ကြပ်တည်းစွာ နည်းနာပေးသူ အဖြစ် အလုပ်ကို သေချာ စေ့စပ်စွာ ဆောင်ရွက်နိုင်လောက်အောင် ကာယဗလနှင့် ပြည့်စုံသဖြင့် အင်အား ရှိသော သူ၊ သေသပ် နေရာကျနစွာ ဝီရိယနှင့် လုပ်ဆောင်နိုင်သော အကျင့် ဖြစ်လာရန် တပည့်များအား ကောင်းစွာ သွန်သင် လေ့ကျင့်ပေးနိုင်လောက်အောင် အရည်အချင်းနှင့် ပြည့်စုံသော သူ တစ်ယောက်ကို သင်၏ ကျောင်းအုပ် အဖြစ် ရအောင် ရှာဖွေပါ။ သင် လုပ်ဆောင်ရသမျှ တာဝန် ရှိသမျှကို သေချာ စေ့စပ်စွာ အပြီးတိုင် ပြုလုပ် ဆောင်ရွက်ပါ။ သင်သည် အများ လုပ်ကိုင်ရသော ကိစ္စများကို သင်ကြားပေးရာ၌ သစ္စာ ရှိလျှင်၊ သင်၏ တပည့် အများသည် စာပေ ဖြန့်ဖြူးရေး လုပ်ငန်း၊ ဓမ္မစာပေများ လှည့်လည် ရောင်းချရေး နှင့် ဧဝံဂေလိ အမှုဆောင် လုပ်ငန်းတို့ကို တိုက်ရိုက် ဝင်ရောက် လုပ်ကိုင်နိုင်ကြသည်။ အမှုတော်ဆောင် အပေါင်းတို့၌ အလွန် အတန်းမြင့်သော ပညာများ ရှိရမည်ဟု ကျွန်ုပ်တို့ မထင်ပါ။ 18CT 213, 214; CCB2 204.2
ဆရာ၊ ဆရာမများ ရွေးချယ်ရာ၌၊ ဧဝံဂေလိ အမှုဆောင်များ ရွေးချယ်ခြင်း အမှုလောက် အရေးကြီးသော ကိစ္စ တစ်ခု ဖြစ်သည်ဟု သိရှိလျက်၊ ကျွန်ုပ်တို့သည် အရာရာတွင် တင်ကူး စီမံ၍ သတိထားအပ်ပေသည်။ အကျင့်စာရိတ္တကို ဝေဖန်ပိုင်းခြား သိရှိနိုင်အောင် ပညာ အရည်အချင်း ရှိသော လူကြီးများက ရွေးချယ်မှုကို ပြုလုပ်ရမည်။ အကြောင်းကား၊ ငယ်ရွယ်သော သူတို့၏ စိတ်ကို သွန်သင် ပြုပြင်ပေးနိုင်၍ ကျွန်ုပ်တို့၏ အသင်းတော် ကျောင်း၏ ဆရာ၊ ဆရာမများက ပြုလုပ်ဖို့ လိုမည် ဖြစ်သော လုပ်ငန်း အများကို အောင်မြင်စွာ ဆောင်ရွက်နိုင်စေခြင်းငှါ၊ အကောင်းဆုံး အရည်အချင်းနှင့် ပြည့်စုံ သော သူကို ရရှိနိုင်ဖို့ အရေးကြီးပေသည်။ အုပ်ချုပ်နိုင်သော သတ္တိ မရှိ၊ ကျွမ်းကျင်မှု မရှိဘဲ ငယ်ရွယ်သော ဆရာ ဆရာမတို့အား လူငယ်များ အပေါ်၌ အုပ်ချုပ်ရန် မထားသင့်။ အကြောင်းမူကား သူတို့၏ ကြိုးပမ်းမှုသည် အဖွဲ့အစည်း သို့မဟုတ် ကျောင်းကို ပျက်စီးစရာ အကြောင်း ဖြစ်လိမ့်မည်။19CT 174, 175; CCB2 204.3
စစ်ဆေးခြင်း၊ စုံစမ်း သွေးဆောင်ခြင်းအားဖြင့် ဆရာ၊ ဆရာမသည် ဘုရားသခင်ကို ချစ်၍ ပြစ်မှားရန် ကြောက်ရွံ့ကြောင်း သက်သေ ထင်ရှားစွာ မသိရှိဘဲ၊ ထိုဆရာ၊ ဆရာမကို ခန့်ထားခြင်း မပြုအပ်။ ဆရာ၊ ဆရာမတို့သည် ဘုရားသခင်ထံ၌ သင်ကြား နာယူခြင်း ခံရလျှင်၊ သူတို့၏ သင်ခန်းစာများမှာ သခင်ခရစ်တော်၏ ကျောင်းတွင် နေ့စဉ် သင်ကြား လေ့လာခဲ့ရကြလျှင်၊ သူတို့သည် သခင်ခရစ်တော်၏ နည်းလမ်းအတိုင်း လုပ်ကိုင် ဆောင်ရွက်ကြလိမ့်မည်။ ကလေးသူငယ်တိုင်း နှင့် ပျိုရွယ်သူတိုင်းသည် အဖိုးထိုက်ကြသောကြောင့်၊ သူတို့သည် သခင်ခရစ်တော် နှင့်အတူ သူတို့ကို ရယူဆွဲငင်ယူကြလိမ့်မည်။20FE 260; CCB2 205.1
