Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ယုဒအမျိုးသား

    သား နှစ်ယောက်၏ ဥပမာ ပြီးဆုံးသောအခါ စပျစ်ဥယျာဉ်၏ ဥပမာနှင့် ခရစ်တော် သြဝါဒ ပေးတော်မူ၏။ ပထမ ဥပမာတွင် ယုဒဆရာများအား နားထောင်ခြင်း၏ အရေးကြီးပုံကို ညွှန်ပြတော်မူ၏။ နောက် ဥပမာတွင်မူကား၊ ဣသရေလတို့ အပေါ်သို့ ကြွယ်ဝစွာသော ကောင်းချီးမင်္ဂလာများ သွန်းလောင်းတော်မူကြောင်း တရားနာသူများအား ဖေါ်ပြတော်မူလျက် နားထောင်ခြင်း ရှိကြရန် ဘုရားသခင် ဆင့်ဆိုတော်မူကြောင်း ယင်း ဥပမာများအားဖြင့် သွန်သင်ပြသတော်မူ၏။ သူတို့ နားထောင်ခဲ့ကြပါလျှင် ဘုရားသခင်၏ ဘုန်းတော်ဆိုင်ရာ ကြံရွယ်တော်မူချက်သည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည် ဖြစ်ကြောင်း သူတို့၏ ရှေ့မှောက်တွင် ချ၍ ပြတော်မူ၏။ သို့သော် ယင်း ကြံရွယ်တော်မူချက်ကို ပြီးပြည့်စုံအောင် မဆောင်ရွက် မလိုက်နာခဲ့ကြသဖြင့် အမျိုးသား တစ်ရပ်လုံးသည် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများကို အဆုံးခံခဲ့ရကြသည် သာမက သူတို့ အားလုံး ယိုယွင်းပျက်စီးသည့် အခြေသို့ ဆိုက်ရောက်ရကြလိမ့်မည် ဖြစ်ကြောင်း အနာဂတ်ကို ဖွင့်၍ ပြတော်မူ၏။COLB 347.1

    “အိမ်ရှင် တစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင့်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကို ငှါး၍ အခြားသော ပြည်သို့ သွားလေ၏။” ဟု ခရစ်တော် ဥပမာကို ဆောင်တော်မူ၏။COLB 347.2

    ယင်း စပျစ်ဥယျာဉ်နှင့် စပ်လျဉ်း၍ ပုရောဖက် ဟေရှာယက မှတ်တမ်း တင်ထားခဲ့သည်မှာ “ငါ ချစ်ရာ သခင်၏ စပျစ်ဥယျာဉ်တော်ကို အကြောင်းပြု၍ မေတ္တာသီချင်းကို ရှေ့တော်၌ ဆိုပေအံ့။ မြေကောင်းသော တောင်ပေါ်မှာ ငါချစ်ရာ သခင်၏ စပျစ်ဥယျာဉ်တော် တစ်ဆူ ရှိ၏။ မြေကို တူးဆွ၍ ကျောက်ခဲတို့ကို ရှင်းလင်းစေပြီးမှ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာ တဲလင့်ကိုလည်း ဆောက်၍ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်၏။” ဟေရှာ၊ ၅:၁၊၂။COLB 347.3

    အိမ်ရှင်သည် တောတွင်း၌ မြေတစ်ကွက်ကို ရွေးချယ်၍ စောင်ရန်းကာ၏၊ ရှင်းလင်း သုတ်သင်၏၊ ထွန်ယက်တူးဆွ၏။ ပြီးလျှင် ကြွယ်ဝစွာသော အပွင့်အသီးတို့ကို မျှော်မှန်းလျက် အကောင်းဆုံးသော စပျစ်နွယ်ပင် အမျိုးကို စိုက်လေ၏။ သူ ကိုယ်တိုင် ကြိုးစား အားထုတ်၍ စိုက်ပျိုး ပြုစုထားခြင်းကြောင့် ယင်း မြေကွက်သည် အကျိုးဖြစ်ထွန်းလိမ့်မည်၊ အခြား စိုက်ပျိုး ပြုစုထားခြင်း မရှိသော မြေရိုင်းထက် ကောင်းမွန်လိမ့်မည်၊ ယင်း မြေကွက်က သူ့အား ဂုဏ်ပြုလိမ့်မည် စသည်ဖြင့် သူ မျှော်ကိုးထား၏။ ထိုနည်းတူ ခရစ်တော် ကိုယ်တိုင် လေ့ကျင့် ပညာပေးရန် ကမ္ဘာပေါ်ရှိ လူမျိုး တစ်ခုကို ဘုရားရှင် ရွေးချယ်ထားတော်မူ၏။ ပုရောဖက်က ဆက်လက်၍ ဖေါ်ပြထားသည်မှာ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား ဣသရေလ အမျိုးတည်း။ နှစ်သက်တော်မူသော ပျိုးပင်ကား ယုဒလူတည်း။” ဟေရှာ၊ ၅:၇။ ယင်း လူမျိုးအား ဘုရားသခင်သည် များစွာသော အခွင့်အရေးတို့ကို ပေးတော်မူ၏။ ကိုယ်တော်၏ ပြည့်စုံကုံလုံသည့် ကောင်းမြတ်တော်မူခြင်း ဆိုင်ရာကြွယ်ဝသော ကောင်းချီးမင်္ဂလာများကို သွန်းလောင်းတော်မူ၏။ သူတို့သည် အသီးကို သီးခြင်းအားဖြင့် ဘုရားရှင်ကို ဂုဏ်ပြုကြရန် ကိုယ်တော် အလိုရှိတော်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်ဆိုင်ရာ အခြေခံ သဘောတရားများကို သူတို့ကို ထင်ရှားစွာ ဖေါ်ပြရကြပါမည်။ ဆိုးသွမ်းကျဆုံးနေသည့် ကမ္ဘာကြီးတွင် သူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို ပုံဆောင်ကြရန် ဖြစ်ပါသည်။COLB 348.1

    သူတို့သည် ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်ဆိုင်ရာ လူမျိုး ဖြစ်သောကြောင့် မယုံကြည်သော လူမျိုးများထက် ထူးခြား ကောင်းမွန်သော အသီးများကို သီးရကြပါမည်။ ဘုရားတရားကို မဆည်းကပ် မယုံကြည်သော လူမျိုးသည် ဆိုးသွမ်းသော အမျိုး ဖြစ်ကြ၏၊ သောင်းကျန်း ၏၊ ရာဇဝတ်မှု ကျူးလွန်၏၊ လောဘ လွန်ကြူး၏၊ ဖိစီးနှိပ်စက်တတ်၏၊ များစွာ ဖေါက်ပြန်တတ်၏၊ ချုပ်တည်းခြင်း မရှိဘဲ ကိုယ်စိတ်အလိုသို့ လိုက်တတ်၏။ ယင်း ဖေါက်ပြန်သော အပင်သည် မကောင်းမှု ဒုစရိုက်ပြုခြင်း၊ အသရေယုတ်ခြင်း၊ စိတ်ငြိုငြင်ခြင်း အသီးများကို သီးတတ်၏။ ဘုရားသခင် စိုက်ပျိုးတော်မူသည့် စပျစ်ပင်မှ အသီးများသည် ယင်း အသီးများနှင့် သိသိသာသာ ထူးခြား ကွဲပြားသော အသီးများ ဖြစ်ရပါမည်။COLB 348.2

