Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 29—“မင်္ဂလာဆောင် လုလင်ကို ခရီးဦး ကြိုပြုအံ့သောငှါ”

    မ၊ ၂၅:၁-၁၃။ ကို အခြေပြုပါသည်။

    ခရစ်တော်သည် တပည့်တော်များ နှင့်အတူ သံလွင်တောင်ပေါ်တွင် ထိုင်၍ နေတော်မူ၏။ နေသည် တောင်များ၏ နောက်ကွယ်သို့ ဝင်သွားလေပြီ။ ရီတမှောင်အချိန် ဖြစ်၍ ကောင်းကင် တစ်ခွင်လုံး မှောင်ရိပ်သန်းလျက် ရှိလေပြီ။ လူနေ အိမ်တစ်ဆောင်တွင် မီးရောင်များ တောက်ပလျက် ပျော်ပွဲရွှင်ပွဲ ခင်းကျင်းရန် စီစဉ်နေဟန် ရှိသည်ကိုလည်း တွေ့မြင်နေရကြပါသည်။ ပြတင်းပေါက် စသည်များမှ လျှံထွက်နေသော မီးရောင်များ နှင့် စောင့်ဆိုင်းငံ့လင့်နေသော လူတစ်စုကို မြင်ရခြင်းဖြင့်လည်း မကြာမီ မင်္ဂလာဆောင် အခမ်းအနား စီတန်းလာတော့မည့် လက္ခဏာ ပေါ်လွင်နေပါသည်။ အရှေ့တိုင်းပြည် အချို့တွင် မင်္ဂလာ အခမ်းအနားများကို ညနေချမ်း အချိန်တွင် ခင်းကျင်းတတ်ကြပါသည်။ မင်္ဂလာဆောင် သတို့သားသည် သတို့သမီး၏ နေအိမ်သို့ သွား၍ သတို့သမီးအား မိမိ၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ရပါသည်။ မီးရှူးမီးတိုင်များဖြင့် မင်္ဂလာ အဖွဲ့သားများသည် မင်္ဂလာ သတို့သမီး၏ ဖခင်အိမ်မှ စားသောက်ပွဲများ ခင်းကျင်းလျက် ဧည့်သည်များကို ခေါ်ဖိတ်ထားသည့် သတို့သား၏ နေအိမ်သို့ စီတန်း၍ သွားရပါသည်။ ခရစ်တော် ရှုမြင်နေရသည့် မြင်ကွင်းမှာ မင်္ဂလာဆောင် အဖွဲ့သားများနှင့် ဆုံဆည်းရန် စောင့်ဆိုင်းနေသူ တစ်စု ဖြစ်ပါသည်။COLB 520.1

    မင်္ဂလာဆောင် သတို့သမီး၏ နေအိမ် အနီးတွင် ဝတ်စုံဖြူများကို ဝတ်ဆင်လျက် သတို့သမီး ဆယ်ဦး စောင့်ဆိုင်းနေကြပါသည်။ သူတို့ တစ်ဦးလျှင် မီးထွန်းထားသည့် ဆီမီးခွက် တစ်ခုစီ နှင့် ဆီပို ထည့်သည့် ဆီဗူး တစ်ခုစီကို ကိုင်ဆောင်ထားကြပါသည်။ သတို့သမီးတိုင်း မင်္ဂလာဆောင် သတို့သား ပေါ်လာဖို့ စိတ်စောစွာဖြင့် စောင့်နေကြပါသည်။ သို့သော် မင်္ဂလာဆောင် သတို့သားသည် နှောင့်နှေး၍ နေပါသည်။ တစ်နာရီပြီး တစ်နာရီ စောင့်ဆိုင်းနေကြသော်လည်း မင်္ဂလာဆောင် သတို့သား မပေါ်လာသဖြင့် သတို့သမီးများ မောပန်းနွမ်းရိသောကြောင့် အိပ်ပျော်သွားကြပါသည်။ သန်းခေါ်ယံ အချိန်သို့ ရောက်သောအခါ “ကြည့်ပါ၊ မင်္ဂလာဆောင် လုလင် လာပြီ၊ ခရီးဦး ကြိုပြုခြင်းငှါ ထွက်သွားကြကုန်” ဟု ကြွေးကြော်သော အသံကို ကြားရကြ၏။ အိပ်နေသော သတို့သမီး အားလုံး လန့်၍ နိုးကြပြီးလျှင် အမြန်ထကြ၏။ မင်္ဂလာဆောင် အဖွဲ့သားတို့သည် မီးရှူးမီးတိုင်များဖြင့် လည်းကောင်း၊ ဝမ်းမြောက်စွာ သီဆိုသံများဖြင့် လည်းကောင်း စီတန်းလျက်လာနေသည်ကို တွေ့မြင်ကြ၏။ မင်္ဂလာဆောင် သတို့သား၏ အသံ နှင့် မင်္ဂလာဆောင် သတို့သမီး၏ အသံကို သူတို့ ကြားရကြ၏။ သတို့သမီး ဆယ်ယောက်တို့သည် အတူ လိုက်ပါရန် မိမိတို့၏ ဆီမီးခွက်များကို အလျင်အမြန် ပြင်ဆင်ကြ၏။ သို့သော် ငါးယောက်တို့သည် မိမိတို့၏ ဆီဗူးများတွင် ဆီပို ထည့်ခဲ့ကြရန် သတိမထားခဲ့ကြပါ။ ဤသို့ ကြာရှည်စွာ စောင့်ဆိုင်းနေရကြလိမ့်မည်ဟူ၍ သူတို့ မထင်မမှတ်ခဲ့ကြသဖြင့် အရေးပေါ် ကိစ္စအတွက် ပြင်ဆင်မှု မရှိကြ။ စိတ်ဆင်းရဲစွာဖြင့်ပင် “ငါတို့ ဆီမီး သေပါပြီ၊ သင်တို့ဆီကို အနည်းငယ် ပေးပါ” ဟု ပညာ သတိရှိသော သတို့သမီးများထံမှ တောင်းဆိုကြ၏။ သို့သော် အသင့်ပြင်ဆင်ထားပြီးသည့် ဆီမီးခွက်များနှင့် စောင့်နေသော သတို့သမီး ငါးယောက်တို့၏ ဆီဗူးများမှ ဆီများကို အကုန်အစင် သုံးပြီး၍ ဆီပို မကျန်တော့သဖြင့် “သင်တို့ အဖို့ နှင့် ငါတို့ အဖို့ ဆီမလောက်၊ ထိုကြောင့် ဆီရောင်းသော သူ ရှိရာသို့ သွား၍ ကိုယ်သုံးဖို့ ဝယ်လျှင် သာ၍ ကောင်းသည်” ဟု ပြန်ဖြေကြပါသည်။COLB 520.2

    သူတို့ ဆီဝယ်သွားနေကြစဉ် မင်္ဂလာဆောင် သတို့သား နှင့် အဖွဲ့ ရောက်လာသဖြင့် သူတို့ ကျန်ရစ်ခဲ့ကြ၏။ ဆီမီးခွက်များကို အသင့် ပြင်ဆင်ထားသည့် သတို့သမီး ငါးဦးတို့မှာမူကား မင်္ဂလာ အဖွဲ့နှင့် ပူးပေါင်း၍ အိမ်တွင်းသို့ ဝင်ကြပြီးလျှင် တံခါးကို ပိတ်ထားလိုက်ကြပါသည်။ စားသောက်ပွဲ ပြင်ဆင်ထားသည့် ခန်းမဆောင်သို့ ပညာသတိ မရှိသော သတို့သမီး ငါးဦး ပြန်၍ ရောက်လာကြသောအခါ “သင်တို့ကို ငါမသိ” ဟု ဆိုသော စားသောက်ပွဲအရှင်၏ ဖြေသံကို မမျှော်လင့်ဘဲ ကြားလိုက်ရကြပါသည်။ သူတို့သည်လည်း လူသူ မရှိ မှောင်အတိ ဖုံးလွှမ်းလျက် ရှိသော နေအိမ်၏ အပြင်ဘက် လမ်းမပေါ်တွင် ကျန်ရစ်ခဲ့ရကြပါတော့၏။COLB 521.1

    ခရစ်တော်သည် မင်္ဂလာဆောင် သတို့သားအား စောင့်ဆိုင်းနေသော အဖွဲ့ကို တွေ့မြင်နေရစဉ် သတို့သမီး တစ်ကျိပ်၏ ဥပမာကို တပည့်တော်များအား ပြောပြတော်မူသည်မှာ၊ သူတို့၏ အတွေ့အကြုံများအားဖြင့် ကိုယ်တော် ဒုတိယအကြိမ် ကြွလာလုနီးသောအခါ အသင်းတော်၌ တွေ့ကြုံရမည့် အခြေအနေများကို ပုံဆောင်၍ သြဝါဒ ပေးတော်မူခြင်း ဖြစ်ပါသည်။COLB 522.1

