အသက်ရှင်ရာထမြောက်ခြင်းနှင့် ထိုက်တန်သည်ဟု သတ်မှတ်ခြင်း ခံရသူများသည် ‘‘မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ’’ များဖြစ်ကြ၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏လက်နှင့်ကင်းလွတ်၏။ သို့ရာတွင် နောင်တရခြင်း၊ ယုံကြည်ခြင်းများအားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို မရယူခဲ့ မိသူများသည် ၎င်းတို့၏အကျင့်အလျှောက် အပြစ်၏အဖိုးအခကိုခံယူကာ ဒုတိယသေခြင်းတွင် ဘဝနိဂုံးချုပ်ကြရပါမည်။ HFB 593.1
ထာဝရဘုရားသခင်သည် အပြစ်နှင့်အတူ ပူးတွဲအသက်ရှင်နေသော အပြစ်သားကိုကယ်တင်ရန် မဖြစ်နိုင်သောကြောင့် ၎င်းအားအပြစ်ကြောင့် လက်လွှတ်ဆုံးရှုံးပြီးထားသည့် တည်ရှိနေမှုမှလည်းကောင်း၊ ကိုယ့်ကိုကိုယ် မထိုက်တန်ကြောင်း ထင်ရှားစေခဲ့သည့် တည်ရှိမှုမှလည်းကောင်း ပယ်ရှင်းပစ်တော်မူပါသည်။ ‘‘ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍မတွေ့ရ။’’ ‘‘မရှိဖူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။’’ ဆာလံ ၃၇:၁၀။ ဩဗဒိ ၁၆။ ထိုသူတို့သည် မြော်လင့်ချက် မဲ့စွာဖြင့် ထာဝရပျက်စီးခြင်းထဲသို့ ရောက်သွားကြလိမ့်မည်။ HFB 593.2
ဤသို့သောနည်းအားဖြင့် အပြစ်တရားကို ဆုံးခန်းတိုင်စေတော် မူလိမ့်မည်။ ‘‘ဆိုးသောသူတို့ကို ဖျက်ဆီး၍ သူတို့နာမကို ကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။ ရန်သူတို့သည် အကုန်အစင် ပျက်စီးခြင်းသို့ရောက်ကြ ပါပြီ။’’ ဆာလံ ၉:၅-၆။ ဗျာဒိတ်ဆရာရှင်ယောဟန်သည် ညီညာပြီး သာယာငြိမ့် ညောင်းသည့် စကြဝဠာလုံးဆိုင်ရာ ဓမ္မတေးသံများကိုကြားရပါသည်။ ငြိမ်းသတ်လို့မရသည့် ငရဲမီးအိုင်ထဲတွင် ထွန့်ထွန့်လူးနေသောမည်သည့် ဆိုးယုတ်သူတစ်ဦးတစ်ယောက်၏စော်ကားသံ၊ ဟစ်ကြွေးမြည်တွန်သံကမှ ကယ်တင်ခြင်းခံရသူများ၏ ဓမ္မတေးချီးမွမ်းသံများနှင့် မရောယှက်ပါချေ။ HFB 594.1
သဘာဝအားဖြင့် ဝိညာဉ်သည် သေမျိုးမဟုတ်ဟူသော အယူအဆကြောင့် သေဆုံးသူများ၌ ဩတ္တပ္ပစိတ်အသိရှိသည်ဟူသော ဩဝါဒသည် ဖြစ်ပွားလာပါသည်။ ဤဩဝါဒသည်သည်လည်း ထာဝရကာလ ညှဉ်းပန်းနှိပ်စက်ခြင်းဟူသော အယူအဆကဲ့သို့ပင် သမ္မာကျမ်းစာနှင့် မကိုက်ညီသည့်အရာတစ်ခုဖြစ်ပါသည်။ HFB 594.2
ရေပန်းစားနေသောယုံကြည်ချက်တစ်ခုမှာ ကောင်းကင်နိုင်ငံသို့ ရောက်နေသည့် ကယ်တင်ခြင်းခံရသူများသည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်သမျှ အားလုံးနှင့် ရင်းနှီးနေသည်ဆိုသည့်အချက်ပင်ဖြစ်သည်။ သို့ရာတွင် လူသားများ ဝမ်းနည်းကြေကွဲဒုက္ခရောက်သည်မြင်ကွင်းကို မြင်တွေ့နေရသည့် လူသေသည် အဘယ်သို့ဝမ်းသာကြည်နူးနိုင်ပါမည်နည်း။ နောင်တမရသည့် ပုဂ္ဂိုလ်တစ်ဦးသည် ဇီဝိန်ချုပ်သွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏အသက် ဝိညာဉ်ကို ငရဲမီးလျှံများထဲတွင် ဒုက္ခခံစေသည်ဆိုသည့် ယုံကြည်ချက် သည်လည်း အလွန်ရွံရှာဖွယ် ကောင်းလှပါသည်။ HFB 594.3