    မောရှေအား ဖေါ်ပြတော်မူသည့်အတိုင်း ယုဒလူမျိုးတို့သည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်ကို ပုံဆောင်ရန် အခွင့်အရေး ရှိကြပါသည်။ “ကိုယ်တော်၏ ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ” ဟု မောရှေ ပတ္ထနာပြုသောအခါ “ငါ၏ ကောင်းမွန်ခြင်း ရှိသမျှကို သင့် ရှေ့၌ ငါ လျှောက်သွားစေမည်” ဟု ထာဝရအရှင် ဘုရားသခင်ကတိပြုတော်မူ၏။ ထွ၊ ၃၃:၁၃၊၁၉။ “ထာဝရဘုရားသည် မောရှေ ရှေ့၌ ကြွသွားတော်မူလျက် ထာဝရဘုရား၊ ထာဝရဘုရား၊ ချစ်သနားခြင်း မေတ္တာ ကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင် အသောင်းများသော သူတို့အား သနားခြင်း ကျေးဇူးတရားကို စောင့်တော်မူထသော။” ထွ၊ ၃၄:၆၊၇။ ဘုရားသခင်သည် မိမိ၏ လူတို့အား ဤကဲ့သို့ အသီးများကို သီးစေလိုတော်မူ၏။ “ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။” ဆာ၊ ၁၉:၇။ ဟု ဖေါ်ပြ ပါရှိသည့် အတိုင်း သူတို့၏ အကျင့်စာရိတ္တ ဖြူစင်ရမည်၊ သူတို့၏ အသက်တာ သန့်စင်ရမည်၊ သနားကြင်နာတတ်ရမည်၊ မေတ္တာကရုဏာ ရှိရမည်၊ ကျေးဇူးပြုရမည်။COLB 349.1

    ယုဒ အမျိုးသားများအားဖြင့် လူမျိုး အပေါင်းတို့အား ကြွယ်ဝစွာသော ကောင်းချီးမင်္ဂလာများကို သွန်းလောင်းတော်မူရန် ဘုရားသခင် စီမံတော်မူ၏။ ကိုယ်တော်၏ အလင်းတရားတော်ကို တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့စေရန် သယ်ဆောင်ရေးအတွက် လမ်းခရီးကို ဣသရေလ လူမျိုးတို့အား ပြင်ဆင်စေလိုတော်မူ၏။ ကမ္ဘာပေါ်ရှိ လူမျိုး အပေါင်းသည် ဖေါက်ပြန် ကြသောကြောင့် ဘုရားသခင်၏ အကြောင်းကို မသိကြတော့ပါ။ သို့သော် ဘုရားသခင်သည် ကရုဏာတော်အားဖြင့် ထိုသူတို့အား ဖျက်ဆီး သုတ်သင်တော် မမူဘဲ အသင်းတော်မှ တစ်ဆင့် ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့နိုင်ရန် စီမံတော်မူချက်အတိုင်း အခွင့်အရေး ပေးတော်မူ၏။ မိမိ၏ လူမျိုးတို့မှ တစ်ဆင့် ဖေါ်ပြသော အခြေခံ သဘောတရားများအားဖြင့် လူသား၌ ဘုရားသခင်၏ သန့်စင်သော ပုံသဏ္ဌာန်တော်ကို ပြန်လည် တည်မြဲစေရန် ကိုယ်တော် စီမံတော်မူ၏။COLB 349.2

    ယင်း စီမံမှုထမြောက်စေရန်အတွက် ဘုရားသခင်သည် အာဗြဟံအား ဘုရားတရားနှင့် ကင်းဝေးသည့် အမျိုးသားချင်းများနှင့် ခွဲခွာပြီးလျှင် ခါနာန်ပြည်သို့ သွား၍ နေထိုင်ရန် ခေါ်တော်မူခဲ့၏။ “ငါသည် သင့်ကို လူမျိုးကြီး ဖြစ်စေမည်၊ ငါ ကောင်းချီးပေး၍ သင်၏ နာမကို ကြီးမြတ်စေမည်။ သင်သည် ကောင်းချီးခံရသော သူ ဖြစ်လိမ့်မည်။” ဟု ပဋိညာဉ်ပြုတော်မူ၏။ က၊ ၁၂:၂။COLB 350.1

    အာဗြဟံ၊ ယာကုပ် နှင့် သားမြေးတို့မှ ဆင်းသက်သော လူမျိုးသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော အခြေခံ သဘောတရားကို ထင်ရှားစွာ ပြသကြစေရန်အတွက် သူတို့အား ဘုရားသခင်သည် ဆိုးသွမ်းသည့် အဲဂုတ္တုပြည်ကြီးသို့ ခေါ်ဆောင်ခဲ့တော်မူ၏။ ယောသပ်သည် အဲဂုတ္တု လူတစ်မျိုးလုံး၏ အသက်အိုးအိမ် စည်းစိမ်ကို အံ့သြဖွယ်ရာ စောင့်ရှောက် ထိန်းသိမ်းခဲ့ပုံ နှင့် သူ၏ စုံလင်သော အသက်တာသည် ခရစ်တော်၏ အသက်တာကို ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ မောရှေနှင့် တကွ များစွာသော သူတို့သည်လည်း ဘုရားသခင်၏ သက်သေခံများ ဖြစ်ကြ၏။COLB 350.2

    ထိုမှတစ်ဖန် ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ထုတ်ဆောင်ခဲ့ရာ၌ ထာဝရအရှင် ဘုရားသခင်၏ တန်ခိုးတော် နှင့် ကရုဏာတော်ကို ထင်ရှားပေါ်လွင်စေခြင်း ဖြစ်ပါသည်။ သူတို့ ကျွန်ခံရာ နေရာမှ အံ့မခန်းအောင် ကယ်တင်ခဲ့ခြင်းသည် လည်းကောင်း၊ တောကြီး အတွင်း၌ ခရီးလှည့်လည် သွားလာကြစဉ် သူတို့နှင့် ဆက်ဆံတော်မူခဲ့ပုံများသည် လည်းကောင်း သူတို့ ကိုယ်ကျိုးအတွက် သက်သက် မဟုတ်ပါ၊ ပတ်ဝန်းကျင်ရှိ လူမျိုးများအတွက် သရုပ်ပြ သင်ခန်းစာများလည်း ဖြစ်ပါသည်။ ထာဝရဘုရားသည် လူသားတို့၏ တန်ခိုး အာဏာစက် နှင့် ကြီးမြတ်ခြင်း ရှိသမျှထက် သာလွန် မြင့်မြတ်တော်မူကြောင်း ထင်ရှားစွာ ပြတော်မူ၏။ မိမိ လူမျိုးအတွက် ပြတော်မူသည့် နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများသည် သဘာဝ နှင့် သဘာဝကို ကိုးကွယ်သူများ၏ တန်ခိုး အာဏာထက် ကြီးမြတ်တော်မူကြောင်းကို ပြပါသည်။ ဝင့်ကြွားသော အဲဂုတ္တုပြည်ကြီး အတွင်း ပြုတော်မူခဲ့သည့်အတိုင်း နောက်ဆုံးသော ကာလ၌လည်း ဤ ကမ္ဘာမြေကြီး ပေါ်တွင် ပြုတော်မူလိမ့်မည်။ မီး နှင့် လေပြင်းမုန်တိုင်းအားဖြင့် လည်းကောင်း၊ မြေငလျင် လှုပ်ခြင်း နှင့် သေခြင်းတရားအားဖြင့် လည်းကောင်း ငါ ဖြစ်သည်အတိုင်း ငါ ဖြစ်သည်ဟု အမည် ရှိတော်မူသော ကြီးမြတ်တော်မူသည့် အရှင်သည် မိမိ၏ လူမျိုးအား ရွေးနုတ်တော်မူ၏။ ကျွန်ခံရာ ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။ “မီးမြွေ၊ ကင်းမြီးကောက် များ၍ ရေ မရှိ၊ အငတ်ခံရာ အရပ်၊ ကြောက်မက်ဖွယ်သော တောကြီး” ကို ဖြတ်ကျော်၍ ပို့ဆောင်တော်မူ၏။ “မီးပါကျောက်” ထဲက ရေကို ထွက်စေ၍ ရေငတ်ပြေစေတော်မူ၏။ တရား၊ ၈:၁၅။ “ကောင်းကင် ဆန်စပါး” နှင့်လည်း သူတို့အား ကျွေးမွေးတော်မူ၏။ ဆာ၊ ၇၈:၂၄။ “ထာဝရဘုရား၏ အဖို့ကား လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။ လူ ဆိတ်ညံသော အရပ်၊ သားရဲ မြည်၍ လွတ်လပ်သော တောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်း ကျေးဇူးကို ပြ၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။ ရွှေလင်းတသည် အသိုက်ကို မွှေလျက်၊ သားငယ်တို့ အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကို ဖြန့်လျက်၊ သားငယ်တို့ကို ယူ၍ မိမိ အတောင်တို့ဖြင့် ဆောင်သကဲ့သို့ ထာဝရဘုရား တစ်ပါးတည်းသာလျှင် ယာကုပ်ကို ဆောင်သွားတော်မူ၏။ အခြား တစ်ပါးသော ဘုရား မရှိ။” ဟု မောရှေ ကြေငြာခဲ့၏။ တရား၊ ၃၂:၉-၁၂။ ဤနည်းအားဖြင့် သူတို့သည် အမြင့်ဆုံးသော ဘုရား၏ အရိပ်ကို ခိုလှုံ၍ နေထိုင်ကြရန် ကိုယ်တော်သည် သူတို့အား မိမိထံတော်သို့ ဆောင်ခဲ့တော်မူ၏။COLB 350.3