    စောင့်ဆိုင်းနေကြသော သတို့သမီး နှစ်မျိုးနှစ်စားသည် ကိုယ်တော် ကြွလာတော်မူမည်ကို စောင့်နေကြသည့် လူတန်းစား နှစ်ရပ်ကို ပုံဆောင်ထားပါသည်။ သူတို့အား သတို့သမီးများဟု ခေါ်ဆိုထားခြင်းမှာ သူတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို ပုံဆောင်ထားကြသောကြောင့် ဖြစ်ပါသည်။ ဆီမီးခွက်ဆိုသည်မှာ နှုတ်ကပါတ် တရားတော်ကို ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ဆာလံ၊ ၁၁၉:၁၀၅ တွင် ဆာလံဆရာက “နှုတ်ကပါတ်တော်သည် အကျွန်ုပ် ခြေရှေ့မှာ မီးခွက် ဖြစ်၍ အကျွန်ုပ် လမ်းခရီးကို လင်းစေပါ၏။” ဟု ဆိုထားပါသည်။ ဆီသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှတ်လက္ခဏာ ဖြစ်ပါသည်။ သို့ဖြစ်၍ ဇာခရိ အနာဂတ္တိကျမ်းတွင်လည်း ဝိညာဉ်တော်ကို ဆီနှင့် ပုံဆောင်ထားပါသည်။ “ငါနှင့် ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍ အိပ်ပျော်သော သူကို နှိုးသကဲ့သို့ ငါ့ကို နှိုးလျက်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင် ငါက အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်း အဖျား၌ ဆီအိုး တစ်လုံး၊ မီးခွက် ခုနှစ်လုံး၊ ဆီအိုး နှင့် မီးခွက် ခုနှစ်လုံး ဆက်သော ပြွန်တံ ခုနှစ်တံ ရှိပါ၏။ ဆီအိုး လက်ယာဘက်၌ သံလွင်ပင် တစ်ပင်၊ လက်ဝဲဘက်၌ တစ်ပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင် နှစ်ပင် ရှိပါသည်ဟု ဆိုပြီးမှ၊ ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား အကျွန်ုပ် သခင်၊ ဤအရာတို့ကား အဘယ်အရာ ဖြစ်သနည်းဟု မေးသော် …. ကောင်းကင်တမန်ကလည်း ဇေရုဗဗေလ သို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပါတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ …. ဆီညှစ်ရာ ရွှေစက် နှစ်ခုအားဖြင့် မိမိတို့ ဆီကို သွန်းလောင်းသော ထို သံလွင်ကိုင်း နှစ်ကိုင်းကား အဘယ်သို့နည်း ဟူ၍ လည်းကောင်း မေးလျှောက်သော် …. ကောင်းကင်တမန်ကလည်း ထို အကိုင်းတို့သည် မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်သော ဘိသိက်ခံသူ နှစ်ပါး ဖြစ်သည်ဟု ဆို၏။” ဇာ၊ ၄:၁-၁၄။COLB 522.2

    သံလွင်ပင် နှစ်ပင်မှ ရွှေအဆင်း ရှိသော သံလွင်ဆီသည် ရွှေပြွန်များဖြင့် မီးခုံတိုင် အဖျား၌ ရှိသော ဆီအိုးထဲသို့ စီးဝင်ပါသည်။ ထိုမှ တစ်ဆင့် သန့်ရှင်းရာ ဌာနတော်ကို အလင်းရောင် ပေးသည့် ရွှေဆီမီးခွက်များအတွင်းသို့ စီးဝင်ပါသည်။ ထိုနည်းအတူ ဘုရားသခင်၏ ရှေ့တော်တွင် ရပ်နေသော သန့်ရှင်းသူများက ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်ရန်အတွက် ကိုယ်ကိုကိုယ် ဆက်ကပ်ထားသော လူသား အမှုတော်ဆောင်များအား ကိုယ်တော်၏ ဝိညာဉ်တော်ကို ပေးပါသည်။ ဘိသိက် သွန်းလောင်းတော်မူခြင်းကို ခံရသော သူ နှစ်ပါးတို့၏ အမှုတော်မှာ ကောင်းကင်ဆုကျေးဇူး တည်းဟူသော ခြေရှေ့မှာ မီးခွက် ဖြစ်၍ လမ်းခရီးကို လင်းစေနိုင်သည့် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ဘုရားသခင်၏ လူတို့အား ဖြန့်ဝေရန် ဖြစ်ပါသည်။ “ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ၏ ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” ဇာ၊ ၄:၆။COLB 523.1

    ဥပမာတွင် သတို့သမီး ဆယ်ဦးလုံး မင်္ဂလာဆောင် သတို့သားကို ခရီးဦး ကြိုပြုရန် ထွက်သွားကြပါသည်။ လူတိုင်း ဆီမီးခွက် နှင့် ဆီဗူးကိုယ်စီ ပါကြပါသည်။ ပထမပိုင်း၌ သူတို့တွင် ခြားနားမှုကို မတွေ့မမြင်ရပါ။ ခရစ်တော် ဒုတိယအကြိမ် ကြွလာလုနီးသောအခါ အသင်းတော်၌ ယင်း အတိုင်း ဖြစ်လိမ့်မည်။ လူတိုင်း ကျမ်းစာ တတ်ကျွမ်းကြပေလိမ့်မည်။ ခရစ်တော် ကြွလာတော်မူရန် အချိန်နီးပြီဟု ဆိုသော သတင်းစကားကို လူတိုင်း ကြားသိရပြီး ဖြစ်၍ ယုံကြည်စွာ စောင့်မျှော်နေကြပေ လိမ့်မည်။ သို့သော် ဥပမာတွင် ဖေါ်ပြထားသည့်အတိုင်း ယခုကာလတွင်လည်း ဖြစ်နေပါသည်။ စောင့်ဆိုင်းနေရသော အချိန်ကာလ ကြားဝင်လာပါသည်။ ယုံကြည်ခြင်းကို စမ်းသပ်လျက် ရှိနေပါသည်။ “ကြည့်ပါ၊ မင်္ဂလာဆောင် လုလင်သည် လာပြီ၊ ခရီးဦး ကြိုပြုခြင်းငှါ ထွက်သွားကြကုန်” ဟု ကြွေးကြော်သံကို ကြားရကြသောအခါ အများသော သူတို့ အသင့် မရှိဘဲ နေကြလိမ့်မည်။ သူတို့၏ ဆီမီးခွက်များ နှင့် ဆီဗူးများတွင် ဆီ မရှိ၊ သူတို့၌ သန့်ရှင်းသော ဝိညာဉ်တော် ကင်းမဲ့ကြ၏။COLB 524.1

    ဘုရားသခင်၏ ဝိညာဉ်တော် မပါလျှင် နှုတ်ကပါတ် တရားတော်ကို တတ်ကျွမ်းထားခြင်း၌ အကျိုးကျေးဇူး မရှိ။ သမ္မာတရား လမ်းစဉ် နှင့်အတူ သန့်ရှင်းသော ဝိညာဉ်တော် မပါလျှင် အသက်ဝိညာဉ်ကို မရှင်သန်စေနိုင်။ စိတ်နှလုံးကိုလည်း မသန့်စင်စေနိုင်ပါ။ လူတစ်ဦးသည် သမ္မာကျမ်းစာတော်မြတ်တွင် ပါရှိသော ပညတ်တော်များ နှင့် ကတိတော်များကို တတ်ကျွမ်းနိုင်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော် ပြုပြင်စီမံခြင်း မပြုပါက ပုံသဏ္ဌာန် ပြောင်းလဲခြင်း မရှိနိုင်။ သန့်ရှင်းသော ဝိညာဉ်တော်က အလင်းတရား မပေးပါက လူတို့သည် အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်လိမ့်မည် မဟုတ်သောကြောင့် နိုင်လိုမင်းထက် ပြုတတ်သည့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု လက်အောက်တွင် ပြိုလဲကြလိမ့်မည်။COLB 524.2

