ရှေးဦးအာဂန္တုများကဲ့သို့ပင် ရော်ဂျာဝီလီယမ်သည်လည်း ဘာသာရေး လွတ်လပ်မှုခံစားနိုင်ရန် ဤကမ္ဘာသစ်သို့လာခဲ့ပါသည်။ သို့ရာတွင် ဤလွတ်လပ်ခွင့်မှာ လူခပ်သိမ်းတို့ကွဲပြားခြားနားမှုမရှိဘဲ ခံစားခွင့်ရှိသော အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟူ၍ လူနည်းစုကသာ သိရှိထားသည်ကို သူမြင်တွေ့ခဲ့သည်။ ဝီလီယမ်သည် သမ္မာတရားကို ကြိုးစားရှာဖွေသူဖြစ်ရုံ သာမက ဩတ္တပ္ပစိတ်၏ လွတ်လပ်မှုဆိုင်ရာ ယုံကြည်ချက်အပေါ်တွင် ‘‘ပြည်သူ့အစိုးရကိုတည်ဆောက်သည့် ခေတ်သစ်ခရစ်ယာန်လောကမှ ပထမဦးဆုံးသော လူသားတစ်ဦးဖြစ်သည်။’’ ‘‘လူထုကသော်လည်းကောင်း၊ တရားသူကြီးများကသော်လည်းကောင်း လူတစ်ဦးက လူတစ်ဦးအပေါ် လုပ်ဆောင်ပေးရမည့်တာဝန်များကို ဆုံးဖြတ်ပေးနိုင်ကောင်း ပေးနိုင်ပေမည်။ သို့သော် ဘုရားသခင့်အပေါ် တင်ကျန်နေသောတာဝန်များအကြောင်းကို သူတို့ဖေါ်ပြရန် ကြိုးစားလာသောအခါ သူတို့ဟာ မိုးသောကြက်တင်း နေဝင်စပါးလှန်းသလိုဖြစ်နေသည်။ လုံခြုံမှုရှိသော နေရာမရှိနိုင်ချေ။ ထိုတရား သူကြီးမှာ အာဏာသာရှိခဲ့လျှင် သူဟာဒီနေ့မှာ ထင်မြင်ချက်၊ ယုံကြည်ချက် တစ်ပုံကြီးကိုထုတ်ပြန်ပြီး မနက်ဖြန်မှာ တစ်မျိုးထုတ်ပြန်လာနိုင်သည်။ အင်္ဂလန်မှာ နန်းတက်လာတဲ့ ဘုရင်၊ ဘုရင်မများဟာ အမိန့်တွေအမျိုးမျိုးထုတ်ခဲ့သလို၊ ရောမအသင်းတော်က ခေါင်းဆောင်ဖြစ်လာတဲ့ ရဟန်းမင်းများဟာ အမိန့်တွေအမျိုးမျိုးထုတ်ခဲ့သလို သူလည်း ဒီနေ့တစ်မျိုး၊ မနက်ဖြန်တစ်မျိုး ထုတ်လာနိုင်တယ်’’ ဟု သူဖွင့်ဆိုခဲ့သည်။ HFB 308.1
တည်ထောင်ဖွဲ့စည်းထားသော ဘုရားရှိခိုးကျောင်းများသို့ တက်ရောက်ဝတ်ပြုသူများသည် ဒဏ်ကြေးပေးခြင်း (သို့မဟုတ်) အကျဉ်းချခြင်းများနှင့် ရင်ဆိုင်ကြရသည်။ ‘‘ကွဲပြားခြားနားသော အယူဝါဒ ရှိသူများနှင့် အတင်းအကျပ်ပူးပေါင်းခိုင်းခြင်းသည် ၎င်းတို့၏ မွေးရာပါ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း ဖြစ်သည်ဟု ဝီလီယမ်က မှတ်ယူခဲ့ပါသည်။ ဘာသာရေးမဆန်သော ဝတ်ပြုကိုးကွယ်ပွဲများသို့ စိတ်မပါဘဲ အတင်းအကျပ်တက်ခိုင်းခြင်းသည် ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်ခြင်းနှင့် တူနေသည်။ မည်သူမဆို မိမိအလိုနှင့်ဆန့်ကျင်တဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေကို မပြုလုပ်သင့်ဘူး’’ ဟု သူဖွင့်ဆိုခဲ့သည်။ HFB 309.1
ရော်ဂျာဝီလီယမ်အား လေးစားခင်မင်ကြသော်လည်း ဘာသာရေး လွတ်လပ်ခွင့်ရရန် တောင်းဆိုချက်ကိုမူ သီးမခံခဲ့ကြချေ။ အဖမ်းမခံရစေရန် အတွက် သူသည် ဆောင်းဥတု၏ အအေးဒဏ်နှင့် နှင်းမုန်တိုင်းများကြားမှ တောနက်ကြီးကိုဖြတ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ HFB 309.2
‘‘ကျွန်တော်ဟာ ပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုခံစားရင်း ဘာစားပြီး၊ ဘယ်မှာအိပ်ရမှန်းမသိတဲ့ဘဝနဲ့ တစ်ဆယ့်လေးပတ်လုံးလုံး ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် တောကျီးအတွေက တောထဲမှာ ကျွန်တော့်ကိုကျွေးမွေးပြုစုကြပြီး သစ်ပင်ကြီးတွေက ကျွန်တော့်နားခိုရာ ဖြစ်ခဲ့ပါတယ်’’ ဟု သူရင်ဖွင့်ပါသည်။ သူသည် နှင်းတောထဲတွင် လမ်းမရှိသော သစ်တောကြီးများကိုဖြတ်လျက် ပင်ပင်ပန်းပန်း ဆက်လက်ထွက်ပြေးခဲ့ရာ နောက်ဆုံးတွင် ယုံကြည်စိတ်ချပြီး ချစ်ခင်သနားသည့် အင်ဒီးယမ်းများထံတွင် ခိုနားခွင့်ရခဲ့ပါသည်။ HFB 309.3
လူအသီးသီးတို့သည် မိမိတို့ရရှိသည့်အလင်းတရားအတိုင်း ဘုရားသခင်ကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း အသိအမှတ်ပြုသည့် ခေတ်သစ်၏ ပထမပြည်နယ်အတွက် အုတ်မြစ်ကို သူချခဲ့ပါသည်။ သူနေထိုင်ရာ ရော့ဒ်အိုင်လင်ဟုခေါ်သည့် ပြည်နယ်အငယ်ကလေးမှ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အခြေခံစည်းမျဉ်းများသည် အမေရိကန်သမ္မတနိုင်ငံ၏ တိုက်ထောင့်ကျောက်ဖြစ်လာသည်အထိ တိုးတက်ကြီးပွားလာခဲ့ပါသည်။ HFB 310.1