အချို့သော မိဘတို့သည် မိမိတို့၏ သားသမီးများအား ဘာသာရေး ပညာကို သင်ကြားမပေးကြ၊ ၎င်းပြင် ကျောင်းပညာကိုလည်း သင်ကြားစေဖို့ ဂရုမစိုက်ကြ။ မည်သည့် ပညာကိုမျှ မသင်ဘဲ မနေစေရ။ ကလေးသူငယ်၏ စိတ်သည် လှုပ်ရှားနေရမည်။ ၎င်းပြင် ကိုယ်ကာယနှင့် ဆိုင်သော လုပ်ငန်းကို မလုပ်၊ စာပေ လေ့ကျက်ခြင်း မရှိလျှင်၊ သူတို့သည် ဆိုးသော အရာတို့၏ သြဇာညောင်းမှုကို ခံရကြလိမ့်မည်။ အသိဉာဏ် ခေါင်းပါးမှု၌ သားသမီးတို့အား ကြီးပွားနေစေရန် မိဘတို့က အခွင့်ပြုထားခြင်းသည် အပြစ်ဒုစရိုက် တစ်ခု ဖြစ်၏။ သူတို့အတွက် အသုံးကျ၍ စိတ်ပါဝင်စားဖွယ် ကောင်းသော စာအုပ် စာတမ်းများကို ထားပေးရမည်။ ၎င်းပြင် သူတို့အား အလုပ် တစ်ခုခု လုပ်စေရန်၊ ကိုယ်ကာယ လှုပ်ရှားစေသော အလုပ် လုပ်ချိန်များ ရှိစေရန် နှင့် စာပေ ဖတ်ရှု လေ့လာဖို့ အချိန်များ ထားပေးရန် သွန်သင်ပေးရမည်။ မိဘတို့သည် သားသမီးတို့၏ စိတ်သဘောကို မြှင့်တင်ပေး၍ သူတို့၏ ဉာဏ်စွမ်းသတ္တိကို တိုးပွားစေရမည်။ စိတ်သဘောကို မိမိ အလိုအလျောက် နေစေလျက် ပြုပြင်မပေးဘဲထားလျှင် ၎င်းသည် အများအားဖြင့် ယုတ်ညံ့၊ ကာမဂုဏ် လိုက်စား၍ ပျက်စီး ယိုယွင်းတတ်၏။ စာတန်သည် အခွင့်အရေး ရရှိလျက် ပျင်းရိ ထိုင်းမှိုင်းသော စိတ်သဘောကို ဖြစ်စေ၏။121T 398, 399; CCB2 175.1
မိခင်၏ အုပ်သည် နို့စို့သူငယ်နှင့် အစပြု၏။ သူမသည် သူငယ်၏ စိတ်အလိုဆန္ဒ နှင့် သဘောထားကို နှိပ်ကွပ်ပေး၍ မိမိ၏ အလိုသို့ လိုက်စေလျက် နားထောင်ရန် သွန်သင်ပေးရမည်။ သူငယ်သည် ကြီးပြင်းလာသော အခါ၊ လက်မလျှော့ပါနှင့်။ မိခင်တိုင်းသည် မိမိ၏ သားသမီးများနှင့် ဆွေးနွေး၍ သူတို့၏ အမှားကို ပြုပြင်ပေးရန် အချိန်ယူပါ။ ၎င်းပြင် သူတို့အား မှန်သော လမ်းကို သည်းခံလျက် သွန်သင်ပေးပါ။ မိမိတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်၏ သားသမီးများ ဖြစ်လာဖို့ သင့်တော်စေရန် သွန်သင် ပြုပြင်ပေးနေရသည်ကို ခရစ်ယာန် မိဘတိုင်း သိရှိရကြမည်။ သားသမီးတို့၏ ဘာသာရေး ဗဟုသုတ တစ်ခုလုံးကို ငယ်ရွယ်စဉ်အခါ ရရှိသော သွန်သင်လမ်းပြခြင်း၊ အကျင့်စာရိတ္တကို ပြုပြင်ပေးခြင်း အမှုအားဖြင့် သြဇာညောင်းလျက် ရှိ၏။ သူတို့၏ အလိုဆန္ဒကို ထိုအခါက