    ပညာသတိ မရှိသော သတို့သမီးများနှင့် ပုံဆောင်ထားသည့် လူတန်းစားမှာ သူတော်ကောင်း ယောင်ဆောင်သော သူများကို ဆိုလိုသည် မဟုတ်ပါ။ လူတို့သည် သမ္မာတရားတော်ကို လေးစားသော သူများ ဖြစ်ကြ၏။ သူတို့သည် သမ္မာတရားတော်ကို ထောက်ခံကြ၏။ သမ္မာတရားတော်ကို ယုံကြည်သော သူများနှင့် တွဲဖက်ကြ၏။ သို့သော် သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် ပြုပြင်စီမံသည့်အတိုင်း မလိုက်နာကြ။ သူတို့သည် ယေရှုခရစ် တည်းဟူသော ကျောက်ပေါ်သို့ မကျ၊ သူတို့၏ ဇာတိပကတိကို ကျိုးပဲ့ကြေမွစေရန် ခွင့်မပြုကြ။ ဤ လူတန်းစားကို ကျောက်ပါသော မြေနှင့် တူသည့် တရားနာသူများနှင့်လည်း ပုံဆောင်ထားပါသည်။ သူတို့သည် တရားတော်ကို အသင့် လက်ခံကြသော်လည်း တရားတော်၏ အခြေခံ သဘောတရားများကို ပြည့်စုံကုံလုံအောင် မခံယူကြပါ။ ၎င်း၏ အကျိုးသက်ရောက်မှုသည်လည်း သူတို့၌ မတည်မြဲပါ။ ဝိညာဉ်တော်သည် လူ၏ အလိုဆန္ဒ နှင့် သဘောတူညီသည့် အပေါ် မူတည်၍ အသစ်သော စိတ်သဘောကို ပြုပြင်ပေးပါသည်။ သို့သော် ပညာသတိ မရှိသော သတို့သမီးများနှင့် ပုံဆောင်ထားသော သူများမူကား သမန်ကာလျှံကာမျှသာ ကျင့်သော သူများ ဖြစ်ကြ၏။ သူတို့သည် ဘုရားသခင်ကို မသိကြ။ ကိုယ်တော်၏ ဂုဏ်သိက္ခာတော်များကို မလေ့လာ မဆည်းပူးကြ၊ ကိုယ်တော်နှင့် မဆက်ဆံကြ၊ ထိုကြောင့် သူတို့သည် မည်သို့ ယုံကြည်ကိုးစားရမည်ဟူ၍ မသိနားမလည်ကြ၊ မည်သို့ ကြည့်၍ အသက်ရှင်ရမည်ကိုလည်း မသိကြ၊ သူတို့သည် အပေါ်ယိကအားဖြင့်သာ ဘုရားဝတ်ပြုသော သူများ ဖြစ်ကြ၏။ “ငါ၏ လူကဲ့သို့ သင့်ထံသို့ လာ၍ ငါ၏ လူကဲ့သို့ သင့် ရှေ့မှာ ထိုင်လျက် သင်၏ စကားကို ကြားသော်လည်း နားမထောင်ဘဲနေကြ၏။ အလွန် ချစ်ဖွယ်သော လက္ခဏာကို နှုတ်နှင့် ပြသော်လည်း စိတ်နှလုံးမူကား လောကီ ဥစ္စာကို စွဲလမ်းလျက် ရှိ၏။ ယေဇ၊ ၃၃:၃၁။ ထိုကြောင့် တမန်တော် ရှင်ပေါလုက ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူရန် အလွန် နီးသော အချိန်တွင် နေထိုင်ကြမည့် လူများ၏ ထူးခြားသော အကျင့်စာရိတ္တများ အကြောင်းကို မှတ်တမ်းတင်ထားသည်မှာ “နောင်ကာလသည် ခဲယဉ်းသော ကာလ ဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်း ဟူမူကား လူတို့သည် ကိုယ်ကိုကိုယ် ချစ်သော သူ …. ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကို သာ၍ နှစ်သက်သော သူ၊ ဘုရားဝတ်၌ မွေ့လျော် ယောင်ဆောင်၍ မွေ့လျော်ခြင်း တန်ခိုးကို ငြင်းပယ်သော သူ ဖြစ်ကြလိမ့်မည်။” ၂ တိ၊ ၃:၁-၅။COLB 525.1

    ၎င်း လူတန်းစားသည် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသောအခါမှ ငြိမ်သက်ခြင်း ရှိပါစေသော၊ လုံခြုံမှု ရှိပါစေသောဟု အော်ဟစ်သော သူများ ဖြစ်ကြ၏။ ကိုယ်ကိုကိုယ် နှစ်သိမ့်စေပြီးလျှင် ဘေးအန္တရာယ်ကို မစဉ်းစားဘဲ နေကြ၏။ မေ့လျော့နေရာမှ လန့်ဖျပ် သတိရလာသောအခါ သူတို့တွင် လိုနေသော အရာကို သိသဖြင့် သူတစ်ပါးထံ တိုးလျှိုးတောင်းခံတတ်ကြပါသည်။ သို့သော် ဝိညာဉ်ရေးတွင် တစ်ဦး၏ ချို့တဲ့မှုကို အခြားတစ်ဦးက ဖြည့်စွက်၍ မပေးနိုင်ပါ။ ဘုရားသခင်၏ ကျေးဇူးတော်ကို လူတိုင်းအား ရက်ရောစွာ ကမ်းလှမ်းထားတော်မူ၏။ ဧဝံဂေလိ သတင်း စကားတော်နှင့် စပ်လျဉ်း၍ “ရေငတ်သော သူသည် လာပါစေ၊ အလိုရှိသော သူသည် အဖိုးကို မပေးဘဲ အသက်ရေကို ယူပါစေ၊” ဟု သံတော်ဆင့်ထားပါသည်။ ဗျာ၊ ၂၂:၁၇။ သို့သော်လည်း အကျင့်စာရိတ္တကို လွှဲပြောင်း၍ မရပါ။ လူတစ်ဦးအတွက် အခြား မည်သူကမျှ ယုံကြည်ပေးခြင်းငှါ မစွမ်းဆောင်နိုင်ပါ။ ဝိညာဉ်တော်ကို ပြုပြင်မှုဖြင့် ရရှိထားသည့် အကျင့်စာရိတ္တကို အခြားသူ တစ်ဦးအား ဝေငှပေးကမ်း၍ မရပါ။ “နောဧ၊ ဒံယေလ၊ ယောဘတို့ (ထိုပြည်၌) ရှိသော်လည်း ငါအသက်ရှင်သည်အတိုင်း ကိုယ်သားသမီးကို မကယ်မနုတ်၊ ကိုယ်ဖြောင့်မတ်ခြင်းအားဖြင့် ကိုယ်အသက်ဝိညာဉ်ကိုသာ ကယ်နုတ်ရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ယေဇ၊ ၁၄:၂၀။COLB 526.1

    အရေးကြုံသောအခါမှ အကျင့်စာရိတ္တ ထင်ပေါ်လာပါသည်။ ညနက်သန်းခေါင်တွင် “ကြည့်ပါ၊ မင်္ဂလာဆောင် လုလင်သည် လာပြီ၊ ခရီးဦး ကြိုပြုခြင်းငှါ ထွက်သွားကြကုန်” ဟု အမှန်စင်စစ် ကြွေးကြော်သံကို ကြားရသောအခါ ငိုက်မျဉ်းအိပ်ပျော်နေသော သတို့သမီး အားလုံး နိုးထကြ၏။ ထိုအခါမှ အဘယ်သူသည် ယင်း အရေးအခင်းအတွက် အသင့် ပြင်ဆင်မှု ရှိကြောင်း တွေ့မြင်ရပါသည်။ သူတို့ အုပ်စု နှစ်စုလုံး သတိလစ်ချိန်တွင် ကြွေးကြော်သံကို ကြားလိုက်ရသော်လည်း အုပ်စု တစ်စုသည် အရေးအခင်းအတွက် ပြင်ဆင်မှု ရှိ၍ အခြားသော အုပ်စုတွင် ပြင်ဆင်မှု မရှိကြောင်း တွေ့ရပါသည်။ ရုတ်တရက် မမျှော်လင့်ဘဲ ကြီးစွာသော ဘေးအန္တရာယ်တည်းဟူသော သေခြင်းတရား နှင့် အသက်ဝိညာဉ်တို့ မျက်နှာချင်း ဆိုင်ရကြသောအခါမှ ဘုရားသခင်၏ ကတိတော်များတွင် စစ်မှန်သော ယုံကြည်မှု ရှိမရှိ ထင်ပေါ်လိမ့်မည်၊ အသက်ဝိညာဉ်သည် ကျေးဇူးတော်၏ အားပေးထောက်မခြင်းကို ခံရသည် မခံရသည်ကို ထင်ရှားလိမ့်မည်။ လူသားတို့အတွက် ကရုဏာ တံခါးပိတ်၍ နောက်ဆုံး စစ်ဆေးသည့် အချိန်တွင် မည်သည့် အသက်ဝိညာဉ်၏ လိုအပ်ချက်ကိုမျှ ဖြည့်စွက်ပေးနိုင်တော့မည် မဟုတ်ပါ။COLB 526.2

    သတို့သမီး ဆယ်ဦးတို့သည် ဤ ကမ္ဘာကြီး၏ သမိုင်း ညနေပိုင်း အချိန်တွင် စောင့်ကြည့်နေကြပါသည်။ သူတို့ အားလုံး ခရစ်ယာန် အမည်ခံကြပါသည်။ အားလုံး ခေါ်တော်မူခြင်းကို ခံရပါသည်။ သတ်မှတ်ထားသည့် နေရာတစ်ခုစီ ရှိပါသည်။ ဆီမီးခွက် တစ်ခုစီ ပါကြပါသည်၊ အားလုံး ခရစ်တော် ကြွလာတော်မူမည်ကို အမှန်ပင် စောင့်မျှော်နေကြပါသည်။ သို့သော် ငါးဦးတို့သည် အသင့် မရှိကြ၊ သူတို့သည် စားသောက်ပွဲ ခန်းမကြီး၏ အပြင်ဘက်တွင် အလွန် အံ့အားသင့်လျက်၊ အလွန် စိတ်ပျက်လျက် နေကြပေလိမ့်မည်။COLB 527.1