လူသေလျှင် မည်သို့ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက ဖွင့်ဆိုထားပါ သနည်း။ ‘‘သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ချင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။’’ ‘‘အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်၌ ပြုသမျှသောအမှု၌ သူတစ်ပါးနှင့် ရောနှော၍မဆိုင်ရ။’’ ‘‘မရဏာနိုင်ငံသည် ဂုဏ်တော်ကိုမချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်းထဲသို့ဆင်းသောသူသည် သစ္စာတော်ကို မမျှော်လင့်ရပါ။’’ ‘‘သေလျက်နေစဉ်တွင် ကိုယ်တော်ကိုအောက်မေ့ခြင်း မရှိပါ။ မရဏာနိုင်ငံတွင် ကျေးဇူးတော်ကို အဘယ်သူချီးမွမ်းပါမည်နည်း။’’ ဆာလံ ၁၄၆:၄။ ဒေသနာ ၉:၅-၆။ ဟေရှာ၊ ၃၈:၁၈။ ဆာလံ ၆:၅။ HFB 595.1
‘‘ဒါဝိဒ်သည် သေ၍သင်္ဂြိုဟ်သောတွင်းသည် ယခုတိုင်အောင် ငါတို့၌ ရှိ၏။--- ဒါဝိဒ်သည် ကောင်းကင်သို့မတက်သေး’’ ဟု ပင်တေကုတ္တေပွဲနေ့က ပေတရုဟောကြားသက်သေခံခဲ့ပါသည်။ ရှင်ပြန်ထမြောက်မည့်နေ့တိုင်အောင် ဒါဝိဒ်သည် သင်္ချိုင်းထဲတွင် ဆက်လက်ရှိနေသည်ဆိုသည့်အချက်သည် ဖြောင့်မတ်သူများသေဆုံးလျှင် ချက်ချင်းကောင်းကင်သို့ တက်သွားခြင်း မရှိကြောင်းကို ထင်ရှားစေပါသည်။ HFB 595.2
‘‘အကြောင်းမူကား သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ဘုရားသခင်သည် ခရစ်တော်ကိုထမြောက်စေတော်မမူ။’’ ‘‘ခရစ်တော်က ထမြောက်တော်မမူလျှင် သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ။ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။ ထိုမှတစ်ပါး ခရစ်တော်ကိုယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ’’ ဟုလည်း ရှင်ပေါလုဖွင့်ဆိုထားပါသည်။ ၁ကော၊ ၁၅:၁၆-၁၈။ အကယ်၍သာ နှစ်ပေါင်း ၄၀၀၀ အတွင်း ဖြောင့်မတ်သူများသေဆုံးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်သို့ရောက်သွားသည်မှန်လျှင် ‘‘ထမြောက်ခြင်း မရှိလျှင်--- ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြပြီ’’ ဟု အဘယ်ကြောင့် ရှင်ပေါလုပြောနေရသနည်း။ HFB 595.3
ယေရှုသည် တမန်တော်များနှင့်ခွဲခွာခါနီးကလေးတွင် ၎င်းတို့သည် မကြာမီမှာပင် ကိုယ်တော်ထံသို့ရောက်လာကြလိမ့်မည်ဟု မိန့်တော်မမူဘဲ ‘‘သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍--- သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်’’ ဟု မိန့်တော်မူခဲ့ပါသည်။ ယောဟန် ၁၂:၂-၃။ ရှင်ပေါလု ကလည်း ဤသို့ဆက်လက်ဖွင့်ဆိုထားပါသည်။ ‘‘သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကိုမှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆက်သက်တော် မူ၍ ခရစ်တော်၌သေလွန်သောသူတို့သည် အဦးအထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ ဘုရားသခင့်ထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြ လိမ့်မည်။’’ ‘‘သို့ဖြစ်၍ ဤစကားများအားဖြင့် အချင်းချင်းတစ်ယောက်ကို တစ်ယောက် သက်သာစေကြလော့။’’ ၁သက်၊ ၄:၁၆-၁၈။ သခင်ဘုရားကြွလာ သောအခါ သင်္ချိုင်းများသည်ဖွင့်ဟကာ ခရစ်တော်၌သေလွန်သူများသည် ထာဝရအသက်ရကြလိမ့်မည်။ HFB 596.1
