Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကောင်းသော မြေ၌

    မျိုးစေ့ကြဲသောသူသည် အမြဲတစေ စိတ်ပျက်စရာများနှင့်သာ ဆုံးတွေ့နေရမည် မဟုတ်ပါ။ ကောင်းသော မြေပေါ်သို့ ကျရောက်သော မျိုးစေ့များနှင့် ပတ်သက်၍ “တရားစကားကို ကြား၍ နှလုံးသွင်းသဖြင့် အဆ သုံးဆယ်၊ အဆ ခြောက်ဆယ်၊ အဆ တစ်ရာပွားများ၍ အသီး သီးတတ်၏” “ကောင်းသော မြေ၌ ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံး နှင့် တရားစကားကို ကြားလျှင် စွဲလမ်းသောအားဖြင့် မြဲမြံစွာ အသီးသီးသောသူကို ဆိုလိုသတည်း” ဟု ကယ်တင်ရှင် မိန့်တော်မူ၏။COLB 52.1

    ဧဝံဂလိတရားတော်ကို လိမ်းလွှဲပျောက်ဆုံးနေသော သူများအား ဟောကြားရန် ဖြစ်သောကြောင့် ဥပမာပုံတွင် ဖေါ်ပြပါရှိသည့် “ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံး” ဆိုသည်မှာ မကောင်းမှု ဒုစရိုက်နှင့် ကင်းသော စိတ်နှလုံး မဟုတ်ပါ။ “ဖြောင့်မတ်သော သူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါ လာသည် မဟုတ်၊ ဆိုးသော သူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်း” ဟု ခရစ်တော် မိန့်တော်မူ၏။ မာကု၊ ၂:၁၇။ သန့်ရှင်းသော ဝိညာဉ်တော် ပြစ်တင်ဆုံးမခြင်းကို ဝန်ခံသော သူ၌ ဖြောင့်မှန်သော စိတ်နှလုံး ရှိ၏။ သူ၏ မကောင်းမှု ဒုစရိုက်များကို ဝန်ခံခြင်းဖြင့် သူသည် ဘုရားသခင်၏ ကျေးဇူးကရုဏာတော်ကို လိုအပ်သည်ဟု တွေ့သိသောသူ ဖြစ်၏။ သူ့အနေဖြင့် သမ္မာတရားတော်ကို သိနားလည်၍ လိုက်နာစောင့်ထိန်းလိုသည့် ရိုးဖြောင့်သော ဆန္ဒ ရှိ၏။ ကောင်းသော စိတ်နှလုံးသည် ယုံကြည်တတ်သော စိတ်နှလုံး၊ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်၌ ယုံကြည်ကိုးစားသော စိတ်နှလုံး ဖြစ်၏။ ယုံကြည်ခြင်း မရှိလျှင် တရားတော်ကို လက်မခံနိုင်။ “ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သော သူသည် ဘုရားသခင် ရှိတော်မူသည်ကို လည်းကောင်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးကိုပေးတော်မူသည်ကို လည်းကောင်း ယုံကြည်ရမည်။” ဟေဗြဲ၊ ၁၁:၆။COLB 52.2

    ဤ သူသည် “တရားစကားကို ကြား၍ နှလုံးသွင်း” သော သူ ဖြစ်၏။ ခရစ်တော် သက်တော် ထင်ရှား ရှိတော်မူချိန်က ဖါရိရှဲများသည် မြင်မည် စိုး၍ မျက်စိကို မှတ်ထားကြ၏။ ကြားမည် စိုး၍ နားကို ပိတ်နေကြ၏။ ထိုကြောင့် သမ္မာတရားတော်သည် သူတို့၏ စိတ်နှလုံးများအတွင်းသို့ မဝင် မရောက်နိုင်။ သူတို့သည် ကိုယ့်သဘော ကိုယ့်အလိုဆန္ဒအရ မမြင်၊ မတွေ့၊ မနာယူလိုကြသောကြောင့် တူသော အကျိုးကိုသာ ခံစားရကြ၏။ သို့သော် ကိုယ်တော်သည် တပည့်တော်များအား စိတ်နှလုံး တံခါးကို ဖွင့်လျက် ဆုံးမသြဝါဒများကို နာခံခြင်းဖြင့် ယုံကြည်ရန် အသင့်ရှိစေဖို့ သွန်သင်တော်မူ၏။ တပည့်တော်များအနေဖြင့် ကိုယ်မျက်စိဖြင့် မြင်၍ ကိုယ်နားဖြင့် ကြားသည်အတိုင်း ယုံကြည်သဖြင့် ကိုယ်တော်သည် တပည့်တော်များအား ကောင်းချီးပေးတော်မူ၏။COLB 53.1

    ကောင်းသော မြေနှင့်တူသော တရားနာသူများသည် “လူ၏ နှုတ်ထွက် စကားကို မခံမယူဘဲ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော် အမှန်” ကို လက်ခံသောသူများ ဖြစ်ကြ၏။ ၁ သက်၊ ၂:၁၃။ သမ္မာကျမ်းစာကို ဘုရားရှင်ကိုယ်တော်တိုင် မိမိအား ပြောနေသော အသံတော် ဖြစ်သည်ဟု လက်ခံသော သူသာလျှင် စစ်မှန်စွာ သင်ကြားနာယူသော သူ ဖြစ်၏။ သူ့အတွက် အသက်ရှင်သော အမှန်တရား ဖြစ်သည်ဟု ခံယူသဖြင့် နှုတ်ကပါတ်တော်ကြောင့် ကြောက်ရွံ့တုန်လှုပ်၏။ သူ၏ အသိအမြင် နှင့် နှလုံးတံခါးကို ဖွင့်လှစ်၍ နာယူ၏။ ယင်းကဲ့သို့သော တရားနာယူသူများသည် “ဘုရားသခင်သည် ကိုယ်တော်၌ မှာထားတော်မူသမျှကို နားထောင်ခြင်းငှါ ယခု အကျွန်ုပ်တို့ ရှိသမျှသည် ဘုရားသခင် ရှေ့တော်၌ အသင့်နေကြပါသည်” ဟု ကော်နေလိ နှင့် သူ၏ မိတ်ဆွေများ ပြောကြသကဲ့သို့ ဖြစ်၏။ တ၊ ၁၀:၃၃။COLB 53.2

    သမ္မာတရားတော်ကို သိနားလည်ခြင်းသည် ပိုင်းခြား သိမြင်တတ်သော ဉာဏ်စွမ်းသတ္တိပေါ်တွင် မူတည်သည် မဟုတ်ပါ။ သန့်စင်ပီပြင်သော ရည်ရွယ်ချက် နှင့် စိတ်အားထက်သန်ခြင်း၊ ရိုးသားခြင်း၊ ယုံကြည်ကိုးစားခြင်းတို့အပေါ်တွင် အခြေပြုပါသည်။ မာန်မာနနှိမ့်ချ၍ ဘုရားကိုယ်တော်ရှင်၏ လမ်းညွှန်မှုကို ရှာကြံသူတို့၏ အနီးသို့ ကောင်းကင်တမန်များ ချဉ်းကပ်ကြ၏။ ထိုသို့သော သူတို့အား သမ္မာတရားတော်၏ ပြည့်စုံကြွယ်ဝသော ဘဏ္ဍာတော်များကို ဖွင့်ပြရန် သန့်ရှင်သောဝိညာဉ်တော်ကို သူတို့ထံသို့ စေလွှတ်တော်မူ၏။COLB 54.1

    ကောင်းသော မြေနှင့်တူသော တရားနာသူများသည် တရားတော်ကို ကြားနာရသောအခါ နှလုံးသွင်းကြ၏။ စာတန်သည် သူ၏ မကောင်းမှု တန်ခိုးအင်အား ရှိသမျှနှင့် နုတ်ယူ၍ မရနိုင်။COLB 54.2

    တရားတော်ကို ဖတ်ရုံနာရုံမျှဖြင့် မလုံလောက်ပါ။ သမ္မာကျမ်းစာအားဖြင့် အကျိုးဖြစ်ထွန်းရန် အလိုဆန္ဒ ရှိသော သူသည် နာယူရရှိပြီးသော သမ္မာတရားတော်ကို နှလုံးသွင်း၍ တစ်နေ့လုံး ဆင်ခြင် အောက်မေ့ရမည်။ သမ္မာတရား စကားတော်များ၏ အနက်အဓိပ္ပါယ်များကို စိတ်အားထက်သန်စွာ အာရုံပြုလျက် ဆုတောင်းခြင်းများစွာဖြင့် ဆင်ခြင်စဉ်းစား၍ သင်ကြားနာယူရမည်။ ၎င်းအပြင် ဗျာဒိတ်တော်၏ သဘောအလိုကို လေးလေးနက်နက် ခံယူ သောက်သုံးရမည်။COLB 54.3

    ကျွန်ုပ်တို့၏ စိတ်အာရုံများသည် မွန်မြတ်သော ဆင်ခြင်တုံတရားများဖြင့် လည်းကောင်း၊ သန့်စင်သော အတွေးအခေါ်များဖြင့် လည်းကောင်း ပြည့်လျှံစေရမည်ဟု ဘုရားရှင် မိန့်တော်မူ၏။ ကိုယ်တော်၏ မေတ္တာတော် နှင့် ကရုဏာတော်ကို ဆင်ခြင်အောက်မေ့၍ ကိုယ်တော်၏ ကြီးမြတ် အံ့သြဖွယ်ရာ ဖြစ်တော်မူသော ကယ်တင်ခြင်း စီမံကိန်းကြီးကို လေ့လာသင်ကြားရန် အလိုရှိတော်မူ၏။ ထိုအခါ သမ္မာတရားတော်ကို သိမြင်နားလည်နိုင်သည့် စွမ်းရည်သည် ကြည်လင်သည် ထက်ပို၍ ကြည်လင်ပြတ်သားလာလိမ့်မည်။ ကျွန်ုပ်တို့၏ စိတ်အာရုံကို ကြည်လင်စေလိုသော ဆန္ဒ နှင့် စိတ်နှလုံးကို သန့်စင်စေလိုသော အာသီသများသည်လည်း သာ၍ မြင့်မြတ်လာလိမ့်မည်၊ သာ၍ သန့်ရှင်းလာလိမ့်မည်။ သန့်ရှင်းသော အတွေးအခေါ် အမြော်အမြင်များ ကိန်းအောင်းလျက် ရှိသော စိတ်ဝိညာဉ်သည် သမ္မာတရားတော်ကို လေ့လာသင်ကြားခြင်းအားဖြင့် ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့လျက် ပုံသဏ္ဌန် ပြောင်းလဲခြင်းသို့ရောက်လိမ့်မည်။COLB 55.1

    “အသီးသီးသောသူ” ဆိုသည်မှာ တရားစကားကို ကြားလျှင် စွဲလမ်းသောအားဖြင့် နားထောင်ခြင်းတည်းဟူသော အသီးကို သီးသော သူများ ဖြစ်ကြ၏။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လက်ခံသော သူသည် ကောင်းသော အကျင့်အားဖြင့် ထင်ရှားပြသလိမ့်မည်။ ခရစ်တော်နှင့်တူသော အသက်တာ နှင့် အကျင့်စာရိတ္တကို တွေ့မြင်ရလိမ့်မည်။ “အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားတော်သည်လည်း အကျွန်ုပ် နှလုံးထဲမှာ ရှိပါ၏” ဟူ၍ လည်းကောင်း၊ ဆာလံ၊ ၄၀:၈။ “ငါသည် ကိုယ်အလိုသို့ မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏” ဟူ၍ လည်းကောင်း၊ ယော၊ ၅:၃၀။ ကိုယ်တိုင် အကြောင်းကို ခရစ်တော် မိန့်တော်မူ၏။ ၎င်းအပြင် သမ္မာကျမ်းစာတော်မြတ်၌ “ထို သခင်၌ ငါတည်၏ ဟုဆိုသော သူသည် ထို သခင် ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်” ဟု ပါရှိပါသည်။ ၁ ယော၊ ၂:၆။COLB 55.2

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်သည် လူ၏ ဇာတိနှင့် လည်းကောင်း၊ အလေ့အကျင့်ရပြီးခဲ့သည့် အကျင့်စရိုက်များနှင့် လည်း ကောင်း၊ အသက်တာ၏ ထုံးစံဓလေ့များနှင့် လည်းကောင်း များသောအားဖြင့် မဆီလျော်ဘဲ ထိပ်တိုက် တွေ့နေတတ်ပါသည်။ သို့သော် ကောင်းသော မြေနှင့်တူသော တရားနာသူသည် တရားစကားများကို နာကြားရသောအခါ တရားတော်၏ စည်းကမ်းသတ်မှတ်ချက်များ နှင့် လိုအပ်ချက် အားလုံးကို လက်ခံလိုက်နာ၏။ သူ၏ အလေ့အထများ၊ ထုံးစံဓလေ့များ နှင့် သူ၏ ကျင့်ကြံပြုမှုခြင်းများကိုလည်း ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်နှင့်အညီ ပြောင်းလဲ ပြုပြင်လိုက်ပါသည်။ မစုံမလင် မှားယွင်း လမ်းလွဲတတ်သော လူ၏ အခွင့်အာဏာများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားတော်နှင့် နှိုင်းယှဉ်ပါက အရေးမပါ အရာမရောက်သည်ကို သူတွေ့မြင်၏။ တစ်သမတ်တည်းသော ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ စုံလင်သော စိတ်ထားဖြင့် လည်းကောင်း သူသည် ထာဝရအသက်ကို ရှာဖွေလျက် နစ်နာဆုံးရှုံးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း သာမက သေဘေးနှင့် ရင်ဆိုင်ရသည်တိုင်အောင် သမ္မာတရားစကားများကို နားထောင်လိမ့်မည်။COLB 55.3

    ထိုမှတစ်ပါးသူသည် “မြဲမြံစွာ” အသီး သီးသော သူ ဖြစ်၏။ ဘုရားသခင်၏ တရားစကားကို နာခံသူတို့တွင် အဘယ်သူမျှ အကျပ်အတည်း ဆင်းရဲဒုက္ခများနှင့် လည်းကောင်း၊ စမ်းသပ် စစ်ဆေးခြင်းနှင့် လည်းကောင်း လွတ်ကင်းသည် ဟူ၍ မရှိပါ။ သို့သော် စိတ်ပင်ပန်းဆင်းရဲခြင်းနှင့် ရင်ဆိုင်ရသောအခါ သစ္စာတည်သော ခရစ်ယာန်သည် မတည်မငြိမ် မဖြစ်။ စိတ်နှောင့်နှေးခြင်း မရှိ၊ စိတ်ပျက်အားလျော့ခြင်းလည်း မရှိပါ။ အမှုကိစ္စ အမျိုးမျိုးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် အကျိုးအပြစ်ကို အတိအကျ ကြိုတင်၍ မသိနိုင်သည်သာမက ဘုရားသခင်၏ စီမံတော်မူချက်ကိုလည်း နားမလည်နိုင်စေကာမူ ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချမှုကို စွန့်ပစ်ရန် မဟုတ်ပါ။ ထာဝရဘုရား၏ သနားစုံမက်တတ်ခြင်းကို အောက်မေ့သတိရလျက် ကျွန်ုပ်တို့၏ လောကီစိုးရိမ်ခြင်း အမှု ရှိသမျှကို ကိုယ်တော်၌ အပ်နှံ၍ သည်းခံခြင်းဖြင့် ကယ်တင်ခြင်းကို စောင့်မျှော်၍ နေရမည်။COLB 56.1