    နောက်ဆုံး နေ့ရက်ကြီးသို့ ရောက်သောအခါ အများသော သူတို့သည် ခရစ်တော်၏ နိုင်ငံတော်သို့ ဝင်ရောက်ခွင့် ရရှိရန် “အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ၊ အကျွန်ုပ်တို့ နေသော မြို့ရွာ၌ ကိုယ်တော်သည် ဆုံးမသြဝါဒ ပေးတော်မူပြီ” ဟူ၍ လည်းကောင်း၊ “သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့်နှင့် ဆုံးမသြဝါဒ ပေးပါပြီ မဟုတ်လော၊ ကိုယ်တော် အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော၊ ကိုယ်တော် အခွင့်နှင့် များစွာသော တန်ခိုးကို ပြပါပြီ မဟုတ်လော” ဟူ၍ လည်းကောင်း လျှောက်ထားကြလိမ့်မည်။ ထိုအခါ ကိုယ်တော်က “သင်တို့သည် အဘယ်က လာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသော အမှုကို ပြုသော သူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ” ဟု မိန့်တော်မူလိမ့်မည်။ လုကာ၊ ၁၃:၂၆၊၂၇။ မဿဲ၊ ၇:၂၂။ ယခု ပစ္စုပ္ပန်ဘဝတွင် သူတို့သည် ခရစ်တော်နှင့် မိတ်သဟာယ မဖွဲ့ကြသောကြောင့် ကောင်းကင် ဘာသာစကားကို သူတို့ နားမလည်ကြ။ သူတို့သည် ကောင်းကင် ဝမ်းမြောက်ခြင်းအတွက် သူစိမ်းပြင်ပြင် ဖြစ်ကြ၏။ “လူ၏ နက်နဲသော အရာကို လူ၌ ရှိသော မိမိ၏ စိတ်ဝိညာဉ်မှ တစ်ပါး အဘယ်သူ သိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသော အရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တစ်ပါး အဘယ်သူမျှ မသိ။” ၁ ကော၊ ၂:၁၁။COLB 527.2

    သေခြင်းတရားကို မလွန်ဆန်နိုင်သော လူသားတို့ ကြားရသည့် စကားများအနက် ဝမ်းနည်းစရာ အကောင်းဆုံးသော စကားလုံးများမှာ “သင်တို့ကို ငါမသိ” ဟု နောက်ဆုံး တရားစီရင်ချက် ချမှတ်သော စကားလုံးများပင် ြဖစ်ပါသည်။ မင်္ဂလာဆောင် စားသောက်ပွဲတွင် ဝမ်းသာ အားရဆင်နွဲနေသော သူများတွင် သင်လည်း တစ်ယောက် အပါအဝင် ဖြစ်နိုင်ရန် လိုအပ်သည့် တစ်ခုတည်းသော အာမခံချက်မှာ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း ဖြစ်သော်လည်း ယင်း ကိစ္စကို သင်သည် ဥပေက္ခာ ပြုခဲ့၏။ ထို မြင်ကွင်းတွင် သင် မပါဝင်နိုင်။ မျက်စိကန်းသော သူတို့သည် ၎င်းတို့၏ အလင်းရောက်ကို မမြင်နိုင်၊ နားပင်းသော သူတို့သည် ၎င်း၏ တေးသံသာကို မကြားနိုင်။ ၎င်း၏ မေတ္တာ နှင့် ဝမ်းမြောက်ခြင်းက လောကီရေးရာများ ဖိစီး၍ ထုံထိုင်းနေသော နှလုံးသားကို ဝမ်းမြောက်ဝမ်းသာစေခြင်းငှါ မလှုံ့ဆော်နိုင်။ သင်သည် ကောင်းကင်သားများနှင့် မပေါင်းဖေါ် ထိုက်အောင်၊ ကောင်းကင်နိုင်ငံတော်သို့ မဝင်ထိုက်အောင် သင် ကိုယ်တိုင် ဖန်တီးခြင်းသာ ဖြစ်ပါသည်။COLB 528.1

    “ကြည့်ပါ၊ မင်္ဂလာဆောင် လုလင် လာပြီ” ဟု ကြွေးကြော်သံကို ကြားသောအခါမှ နိုးထ၍ ဆီ မရှိသော မီးခွက်များကို ပြန်လည် ပြုပြင် ဖြည့် စွက်ခြင်းဖြင့် သခင်ဘုရားကို ဖူးမြော်ရန် အသင့် ရှိတော့မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဤ ဘဝတွင် ခရစ်တော်နှင့် ခွဲခွာ၍ နေပြီးမှ ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော် နှင့်အတူ ပေါင်းဖေါ်ရန် ထိုက်တန်လိမ့်မည် မဟုတ်ပါ။COLB 528.2

    ဥပမာတွင် ပညာသတိရှိသော သတို့သမီးတို့၏ ဆီမီးခွက် နှင့် ဆီဗူးများတွင် ဆီ ရှိနေကြပါသည်။ သူတို့ စောင့်ဆိုင်းနေကြသော ညကာလ တစ်လျှောက်လုံး သူတို့၏ ဆီမီးခွက်များ မှေးမှိန်ခြင်း မရှိ၊ မီးလျှံများဖြင့် ထွန်းတောက်နေကြသည် ဖြစ်၍ မင်္ဂလာဆောင် သတို့သား၏ ဂုဏ်အသရေ ထွန်းတောက်စေရာတွင် အထောက်အကူ ပြုကြ၏။ မှောင်မိုက်သော နေရာတွင် ထွန်းလင်းနေသည် ဖြစ်၍ မင်္ဂလာဆောင် စားသောက်ပွဲ တည်ရှိရာ မင်္ဂလာဆောင် သတို့သား၏ နေအိမ်သို့ သွားသော လမ်းကို အလင်းရောက် ပေးခြင်း၌ အထောက်အကူ ပြုပါသည်။COLB 529.1

    ထိုနည်းအတူ ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူများသည်လည်း လောကီ မှောင်မိုက်အတွင်းသို့ အလင်းရောင် ပေးကြရန် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လက်ခံထားသူ၏ အသက်တာသည် သန့်ရှင်းသော ဝိညာဉ်တော် စီမံပြုပြင်ခြင်းအားဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်သောအခါ အလင်းရောင် ဖြစ်လာပါသည်။ လူတို့သည် နှုတ်ကပါတ် တရားတော်၏ အခြေခံ သဘောတရားများကို နှလုံးပိုက်ထားပါက သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့၏ အသက်တာတွင် ဘုရားသခင်၏ ဂုဏ်တော်ကို ရောင်ပြန်ဟပ်စေပါလိမ့်မည်။ ကိုယ်တော်၏ ဂုဏ်တော်၊ ကိုယ်တော်၏ ဘုန်းတော်ရောင်ခြည်သည် နောက်တော်သို့ လိုက်လျှောက်သော သူတို့တွင် ထွန်းတောက်နေရမည်။ ယင်းနည်းအားဖြင့် သူတို့သည် သိုးသငယ်၏ မင်္ဂလာဆောင် စားသောက်ပွဲ တည်ခင်းထားရာ၊ မင်္ဂလာဆောင် သတို့သားတော်၏ အိမ်တော် ရှိသော ဘုရားသခင်၏ မြို့တော်သို့ သွားရာ လမ်းတော်က အလင်းရောင် ပေးခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရမည်။COLB 529.2

    မင်္ဂလာဆောင် သတို့သား ရောက်လာသော အချိန်သည် သန်းခေါင်ယံ ဖြစ်၍ အမှောင်မိုက်ဆုံးသော အချိန် ဖြစ်၏။ ထိုနည်းအတူ ဤ ကမ္ဘာ၏ သမိုင်းတွင် အမှောင်မိုက်ဆုံးသော အချိန်၌ ခရစ်တော် ကြွလာတော်မူလိမ့်မည်။ လူသား ကြွလာတော်မူမည့် အချိန် ရောက်လုနီးသောအခါ ဤ လောကကြီး အခြေအနေ မြင်ကွင်းသည် နောဧ နှင့် လောတ တို့၏ အချိန်က ကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအချိန်တွင် စာတန်သည် မိမိ၏ တန်ခိုးအာဏာ ရှိသမျှကို အသုံးချ၍ လည်းကောင်း၊ “မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့် လည်းကောင်း (၂ သက်၊ ၂:၉၊၁၀) လုပ်ငန်း ဆောင်ရွက်လိမ့်မည် ဖြစ်ကြောင်း ကျမ်းစာတော်တွင် ဖေါ်ညွှန်းထားပါသည်။ ဘာသာရေး လမ်းလွဲမှုများ၊ အယူဝါဒ ကွဲလွဲမှုများ၊ မြားမြောင်လှစွာသော ပျက်စီးခြင်းများ စသည့် ယနေ့ ကာလဆိုင်ရာ လောကီ မှောင်မိုက် အရှိန်အဟုန် တိုးတက်မြင့်မာနေပါသဖြင့် သူ၏ လုပ်ဆောင်မှုမှာ ထင်ရှားနေပါသည်။ စာတန်သည် ကမ္ဘာလောကကြီးကို သုံ့ပန်းအဖြစ် ဖမ်းဆီးချုပ်နှောင်ရာ၌ အရေးပါအရာရောက်နေသည် သာမက သခင်ယေရှုခရစ်၏ အနည်ကို ခံယူသော အသင်းတော်များကိုပင် မမှန်သော သြဝါဒများဖြင့် လိမ်လည်လှည့်ဖြား၍ မူးယစ်စေ၏။ ဆိတ်မွှေးဖြင့် ရက်လုပ်ထားသော လျှော်ဖျင်ကြမ်းသည် ထူပိန်နေသကဲ့သို့ လည်းကောင်း၊ မှောင်အတိကျနေသော သန်းခေါင်ယံ အချိန်ကဲ့သို့ လည်းကောင်း ကြီးမားလှသည့် အယူဝါဒ ဖေါက်ပြန်မှုကြီး ထွန်းကားလိမ့်မည်။ ဘုရားသခင်၏ လူတို့အတွက်မှာ မူကား သမ္မာတရားတော်နှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း ခံရသော ည၊ ငိုကြွေးရသော ည၊ နှိပ်စက်ညှဉ်းဆဲခြင်း ခံရသော ည ဖြစ်လိမ့်မည်။ သို့သော် ထို မှောင်မိုက်သည် ညကာလအတွင်းမှ ဘုရားသခင်၏ အလင်းတော် ထွန်းတောက်လိမ့်မည်။COLB 530.1