လူအပေါင်းတို့သည် စာစောင်များတွင်မှတ်တမ်းတင်ထားသည့်အတိုင်း တရားစီရင်ခြင်းခံရမည်ဖြစ်ပြီး မိမိတို့၏အကျင့်အလျှောက် ပေးဆပ်ခြင်းကို ခံကြရမည်။ ထိုတရားစီရင်ခြင်းသည် သေလွန်သောအချိန်တွင် ပြုလုပ်သော အရာ မဟုတ်ချေ။ ‘‘ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနင့် ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။’’ ‘‘ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူရန်--- အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင်တကွ ကြွလာတော်မူလိမ့်မည်။’’ တမန်၊ ၁၇:၃၁။ ယုဒ ၁၄၊ ၁၅။ HFB 597.1
သို့ရာတွင် အကယ်၍သာ သေလွန်သူများသည် ကောင်းကင်နိုင်ငံ တော်သို့ ရောက်ရှိနေကြပြီဆိုလျှင်သော်လည်းကောင်း၊ ငရဲမီးထဲတွင် ဒုက္ခခံနေ ကြရပြီဆိုလျှင်သော်လည်းကောင်း ထိုတရားစီရင်ခြင်းကိုလုပ်ရန် လိုအပ်ပါသေးသလား။ ဘုရား၏နှုတ်တော်ထွက်စကားများကို သာမန်ပုဂ္ဂိုလ် များပင် နားလည်နိုင်ကြပါသည်။ ရေပန်းစားနေသည့်သီအိုရီမှ ဉာဏ်ပညာကို ဖြစ်စေ၊ တရားမျှတမှုကိုဖြစ်စေ ပွင့်လင်းသောပုဂ္ဂိုလ်များမြင်တွေ့နိုင်ကြ ပါသလား။ ‘‘သုဓုသစ္စာရှိသောငယ်သားကောင်း၊---သင်၏သခင်နှင့်အတူ စည်းစိမ်ထဲသို့ဝင်စားလော့’’ ဟု ဘုရားသခင့်ရှေ့တော်မှာ ကာလကြာမြင့်စွာ ခံစားနေသူများအား ခရစ်တော်ကြွလာသည့်အချိန်ကျမှ ချီးမွမ်းစေမည်လား။ ‘‘ကျိန်ခြင်းခံရသောသူတို့၊ ထာဝရမီးထဲသို့သွားကြလော့’’ ဟု သေလွန်ချိန်ကတည်းက ငရဲရောက်သွားခဲ့သူများအား ခရစ်တော်ကြွလာချိန်ကျမှ ပြစ်ဒဏ်စီရင်ချက်ချမှတ်နေမည်လား။ မဿဲ ၂၅:၂၁၊ ၄၁။ HFB 597.2
ဝိညာဉ်သည် သေမျိုးမဟုတ်ဟူသောဝါဒသည် ဗာဟီရဝါဒထံမှ ရောမများငှားယူကျင့်သုံးသည့် မှားယွင်းသောအယူဝါဒများမှ တစ်ခုဖြစ်သည်။ ထိုအယူဝါဒကို ‘‘စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်ယုံတမ်းစကား’’ ဟု လူးသာက မှတ်တမ်းတင်ခဲ့ပါသည်။ သေလွန်သူများသည် ထမြောက်ခြင်းနေ့ တိုင်အောင် အိပ်ပျော်နေကြလိမ့်မည်ဟု သမ္မာကျမ်းစာကသွန်သင်ပါသည်။ HFB 598.1
မောပန်းနွမ်းနယ်နေသော ဖြောင့်မတ်သူများအတွက် မင်္ဂလာရှိသော နားနေခြင်းပါတကား။ အချိန်အငန်းအတာအနေဖြင့် ရှည်လျှင်ရှည်မည်။ တိုလျှင်တိုမည်။ သူတို့အတွက်မူ တဒင်္ဂပဟာန်ကလေးသာ ဖြစ်ပါသည်။ သူတို့ အိပ်ပျော်နေကြသည်။ ခရစ်တော်၏တံပိုးသံကြောင့် သူတို့နိုးထလာကာ မသေနိုင်သည့်အဖြစ်သို့ဝင်စားကြလိမ့်မည်။ ‘‘တံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌ တည်လျက်ထမြောက်၍--- ယခုမျက်မှောက်ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စား ရမည်။ ယခုမျက်မှောက်သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။ (ထိုအခါ) သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌ လာချက်ပြည့်စုံလိမ့်မည်။’’ ၁ကော၊ ၁၅:၅၂-၅၄။ HFB 598.2
အိပ်စက်ရာမှ နိုးထလာသောထိုသူများသည် မိမိတို့အဆုံးသတ်ခဲ့သည့် နေရာကို စဉ်းစားမိကြသည်။ ၎င်းတို့နောက်ဆုံးခံစားခဲ့ရသည့်အရာမှာ သေခြင်း၏စူးရှမှု၊ ၎င်းတို့၏နောက်ဆုံးအတွေးမှာ သေခြင်း၏တန်ခိုး အောက်တွင် ကျဆုံးခြင်းတို့သာတည်း။ သင်္ချိုင်းတွင်းမှ ထမြောက်လာသောအခါ သူတို့ပထမဦးဆုံးကြွေးကြော်ခဲ့သည့် အောင်ပွဲဆင် ကြွေးကြော်သံမှာ ‘‘အိုသေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ။ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း’’ ဟူ၍ဖြစ်၏။ ၁ကော၊ ၁၅:၅၅။ HFB 598.3
*****