    တောတွင်း၌ လှည့်လည် သွားလာနေစဉ်က ခရစ်တော်သည် ဣသရေလ လူတို့၏ ခေါင်းဆောင် ဖြစ်တော်မူ၏။ နေ့အချိန်တွင် မိုးတိမ်တိုင် ဖြင့် လည်းကောင်း၊ ညအချိန်တွင် မီးတိုင်ဖြင့် လည်းကောင်း အကာအကွယ် ပေး၍ လမ်းပြ ပို့ဆောင်တော်မူ၏။ တောကြီးကန္တာရ၏ ဘေးအန္တရာယ် အပေါင်းမှ စောင့်ထိန်းကာကွယ်တော်မူ၏။ ကတိထားတော်မူသော ပြည်သို့ ခေါ်ဆောင်တော်မူခဲ့ပြီးလျှင် ဘုရားသခင်ကို အသိအမှတ် မပြုသော လူမျိုးတို့ကို မျက်မှောက်တွင် ဣသရေလ လူများကို မိမိပိုင် ရွေးချယ်ထားသော လူမျိုး အဖြစ်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်တော် အဖြစ် တည်ထောင်ထားတော်မူ၏။COLB 351.1

    ဤ လူမျိုးအား ဘုရားသခင်၏ ဗျာဒိတ်တော်များကို အပ်နှင်းထားတော်မူ၏။ ကိုယ်တော်ရှင်၏ တရားတော်နှင့် စပ်ဆိုင်သည့် ကျင့်ဝတ်များနှင့် လည်းကောင်း၊ သမ္မာတရားတော်ဆိုင်ရာ ထာဝရ အခြေခံ သဘောတရားများနှင့် လည်းကောင်း၊ တရားမျှတမှုနှင့် လည်းကောင်း၊ သန့်စင်ခြင်းနှင့် လည်းကောင်း သူတို့အား ဝန်းရံထားတော်မူ၏။ မကောင်းမှု ဒုစရိုက်များနှင့် သူတို့ကိုယ် သူတို့ ဖျက်ဆီးခြင်း မပြုကြစေရန် ယင်း အခြေခံ သဘောတရားများကို ထားရှိတော်မူ၏။ စပျစ်ဥယျာဉ်တွင်း၌ မျှော်စင် ထားသကဲ့သို့ သူတို့ တိုင်းပြည်တွင်း၌ ဘုရားသခင်၏ ဗိမာန်တော်ကို ထားတော်မူ၏။COLB 352.1

    ခရစ်တော်သည် တောကြီး ကန္တာရတွင်း၌ သူတို့နှင့် အတူ နေတော်မူ၍ နည်းပြဆရာ ဖြစ်တော်မူခဲ့သည် နည်းတူ ယခုလည်း သူတို့၏ ကထိက၊ သူတို့၏ လမ်းညွှန်အဖြစ် ဆက်လက် တည်နေတော်မူ၏။ တဲတော်၌ လည်းကောင်း၊ ဗိမာန်တော်၌ လည်းကောင်း သက်သေခံချက် ထားသော သေတ္တာဖုံး အပေါ်၊ ခေရုဗိမ် နှစ်ပါး စပ်ကြားမှာ ကိုယ်တော်၏ ဘုန်းတော် တည်နေတော်မူ၏။ ကိုယ်တော်ရှင်၏ ကြွယ်ဝစွာသော မေတ္တာတော် နှင့် သည်းခံတော်မူခြင်းကိုလည်း သူတို့ အပေါ်၌ အစဉ်အမြဲ ပြတော်မူ၏။COLB 352.2

    ဘုရားသခင်သည် မိမိ လူမျိုး ဣသရေလလူတို့အား မင်္ဂလာ တစ်ရပ်၊ ဂုဏ်တစ်မျိုး ဖြစ်စေလိုတော်မူ၏။ သူတို့အား ဝိညာဉ်ရေးနှင့် ဆိုင်သော အခွင့်အရေး အလုံးစုံတို့ကို ပေးတော်မူ၏။ သူတို့သည် ကိုယ်တော်၏ အမွေခံ ကိုယ်စားလှယ်များ ဖြစ်စေမည့် အကျင့်စာရိတ္တ တည်ဆောက်ရေး အတွက် လိုအပ်သမျှကို ပေးသနားတော်မူ၏။ သူတို့သည် ဘုရားသခင်၏ တရားတော်ကို လိုက်နာစောင့်ရှောက်ကြပါက ကမ္ဘာပေါ်ရှိ လူမျိုး အပေါင်းတို့ ရှေ့တွင် အံ့မခန်းအောင် ကောင်းစားသော လူမျိုး ဖြစ်လိမ့်မည်။ အတတ် အမျိုးမျိုးတွင် ထူးဆန်းစွာ လုပ်တတ်မည့် အကြောင်း ဉာဏ်ပညာနှင့် လည်းကောင်း၊ ကျွမ်းကျင်မှုနှင့် လည်းကောင်း ပြည့်စုံစေနိုင်တော်မူသော အရှင်သည် သူတို့၏ နည်းပြလမ်းညွှန် အဖြစ် ဆက်လက် ဆောင်ရွက်တော်မူ မည် ဖြစ်သောကြောင့် သူတို့သည် ကိုယ်တော်၏ တရားတော်ကို လိုက်နာစောင့်ရှောက်ကြပါက ဂုဏ်ပြု ချီးမြှောက်ခြင်းကို ခံရကြပေလိမ့်မည်။ နားထောင်ခြင်း ရှိကြပါက အခြား တစ်ပါးသော လူမျိုးတို့အား အနှောင့်အယှက် ပေးနေသည့် အနာရောဂါများနှင့် ကင်းဝေးစေ၍ ထက်မြက်သော စွမ်းရည်သတ္တိဖြင့် ကောင်းချီး ပေးတော်မူလိမ့်မည်။ သူတို့၏ အောင်မြင် ကောင်းစားခြင်း၌ ဘုရားသခင်၏ ဘုန်းတန်ခိုး အာနုဘော်တော် ထင်ရှားလိမ့်မည်။ သူတို့၏ နိုင်ငံသည် ယဇ်ပုရောဟိတ် နှင့် မင်းညီမင်းသားများ၏ နိုင်ငံ ဖြစ်လိမ့်မည်။ သူတို့သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော လူမျိုး ဖြစ်စေရန် ဘုရားသခင်သည် သူတို့အတွက် အရာခပ်သိမ်းကို အရန်သင့် ဖြစ်စေတော်မူ၏။COLB 352.3