    ကိုယ်တော်သည် “မှောင်မိုက်ထဲက အလင်း ထွန်းလင်း” စေတော်မူ၏။ ၂ ကော၊ ၄:၆။ “မြေကြီးသည် အဆင်းသဏ္ဌာန် မရှိ၊ လွတ်လပ်လဟာ ဖြစ်၏။ နက်နဲရာ အရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ” သောအခါ “ဘုရားသခင်ကလည်း အလင်း ဖြစ်စေဟု အမိန့်တော် ရှိ၍ အလင်း ဖြစ်လေ၏။” က၊ ၁:၂၊၃။ ထိုနည်းအတူ ဝိညာဉ်ရေး မှောင်မိုက် ဖုံးလွှမ်းသော ညတွင် “အလင်း ဖြစ်စေ” ဟု ဘုရားသခင် အမိန့်တော် ရှိလိမ့်မည်။ “သင် ထလော့၊ လင်းလော့၊ သင်၏ အလင်းရောက်လာပြီ။ ထာဝရဘုရား၏ ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက် ရှိ၏” ဟု ကိုယ်တော် မိန့်တော်မူ၏။ ဟေရှာ၊ ၆၀:၁။COLB 530.2

    “ကြည့်ရှုလော့၊ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း သင်၏ အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍ ဘုန်းတော်သည် သင်၏ အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်” ဟု ကျမ်းစာတွင် ဖေါ်ပြထားပါသည်။ ဟေရှာ၊ ၆၀:၂။COLB 531.1

    ဤလောကကြီးကို ဖုံးလွှမ်းနေသည့် မှောင်မိုက်မှာ ဘုရားသခင်၏ အကြောင်းကို မသိသော မှောင်မိုက် ဖြစ်ပါသည်။ လူတို့သည် ကိုယ်တော်၏ ဂုဏ်တော်ကို မသိ မေ့လျော့ကြ၏။ ၎င်းနှင့် စပ်လျဉ်း၍ အလွဲ အဓိပ္ပါယ် ကောက်ပြီးလျှင် အလွဲ နားလည်နေကြ၏။ ဤ အချိန်တွင် ဘုရားသခင်၏ အထံတော်မှ အကျိုးသက်ရောက်မှု ရှိသည့် အလင်းတရားတော်ဆိုင်ရာ သတင်းစကား၊ ကယ်တင်နိုင်သည့် တန်ခိုးတော် ပါသော သတင်းစကားကို ကြွေးကြော်ရန် ဖြစ်ပါသည်။ ကိုယ်တော်၏ ဘုန်းတော်၊ ကိုယ်တော်၏ ကောင်းမြတ်ခြင်း၊ ကိုယ်တော်၏ ကရုဏာတော်၊ ကိုယ်တော်၏ သမ္မာတရားတော် စသည့် ကိုယ်တော်၏ အလင်းတရားတော်တို့ မှောင်မိုက် ဖုံးလွှမ်းနေသော ဤ ကမ္ဘာအတွင်းသို့ ပေးပို့ ထွန်းလင်းစေခြင်းအားဖြင့် ဘုရားသခင်၏ ဂုဏ်သိက္ခာတော်အကြောင်းကို ပြောဟောရကြပါမည်။COLB 531.2

    ထို အမှုတော်နှင့် စပ်လျဉ်း၍ ပုရောဖက် ဟေရှာယက “ယေရုရှလင်မြို့သို့ ဝမ်းမြောက်စရာ သတင်းကို ဆောင်ခဲ့သော သူ၊ ကျယ်သော အသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောကြလော့။ ကြည့်ရှုလော့၊ အရှင်ထာဝရဘုရားသည် ကြီးစွာသော ဘုန်းတန်ခိုးနှင့် ကြွလာ၍ လက်ရုံးတော်အားဖြင့် အစိုးရတော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သော အခ မိမိ၌ ပါလျက် ဆုလာဘ်တော်သည် ရှေ့တော်၌ ရှိ၏။” ဟု အချုပ်အားဖြင့် ဖေါ်ပြထားပါသည်။ ဟေရှာယ၊ ၄၀:၉၊၁၀။COLB 531.3

    မင်္ဂလာဆောင် သတို့သားတော် ကြွလာတော်မူရန် စောင့်မျှော်နေသော သူတို့က “သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြ” လော့ ဟု လူအပေါင်းတို့အား ကြွေးကြော်ကြရန် ဖြစ်ပါသည်။ ကမ္ဘာလောကကြီးသို့ ပေးပို့ရမည့် နောက်ဆုံးသော ကရုဏာတော်ဆိုင်ရာ အလင်းတရားတော် ရောင်ခြည်များ နှင့် နောက်ဆုံးသော ကရုဏာတော်ဆိုင်ရာ သတင်းစကားမှာ ကိုယ်တော်၏ မေတ္တာတော်ပင် ဖြစ်ပါသည်။ ဘုရားသခင်၏ သားသမီးများသည် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစွာ ပြသရကြပါသည်။ ဘုရားသခင်၏ ကျေးဇူးကရုဏာတော်သည် သူတို့အား မည်သို့ ပြုပြင်ပြောင်းလဲထားကြောင်း သူတို့၏ အသက်တာ နှင့် သူတို့၏ အကျင့်စာရိတ္တများအားဖြင့် ထင်ရှားစွာ ဖေါ်ပြရကြပါမည်။COLB 532.1

    သူတို့၏ ကောင်းမြတ်သော အလုပ်များအားဖြင့် လည်းကောင်း၊ သစ္စာ စကားကို ပြောဆိုခြင်းအားဖြင့် လည်းကောင်း၊ သန့်ရှင်းသော အကျင့်များအားဖြင့် လည်းကောင်း တရားတော် နေမင်း၏ အလင်းတရားတော်ကို ထွန်းလင်းစေရမည်။COLB 532.2

    ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတော်ရောင်ခြည်ကို ဤ လောက၌ ပိုမို ထွန်းလင်းစေရန်အတွက် ဤ လောက၏ အလင်းအဖြစ်နှင့် ကြွလာတော်မူခဲ့၏။ ကိုယ်တော်သည် လူတို့ ရှေ့မှောက်တွင် ဘုရားသခင်အား ကိုယ်စားပြုရန် ကြွလာတော်မူသည် ဖြစ်သောကြောင့် “သန့်ရှင်းသော ဝိညာဉ်တော်နှင့် လည်းကောင်း တန်ခိုးတော်နှင့် လည်းကောင်း …. ဘိသိက်ပေးတော်မူသဖြင့် …. ကျေးဇူးပြုလျက် …. လှည့်လည်တော်မူ၏။” ဟု ကိုယ်တော်၏ အကြောင်းနှင့် စပ်လျဉ်း၍ ကျမ်းစာတွင် အက္ခရာတင်ထားပါသည်။ တ၊ ၁၀:၃၈။ နာဇရက်မြို့ တရားဇရပ်တွင်လည်း “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ၏ အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက် ပေး တော်မူပြီး ကြေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှါ လည်းကောင်း ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်း နှင့် မျက်စိကန်းသော သူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှါ လည်းကောင်း၊ ညှဉ်းဆဲခံရသော သူတို့ကို ကယ်မစေခြင်းငှါ လည်းကောင်း ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေ ခြင်းငှါလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ” ဟု ကျမ်းစာတွင် ပါသည့်အတိုင်း ဖတ်၍ မိန့်မြွက်တော်မူ၏။ လု၊ ၄:၁၈၊၁၉။ ကိုယ်တော်၏ တပည့်တော်များကိုလည်း ယင်း အမှုတော်ကိုပင် ဆောင်ရွက်ရန် ခန့်အပ်တော်မူ၏။ ထိုကြောင့် “သင်တို့သည် ဤ လောက၏ အလင်း ဖြစ်ကြ၏” ဟု ကိုယ်တော် မိန့်တော်မူပြီးလျှင် “သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသော အကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏ အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတစ်ပါးတို့ ရှေ့၌ သင်တို့၏ အလင်းကို လင်းစေကြလော့” ဟု ဆက်၍ လမ်းညွှန် မိန့်ကြားတော်မူ၏။ မ၊ ၅:၁၄၊၁၆။COLB 532.3