နှိမ်မပေး၊ မိဘတို့၏ အလိုသို့ မလိုက်စေခဲ့လျှင်၊ နောင် နှစ်များတွင် သင်ရန် စာကို လေ့လာ သင်ကြားဖို့ အလွန် ခဲယဉ်းသော အမှု တစ်ခု ဖြစ်လိမ့်မည်။ ဘယ်အခါမျှ နှိပ်ကွပ်ခြင်း မရှိသော ထိုအလိုဆန္ဒအား ဘုရားသခင်၏ အလိုတော်ကို လိုက်စေရန် အမှုသည် မည်မျှ ပြင်းထန်သော အားထုတ်မှု၊ မည်မျှ ကြီးသော တိုက်လှန်ခြင်း ဖြစ်သလဲ။ ဤ အရေးကြီးသော လုပ်ငန်းကို အမှုထား ဂရုမစိုက်သော မိဘတို့သည် ကြီးကျယ်သော အမှားကို ပြုလျက် မိမိတို့၏ သနားစရာ ကောင်းသော သားသမီးတို့ကို လည်းကောင်း၊ ဘုရားသခင်ကို လည်းကောင်း ပြစ်မှားကြလေပြီ။131T 390, 391; CCB2 175.2
မိဘများတို့၊ ဘုရားသခင်က သင်၏ သားသမီးတို့အား ပညာ သင်ကြားပေးစေရန် ပေးအပ်ထားသော တာဝန်ကို သင်တို့သည် မထမ်းဆောင်လျှင်၊ အကျိုးအပြစ်အတွက် သင်တို့သည် ဘုရားသခင်အား ဖြေကြားရကြမည်။ ဤ အကျိုးအပြစ်တို့သည် သင်၏ သားသမီးတို့နှင့်သာ သက်ဆိုင်သည် မဟုတ်။ ဆူးပင် တစ်ပင်ကို လယ်ထဲ၌ ပေါက်စေလျှင် ၎င်းဆူးပင်မျိုးသည် ပွားများလာလိမ့်မည်၊ ထိုအတူ သင်တို့၏ ဂရုမစိုက်မှုကြောင့် ဖြစ်ပေါ်လာသော အပြစ်များသည် ၎င်းတို့၏ သြဇာညောင်းမှုကို ခံရသော သူ အပေါင်းတို့ကို ပျက်စီးစေလိမ့်မည်။14CG 115; CCB2 176.1
ဘုရားသခင်၏ ကျိန်ခြင်း အမင်္ဂလာသည် အမှန်ပင် သစ္စာမရှိသော မိဘတို့ အပေါ်သို့ ကျရောက်လိမ့်မည်။ သူတို့သည် ဤ ဘဝ၌ မိမိတို့ကို အနာတရ ဖြစ်စေမည့် ဆူးပင်များကို စိုက်ပျိုးနေသည် သာမက၊ တရားစီရင်သော အမှု ရောက်လာသောအခါ၊ သူတို့သည် မိမိတို့၏ သစ္စာ မရှိခြင်း အဖြစ်ကို ချေပ ပြောဆိုရကြလိမ့်မည်။ တရားစီရင်ရာနေ့၌ များစွာသော သားသမီးတို့သည် ထလျက် မိမိတို့အား တားဆီး ပိတ်ပင်ခြင်း မပြုခဲ့သည်အတွက် မိမိတို့၏ မိဘများကို အပြစ်တင်လျက် သူတို့၏ ပျက်စီးခြင်းအတွက် မိဘတို့ကို စွပ်စွဲကြလိမ့်မည်။ မိဘတို့၏ မှားသော ထောက်ထား စာနာမှု နှင့် ကန်းသော မေတ္တာကြောင့် မိမိတို့ သားသမီးများ၏ အပြစ်များကို လွှတ်၍ ပြုပြင် ဆုံးမခြင်း မပြုဘဲ ထားသဖြင့်၊ သူတို့၏ သားသမီးများသည် အဆုံး၌ ပျက်စီး ဆုံးပါးကြ၍ သူတို့၏ အသွေးသည် သစ္စာ မရှိသော မိဘတို့ အပေါ်သို့ ကျရောက်လိမ့်မည်။151T 219; CCB2 176.2