Go to full page →

ပထမကောင်းကင်တမန်သတင်းစကား HFB 405

ဘုရားသခင်၏ယုံကြည်သူသားသမီးများအား ဖေါက်ပြန်ပျက်စီး တတ်သောဩဇာလွှမ်းမိုးမှုများမှ ကင်းကင်းနေကြရန် ဗျာ၊ ၁၄ တွင်ဖေါ်ပြ ထားသည့် ပထမကောင်းကင်တမန် သတင်းစကားက တောင်းဆိုပါသည်။ ကိုယ်တော်ရှင်ထံသို့ မလာနိုင်အောင် ကာရံထားသည့် ဒုစရိုက်အကျင့်များကို ပြင်ပေးမည့် သတိပေးစကားတစ်ခုကို ထိုသတင်းစကား၌ အသင်းတော်သို့ ဘုရားသခင် မိန့်ဆိုနေပါသည်။ စိတ်နှလုံးနှိမ့်ချလျက် ရှေ့တော်တွင်ရပ်ထရန် ပြင်ဆင်ဖို့ကြိုးစားလျက် ထိုသတင်းစကားကို လက်ခံခဲ့ကြမည်ဆိုလျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၌ထင်ရှားခဲ့ပေလိမ့်မည်။ ‘‘ယုံကြည်သောသူအပေါင်းတို့ စိတ်နှလုံးတညီတညွတ်တည်းရှိခဲ့သော၊’’ ‘‘ကယ်တင်ခြင်းသို့ရောက်သောသူတို့ကို နေ့စဉ်မပြတ် သခင်ဘုရား အသင်းဝင်စေတော်မူခဲ့သော၊’’ တမန်တော်ခေတ်တွင်ရရှိခဲ့ဖူးသည့် စည်းလုံးညီညွတ်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာများကို အသင်းတော်သည် ပြန်လည်ရရှိလာပေလိမ့်မည်။ တမန်၊ ၄:၃၂။ ၂:၄၇။ HFB 405.1

အကယ်၍သာ ဘုရားသခင်၏ သားသမီးများသည် နှုတ်ကပတ်တော်မှ အလင်းတရားကို လက်ခံရရှိခဲ့ကြမည်ဆိုလျှင် ‘‘စိတ်သဘောမခြားမနား တစ်လုံးတစ်ဝတည်းဖြစ်လာမည်။’’ ‘‘သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတစ်ပါးထဲသို့ ခေါ်သွင်းတော် မူသည်နှင့်အညီ ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။ သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး၊ ခပ်သိမ်းသောငါတို့၏အဘဖြစ်သော ဘုရားသခင်တစ်ဆူတည်း ရှိနော်မူ၏’’ ဟု ရှင်ပေါလုဖွင့်ဆိုသည့်အတိုင်း တစ်လုံးတစ်ဝတည်းဖြစ်လာကြလိမ့်မည်။ ဧဖက် ၄၄:၃-၅။ HFB 405.2

မြော်လင့်ခြင်းသတင်းစကားကို လက်ခံလာကြသူများသည် ဂိုဏ်းဂဏ အသီးသီးမှလာကြသည်ဖြစ်ရာ ၎င်းတို့၏ဂိုဏ်းဂဏဆိုင်ရာ အဟန့်အတား များကို ဖယ်ရှားပစ်ခဲ့ကြသည်။ ဆန့်ကျင်ဘက်ဖြစ်နေသော ယုံကြည်ချက် များကို ချေမှုန်းပစ်ခဲ့ကြသည်။ ဒုတိယအကြိမ်ကြွလာခြင်းနှင့်ဆိုင်သည့် မှားယွင်းသောအမြင်များကိုလည်း ပြုပြင်ခဲ့ကြသည်။ အမှားများကို အမှန်သို့ ပြင်ဆင်ကာ စိတ်နှလုံးညီညွတ်စွာဖြင့် ပျော်ရွှင်စွာမိတ်သဟာယဖွဲ့ခဲ့ကြသည်။ ချစ်ခြင်းမေတ္တာသည်သာ ၎င်းတို့အားစိုးမိုးခဲ့ပါသည်။ ခပ်သိမ်းသောလူ အပေါင်းတို့သည် ထိုသတင်းစကားကို လက်ခံခဲ့ကြလိမ့်မည်ဆိုလျှင် ထိုလူ အားလုံးသည် အထက်ပါအခြေအနေတွင်သာ အသက်ရှင်နေထိုင်ကြရလိမ့်မည်။ HFB 406.1