    ယင်း အမှုတော်နှင့် စပ်လျဉ်း၍ ပုရောဖက် ဟေရှာယ က “မွတ်သိပ်သော သူကို အစာကျွေးခြင်း၊ နေရာ မရှိ ဆင်းရဲသော သူတို့ကို ကိုယ့်အိမ်သို့ ဆောင်ခြင်း၊ အဝတ် မရှိသော သူကို မြင်လျှင် အဝတ်ကို ပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲ နေခြင်း မဟုတ်လော။ သို့ပြုလျှင် သင်၏ အလင်းသည် မိုးသောက်သော အလင်းကဲ့သို့ ပေါ်ထွန်း၍ အလျင်အမြန် ကျန်းမာခြင်းသို့ ရောက်လိမ့်မည်၊ သင်၏ ဖြောင့်မတ်ခြင်း ပါရမီသည် သင့် ရှေ့၌ သွား၍ ထာဝရဘုရား၏ ဘုန်းတော်သည် နောက်၌ လုံခြုံစေလိမ့်မည်။” ဟု သရုပ်ဖေါ်ထားပါသည်။ ဟေရှာ၊ ၅၈:၇၊၈။COLB 534.1

    ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ဝိညာဉ်ရေး မှောင်မိုက် လွှမ်းခြုံနေသော ညကာလတွင် ကိုယ်တော်၏ အသင်းတော်မှ တစ်ဆင့် ဝန်လေးသူကို ကူပင့်၍ ပူဆွေးသူကို နှစ်သိမ့်စေခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော် ရောင်ခြည်ကို ထွန်းပြောင်စေရမည်။COLB 534.2

    ကျွန်ုပ်တို့၏ ဝန်းကျင်တွင် ပူပန်သောက ရောက်သူများ၏ ငိုကြွေး မြည်တမ်းသံများကို ကမ္ဘာနှင့် အဝှမ်း ကြာနေရပါသည်။ ဆင်းရဲနွမ်းပါးသော သူများ နှင့် စိတ်ဒုက္ခရောက်သော သူများကို လူတိုင်း လက်လှမ်းမီနိုင်ပါသည်။ ဘဝအသက်တာ၏ အခက်အခဲများ နှင့် ပူပန်သောကများမှ လွတ်မြောက်စေရန် နှင့် သက်သာရာရစေရန်အတွင် ကူညီရိုင်းပင်းရန်မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပါသည်။COLB 534.3

    လက်တွေ့ ဆောင်ရွက်ပေးခြင်းသည် ဟောပြောနေသည်ထက် ပို၍ ထိရောက်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် မွတ်သိပ်သော သူကို အစာကျွေးရမည်။ အဝတ်အချည်းစည်း ရှိသော သူကို အဝတ် ပေးရမည်။ နေအိမ် မရှိသော သူကို ခိုလှုံစရာ ပေးရမည်။ ဤမျှနှင့်လည်း ကျွန်ုပ်တို့၏ တာဝန် မကုန်ဆုံးသေးပါ။ အသက်ဝိညာဉ် ဆင်းရဲခြင်းကို ခရစ်တော်၏ မေတ္တာတော်ကသာလျှင် ချမ်းသာပေးနိုင်ပါသည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌ ကိန်းအောင်းတော်မူလျှင် ကျွန်ုပ်တို့သည် ကိုယ်တော် နည်းတူ စာနာ ထောက်ထားတတ်ကြပေလိမ့်မည်။ ဖုံးကွယ်နေသည့် စစ်မှန်သော မေတ္တာတရား၊ ခရစ်တော်၏ မေတ္တာတော်နှင့် တူသော မေတ္တာတရား ပေါ်လွင်လာပေလိမ့်မည်။COLB 535.1

    ဆင်းရဲနွမ်းပါးသူများအား ဝေငှ ပေးကမ်းရန်သာ ကျွန်ုပ်တို့အား ဘုရားသခင် ခေါ်တော်မူသည် မဟုတ်ပါ။ ရွှင်ပျသော မျက်နှာထား နှင့် စေတနာ ထက်သန်စွာ အကျိုး ရှိသော စကားကို ပြောဆိုလျက် လက်ယာ လက်ချင်း ဆုပ်ကိုင်၍ ရင်းနှီးစွာ ပြုစုရန်ကိုလည်း ဆင့်ဆိုတော်မူ၏။ ခရစ်တော်သည် နာဖျားမကျန်းသော သူတို့အား အနာရောဂါ ကင်းငြိမ်းစေရာ၌ သူတို့၏ အပေါ်တွင် လက်တော်ကို တင်တော်မူ၏။ ထိုနည်းအတူ ကျွန်ုပ်တို့ အကျိုးပြုလိုသော သူတို့နှင့် ရင်နှီးစွာ ဆက်ဆံရန် လိုအပ်ပါသည်။COLB 535.2

    မျှော်လင့်ခြင်း ကင်းမဲ့သော သူ အများ ရှိပါသည်။ သူတို့ စိတ်ရွှင်လန်းစေရန် ကြိုစားပါ။ စိတ်ပျက်အားလျော့နေသော သူ အများ ရှိပါသည်။ သူတို့ကို အားပေး စကားပြောပါ၊ ဆုတောင်း ပေးပါ။ အသက်မုန့်ကို လိုအပ်နေသော သူများလည်း ရှိပါသည်၊ နှုတ်ကပါတ် တရားတော်ကို ဖတ်ပြပါ။ အသက်ဝိညာဉ် နာဖျားမကျန်း ဖြစ်နေသူ အများ ရှိရာ လောကီလိမ်းဆေး မထိမရောက်၊ ဆေးသမား မကုမသနိုင်။ ထို အသက်ဝိညာဉ်များအတွက် ပတ္ထနာ တောင်းခံပေးပါ။ ယေရှုရှင်ထံတော်သို့ ခေါ်လာပါ။ ဂိလဒ်တောင်ပေါ်မှာ သစ်ဆီလိမ်းဆေး ရှိကြောင်း၊ သမားတော်ကြီးလည်း ရှိကြောင်း ပြောပြပါ။COLB 535.3

    အလင်းတရားသည် ကောင်းချီးမင်္ဂလာ တစ်ရပ်၊ စကြဝဠာ တစ်တိုင်းလုံးနှင့် ဆိုင်သော ကောင်းချီးမင်္ဂလာ တစ်ရပ် ဖြစ်၍ ကျေးဇူးတရားကို မသိတတ်သော ကမ္ဘာ၊ မသန့်ရှင်းသော ကမ္ဘာ၊ အကျင့် ဖေါက်ပြန်နေသော ကမ္ဘာ တစ်ခုအပေါ်သို့ ၎င်း၏ ရတနာ အရပ်ရပ်ကို သွန်းလောင်းလျက် ရှိတော်မူ၏။ တရားတော် နေမင်း၏ အလင်းရောင်သည်လည်း ထိုနည်းအတူပင် ဖြစ်တော်မူ၏။ ကမ္ဘာမြေကြီး တစ်ခုလုံးသည် အပြစ်ဒုစရိုက်၏ မှောင်မိုက်၊ စိတ်ဒုက္ခရောက်ခြင်း၏ မှောင်မိုက်၊ နာကျင်ခြင်း ဝေဒနာ၏ မှောင်မိုက်တို့ဖြင့် လွှမ်းခြုံလျက် ရှိနေသော်လည်း ဘုရားသခင်၏ မေတ္တာတော်ကို သိနားလည်သည့် ပညာအလင်းရောင်ဖြင့် ထွန်းလင်းတောက်ပနေစေရမည်။ မည်သည့် ဂုဏ်ဂဏ၊ မည်သည့် အသင်း၊ မည်သည့် လူတန်းစားမျှ ကောင်းကင်ပလ္လင်တော်မှ ထွန်းတောက်လျက် ရှိသော အလင်းတော်ကို မရဘဲ မရှိစေရ။COLB 536.1

    မျှော်လင့်ခြင်း နှင့် ကရုဏာ တရားတော်ဆိုင်ရာ သတင်းစကားကို ကမ္ဘာတစ်စွန်းမှသည် အခြား တစ်စွန်းသို့ တိုင်အောင် သယ်ယူပို့ဆောင်ရမည်။ အလိုရှိသော သူတိုင်း ဘုရားသခင်၏ တန်ခိုးတော်ကို အားကိုး၍ ဘုရားသခင်နှင့် ငြိမ်းချမ်းရေးကို ရယူနိုင်ပါသည်။ ထိုသူသည်လည်း ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖြစ်လာနိုင်ပါသည်။ ဘုရားတရားနှင့် ဝေးကွာနေသော သူများလည်း သန်းခေါင်ယံ အချိန်၏ မှောင်မိုက်တွင်း၌ နစ်မွန်းနေရန် မလိုတော့ဘဲ တရားတော် နေမင်း၏ တောက်ပြောင်သော ရောက်ခြည်တော် အောက်တွင် စိတ်မသာ ငြီးငွေ့ဖွယ်ရာများနှင့် ဝေးကွာကြပေလိမ့်မည်။ သေမင်း၏ တန်ခိုးအာဏာကိုလည်း အောင်ပြီ။COLB 536.2