ဆရာတစ်ယောက်၏ အကျင့်ဓလေ့ နှင့် အခြေခံ တရားများသည် သူ၏ စာပေအရည်အချင်းထက် သာ၍ပင် အရေးကြီးသော ကိစ္စဟု သဘောထားရမည်။ မှန်ကန်သော သြဇာညောင်းမှု ရှိစေခြင်းငှါ၊ သူသည် မိမိ ကိုယ်ကို လုံးလုံး ချုပ်တည်း စိုးမိုးနိုင်ရမည်။ ၎င်းပြင် သူ၏ စိတ်နှလုံးထဲ၌ မိမိ၏ တပည့်များကို ချစ်ခင်သော သဘောများစွာ ပြည့်ဝနေလျက် သူ၏ ဟန်အမူအရာ၊ အပြောအဆို၊ အပြုအမူတို့တွင် ၎င်းသဘောကို ထင်ရှားစေရမည်။21FE 19; CCB2 205.2
ကျောင်းဆရာသည် မိမိ ကိုယ်ကို ခရစ်ယာန် လူကြီး လူကောင်းကဲ့သို့ ပြုကျင့်ရမည်။ သူသည် မိမိ၏ တပည့်များအဖို့ မိတ်ဆွေ နှင့် အကြံဉာဏ်ပေးသော သူ အနေနှင့် တည်ရှိနေရမည်။ ကျောင်းဆရာများ၊ သင်းအုပ်ဆရာများ၊ သာမန် အသင်းသားများမှ စ၍ ကျွန်ုပ်တို့၏ အသင်းသား အပေါင်းသည် ခရစ်ယာန် ယဉ်ကျေးခြင်း သဘောကို မွေးမြူကြမည် ဆိုလျှင်၊ သူတို့သည် လူများ၏ စိတ်ကို အလွယ်တကူ ဆွဲဆောင်နိုင်ကြလိမ့်မည်။ လူအများသည် သမ္မာတရားကို စစ်ဆေး၍ လက်ခံလာကြလိမ့်မည်။ ကျောင်းဆရာ တိုင်းသည် မိမိ ကိုယ်ကို မေ့လျော့ထား၍ မိမိ တပည့်တို့၏ အောင်မြင်ရေး နှင့် ကောင်းစား တိုးတက် ရေးတွင် များစွာ စိတ်ဝင်စားခြင်း ရှိလျက် သူတို့သည် ဘုရားသခင် ပိုင်ထိုက်သော ဥစ္စာ ဖြစ်ကြောင်းကို သိရှိ နားလည်ကြပြီးလျှင်၊ သူတို့၏ စိတ်သဘော နှင့် အကျင့်စာရိတ္တပေါ်တွင် မိမိ သြဇာညောင်းမှုအတွက် တရားစီရင်ရာနေ့တွင် ချေပ ပြောဆိုရမည်ကို သိရှိကြမည် ဆိုလျှင်၊ ထိုအခါ ကျွန်ုပ်တို့၌ ကောင်းကင်တမန်များ လာရောက် ပျံဝဲနေလိုသော ကျောင်း တစ်ကျောင်း ရှိလာလိမ့်မည်။22CT 93, 94; CCB2 205.3
ကျွန်ုပ်တို့၏ ကျောင်းများသည် အကျင့်စာရိတ္တတွင် အလွန် ကောင်းမြတ်သော ဆရာ၊ ယုံကြည် အားကိုးရသော သူ၊ ယုံကြည်ခြင်း တရား၌ သန့်စင်သော သူ၊ နေရာတကျ စီမံ ပြုလုပ်တတ်၍ သည်းခံခြင်း ရှိသော သူ၊ ဘုရားသခင်နှင့် သွားလာ၍ ဆိုးညစ်သော လက္ခဏာ ရှိသမျှနှင့် ကင်းစင်သော သူတို့ကို အလိုရှိကြသည်။ CCB2 206.1
