေး၊ ထက်မြက်သန်စွမ်းရေးတို့အတွက် အထူး လိုအပ်သော အရာများ ဖြစ်ကြသည်။5MH 276; CCB2 233.3
မိမိတို့သည် မသန့်ရှင်းသော ကိုယ်ခန္ဓာနှင့် လည်းကောင်း၊ မသေသပ် စုတ်ပြတ်နေသော အဝတ်တို့နှင့် လည်းကောင်း ရှိနေသည်ကို ဘုရားသခင်သည် နှစ်သက်တော်မမူကြောင်း၊ ကလေးသူငယ်များအား သွန်သင် လမ်းပြပေးပါ။ အဝတ်များကို သန့်ရှင်းစင်ကြယ် သေသပ်စွာ ထားခြင်းသည် စိတ်အကြံအစည်ကို သန့်ရှင်း၊ ကြည်လင်စေခြင်း နည်း တစ်ခု ဖြစ်သည်။ အသားအရေနှင့် ထိတွေ့ရသော အရာဝတ္ထု မှန်သမျှကို အထူးသဖြင့် သန့်ရှင်းစင်ကြယ်စွာ ထားပေးရမည်။ CCB2 234.1
သမ္မာတရားကို လိုက်နာသော သူသည် မိမိ၏ ခြေကို မသန့်ရှင်း မစင်ကြယ်သော လမ်း၌ ချမထားချေ။ ဣသရေလ အမျိုးသားတို့သည် သန့်ရှင်းခြင်း အလေ့ကို မွေးမြူကြမည် အကြောင်း အလွန် သေချာ စေ့စပ်တော်မူသော အရှင်သည် ယခုခေတ်ရှိ မိမိ လူများတို့၏ အိမ်တွင် မသန့်မရှင်း၊ ညစ်ညူးသော အရာ တစ်စုံတစ်ခုမျှ ရှိနေစေဖို့ ခွင့်ပြုတော်မူမည် မဟုတ်။ ဘုရားသခင်သည် ညစ်ညူး မသန့်ရှင်းသော အရာ တစ်စုံတစ်ခုကိုမျှ နှစ်သက်တော်မမူ။ CCB2 234.2
အိမ်တွင် ဂရုမစိုက် ပစ်ထား၍ မသန့်ရှင်းသော ထောင့်များသည် စိတ်ဝိညာဉ်၌ ညစ်ညူး၍ အမှုမထားဘဲ နေသော ထောင့်များကို ဖြစ်စေလိမ့်မည်။ CCB2 234.3
ကောင်းကင်သည် ဖြူစင်သန့်ရှင်းသဖြင့်၊ ဘုရားသခင်၏ မြို့တော် တံခါးဝများကို ဝင်ရသော သူများတို့သည် ဤ ဘဝ ဤ မြေကြီးပေါ်၌ အတွင်း အပြင် နှစ်ဖက်စလုံးတွင် သန့်ရှင်းခြင်းနှင့် ဝတ်ဆင်ထားရမည်။6MLT 129. CCB2 234.4
* * * * *