    သို့သော် မိမိ ကိုယ်တိုင် လက်ခံရရှိမထားသည့် အရာကို အဘယ်သူမျှ မဝေငှနိုင်။ ဘုရားသခင်၏ အမှုတော်တွင် လူသားသည် အဘယ်အရာကိုမျှ အစမဖေါ်နိုင်။ ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် မည်သူမျှ ဘုရားသခင်၏ အလင်းတရားတော်ကို သယ်ဆောင်သူ မဖြစ်နိုင်။ ကောင်းကင်တမန်များသည် ကောင်းကင်ရွှေဆီကို ရွှေပြွန်များဖြင့် သန့်ရှင်းရာ ဌာနတော်အတွင်း၌ ရှိသော ရွှေဆီအိုးမှ တစ်ဆင့် ဆီမီးခွက်များအတွင်းသို့ စီးဆင်းစေခြင်းအားဖြင့်သာ စဉ်ဆက်မပြတ် ထွန်းတောက်လျက် ရှိသော အလင်းရောင်ကို ဖြစ်ပေါ်စေပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် လူသားတို့၏ စိတ်နှလုံးအတွင်းသို့ စဉ်ဆက်မပြတ် စီးဆင်းနေခြင်းအားဖြင့်သာ လူသားသည် မိမိ၏ အလင်းတရားကို ထပ်ဆင့် ဝေငှနိုင်ပါသည်။COLB 536.3

    ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သူတိုင်း၏ စိတ်နှလုံး အတွင်းသို့ ဘုရားသခင်၏ မေတ္တာရွှေဆီသည် အချုပ်အချယ် မရှိ လွတ်လပ်စွာ စီးဆင်းလျက် ရှိနေခြင်းမှာ ကောင်းသော လုပ်ငန်းဖြင့် လည်းကောင်း၊ စေတနာဖြင့် လည်းကောင်း ဘုရားသခင်၏ အမှုတော်ဆိုင်ရာ အလင်းတရားကို ထွန်းလင်းစေခြင်းငှါ ဖြစ်သတည်း။COLB 537.1

    အတိုင်းမသိ များပြား ကြီးမားလှစွာသော သန့်ရှင်းသော ဝိညာဉ်တော် ဆုကျေးဇူးများကို ချပေးသွန်းလောင်းတော်မူရာ၌ အရေးကြုံလျှင် အသုံးပြုနိုင်ရန် ကောင်းကင်စွမ်းအား ရှိသမျှ ပါဝင်တော်မူ၏။ ဘုရားသခင်၏ ကြွယ်ဝစွာသော ကရုဏာ ကျေးဇူးတော်များ မြေကြီးပေါ်ရှိ လူသားတို့ အပေါ်သို့ မသက်ဆင်းသည်မှာ ဘုရားသခင်က ကန့်သတ်ချက် ပြုထားခြင်းကြောင့် မဟုတ်ပါ။ လူတိုင်း လက်ခံရန် အလိုရှိပါက သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝကြပါလိမ့်မည်။COLB 537.2

    ဘုရားသခင်၏ ကျေးဇူးတော်ဆိုင်ရာ ဘဏ္ဍာရတနာများကို လည်းကောင်း၊ စစ်၍ မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝမှုများကို လည်းကောင်း ဤ လောကသို့ ဝေငှတော်မူရာ၌ လူတိုင်း သက်ရှင်သော ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်ရန် အခွင့်အရေး ရှိပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော် နှင့် ဂုဏ်အင်္ဂါတော်ကို ဤ လောကတွင် ပုံဆောင်ရန်အတွက် ကိုယ်စားလှယ်တော်များ အလိုရှိတော်မူသည်ထက် ပို၍ အလိုရှိတော်မူသော အရာ ခရစ်တော်၌ မရှိပါ။ ကယ်တင်ရှင်၏ မေတ္တာတော်ကို လူသားတို့မှ တစ်ဆင့် ပေါ်လွင်ထင်ရှားစေရန် လိုအပ်သည်ထက ပို၍ လိုအပ်သော အရာ ဤ လောကတွင် မရှိပါ။ လူသားတို့အတွက် ဝမ်းမြောက်စရာ နှင့် ကောင်းချီးမင်္ဂလာ ဖြစ်စေရန် သန့်ရှင်းသော ဆီကို ဝေငှ သွန်းလောင်းရန်အတွက် လူသား ဆက်သွယ်ရေး လမ်းကြောင်းများကို ကောင်းကင်သား အားလုံးက ကြိုဆိုစောင့်ဆိုင်းနေကြပါသည်။COLB 537.3

    ဧမာနွေလ၏ ဘုန်းတော်ကို ရရှိထားခြင်းအားဖြင့် လည်းကောင်း၊ ဤ လောက၏ အလင်း ဖြစ်တော်မူသော အရှင်၏ အလင်းတရားကို ရောင်ပြန်ဟပ်နေခြင်းအားဖြင့် လည်းကောင်း၊ ကိုယ်တော်၏ အသင်းတော်သည် ပုံသဏ္ဌာန် ပြောင်းလဲပြီးသော အသင်းတော် ဖြစ်ရန် ခရစ်တော်သည် အလုံးစုံတို့ကို စီမံထားတော်မူ၏။ ခရစ်ယာန်တိုင်းသည် ဝိညာဉ်ရေး အလင်းတရား နှင့် ငြိမ်သက်ခြင်းတို့ဖြင့် ဝန်းရံလျက် ရှိကြရန်မှာ ကိုယ်တော်၏ စီမံချက် ဖြစ်တော်မူ၏။ ကိုယ်တော်၏ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့၏ အသက်တာတွင် ထုတ်ဖေါ်ရန် ကိုယ်တော်ရှင် လိုလားတော်မူ၏။COLB 538.1

    ကောင်းကင်မေတ္တာတော် ယိုဖိတ်ခြင်းအားဖြင့် ဝိညာဉ်တော် ကိန်းအောင်းတော်မူကြောင်း ထင်ရှားလိမ့်မည်။ ဘုရားသခင်နှင့် စပ်ဆိုင်သော စုံလင်ခြင်းသည် ဆက်ကပ် အပ်နှံထားသော လူသား ကိုယ်စားလှယ်အားဖြင့် အခြားသူများထံသို့ ထပ်ဆင့်ဝေငှရန် စီးဆင်းပေလိမ့်မည်။COLB 538.2

    တရားတော် နေမင်း၌ “အနာ ပျောက်စေသော အတောင်” များ ရှိတော်မူ၏။ ထိုကြောင့် စစ်မှန်သော တပည့်တော်တိုင်းသည် အသက်ရှင်ရေးအတွက် အကျိုးသက်ရောက်မှု ပျံ့နှံ့စေရမည်၊ ရဲရင့်တည်ကြည်ခြင်း ပျံ့နှံ့စေရမည်၊ ကူညီထောက်ပံ့လိုစိတ် ပျံ့နှံ့စေရမည်၊ စစ်မှန်သော ရောဂါဝေဒနာ ပျောက်ကင်းစေမှု ပျံ့နှံ့စေရမည်။COLB 538.3

    ခရစ်တော်၏ ဘာသာအယူဝါဒ ဆိုသည်မှာ အပြစ် ဖြေလွှတ်ခြင်းထက် ပိုပါသည်။ ကျွန်ုပ်တို့၏ အပြစ် ဒုစရိုက်များကို ပယ်ရှားပြီးလျှင် ယင်း လစ်လပ်နေသော နေရာ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို အစားထိုးပေးခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၌ ဝမ်းမြောက်ခြင်း ရှိ၍ ဘုရားရှင်နှင့် စပ်ဆိုင်သော အလင်းရောင်ကို ထွန်းလင်းစေခြင်း ဖြစ်ပါသည်။ စိတ်နှလုံးအတွင်း ကိုယ်ကျိုးဖက်သော သဘော ကင်းစင်၍ ခရစ်တော် ကိန်းဝပ်တော်မူခြင်းဖြင့် ကောင်းချီးမင်္ဂလာနှင့် ပြည့်ဝခြင်းကိုလည်း ဆိုလိုပါသည်။ အသက်ဝိညာဉ်ကို ခရစ်တော် စိုးမိုးသောအခါ သန့်ရှင်းစင်ကြယ်၍ အပြစ်ဒုစရိုက်နှင့် ကင်းဝေး၏။ အသက်တာသည် ဘုန်းတော်နှင့် လည်းကောင်း၊ စုံလင်ခြင်းနှင့် လည်းကောင်း၊ ဧဝံဂေလိ စီမံကိန်း ပြီးမြောက်ခြင်းနှင့် လည်းကောင်း ပြည့်စုံကုံစေ၏။ ကယ်တင်ရှင်အား လက်ခံသောအခါ စုံလင်သော ငြိမ်သက်ခြင်း၊ စုံလင်သော မေတ္တာ၊ စုံလင်သော ယုံကြည်စိတ်ချခြင်းများ ပေါ်လွင် ထင်ရှားလာပါသည်။ ခရစ်တော်၏ တင့်တယ် ကောင်းမြတ်ခြင်း အဖြာဖြာနှင့် ပြည့်စုံသော ဂုဏ်အင်္ဂါတော် ကဲ့သို့သော အကျင့်စာရိတ္တသည် အသက်တာ၌ ပေါ်လွင်ထင်ရှားလျှင် ဘုရားသခင်သည် မိမိ၏ သားတော်ကို ဤ လောက၏ ကယ်တင်ရှင်အဖြစ် အကယ်စင်စစ် စေလွှတ်တော်မူကြောင်း သက်သေထင်ရှားနေပါသည်။ COLB 538.4