မာနကြီး၊ ကြွားဝါ၍ မချစ်ခင်တတ်သော ဆရာ၊ ဆရာမတို့ကို ကလေးသူငယ်များ အပေါ်၌ အုပ်ချုပ်ရန် ခန့်ထားခြင်း အမှုသည် မကောင်းပေ။ ဤကဲ့သို့သော သဘောမျိုး ရှိသော ဆရာ၊ ဆရာမသည် အကျင့်စာရိတ္တ၌ လျင်မြန်စွာ တိုးတက်နေသော သူတို့အတွက် များစွာ ဘေးဖြစ်စေလိမ့်မည်။ ဆရာ၊ ဆရာမများသည် ဘုရားသခင်၏ အလိုတော်ကို ဝန်မခံကြလျှင်၊ မိမိတို့ စောင့်ရှောက် ကြည့်ရှုရသော ကလေးသူငယ်များကို မချစ်ခင်လျှင်၊ သို့မဟုတ် မိမိတို့ နှစ်သက်သော သူကို မျက်နှာလိုက်၍ မိမိတို့ မနှစ်သက်သော သူ၊ အငြိမ်မနေ၍ ဆော့သော သူတို့အား ဂရုမစိုက်ဘဲ နေခဲ့လျှင်၊ သူတို့ကို ခန့်ထားခြင်း မပြုရ။ အကြောင်းကား သူတို့၏ အလုပ်ကြောင့် သခင်ခရစ်တော် အတွက် ဝိညာဉ်များ ဆုံးရှုံးလိမ့်မည်။ CCB2 206.2
အထူးသဖြင့် ကလေးသူငယ်များအတွက် တည်ကြည် ဣန္ဒြေ ရှိလျက် ကြင်နာ သနားတတ်၍ အလွန် လိုသော သူတို့အတွက် စိတ်ရှည်ခြင်း နှင့် ချစ်ခြင်း မေတ္တာကို ထင်ရှားစေသော ဆရာ၊ ဆရာမများကို လိုပေသည်။23CT 175, 176; CCB2 206.3
ဆရာ၊ ဆရာမသည် ဆုတောင်းဖို့ လိုကြောင်းကို မသိရှိ၊ ဘုရားသခင့် ရှေ့တော်၌ မိမိ ကိုယ်ကို နှိမ့်ချခြင်း မရှိလျှင်၊ ပညာ သင်ကြားခြင်း၏ အခြေခံ အချက်ကို သူသည် ပျက်စီး ဆုံးပါးစေလိမ့်မည်။24CT 231, CCB2 206.4
ဆရာ၊ ဆရာမတို့၏ ကာယဗလ အရည်အချင်းသည် အလွန် အရေးကြီးကြောင်းကို ပြောနေစရာ မလိုပါ။ အကြောင်းကား သူတို့၏ ကျန်းမာရေးသည် သာ၍ စုံလင်လျှင် သူတို့၏ အလုပ်အကိုင်သည်လည်း သာ၍ စုံလင် ပြီးမြောက်လိမ့်မည်။ အားအင် ချို့တဲ့ခြင်း သို့မဟုတ် ရောဂါဝေဒနာတို့ကြောင့် ကိုယ်ကာယ ခွန်အားတို့သည် ဝေဒနာ ခံစားရကြသောအခါ၊ စိတ်သည် စဉ်းစား ဆင်ခြင်ဖို့ရန် မကြည်လင်၊ လုပ်ကိုင် ပြုမူရန် မခိုင်ခံ့ဘဲ နေလိမ့်မည်။ နှလုံးသည် စိတ်အားဖြင့် ဖိနှိပ်ခြင်း ခံရ၏။ သို့ရာတွင် ကိုယ်ကာယ မစွမ်းသန်ခြင်းကြောင့် စိတ်သည် မိမိ၏ အင်အား သတ္တိကို ဆုံးရှုံးလျှင်၊ သာ၍ မြင့်မြတ်သော အထင်အမြင်၊ အကြံအစည်တို့ကို ဖြစ်ပေါ်လာစေသော လမ်းကြောင်းသည် ထိုမျှလောက် ပိတ်ဆို့သွားလေ၏။ ၎င်းပြင် ဆရာသည် အမှန် နှင့် အမှားကို ဝေဖန် ပိုင်းခြားနိုင်သော သတ္တိ၌ နည်းပါး ဆုတ်လျော့သွားလေ၏။ မကျန်းမမာခြင်းကြောင့် ဝေဒနာ ခံစားရသောအခါ၊ သည်းခံခြင်း၊ အားရ ဝမ်းမြောက်ခြင်း ရှိဖို့ရန် သို့မဟုတ် ဖြောင့်မှန်ခြင်း၊ တရားသဖြင့် ပြုခြင်း ရှိဖို့ရန် မလွယ်ကူတော့ချေ။25CT 177; CCB2 207.1