    အတိကျ အပြတ်သားဆုံးသော ပုံစံဖြင့် ခရစ်တော်သည် မောရှေအားဖြင့် ဘုရားသခင် စီမံတော်မူချက်ကို သူတို့အား ပြတော်မူ၏။ ၎င်းအပြင် သူတို့၏ အောင်မြင် ကောင်းစားရေးအတွက် စည်းကမ်း သတ်မှတ်ချက်များကိုလည်း ရှင်းလင်းစွာ ညွှန်ပြတော်မူ၏။ “သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသော အမျိုး ဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သော အမျိုး ဖြစ်စေခြင်းငှါ သင့်ကို ရွေးချယ်တော်မူပြီ၊ … သို့ဖြစ်၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် မှန်သော ဘုရား၊ သစ္စာစောင့်သော ဘုရား၊ ကိုယ်တော်ကို ချစ်၍ ပညတ်တော်တို့ကို စောင့်ရှောက်သော သူတို့၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ်စကား တည်၍ ကရုဏာတော်ကို ပြသော ဘုရား၊ …. သို့ဖြစ်၍ ယနေ့ ငါထားသော စီရင် ထုံးဖွဲ့ချက်၊ ပညတ်တရားတို့ကို ကျင့်အံ့သောငှါစောင့်ရှောက်ရမည်။ ထို ပညတ်တို့ကို သင်သည် ကျင့်ဆောင်အံ့သောငှါ နားထောင်လျှင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ် နှင့် ကရုဏာတော်ကို စောင့်တော်မူမည်။ သင့်ကို ချစ်သဖြင့် ကောင်းချီး ပေး၍ များပြားစေတော်မူမည်။ သင့်အား ပေးခြင်းငှါ သင်၏ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်၌ သင် ဖွားမြင်သော သားတို့ကို လည်းကောင်း၊ သင်၏ မြေအသီးအနှံ၊ စပါး၊ စပျစ်ရည်၊ ဆီ၊ နွား၊ အစီးအပွား၊ သိုးစုတို့ကို လည်းကောင်း ကောင်းချီး ပေးတော်မူမည်။ သင်သည် လူမျိုးတကာတို့ထက် သာ၍ ကောင်းချီး ခံရသူ ဖြစ်၍ ထာဝရဘုရားသည်လည်း အနာရောဂါ ရှိသမျှတို့ကို သင့်ဆီက ပယ်ရှား၍ သင် သိသော အဲဂုတ္တုပြည်၏ အနာဆိုးကို သင်၌ စွဲကပ်စေတော် မမူ၊” ဟု မိန့်တော်မူ၏။ တရား၊ ၇:၆၊၉၊၁၁-၁၅။COLB 353.1

    သူတို့သည် ကိုယ်တော်ရှင်၏ ပညတ်တော်များကို စောင့်ရှောက် လိုက်နာပါက အကောင်းဆုံးသော ဆန်စပါးကို လည်းကောင်း၊ ကျောက်ထဲက ပျားရည်ကို လည်းကောင်း ထုတ်ပေးမည်ဟု ကတိပြုတော်မူ၏။ ရှည်သော အသက်နှင့် သူတို့ကို ရောင့်ရဲစေ၍ ကိုယ်တော်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို သူတို့အား ပြတော်မူလိမ့်မည်။COLB 354.1

    ထာဝရဘုရား၏နှုတ်တော်ထွက် အမိန့်တော်ကို နားမထောင်ကြသောကြောင့် အာဒံ နှင့် ဧဝတို့သည် ဧဒင် အိမ်ကို ဆုံးရှုံးခဲ့ကြ၏။ ယင်း အပြစ်ကြောင့် တစ်ကမ္ဘာလုံး ကျိန်ခြင်း အမင်္ဂလာကို ခံရကြ၏။ သို့သော် ဘုရားသခင်၏ လူတို့သည် ကိုယ်တော်၏ လမ်းညွှန်မှုကို လိုက်နာပါက သူတို့၏ လယ်ယာမြေတို့သည် မြေသြဇာ ထက်သန်၍ လှပတင့်တယ်ခြင်း ပြန်လည် တည်မြဲပေလိမ့်မည်။ မြေဆီလွှာကို မည်ကဲ့သို့ ပြုစု ပျိုးထောင်ရန်အတွက် သူတို့အား ဘုရားရှင် ကိုယ်တော်တိုင် ညွှန်ကြားတော်မူသည် ဖြစ်၍ ယင်းမြေကို နဂိုမူလ အတိုင်း ပြန်လည် တည်မြဲစေရာတွင် သူတို့သည် ဘုရားသခင်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရကြမည် ဖြစ်ပါသည်။ ယင်းနည်းအားဖြင့် ဘုရားသခင်၏ အုပ်ချုပ် စီမံမှုအရ သူတို့၏ နယ်မြေ တစ်ခုလုံးသည် သမ္မာတရားနှင့် ဆိုင်သော သရုပ်ပြ သင်ခန်းစာ ဖြစ်လိမ့်မည်။ ကိုယ်တော် ၏ သဘာဝတရားများကို လိုက်နာခြင်းဖြင့် ကမ္ဘာမြေကြီးသည် ဘဏ္ဍာ ရတနာများကို ဖြစ်ထွန်းစေသကဲ့သို့ ကိုယ်တော်၏ ကျင့်ဝတ္တရားများကို လိုက်နာ စောင့်ရှောက်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်ကို ရောင်ပြန်ဟပ်ကြလိမ့်မည်။ အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်၍ အမှုတော်ကို ဆောင်ရွက်သူတို့၏ သာလွန် ထူးကဲပုံကို ဘုရားတရား မကြည်ညိုသော သူများကပင် အသိအမှတ် ပြုကြပေလိမ့်မည်။COLB 354.2

    “သင်တို့သည် သွား၍ ဝင်စားသော ပြည်၌ ကျင့်စရာဖို့ ငါ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည် အတိုင်း စီရင်ထုံးဖွဲ့တော်မူချက်တို့ကို သင်တို့အား ငါသွန်သင်ပြီ။ သို့ဖြစ်၍ ထို ပညတ်တရားတို့ကို ကျင့်စောင့်ကြလော့။ သို့ပြုလျှင် ထို ပညတ်တရား ရှိသမျှတို့ကို ကြားရသော လူမျိုး ရှေ့မှာ သင်တို့၏ ဉာဏ်ပညာသည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း ဤ ကြီးမြတ်သော လူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆိုကြလိမ့်မည်။ ငါတို့သည် ဆုတောင်းလေရာရာ၌ ငါတို့ ဘုရားသခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကို ခံရသည် နည်းတူ အခြားသော ဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုးကြီး ခံရသနည်း။ ငါသည် ယနေ့ သင်တို့၌ ထားသော တရားအပေါင်းနှင့်အမျှ ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်တို့ကို ရသော အဘယ်လူမျိုးကြီး ရှိသနည်း။” ဟု မောရှေ ဆင့်ဆိုခဲ့၏။ တရား၊ ၄:၅-၈။COLB 355.1

    ဣသရေလလူတို့သည် သူတို့အတွက် ဘုရားသခင် သတ်မှတ်ထားတော်မူသည့် နယ်မြေ အားလုံးကို သိမ်းယူရကြပါမည်။ မှန်သော ဘုရားသခင်ကို ဝတ်ပြု ကိုးကွယ်ခြင်း မပြု၊ အမှုတော်ကိုလည်း မဆောင်ရွက်သော လူမျိုးများသည် ယင်း နယ်မြေများကို လက်လွှတ်ရကြပါမည်။ သို့သော် ဘုရားသခင်သည် ဣသရေလလူမျိုး အားဖြင့် မိမိ ဂုဏ်တော်ကို ဖေါ်ပြ၍ လူတို့အား မိမိ ထံတော်သို့ ခေါ်ဆောင်ရန် ကြံရွယ်တော်မူခြင်း ဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်သို့ ဧဝံဂေလိ တရားတော်ဆိုင်ရာ ခေါ်ဖိတ်သံကို ပေးပို့ရမည်။ ခရစ်တော်ကို မျှော်ကြည့်သူ အပေါင်း အသက်ရှင်စေရန် ယဇ်ပူဇော်ခြင်း အကြောင်းကို သင်ကြားခြင်းဖြင့် လူမျိုးအပေါင်းတို့၏ ရှေ့မှောက်တွင် ခရစ်တော်ကို မြှောက်ထားရမည်။ ခါနာန် အမျိုးသမီး ရာခပ် နှင့် မေဘ ပြည်သူ ရုသ ကဲ့သို့ ရုပ်တု ကိုးကွယ်ခြင်းကို စွန့်လွှတ်၍ မှန်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူ အပေါင်းတို့သည် ကိုယ်တော်ရှင်၏ အရွေးချယ်ခံ လူမျိုးနှင့် ပူးပေါင်းကြရန် ကိုယ်တော် အလိုရှိတော်မူ၏။ ဣသရေလလူမျိုး တိုးတက်များပြားလာသည် နှင့်အမျှ သူတို့၏ နယ်နိမိတ်ကို တိုးချဲ့ခြင်းအားဖြင့် သူတို့၏ နိုင်ငံသည် တစ်ကမ္ဘာလုံးကို ငုံမိရန် ဖြစ်ပါသည်။COLB 355.2