    ခရစ်တော်သည် တပည့်တော်တို့အား သင်တို့၏ အလင်းကို လင်းစေကြလော့ဟု မိန့်မှာတော်မူ၏၊ ကြိုးစားအားထုတ်၍ လင်းစေရမည်ဟု မိန့်တော်မူခြင်း မဟုတ်ပါ။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို လက်ခံရရှိပြီး ဖြစ်ပါက သင်၌ အလင်းတရား ရှိနေပါသည်။ အတားအဆီး ရှိသမျှကို ပယ်ရှားလိုက်ပါက ဘုရားသခင်၏ ဘုန်းတော် ထင်ရှားလိမ့်မည်။ အလင်းသည် အမှောင်ကို ခွင်းလိမ့်မည်။ သင်၏ သြဇာ သက်ရောက်မှု နယ်နိမိတ်တွင် မလင်းဘဲ မနေနိုင်။COLB 539.1

    ကိုယ်တော်၏ ဘုန်းတော်ကို လူသား အသွင်ဖြင့် ဖေါ်ထုတ်ရာ၌ ကောင်းကင်ဘုံသည် လူတို့နှင့် မည်မျှတိုင် နီးစပ်လာသည်ကို ကယ်တင်ရှင် ကိန်းဝပ်တော်မူသည့် အသက်ဝိညာဉ်တိုင်း၏ စိတ်နှလုံး ဗိမာန်တွင် လှပတင့်တယ်စွာ တန်ဆာဆင်မြန်းထားခြင်းဖြင့် သိသာလိမ့်မည်။ ခရစ်တော် ကိန်းဝပ်တော်မူခြင်းဖြင့် လူတို့သည် ဘုန်းတော်ဆိုင်ရာ သိမ်းဆည်းတော်မူခြင်း ခံရသူများ ဖြစ်ကြလိမ့်မည်။ ယင်းနည်းအားဖြင့် ဘုရားသခင်၏ ထံတော်သို့ ပို့ဆောင်ခြင်းကို ခံရသော၊ မြောက်များစွာသော လူတို့၏ ကျေးဇူးတော် နှင့် ဘုန်းတော်ကို ချီးမွမ်းထောမနာ ပြုကြသည့် အသံ အပေါင်းသည် ယင်း ဘုန်းတော်ကို ပေးတော်မူသည့် ဘုန်းတော်ရှင်ထံသို့ ပြန်၍ တက်လိမ့်မည်။COLB 539.2

    “သင် ထလော့၊ လင်းလော့၊ သင်၏ အလင်းရောက်လာပြီ။ ထာဝရဘုရား၏ ဘုန်းတော်သည် သင်၏ အပေါ်မှာ ထွန်းလျက် ရှိ၏။” ဟေရှာ၊ ၆၀:၁။ သတို့သားတော်ကို ခရီးဦး ကြိုပြုခြင်းငှါ ထွက်သွား ကြကုန်သော သူ အပေါင်းအား ယင်း သတင်းစကားကို ပေးအပ်ထားတော်မူ၏။ ခရစ်တော်သည် ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက် ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်သည် မိမိ၏ ဘုန်းတော်ကို လည်းကောင်း၊ ခမည်းတော်၏ ဘုန်းတော်ကို လည်းကောင်း ဆောင်လျက် ကြွလာ်တော်မူလိမ့်မည်။ ကိုယ်တော်သည် သန့်ရှင်းသော ကောင်းကင်တမန် အပေါင်း ခြံရံလျက် မိုးတိမ်ကို စီး၍ ကြွလာတော်မူလိမ့်မည်။ တစ်လောကလုံး မှောင်မိုက်အတွင်း နစ်မွန်းနေစဉ် သန့်ရှင်သူ အပေါင်း၏ နေအိမ်တိုင်းတွင် အလင်းရောင် ရှိနေလိမ့်မည်။ ကိုယ်တော် ဒုတိယအကြိမ် ကြွလာတော်မူရာတွင် ပထမဦးစွာ ပေါ်လာသော အလင်းရောင်ကို သူတို့ တွေ့မြင်ရကြပေလိမ့်မည်။ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သော ဘုန်းတော် ရောင်ခြည်ကို ဆောင်လျက် ကြွလာတော်မူသောအခါ ကိုယ်တော်အား ကိုးကွယ်သော သူ အပေါင်းသည် ရွေးနုတ်တော်မူသော အရှင်သခင် ခရစ်တော်အား အံ့သြချီးမွမ်းကြလိမ့်မည်။ မတရားသော သူတို့သည် ကိုယ်တော်ထံမှ ထွက်ပြေး တမ်းရှောင်ကြလိမ့်မည် ဖြစ်သော်လည်း ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူများ ဝမ်းမြောက် ရွှင်မြူးကြလိမ့်မည်။ အိမ်ထောင်ဦးစီးမှူး ယောဘသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူမည့် အကြောင်းကို မျှော်မှန်း၍ “ငါမြင်မည်၊ သူတစ်ပါး မြင်သည် သာမက ငါသည် ကိုယ်တိုင် မျက်စိနှင့် ဖူးမြင်မည်။” ဟု အတိအလင်း မြွက်ဆိုခဲ့ပါသည်။ ယောဘ၊ ၁၉:၂၇။ ခရစ်တော်သည် နောက်တော်သို့ လိုက်သော သူများနှင့် နေ့စဉ် အတူနေ၍ အကျွမ်းဝင်သော အဆွေ ဖြစ်တော်မူ၏။ သူတို့သည် ဘုရားသခင်နှင့် အစဉ်မပြတ် ပွန်းပွန်းတီးတီး ဆက်သွယ်၍ နေကြ၏။ ထာဝရဘုရား၏ ဘုန်းတော်သည် သူတို့ အပေါ်မှာ ပေါ်ထွန်းလျက် ရှိ၏။ ဘုရားကိုယ်တော်ရှင်၏ ဘုန်းတော်ကို သိကျွမ်းသည့် ပညာအလင်းရောင်သည် သူတို့၏ ရှိကြောင်း သခင်ယေရှု၏ ရှေ့တော်မှောက်တွင် ရောင်ပြန်ဟပ်နေပါသည်။ သူတို့သည် ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံတော်မူသည့် ဘုရာင်ကြီး၏ မမှေးမမှိန်နိုင်သော ရောင်ခြည်တော် အောက်တွင် ရွှင်လန်း ဝမ်းမြောက်လျက် ရှိကြလေပြီ။ သူတို့၏ စိတ်နှလုံးအတွင်း၌ ကောင်းကင်ဘုံ ရှိသည် ဖြစ်၍ သူတို့သည်COLB 539.3

    ကောင်းကင်နိုင်ငံတော်၏ ပွဲတော်မင်္ဂလာသို့ ဝင်ရောက်ရန် အသင့် ရှိကြလေပြီ။COLB 541.1

    တရားတော် နေမင်း၏ ရောင်ခြည်တော်သည် သူတို့၏ အပေါ်၌ ထွန်းတောက်သဖြင့် ခေါင်းပေါ် ရှုမျှော်လျက် သူတို့အတွက် ရွေးနုတ်ရာ ကာလ ရောက်ပြီ ဖြစ်ကြောင်း သိရကြသဖြင့် သတို့သားတော်ကို ခရီးဦး ကြိုပြုခြင်းငှါ ဝမ်းမြောက်ရွှင်လန်းစွာ ထွက်လာကြပြီးလျှင် “ဤ အရှင်ကား ငါတို့ မျှော်လင့်သော ငါတို့၏ ဘုရားသခင် ပေတည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်” ဟု ကြွေးကြော်ကြလိမ့်မည်။ ဟေရှာ၊ ၂၅:၉။COLB 541.2

    “တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန် ရှိပြီ၊ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာ အသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။ …. ကောင်းကင်တမန်ကလည်း သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်း ခံရသော သူတို့သည် မင်္ဂလာ ရှိကြ၏ဟု ရေးထားလော့ဟူ၍ …….. ငါ့အား ပြောဆို၏။” “သိုးသငယ်သည် သခင်တို့၏ သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော် နှင့်အတူ ရှိသော သူတို့သည်လည်း ခေါ်တော်မူသော သူ၊ ရွေးချယ်တော်မူသော သူ၊ သစ္စာရှိသော သူ ဖြစ်ကြ၏။” ဗျာ၊ ၁၉:၆-၉။ ၁၇:၁၄။COLB 541.3

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents