ပျင်းရိခြင်းကြောင့် ဖြစ်ပေါ်လာသော အပြစ်များစွာ ရှိလာကြောင်း ကျွန်ုပ်တို့အား ဖော်ပြထားပြီ။ လှုပ်ရှားနေသော လက် နှင့် စိတ်များသည် ရန်သူက အကြံပေးသော သွေးဆောင်ခြင်း ရှိသမျှကို ဂရုစိုက်နေရန် အချိန် မရချေ။ သို့ရာတွင် ပျင်းရိသော လက် နှင့် ဦးနှောက်သည် စာတန်၏ စိုးမိုးခြင်းကို ခံယူရန် အမြဲ အသင့် ရှိ၏။ စိတ်သည် သင့်တော်စွာ အလုပ် မလုပ်ဘဲ နေလျှင်၊ မကောင်းသော အရာတို့ကို စွဲလမ်းတတ်၏။ ပျင်းရိခြင်းသည် အပြစ် ဖြစ်ကြောင်းကို သားသမီးတို့အား မိဘတို့က သွန်သင်ပေးရမည်။161T 395; CCB2 177.1
ဆိုးသော အမှုကို သွေးဆောင်ရာတွင်၊ သားသမီးများအား ဘာမျှ မလုပ်၊ သူတို့ သဘောအတိုင်း ပြုမူစေရန် ပျင်းရိ၊ ရည်ရွယ်ချက် မရှိသော အသက်တာ၌ ပစ်ထားလျက် သူတို့ ထံမှ တာဝန် ရှိသမျှကို ပယ်ရှားထားခြင်း အမှုထက် သာ၍ သေချာသော အရာ မရှိချေ။ ကလေးသူငယ်တို့၏ စိတ်သည် လှုပ်ရှားနေသဖြင့်၊ ကောင်းမြတ်၊ အသုံးဝင်သော အရာနှင့် ပြည့်ဝမနေလျှင်၊ ၎င်းတို့သည် မကောင်းသော အမှုအရာ ဘက်သို့ အကယ်ပင် ပြောင်းလဲသွားလိမ့်မည်။ သူတို့၌ အားဖြည့်စေရန် အားလပ်ခွင့် ရရှိစေခြင်းသည် မှန်ကန်၍ လိုအပ်သော အရာ ဖြစ်သော်လည်း၊ ကိုယ်ကာယနှင့် ဆိုင်သော အလုပ် နှင့် စာပေ ဖတ်ရှု လေ့ကျက်ခြင်းအတွက် အချိန် မှန်မှန် ထားလျက် အလုပ်အကိုင် လုပ်ကိုင်စေရန် သူတို့အား သွန်သင်ပေးရမည်။ သူတို့နှင့် ကိုက်ညီသော အလုပ်အကိုင်များ ရှိ၍ အသုံးကျပြီး စိတ်ဝင်စားဖွယ် ဖြစ်သော စာအုပ်စာတမ်းများ ထားရှိရမည်ကို သတိပြုပါ။17AH 284; CCB2 177.2
ကလေးများသည် မကြာခဏ စိတ်အားကြီးစွာ အလုပ် တစ်ခုကို အစပြု လုပ်ကိုင်၏။ သို့ရာတွင် စိတ်ရှုပ်လာသောအခါ၊ သို့မဟုတ် ငြီးငွေ့လာသောအခါ၊ သူတို့သည် အသစ်သော အလုပ် တစ်ခုကို ပြောင်းလဲ လုပ်ကိုင်လိုကြ၏။ ထိုသို့အားဖြင့် သူတို့သည် များစွာသော အလုပ်တို့ကို လုပ်၍ စိတ်ပျက်စရာ အနည်းငယ် တွေ့သောအခါ၊ လက်လွှတ်လိုက်ကြ၏။ ထိုနည်းအားဖြင့် သူတို့သည် အလုပ် တစ်ခု မှ တစ်ခုသို့ ပြောင်းလဲ လုပ်ကြရာ၊ ဘယ်အရာမျှ စုံလင် ပြီးမြောက်ခြင်း မရှိ။ သားသမီးများတို့၌ ပြောင်းလဲမှုကို နှစ်သက်လာတတ်သော သဘောကို မိဘတို့က အခွင့် မပြုအပ်ပေ။ သူတို့သည် တိုးပွားနေသော စိတ်ကို သည်းခံလျက် ပြုပြင်ပေးရန် အချိန် မရနိုင်မည် အကြောင်း သူတို့သည် အခြားသော အရာများနှင့် အလွန် အလုပ်များ မနေအပ်ပေ။ သင့်တော်သော အချိန်၌ အားပေး စကား အနည်းငယ် သို့မဟုတ် အနည်းငယ်သော အကူအညီအားဖြင့် သူတို့၏ ခက်ခဲခြင်း နှင့် စိတ်ပျက်ခြင်းတို့ကို ပပျောက်သွားစေလိမ့်မည်။ မိမိတို့ လုပ်ကိုင်နေရသော အလုပ်သည် ပြီးစီသွားသည်ကို မြင်ရသဖြင့် စိတ်ကျေနပ်ခြင်း ရှိလာသဖြင့် သူတို့သည် သာ၍ ကြီးကျယ်သော အလုပ်ကို လုပ်ဆောင်ရန် အားတတ်လာကြလိမ့်မည်။183T 147, 148; CCB2 177.3
ချော့မော့၍ စောင့်ကြည့်နေခြင်း ခံရသော ကလေးများသည် အမြဲ ဤသို့ ပြုစေရန် မျှော်လင့်နေ၏။ ၎င်းပြင် မျှော်လင့်သည်အတိုင်း မဖြစ်လျှင်၊ သူတို့သည် စိတ်ပျက် အားလျော့လာတတ်ကြသည်။ ဤ သဘောမျိုးကို သူတို့၏ အသက်တာ တစ်လျှောက်လုံးတွင် တွေ့မြင်ရလိမ့်မည်။ သူတို့သည် အကူအညီ ကင်းမဲ့လျက် အခြားသော သူအား အကူအညီ ရရှိစေရန် မှီခိုနေကြပြီး၊ အခြားသော သူတို့သည် သူတို့ကို မျက်နှာလိုက်လျက် သူတို့၏ အလိုသို့ လိုက်လိမ့်မည်ဟု မျှော်လင့်နေတတ်ကြသည်။ ၎င်းပြင် သူတို့ကို ဆန့်ကျင်ဖက် ပြုမိသောအခါ၊ သူတို့သည် ယောက်ျားကြီး၊ မိန်းမကြီးများ အဖြစ်သို့ ကြီးပြင်းလာသည် တိုင်အောင်ပင်၊ သူတို့ အပေါ်၌ ရက်စက်သည်ဟု ထင်မှတ်တတ်ကြသည်။ ထိုသို့အားဖြင့် သူတို့သည် လောကတွင် အသက်တာ လမ်းတစ်လျှောက်လုံး မိမိတို့၏ တာဝန်ကိုပင် ထမ်းဆောင်ရန် မတတ်နိုင်သလောက် ဖြစ်လျက်၊ အရာခပ်သိမ်းသည် မိမိတို့ အလိုနှင့် မကိုက်ညီသောကြောင့် ညည်းညူ စိတ်ခုလျက် စိတ်ပင်ပန်းနေတတ်ကြသည်။191T 392, 393; CCB2 178.1
အိမ်ရှင်မ တစ်ယောက်သည် မိမိ၏ အလုပ် နှင့် အိမ်သားတို့၏ အလုပ် အားလုံးကို လုပ်ရလျက် ထင်း နှင့် ရေကို သယ်ရ၍ ထင်းပေါက်ရန် ပုဆိန်ကိုပင် သွေးပေးရပြီး ခင်ပွန်း နှင့် သားများသည် ဧည့်ခန်းတွင် အေးဆေးစွာ ထိုင်လျက် စကားစမည် ပြောနေကြလျှင်၊ သူမသည် မိမိ ကိုယ်တိုင် နှင့် အိမ်သားတို့အား ကြီးစွာသော အမှားကို ပြု၏။ ဇနီး နှင့် မိခင် ဖြစ်သူတို့သည် မိမိတို့ အိမ်ထောင်၏ ကျွန် ဖြစ်ရမည်ဟု ဘုရားသခင်က ဘယ်အခါမျှ စီမံထားတော်မမူ။ သားသမီးများတို့သည် အိမ်ထောင်၏ ဝန်ထုပ်များကို ထမ်းဆောင်ရန် သွန်သင်ပေးခြင်း မခံရသောအခါ၊ အများသော မိခင်တို့သည် စိုးရိမ် ပူပန်ခြင်း နှင့် ပင်ပန်းနွမ်းရိလျက် ရှိတတ်ကြသည်။ ဤ အကြောင်းကြောင့် သူမသည် အိုစာလာ၍ အချိန်မကျဘဲ သေဆုံးရလျက် ဗဟုသုတ၌ ကျွမ်းကျင်မှု မရှိသေးသော သားသမီးတို့ကို လမ်းပြဖို့ မိဘကို လိုသော အချိန်၌ သူတို့ကို စွန့်ခွာသွားရလေ၏။ မည်သူကို အပြစ်တင်ရမည်နည်း။ CCB2 178.2
ခင်ပွန်းတို့သည် ဇနီး၏ စိုးရိမ် ပူပန်မှုများကို ပယ်ရှားရန် တတ်နိုင်သမျှ ကြိုးစား၍ လုပ်ကိုင် ဆောင်ရွက်ပေးရမည်၊ ၎င်းပြင် သူမကို နှစ်သိမ့် အားပေးရမည်။ ပျင်းရိခြင်းသည် မကြာမီ အကျင့် ဖြစ်လာတတ်သောကြောင့်၊ သားသမီးတို့တွင် ပျင်းရိခြင်း သဘောကို ဖြစ်ပေါ်လာစေရန် ဘယ်သောအခါမျှ ခွင့်မပြုအပ်။205T 180, 181; CCB2 179.1