    ဆိုင်ပြိုင်တိုက်လှန်ခြင်းဖြင့် ဝိညာဉ်ရေး အသက်တာ ရင့်ကျက်၏။ စစ်ဆေးစမ်းသပ်ခြင်းများကို ကောင်းစွာ ခံရပ်နိုင်လျှင် တည်ငြိမ်သော အကျင့်စာရိတ္တ နှင့် မွန်မြတ်သော ဝိညာဉ်ဆုကျေးဇူးကို ဖြစ်ထွန်းစေလိမ့်မည်။ ယုံကြည်ခြင်း၏ စစ်မှန်သော အသီး၊ စိတ်နှလုံး နူးညံ့သိမ်မွေ့ခြင်း အသီး နှင့် မေတ္တာအသီးများသည် မိုးသက်မုန်တိုင်း နှင့် မှောင်မိုက် ဖုံးလွှမ်းရာတွင် များသောအားဖြင့် ရင့်မှည့်ကြ၏။COLB 56.2

    “လယ်လုပ်သော သူသည် အလျင်မိုး၊ နောက်မိုးကို ရသည်တိုင်အောင် အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏” ယာ၊ ၅:၇။ ထိုကြောင့် ခရစ်ယာန်သည် ကိုယ်အသက်တာအတွင် ဘုရားသခင်၏ တရားတော်ဆိုင်ရာ အသီး သီးချိန်ကို သည်းခံလျက် စောင့်မျှော်ရမည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော် ဆုကျေးဇူးများကို တောင်းလျှောက်ကြသောအခါ ကျွန်ုပ်တို့၏ အသက်တာတွင် ယင်း ဆုကျေးဇူးများ ဖြစ်ထွန်းစေမည့် အခြေအနေသို့ ဆိုက်ရောက်သည့် တိုင်အောင် ဘုရားသခင် စီမံပြုပြင်၍ စောင့်ဆိုင်းနေတော်မူ၏၊ သို့သော် ကျွန်ုပ်တို့သည် ကိုယ်တော်၏ စီမံတော်မူချက်ကို နားမလည်နိုင်ကြသဖြင့် အံ့သြကြ၏၊ သိလိုကြ၏၊ ထိတ်လန့်ကြ၏။ သို့ရာတွင် သဘာဝအတိုင်း ကြီးထွားရှင်သန်၍ အသီးသီးရမည့် နည်းလမ်းမှ လွဲ၍ မည်သူမျှ ယင်း အကျိုးကျေးဇူးများကို ဖြစ်ထွန်းအောင် မဖန်တီးနိုင်ပါ။ ဘုရားသခင်၏ တရားတော်ကို နာယူလက်ခံ၍ စွဲမြဲစွာ ဆုပ်ကိုင်ထားခြင်းမှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်၍ တရားတော်၏ ကွပ်ကဲလမ်းညွှန်မှုကို လုံးလုံးလျားလျား ဝန်ခံလျှင် တရားတော်၏ စီမံချက်သည် ကျွန်ုပ်တို့တွင် စုံလင်ခြင်းသို့ ရောက်လိမ့်မည်။COLB 57.1

    “ငါ့ကို ချစ်သော သူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထို သူကို ချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ ကြွ၍ နေရာချမည်” ဟု ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၁၄:၂၃။ ကျွန်ုပ်တို့သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူသည့် စွမ်းအားနှင့် သက်ရှင် ဆက်စပ်နေသောကြောင့် ကျွန်ုပ်တို့၏ စိတ်သဘောသည် စုံလင်၍ ခိုင်မာလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့၏ ဝိညာဉ်ရေး အသက်တာကို ခရစ်တော်ယေရှု သိမ်းပိုက်တော်မူလိမ့်မည်။ ကျွန်ုပ်တို့တွင် ကိုယ်ကျိုးကိုယ်စီးပွားကိုသာ လိုလားသည့် သာမန် စိတ်သဘောများ ရှိတော့မည်COLB 57.2

    မဟုတ်သဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ကိန်းအောင်းတော်မူလိမ့်မည်။ ကျွန်ုပ်တို့၏ အသက်တာတွင် ခရစ်တော်၏ ဂုဏ်အင်္ဂါတော်များ ထင်ပေါ်လျက် ရှိလိမ့်မည်။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော် အသီးများကို “အဆ သုံးဆယ်၊ အဆ ခြောက်ဆယ်၊ အဆ တစ်ရာ ပွားများ၍” သီးကြလိမ့်မည်။COLB 58.1

    * * * * *