Go to full page →

ကျမ်းစာတွင်ဖော်ပြမထားသည့် စကြဝဠာဆိုင်ရာကယ်တင်ခြင်း HFB 586

စကြဝဠာတစ်ခုလုံး (ဝါ) လူသားအားလုံးကယ်တင်ခြင်းရမည်ဟု ယုံကြည်နေသူများသည် သမ္မာကျမ်းစာကို ကမောက်ကမလုပ်နေသူများ ဖြစ်သည်။ ‘‘သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။’’ ‘‘ထိုအသီးကို စားသောနေ့တွင် သင်တို့သည် မျက်စိပွင့်လင်းလျက်--- ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့’’ ဟူ၍ ဧဒင်ဥယျာဉ်ထဲတွင် မြွေပြောခဲ့သည်စကားများကို ခရစ်တော်၏ အမှုဆောင်များက ထပ်လောင်းပြောဆိုနေကြပါသည်။ လူသတ် သမားများ၊ သူခိုးများနှင့် လိင်ဖောက်ပြန်သူများတည်းဟူသော အဆိုးယုတ်ဆုံး အပြစ်သားများသည်လည်း သေလွန်သောအချိန်တွင် ထာဝရကောင်းကျိုး ချမ်းသာထဲသို့ဝင်စားကြရလိမ့်မည်ဟု စာတန်ဖွင့်ဆိုခဲ့ပါသည်။ ဇာတိပကတိ အလိုဆန္ဒနှင့် အထူးလိုက်ဖက်သည့် နားထောင်ကောင်းသည့် ယုံတမ်းစကား တစ်ခုပါတကား။ HFB 586.1

အကယ်၍သာ လူသေလျှင် ကောင်းကင်သို့တိုက်ရိုက်ဝင်စားလိမ့်မည် ဆိုသည့်ယုံကြည်ချက်သည် မှန်ကန်ခဲ့ပါလျှင် ကျွန်ုပ်တို့သည် အသက်ရှင် ခြင်းထက် သေခြင်းကိုပို၍လိုလားသင့်ကြပါသည်။ မိမိကိုယ်ကိုအဆုံးစီရင်ရန် ဤယုံကြည်ချက်က လူအများအား လမ်းပြခဲ့ပါသည်။ လူတို့သည် ဒုက္ခပင်လယ် ဝေနေသောအချိန်တွင် ထာဝရကာလကောင်းကျိုးချမ်းသာကို ခံစားနိုင်ရန် ကိုယ့်ကိုကိုယ်အဆုံးစီရင်ရန် လွယ်ကူမယောင်ဖြစ်နေပါသည်။ HFB 586.2

သို့ရာတွင် ပညတ်တော်ကိုလွန်ကျူးသူများအား အပြစ်ပေးတော် မူမည်ဟူသော ခိုင်မာသောသာဓကများကို သမ္မာကျမ်းစာတွင် ထာဝရဘုရားဖော်ပြထားတော်မူပါသည်။ အပြစ်သားများအပေါ်တရားမျှတစွာ စီရင်နိုင်လောက်အောင် ထာဝရဘုရားသည် ကရုဏာနှင့်ပြည့်စုံတော် မူပါသလား။ ကရာနီကုန်းပေါ်က ကပ်တိုင်ကိုကြည့်ကြပါ။ ‘‘အပြစ်၏အခသည် သေခြင်းဖြစ်သည်’’ ကို သားတော်ဘုရား၏ အသေခံခြင်းက သက်သေခံနေပါသည်။ (ရောမ ၆:၂၃)။ ပညတ်တော်ကိုလွန်ကျူးသမျှအစုစု တို့သည် ဒဏ်ခတ်ခြင်းကိုခံကြရလိမ့်မည်။ အပြစ်ကင်းသောခရစ်တော်သည် လူသားများအတွက် အပြစ်တရားဖြစ်လာခဲ့ပါသည်။ အပြစ်သားများအားလုံး ကယ်တင်ခြင်းခံရစေရန်အလို့ငှာ နှလုံးကြေကွဲ၍ ဘဝပျက်သုဉ်းသွားသည့် အခြေအထိ ခမည်းတော်ဘုရား၏မျက်နှာလွှဲခြင်းနှင့် ပညတ်တော်လွန်ကျူး ခြင်း၏ အဖိုးအခများကို ကိုယ်တော်ခံယူတော်မူခဲ့ပါသည်။ ဤမျှကြီးမား လှသည့် အဖိုးအခကို ပေးထားရသည့် အပြစ်ဖြေခြင်းအမှုကိုလက်ခံရန် ငြင်းဆိုသည့် ဝိညာဉ်အသီးသီးတို့သည် အပြစ်အတွက် ပြစ်ဒဏ်စီရင်ချက် များကို ကိုယ်တိုင်ခံယူကြရပါမည်။ HFB 586.3