ခရစ်တော်ကြွလာခြင်းနှင့်ဆိုင်သော အရိပ်အယောင်များကို ကင်းစောင့်များကဲ့သို့ ပထမဦးဆုံးသိမြင်သင့်သောတရားဟောဆရာများသည် ပုရောဖက်များရေးသားချက်များနှင့် ခေတ်ကာလ၏နိမိတ်လက္ခဏာများကို လေ့လာရန် ပျက်ကွက်ခဲ့ကြပါသည်။ ဘုရားသခင်ကို ချစ်သည့်မေတ္တာနှင့် နှုတ်ကပတ်တော်အပေါ်ထားသည့် ယုံကြည်ခြင်းများသည် လျော့နည်းလာကာ ထိုကြွလာခြင်းသတင်းစကားသည် ၎င်းတို့အားမယုံကြည်မှုကိုသာ တိုးပွားစေခဲ့ပါသည်။ ‘‘မင်းများ၊ ဖါရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူတစ်စုံတစ်ယောက်မျှ ရှိသလော’’ ဟု ရှေးခေတ်ကပုဂ္ဂိုလ်များက ခရစ်တော်အပေါ်သံသယရှိခဲ့ကြသလို ၎င်းတို့သည် လည်း နှုတ်ကပတ်တော်၏ သက်သေခံချက်အပေါ် မေးခွန်းထုတ်နေကြပါသည်။ အနာဂတ္တိစကားများကို တံဆိပ်ခတ်ထားသည် ဖြစ်ရာ မည်သူမျှနားမလည်နိုင်ပါဟု သွန်သင်လျက် လူအများအား အနာဂတ္တိ ကျမ်းများကိုလေ့လာဖို့ အားမပေးခဲ့ကြချေ။ မိမိတို့၏အသင်းအုပ်ဆရာများကို ယုံကြည်ကိုးစားသူများသည် ထိုသတင်းစကားကိုနားထောင်ရန် ငြင်းဆိုကြ ပါသည်။ တချို့မှာမူ သမ္မာတရားကိုသဘောပေါက်နားလည်ပါသော်လည်း အသင်းတော်မှထုတ်ပစ်မည်စိုးသဖြင့် ပွင့်ပွင့်လင်းလင်းလက်မခံရဲကြပေ။ ယောဟန် ၉:၂၂။ မည်ရွေ့မည်မျှလောက်သော အသင်းသားများသည် ခရစ်တော်ထက် လောကကိုချစ်ခင်တွယ်တာနေကြကြောင်း စမ်းသပ်ရန် ဘုရားရှင်သည် ထိုသတင်းစကားကိုပေးတော်မူပါသည်။ လောကဆန်ခြင်း၊ ယုံကြည်ခြင်းဖေါက်ပြန်ခြင်းနှင့် ဝိညာဉ်ရေးသေခြင်း စသည့် ၁၈၄၄ ခုနှစ် အသင်းတော်တွင် ဖြစ်ပေါ်နေသည့် ကြောက်စရာအခြေအနေများသည် ပထမ ကောင်းကင်တမန်၏ သတင်းစကားကိုငြင်းပယ်ရခြင်း၏ အကြောင်းရင်း ဖြစ်ပါသည်။ HFB 406.2