    ဘုရားသခင်သည် လူမျိုး အားလုံးတို့အား မိမိ၏ ကရုဏာတော်ဆိုင်ရာ အုပ်စိုးမှု လက်အောက်သို့ ရောက်စေလိုတော်မူ၏။ ကမ္ဘာမြေကြီး တစ်ခုလုံးသည် အားရ ဝမ်းမြောက်ခြင်းနှင့် လည်းကောင်း၊ ငြိမ်သက်ခြင်းနှင့် လည်းကောင်း ပြည့်ဝလျက် ရှိစေလိုတော်မူ၏။ လူသားအား ပျော်ရွှင်စေရန် ဖန်ဆင်းထားတော်မူသည် ဖြစ်ရာ သူတို့၏ နှလုံးတွင် ကောင်းကင် ငြိမ်သက်ခြင်းနှင့် ပြည့်ဝစေလိုတော်မူ၏။ မြေကြီးပေါ်၌ ရှိသော မိသားစုများသည် ကောင်းကင် မိသားစုတို့၏ ပုံပမာ ဖြစ်စေလိုတော်မူ၏။COLB 356.1

    သို့သော် ဣသရေလလူတို့သည် ဘုရားသခင် ကြံရွယ်တော်မူချက်ကို ပြည့်စုံအောင် မဆောင်ရွက်ကြပါ။ ထိုကြောင့် “အကောင်းဆုံးသော စပျစ်နွယ်ပင် အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း သင်သည် ငါ့ ရှေ့မှာ အဘယ်မျှလောက် ဖေါက်ပြန်၍ အမျိုး မစစ်သော စပျစ်နွယ်ပင် ဖြစ်ပါသည်တကား။” ဟု ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။ ယေရမိ၊ ၂:၂၁။ “ဣသရေလသည် အသီးများစွာ သီးသော စပျစ်နွယ်ပင် ဖြစ်၏။ ကိုယ် အလိုအလျောက် သီးတတ်၏။” ဟောရှေ၊ ၁၀:၁။ “ယခုမှာ အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ငါနှင့် ငါ့ စပျစ်ဥယျာဉ် အမှုကို စီရင်ကြပါလော့။ ငါ့ စပျစ်ဥယျာဉ်၌ ငါကျေးဇူးပြုနိုင်လျက် မပြုသေးသော အရာ တစ်စုံ တစ်ခု ရှိသလော။ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည် ရှိသော ဗောရှသီးကို အဘယ်ကြောင့် သီး သနည်း။ ယခု နားထောင်ကြ၊ ငါ့ စပျစ်ဥယျာဉ်၌ ငါပြုရမည့် အမှုကို သင်တို့အား ငါဖေါ် ပြမည်၊ စောင်ရန်းကို ငါပယ်ရှင်းသဖြင့် သူတစ်ပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ငါဖြိုသဖြင့် သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။ ဥယျာဉ်ကို ငါရှင်းရှင်း ဖျက်ဆီးမည်၊ အဘယ်သူမျှ မပြင်ဆင်ရ၊ အဘယ်သူမျှ မတူးမဆွရ၊ ဆူးပင် အမျိုးမျိုး ပေါက်ကြလိမ့်မည်၊ ထို ဥယျာဉ် အပေါ်မှာလည်း မိုးမရွာစေခြင်းငှါ ငါပညတ်မည်။ …. တရားစီရင်ခြင်းကို မျှော်လင့်တော်မူသည် ရှိသော် အသေသတ်ခြင်းကို လည်းကောင်း၊ ဖြောင့်မတ်ခြင်း အရာ၌လည်း ငိုကြွေးခြင်းကို လည်းကောင်း တွေ့မြင်တော်မူ၏။” ဟု ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။ ဟေရှာ၊ ၅:၃-၇။COLB 356.2

    ထာဝရအရှင် ဘုရားသခင်သည် မောရှေအားဖြင့် မိမိ လူမျိုးတို့အား သစ္စာ မဲ့ခြင်း၏ အကျိုးကို ပြတော်မူ၏။ ကိုယ်တော်၏ ပဋိညာဉ်ကို စောင့်ထိန်းရန် ငြင်းပယ်သည့်အတွက် သူတို့ကိုယ် သူတို့ ဘုရားသခင်နှင့် အဆက်ဖြတ်ထားကြသဖြင့် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာများသည် သူတို့ အပေါ်သို့ မသက်ရောက်နိုင်တော့ပါ။ “ယနေ့ ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သော အပြစ်ကို သတိနှင့် ရှောင်လော့။ သင်သည် ဝစွာ စား၍ ကောင်းသော အိမ်ကို ဆောက်လျက်နေစဉ် သင်၏ သိုး၊ နွား၊ ရွှေ၊ ငွေ အစရှိသော ဥစ္စာမျိုး များပြားစဥ်အခါ သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ …. သင်၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့၍ ငါ့ တန်ခိုး၊ ငါ့ လက်သတ္တိအားဖြင့် ဤ စည်းစိမ်ကို ငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်း အပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။ … သင်၏ ဘုရားသခင် ထာဝရဘုရားကို သင်သည် မေ့လျော့သဖြင့် အခြား တစ်ပါးသော ဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင် ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့်တစ်ဖက်၌ သက်သေခံ၏။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင်သောကြောင့် ထာဝရဘုရားသည် သင့်ရှေ့မှာ ဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။” ဟု မောရှေ မှာထားခဲ့ပါသည်။ တရား၊ ၈:၁၁-၁၄၊ ၁၆၊ ၁၇၊ ၁၉၊ ၂၀။COLB 357.1

    ယင်း သတိပေး မှာထားချက်များကို ယုဒလူတို့ ဂရုမစိုက်ဘဲ ထားကြ၏။ သူတို့သည် ဘုရားသခင်၏ ကိုယ်စားလှယ်များ ဖြစ်ကြပါလျက် ကိုယ်တော်ကို မေ့လျော့၍ သူတို့၏ ထူးမြတ်သော အခွင့်အရေးများကို မျက်ခြည်ပြတ်ကြ၏။ သူတို့ ရရှိ ခံစားရကြသော ကောင်းချီးမင်္ဂလာများဖြင့် ကမ္ဘာလောကကြီးအတွက် ကောင်းချီးမင်္ဂလာ မဖြစ်စေကြပါ၊ သူတို့ ခံစားရသော အကျိုးကျေးဇူးများကို သူတို့ ကိုယ်တိုင် ဂုဏ်ထင်ရှားစေရန်အတွက်သာ ခွဲဝေ အသုံးပြုကြ၏။ သူတို့သည် ဘုရားသခင် အလိုရှိတော်မူသည့်အတိုင်း အမှုတော်ကို မဆောင်ရွက်ကြပါ။ ၎င်းအပြင် လူသား အချင်းချင်းအတွက် ဘာသာရေးဆိုင်ရာ လမ်းပြသူများ ဖြစ်ရန် နှင့် သန့်ရှင်းသော နမူနာ ပုံစံများ ဖြစ်ကြရန်ကိုလည်း ပျက်ကွက်ကြ၏။ ရေလွှမ်းမိုးခြင်း မတိုင်မီ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသူများ ကဲ့သို့ သူတို့၏ ဆိုးသွမ်းသော စိတ်အလိုသို့ လုံးလုံး လျှောက်လိုက်ကြ၏။ ယင်းနည်းအားဖြင့် ဘုရားတရားဆိုင်ရာ မွန်မြတ်သော ကိစ္စရပ်များကို ရယ်မောစရာ ဖြစ်စေရန် “ဤသည်ကား ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော် ဖြစ်သတည်းဟု မုသား စကားကို ပြော” ၍ (ယေ၊ ၇:၄) ၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဂုဏ်တော်ကို အလွဲပုံဆောင်ကြ၏၊ ကိုယ်တော်၏ နာမတော်ကို ရှုတ်ချကြ၏၊ သန့်ရှင်းရာဌာနတော်ကိုလည်း ညစ်ညူးစေကြ၏။COLB 358.1

    ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကို စောင့်ထိန်းရန်အတွက် ယုံကြည်စွာ လွှဲအပ်ထားခြင်း ခံရသော ဥယျာဉ်စောင့်များသည် မိမိတို့၏ လုပ်ငန်းတာဝန်တွင် သစ္စာ မရှိကြပါ။ ယဇ်ပုရောဟိတ်များ နှင့် ဓမ္မဆရာများသည် လူတို့အတွက် သစ္စာ ရှိသော နည်းပြဆရာများ မဟုတ်ကြပါ။ သူတို့ အပေါ် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်း နှင့် ကရုဏာတော်ကို မျက်မှောက် မပြုကြ။ သူတို့သည် ကိုယ်တော်ကို ချစ်၍ အမှုတော်ကို ထမ်းဆောင်ရန် ဆင့်ဆိုမှာထားခြင်း ခံရသော်လည်း မလိုက်နာကြ။ ယင်း ဥယျာဉ်စောင့်တို့သည် သူတို့ ဂုဏ်ထင်ပေါ်ရေးကိုသာ ရှေးရှုကြ၏။ စပျစ်ဥယျာဉ်၏ အသီးများကို ခွဲဝေ သုံးစွဲရန်သာ လိုလားကြ၏။ သူတို့အား အရိုအသေ ပေး၍ လေးစားကြစေရန် အတွက်သာ သူတို့ လေ့လာကြ၏။ COLB 358.2

    ဣသရေလ ခေါင်းဆောင်တို့၏ အပြစ်သည် သာမန် အပြစ်သား တစ်ဦး၏ အပြစ်ကဲ့သို့ မဟုတ်ပါ၊ ၎င်းတို့သည် ဘုရားသခင်၏ အရေးအကြီးဆုံးသော ကျေးဇူးခံ ကျေးဇူးစားများ ဖြစ်သောကြောင့်၊ “အရှင်ထာဝရဘုရား၏ အမိန့်တော်” ကို သူတစ်ပါးတို့အား သင်ကြား ပို့ချရန် နှင့် သူတို့ ကိုယ်တိုင် တိကျမှန်ကန်စွာ လက်တွေ့ လိုက်နာစောင့်ထိန်းရန် ကတိပြု ဝန်ခံထားသူများ ဖြစ်ကြပါသည်။ ယင်းသို့ လိုက်နာဆောင်ရွက်ရမည့်အစား ကျမ်းစာတော်မြတ်ကို မှောက်လှန်ကြ၏။ သူတို့သည် လူမျိုးရေး နှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို လူတို့ အသက်တာ တစ်လျှောက်လုံး အတင်းအကျပ် လိုက်နာဆောင်ရွက်စေခြင်းဖြင့် လူတို့ အပေါ်တွင် လေးသော ဝန်ကို တင်ကြ၏။ ရဗ္ဗိဆရာများ သတ်မှတ် ပြဌာန်းထားသည့် ဝိနည်းအထုံးအဖွဲ့များကို ပြည့်စုံအောင် မလိုက်နာနိုင်ကြ သောကြောင့် လူတို့သည် ငြိမ်သက်စွာ မနေရကြ။ ထိုကြောင့် လူတို့သည် လူ လုပ်သော ပညတ်များကို လိုက်နာ စောင့်ရှောက်ရန် မဖြစ်နိုင်သည်ကို တွေ့ရကြသောအခါ ဘုရားသခင်၏ ပညတ်တော်တို့ကို ထိန်းသိမ်းရန် ပေါ့လျော့ကြ၏။COLB 359.1

    ဘုရားသခင်သည် စပျစ်ဥယျာဉ်ပိုင်ရှင် ဖြစ်တော်မူကြောင်း၊ သူတို့ ပိုင်သော ပစ္စည်း ဥစ္စာ အားလုံးမှာ ကိုယ်တော်အတွက် အသုံးပြုရန် သူတို့အား ယုံမှတ် လွှဲအပ်ထားခြင်းမျှသာ ဖြစ်ကြောင်း မိမိ လူတို့အား ဘုရားသခင် ညွှန်ကြားထားတော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်များ နှင့် ဓမ္မဆရာများသည် ဘုရားသခင် ပိုင်ဆိုင်တော်မူသည့် ဥစ္စာပစ္စည်းများကို ကိုင်တွယ် သုံးစွဲရာတွင် သန့်ရှင်း မြင့်မြတ်သော လုပ်ငန်းတာဝန်နှင့် လျော်ညီအောင် မဆောင်ရွက်ကြပါ။ ဘုရားသခင်၏ အမှုတော်ကို တိုးတက် ဖွံ့ဖြိုးရေးအတွက် မိမိတို့အား အပ်နှင်းထားသည့် ဥစ္စာ ပစ္စည်းများ နှင့် အခွင့်အရေးများကို သူတို့ စနစ် ကျကျ လုယူကြ၏။ သူတို့၏ မတော် လောဘစိတ်၊ သူတို့၏ လိုချင်တပ်မက်စိတ်ကို ဘုရားတရားမဲ့သော သူများကပင် ရှုတ်ချကြ၏။ ထိုကြောင့် တစ်ပါးအမျိုးသား လောကကြီးအား ဘုရားသခင်၏ ဂုဏ်တော်ကို လည်းကောင်း၊ နိုင်ငံတော်နှင့် ယှဉ်သော တရားတော်များကို လည်းကောင်း အဓိပ္ပါယ် အကောက်လွဲအောင် အခွင့်အခါ ပေးရာရောက်၏။ COLB 359.2

    ဘုရားသခင်သည် ခမည်းတော် ပီသသည့် နှလုံးတော်ဖြင့် မိမိ လူတို့အား သည်းခံတော်မူ၏။ ကျေးဇူးတော် ကရုဏာတော်ကို ပေးခြင်း၊ ရုပ်သိမ်းခြင်းတို့ဖြင့် ဖျောင်းဖျတော်မူ၏။ သူတို့၏ မကောင်းမှု ဒုစရိုက်များကို စိတ်ရှည်စွာဖြင့် သူတို့ ရှေ့တွင် ချပြ ပြီးလျှင် သူတို့ ဝန်ခံရန်အတွက် သည်းခံလျက် စောင့်နေတော်မူ၏။ ဥယျာဉ်စောင့်များထံသို့ ပုရောဖက်များ နှင့် တမန်တော်များကို စေလွှတ်၍ ဘုရားသခင်၏ တောင်းဆိုချက်များကို လိုက်နာရန် တိုက်တွန်း နှိုးဆော်တော်မူ သော်လည်း စေလွှတ်တော်မူသော သူတို့ကို မကြိုဆိုသည် သာမက ရန်သူကဲ့သို့ သဘောထားကြ၏။ ဥယျာဉ်စောင့်တို့သည် သူတို့ကို နှိပ်စက်ညှဉ်းပန်း၍ သတ်ကြ၏။ ဘုရားသခင်သည် အခြားသော တမန်တော်များကို ဆက်လက် စေလွှတ်တော်မူပြန်ရာ ၎င်းတို့သည်လည်း ပထမ အကြိမ် စေလွှတ်ခဲ့သည့် တမန်တော်များ နည်းတူ ခံရကြ၏။ ထိုမျှမက ဥယျာဉ်စောင့်တို့သည် ပို၍ မုန်းမာန် ပြင်းထန်ကြ၏။COLB 360.1

