‘‘လူအသီးသီးတို့ကို တန်းတူရည်တူဖန်ဆင်းထားကြောင်း၊ ဖန်ဆင်းရှင်က ၎င်းတို့အား ထာဝရတည်မြဲသည့်အခွင့်အရေးများဖြင့် ရစ်ပတ် ထားကြောင်း၊ ထိုအရာများတွင် အသက်တာလွတ်လပ်မှုနှင့် ပျော်ရွှင်မှုတို့ ပါဝင်ကြောင်း စသည်တို့သည် သက်သေသာဓကမလိုဘဲ သူ့အလိုလိုသာဓက ပြနေသော သမ္မာတရားများဖြစ်သည်ဟု ကျွန်ုပ်တို့ကိုင်စွဲပါသည်’’ ဟူ၍ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းတွင်ဖေါ်ပြထားသည်။ ‘‘ကွန်ကရက်သည် ဘာသာရေးတည်ဆောက်မှုကို အားပေးသော (သို့မဟုတ်) ထိုဘာသာရေးယုံကြည်ချက်များကို လွတ်လပ်စွာကျင့်သုံးခြင်းကိုတားမြစ်သော မည်သည့်ဥပဒေကိုမျှ ပြဌာန်းလိမ့်မည် မဟုတ်ပါ’’ ဟူ၍ ဩတ္တပ္ပစိတ်၏ အဖျက်အဆီးကင်းမှုအတွက် ကွန်ကရက်က အာမခံခဲ့ပါသည်။ HFB 310.2
လူသားများနှင့် ၎င်းတို့၏ဘုရားသခင်အကြား ဆက်နွှယ်မှုဆိုင်ရာ ထာဝရစည်းမျဉ်းသည် ဥပဒေပြုရန် လက်လှမ်းမမီသောအရာဖြစ်ကြောင်း၊ ဩတ္တပ္ပဆိုင်ရာအခွင့်အရေးများသည် ထာဝရတည်မြဲကြောင်း၊ ထိုအရာသည် မည်သည့်အရာကမှ ထုတ်နုတ်ဖျက်သိမ်းနိုင်ခြင်းငှာ မစွမ်းနိုင်သော မွေးရာပါ စည်းမျဉ်းတစ်ခုဖြစ်ကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲသူများက အသိအမှတ်ပြုခဲ့ကြသည်။ HFB 311.1
လူအသီးသီးတို့သည် မိမိတို့ကိုယ်တိုင်လုပ်ဆောင်မှုများ၏ အသီးအပွင့်များ ခံစားခွင့်ရှိရုံသာမက မိမိဩတ္တပ္ပစိတ်၏ အလိုအတိုင်း လိုက်လျှောက်နိုင်ခွင့်ရရှိသော ဒေသတစ်ခုရှိပြီဖြစ်ကြောင်း သတင်းသည် ဥရောပတစ်ခွင်သို့ပျံ့နှံ့သွားခဲ့ရာ ထောင်နှင့်ချီသောလူထုကြီးသည် ကမ္ဘာသစ်၏ ကမ်းခြေများတွင် စုရုံးလာကြသည်။ HFB 311.2
ပလိုင်းမောက်တွင် ပထမဦးဆုံးခြေချခဲ့သည့်အချိန် (၁၆၂၀) မှစ၍ အနှစ် (၂၀) အတွင်းမှာပင် ထောင်ပေါင်းများစွာသော အာဂန္တုများသည် နယူးအင်္ဂလန်တွင် အခြေချခဲ့ကြသည်။ HFB 311.3
‘‘သူတို့သည် မိမိတို့၏လုပ်အားအတွက် သင့်လျော်လျောက်ပတ်သော ရိတ်သိမ်းမှုမှတစ်ပါး မည်သည့်အရာကိုမှ သူတို့မတောင်းဆိုခဲ့ချေ။ သူတို့သည် လွတ်လပ်ခွင့်သစ်ပင်ကလေးကို မျက်ရည်များဖြင့် ရေလောင်းလျက် လွင်တီးခေါင်ခေါင်ဒေသ၏ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြသည်။ နဖူးကချွေး ခြေမကျသည့်အထိ သူတို့ကြိုးစားလုပ်ဆောင်ခဲ့ကြပါသည်။ HFB 311.4