    နောက်ဆုံးတွင် ဘုရားသခင်က “သူတို့သည် သားကို အားနာကြလိမ့်မည်” ဟု ဆို၍ သားတော်ကို စေလွှတ်တော်မူ၏။ သို့သော် သူတို့၏ ခုခံမှု လက်စသည် ပို၍ ပြင်းထန်လာသောကြောင့် သားတော်ကို မြင်သောအခါ “ဤသူသည် အမွေခံ ဖြစ်၏၊ လာကြ၊ သူ့ကို သတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့” သို့မျှသာလျှင် ငါတို့သည် စပျစ်ဥယျာဉ် စည်းစိမ်ကို ခံစား၍ အသီးများကိုလည်း ငါတို့ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင်ကြ၏။COLB 360.2

    ယုဒအရာရှိများသည် ဘုရားသခင်ကို မချစ်ကြသောကြောင့် ကိုယ်တော်နှင့် ခွဲခွာ၍ ကိုယ်တော်၏ နှုတ်ကပါတ်တော်များ အတိုင်း ဖြောင့်မှန်စွာ လိုက်နာ ဆောင်ရွက်ရန် ငြင်းပယ်ကြ၏။ ထာဝရဘုရား ချစ်တော်မူသော ခရစ်တော်သည် စပျစ်ဥယျာဉ်ပိုင်ရှင်၏ ဆင့်ဆိုချက်များအတိုင်း အတိအကျ ဆောင်ရွက်ရန် ကြွလာတော်မူသောအခါ ဥယျာဉ်စောင့်တို့သည် ကိုယ်တော်အား သိသိသာသာမထီမဲ့မြင် ပြုကြပြီးလျှင် ဤ သူ၏ အုပ်စိုးခြင်းကို ငါတို့ မခံမယူကြဟု အချင်းချင်း တိုင်ပင်ကြ၏။ ခရစ်တော်၏ တင့်တယ်သော ဂုဏ်သိက္ခာတော်ကို သူတို့ ငြူစူစောင်းမြောင်းကြ၏။ ကိုယ်တော်၏ သြဝါဒ ပေးပုံပေးနည်းသည် သူတို့ထက် များစွာ သာလွန် ကောင်းမွန်သောကြောင့် ကိုယ်တော် အောင်မြင် ပြီးမြောက်တော်မူမည်ကို သူတို့ ထိတ်လန့် စိုးရိမ်ကြ၏။ ကိုယ်တော်သည် သူတို့၏ သူတော်ကောင်း ယောင်ဆောင်မှုကို ဖွင့်ပြ မြစ်တားတော်မူပြီးလျှင် သူတို့ လုပ်ဆောင်ပုံလမ်းစဉ်၏ အကျိုးသက်ရောက်မှု အမှန်ကိုလည်း ဖေါ်ပြတော်မူ၏။ ထိုကြောင့် သူတို့ ပို၍ ဒေါသ အမျက်ထွက်ကြ၏။ ယင်းသို့ ပြစ်တင် ဆုံးမသော စကားများကို သူတို့ မတားဆီးနိုင်သောကြောင့် နာကြည်းစွာ ခံရကြ၏။ စဉ်ဆက်မပြတ် ခရစ်တော် သွန်သင်ပြသတော်မူသည့် ဖြောင့်မတ်ခြင်းတရားသည် အဆင့်အတန်း မြင့်သည် ဖြစ်၍ သူတို့ မုန်းတီးကြ၏။ ကိုယ်တော်၏ သွန်သင်တော်မူချက်များသည် သူတို့၏ တစ်ကိုယ်ကောင်း စိတ်ထားများကို ဖေါ်ထုတ်တော့မည် ဖြစ်ကြောင်း သူတို့ သိသောအခါ ကိုယ်တော်ကို သတ်ရန် ဆုံးဖြတ်ကြ၏။ ကိုယ်တော်ရှင်၏ ဖြောင့်မှန်ခြင်း နှင့် ဘုရားတရား ကြည်ညိုခြင်းသည် လည်းကောင်း၊ ကိုယ်တော်၏ ဆောင်ရွက်တော်မူသမျှတွင် မြင့်မြတ်သည့် စိတ်နေသဘောထား ပေါ်လွင်သည်ကို လည်းကောင်း သူတို့ မုန်းတီးကြ၏။ နားထောင်ခြင်းအားဖြင့် ထာဝရအသက်ကို ရလိမ့်မည်၊ သို့မဟုတ် နားမထောင်သောကြောင့် ထာဝရသေခြင်းကို ခံရလိမ့်မည် ဆိုသည်ကို ခရစ်တော်၏ စုံလင်သော အသက်တာက သူတို့၏ အပြစ်များကို ဖေါ်ပြဆုံးမနေသောကြောင့် နောက်ဆုံး စစ်ဆေးချိန် ရောက်လာသောအခါ သူတို့သည် ဣသရေလ၏ တစ်ဆူတည်းသော သန့်ရှင်းသော ဘုရားကို ငြင်းပယ်ကြ၏။ ခရစ်တော် သို့မဟုတ် ဗာရဗ္ဗကို လွှတ်ရမည်လောဟု မေးသောအခါ၊ သူတို့က “အကျွန်ုပ်တို့အား ဗာရဗ္ဗကို လွှတ်ပါလော့” ဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်းက “သို့ဖြစ်လျှင် ခရစ် ဟု ခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုမည်နည်း” ဟု မေးမြန်းသော် သူတို့က “သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေ” ဟု ဟစ်အော်ကြ၏။ မ၊ ၂၇:၂၂။ တစ်ဖန် ပိလတ်မင်းက “သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော” ဟု ထပ်၍ မေးပြန်ရာ ယဇ်ပုရောဟိတ်အကြီးများ နှင့် အရာရှိများက “အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှ တစ်ပါး အဘယ် ရှင်ဘုရင်မျှ မရှိပါ” ဟု ဖြေကြား၏။ ယော၊ ၁၉:၁၅။ ပိလတ်မင်းသည် မိမိ လက်ကို ဆေး၍ “ဤ ဖြောင့်မတ်သော သူ၏ အသွေးနှင့် ငါသည် ကင်းရှင်း၏” ဟု ပြောသောအခါ ယဇ်ပုရောဟိတ်များသည် အသိပညာ နည်းပါးသော လူအုပ်ကြီးနှင့် အတူ “သူ၏ အသွေးသည် ငါတို့ကို ခေါင်းပေါ်၌ လည်းကောင်း၊ သားမြေးတို့၏ ခေါင်းပေါ်၌ လည်းကောင်း တည်ရှိပါစေ” ဟု ကိုယ်ရောစိတ်ပါ ကြွေးကြော်ကြ၏။ မ၊ ၂၇:၂၄၊ ၂၅။COLB 360.3

    ဤကဲ့သို့ပင် ယုဒခေါင်းဆောင်များ ရွေးချယ်ဆုံးဖြတ်ကြပါသည်။ တမန်တော် ရှင်ယောဟန် ရူပါရုံတွင် တွေ့မြင်ရသည့် ပလ္လင်တော် ပေါ်၌ ထိုင်နေတော်မူသော သူ၏ လက်တွင် ရှိ၍ မည်သူမျှ မဖွင့်နိုင်သော စာစောင်တွင် သူတို့ ရွေးချယ် ဆုံးဖြတ်ပုံကို မှတ်တမ်းတင်ထားတော်မူ၏။ ယုဒအမျိုး ခြင်္သေ့တည်း ဟူသော ဒါဝိဒ်၏ အမြစ်သည် ၎င်း စာစောင်ကို ဖွင့်သော နေ့သို့ ရောက်သောအခါ သူတို့ ရန်ငြိုးဖွဲ့၍ ဆုံးဖြတ်ချက် ချထားခြင်းသာ ဖြစ်ကြောင်း သူတို့၏ ရှေ့မှောက်တွင် ထင်ရှားစွာ ပေါ်လွင်လျက် ရှိပေလိမ့်မည်။COLB 362.1

    ယုဒလူတို့သည် သူတို့ကိုယ် သူတို့ ကောင်းကင်က မျက်နှာသာ ပေးခြင်း ခံရသော လူမျိုး ဖြစ်သည်ဟု သဘောထား၍ နှစ်ခြိုက်နေကြ၏။ ၎င်းအပြင် သူတို့သည် ဘုရားသခင်၏ အသင်းတော် ဖြစ်သောကြောင့် အမြဲတစေ ချီးမြှင့်ခြင်းကို ခံရမည်ဟု သဘောထားကြ၏။ သူတို့သည် အာဗြဟံ၏ သားစဉ်မြေးဆက်များ ဖြစ်သည်ဟု ကြွေးကြော်ကြ၏။ ထိုသို့ ကြွေးကြော်သည် နှင့်အမျှ သူတို့၏ စီးပွားရေး တိုးတက်အောင်မြင်မှု အခြေခံ ခိုင်လုံ မြဲမြံသည်ဟု သူတို့ ထင်မြင်သောကြောင့် ကောင်းကင် နှင့် မြေကြီးကို တုပြိုင်သဖြင့် သူတို့ ရထိုက်သော အခွင့်အရေးကို ဆုံးရှုံးကြ၏။ ၎င်းအပြင် သူတို့သည် သစ္စာ မတည်သောကြောင့် ကောင်းကင်မှ ပြစ်ဒဏ် စီရင်ခြင်းကို ခံရ၍ ဘုရားသခင်နှင့် ခွဲခွဲရကြပေလိမ့်မည်။COLB 362.2

    စပျစ်ဥယျာဉ် ပုံပမာတွင် ယဇ်ပုရောဟိတ်များ၏ ဆိုးသွမ်းမှုသည်ထိပ်ခေါင်သို့ ရောက်နေပြီ ဖြစ်ကြောင်း သူတို့၏ ရှေ့မှောက်တွင် ဖေါ်ပြ ပြီးသောအခါ “သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည် လာသောအခါ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုရမည်နည်း” ဟု ခရစ်တော် မေးတော်မူ၏။ ယဇ်ပုရောဟိတ်များသည်လည်း ပုံပမာကို စိတ်ပါစွာ နားထောင်နေကြသည့် အလျောက် သူတို့အား ရည်မှတ်၍ မိန့်တော်မူသည်ကို မချင့်ချိန်နိုင်ဘဲ လူပရိသတ်ကြီးနှင့် ပူးပေါင်း၍ “ထို လူဆိုးတို့အား ဆိုးသော ဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီး သီးချိန်တွင် အသီးကို ဆက်အံ့သော အခြား လူတို့အား ထို ဥယျာဉ်ကို ငှါးပါလိမ့်မည်” ဟု ဖြေဆို လျှောက်ထားကြ၏။COLB 362.3

    သူတို့သည် သူတို့ကိုယ် သူတို့ အမှတ်တမဲ့ စီရင်ချက် ချမှတ်ကြသဖြင့် ယေရှုရှင်သည် သူတို့အား ကြည့်၍ နေတော်မူ၏။ ကိုယ်တော်သည် ထိုးထွင်း သိမြင်တတ်သော ဉာဏ်မျက်စိဖြင့် သူတို့အား စိုက်၍ ကြည့်နေတော်မူသည်ကို သူတို့ မြင်ကြသောအခါ သူတို့၏ စိတ်နေ သဘောထားများကို သိမြင်တော်မူကြောင်း သူတို့ သိကြ၏။ ကိုယ်တော်၏ ဘုရားဇာတိတော်ကို သူတို့ ရှေ့မှောက်တွင် မမှားမယွင်းနိုင်သော တန်ခိုးတော်ဖြင့် ထင်ရှားစွာ လျှပ်ပြက်သကဲ့သို့ ပြတော်မူ၏။ ဥယျာဉ်စောင့်များ၏ ဥပမာတွင် သူတို့ကိုယ် သူတို့ မြင်ယောင်ကြသဖြင့် “ဘုရားသခင် တားမြစ်ပါစေ” ဟု အမှတ်မထင် ကြွေးကြော်ကြ၏။COLB 363.1

    ထိုအခါ ခရစ်တော်သည် ဣန္ဒြေကို ဆောင်လျက် နှမြောသော စိတ်နှင့် “တိုက်ကို တည်လုပ်သော သူများ ပယ်ထားသော ကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသော အမှု ဖြစ်၏။ ငါတို့ မျက်မှောက်၌လည်း အံ့သြဖွယ် ဖြစ်၏ ဟူသော စကားကို ကျမ်းစာ၌ သင်တို့သည် တစ်ခါတစ်ရံမျှ မဖတ်ဖူးသလော။ ထိုကြောင့် ငါ ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို သင်တို့မှ နုတ်၍ နိုင်ငံတော်၏ အသီးကို သီးအံ့သော လူမျိုးအား ပေးရလတ္တံ့။ အကြင်သူသည် ထို ကျောက် အပေါ်သို့ ကျ၏၊ ထိုသူသည် ကျိုးလတ္တံ့။ အကြင်သူ၏ အပေါ်သို့ ထိုကျောက်သည် ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတ္တံ့” ဟု ခရစ်တော် မိန့်တော်မူ၏။COLB 363.2

    အကယ်၍ ယုဒလူတို့သည် ခရစ်တော်ကို လက်ခံခဲ့မည် ဆိုပါက သူတို့ အပေါ်သို့ ကျရောက်တော့မည့် ပြစ်ဒဏ်ကို လွှဲဖယ်ပေးတော်မူလိမ့်မည်။ သို့သော် ငြူစူသော စိတ်၊ မနာလို ဝန်တိုသော စိတ်များကြောင့် သူတို့ မကျေမချမ်းနိုင်ကြပါ။ နာဇရက်မြို့သား ယေရှုကို မေရှိယ အဖြစ် လက်မခံရန် ဆုံးဖြတ်ကြ၏။ ဤ လောက၏ အလင်းကို သူတို့ ငြင်းပယ်ကြသည့် အချိန်မှ အစပြု၍ သူတို့၏ အသက်တာသည် သန်းခေါင်ယံ အချိန်ကဲ့သို့ မှောင်မိုက် ဝန်းရံလျက် ရှိ၏။ ယုဒလူမျိုး အပေါ်သို့ ပြစ်ဒဏ် ကျရောက်လိမ့်မည်ဟု အနာဂတ် စကားရှိသည့်အတိုင်း ပြည့်စုံခြင်းသို့ ရောက်၏။ သူတို့၏ ပြင်းထန်သော အမျက်ဒေါသကို သူတို့ မချုပ်တည်းသောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြ၏။ သူတို့၏ အမျက်ဒေါသ မှောင်မိုက်သည် အချင်းချင်း တစ်ဦးကို တစ်ဦး ဖျက်ဆီးကြ၏။ သူတို့၏ ပြင်းထန်သော မာန်မာန နှင့် ပုန်ကန်တတ်သော သဘောထားကြောင့် ရောမ အာဏာပိုင်တို့၏ အမျက်ဒေါသသည် သူတို့ အပေါ်သို့ ကျရောက်သဖြင့် ယေရုရှလင်မြို့ကြီးသည် ဖျက်ဆီးခြင်းကို ခံရ၏။ ဗိမာန်တော်ကြီး ပျက်စီးသဖြင့် ယင်းနေရာတွင် လယ်ယာမြေကဲ့သို့ ထွန်ယက်ကြ၏။ ယုဒ အမျိုးသားတို့သည် တစ်ပါး အမျိုးသား တိုင်းပြည်များသို့ ကျွန် အဖြစ် ရောင်းစားခြင်းကို ခံရကြ၏။COLB 364.1

    လူမျိုးတစ်မျိုးအနေဖြင့် ယုဒလူမျိုးတို့သည် ဘုရားသခင်၏ စီမံမှုကို ပြည့်စုံအောင် အကောင်အထည် ဖေါ်ရန် ပျက်ကွက်ကြသောကြောင့် စပျစ်ဥယျာဉ်ကို သူတို့ လက်မှ ရုပ်သိမ်းတော်မူ၏။ သူတို့ အလွဲသုံးစားပြုသော အခွင့်အရေးများ နှင့် သူတို့ မထီလေးစားပြုသော လုပ်ငန်းကို သူတစ်ပါးတို့အား တာဝန်ပေး လွှဲအပ်လိုက်တော်မူ၏။COLB 364.2

    Larger font
    Smaller font
    Copy
    Print
    Contents