Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 27—“အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သော သူ ဖြစ်ပါသနည်း”

    လုကာ၊ ၁၀:၂၅-၃၇။ ကို အခြေပြုပါသည်။

    “အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သော သူ ဖြစ်ပါသနည်း။” ဆိုသော မေးခွန်းနှင့် ပတ်သက်၍ ယုဒလူတို့တွင် အဆုံး မရှိအောင် အငြင်းပွားနေတတ်ပါသည်။ တစ်ပါး အမျိုးသားများ၊ ရှမာရိလူများနှင့် ပတ်သက်၍မူကား အငြင်းပွားစရာ မရှိ၊ နိုင်ငံခြားသား ရန်သူများ ဖြစ်သည်ဟု သဘောထားကြ၏။ သို့ရာတွင် မိမိတို့၏ ပြည်သား အချင်းချင်းတွင် လူထု လူတန်းစား အမျိုးမျိုး ရှိသည်အနက် မည်သို့ တိကျစွာ သတ်မှတ်ထားရပါမည်နည်း။ ယဇ်ပုရောဟိတ်များ၊ ရဗ္ဗိဆရာများ နှင့် အကြီးအကဲများအတွက် သူတို့နှင့် စပ်ဆိုင်သော သူများကို အဘယ်သို့ သတ်မှတ်ထားရပါမည်နည်း။ သူတို့၏ အသက်တာတွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနားများကို အလှည့်ကျ ထမ်းဆောင်ခြင်းဖြင့် ကိုယ်ကိုကိုယ် သန့်စင်စေကြ၏။ ထိုကြောင့် အတတ်ပညာမဲ့၍ အသိတရား မပြည့်ဝသော လူထုနှင့် တွေ့ထိခြင်းအားဖြင့် သူတို့သည် ညစ်ညူးကြလိမ့်မည်။ ယင်းသို့ ညစ်ညူး မစင်ကြယ် ဖြစ်လျှင် ပြန်လည် သန့်စင်စေရန် ပင်ပန်းစွာ ကြိုးပမ်းရလိမ့်မည်ဟု သူတို့ အယူသည်းကြ၏။ ထိုကြောင့် သူတို့သည် “မစင်ကြယ်” သော သူများကို ကိုယ်နှင့် စပ်ဆိုင်သော သူ ဟူ၍ သဘောထားရပါမည်လော။COLB 479.1

    ယင်း မေးခွန်းကို ခရစ်တော်သည် ကောင်းသော ရှမာရိလူ၏ ဥပမာဖြင့် အဖြေပေးတော်မူ၏။ ကျွန်ုပ်တို့နှင့် စပ်ဆိုင်သော သူ ဆိုသည်မှာ ကျွန်ုပ်တို့ ယုံကြည်သည့် ဘာသာဝင် သို့မဟုတ် ကျွန်ုပ်တို့ ပါဝင်သည့် အသင်းဝင်သာ ဖြစ်ရမည်ဟု မဆိုလိုကြောင်း ကိုယ်တော် ပြညွှန်တော်မူ၏။ ထို အမှုအရာသည် လူအမျိုးအနွယ်နှင့် လည်းကောင်း၊ အသားရောင်နှင့် လည်းကောင်း၊ လူတန်းစားနှင့် လည်းကောင်း မသက်ဆိုင်ပါ။ ကျွန်ုပ်တို့၏ ကူညီထောက်ပံ့မှုကို လိုအပ်သူတိုင်းသည် ကျွန်ုပ်တို့နှင့် စပ်ဆိုင်သော သူ ဖြစ်ပါသည်။ ဘုရားသခင် ပိုင်ဆိုင်တော်မူသော သူတိုင်းသည် ကျွန်ုပ်တို့နှင့် စပ်ဆိုင်သေော သူ ဖြစ်ပါသည်။ COLB 479.2

    ကောင်းသော ရှမာရိလူ၏ ဥပမာကို ကျမ်းတတ် တစ်ယောက်က မေးလျှောက်သည့် အပေါ်တွင် မူတည်၍ ခရစ်တော် ဟောကြားတော်မူရာ ဖြစ်ပါသည်။ ကယ်တင်ရှင်သည် သြဝါဒ ပေးနေတော်မူစဉ် “ကျမ်းတတ် တစ်ယောက်သည် ထ၍၊ အရှင်ဘုရား၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု ကိုယ်တော်ကို စုံစမ်းနှောင့်ယှက်ခြင်းငှါ မေးလျှောက်” လေ၏။ ထို ကျမ်းတတ်အား ဖါရိရှဲတို့က ယင်းသို့ မေးရန် အကြံပြုကြသည်မှာ ကိုယ်တော်၏ စကားတော်များတွင် အမှားပါမည် ဆိုပါက အပြစ်ရှာရန် ဖြစ်သည့်အလျောက် စိတ်ဝင်စားစွာ နားစွင့်နေကြပါသည်။ သို့သော် ကယ်တင်ရှင်သည် သူတို့အား အတိုက်အခံ မပြုဘဲ “ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း၊ သင်သည် အဘယ်သို့ ဖတ်သနည်း” ဟု ပြန်၍ မေးတော်မူသည်မှာ မေးသော သူ ကိုယ်တိုင်ပင် အဖြေပေးစေခြင်းငှါ ဖြစ်ပါသည်။ သိနာတောင်ပေါ်မှ ပေးတော်မူခဲ့သည့် ပညတ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားသည်ဟု ယုဒလူတို့က ယေရှုရှင်ကို စွပ်စွဲနေကြ၏။ သို့သော် ကိုယ်တော်က ကယ်တင်ခြင်း အကြောင်းသည် ဘုရားသခင်၏ ပညတ်တော်များကို စောင့်ရှောက်သည့် အပေါ်တွင် မူတည်သည်ဟု ပြန်၍ မိန့်တော်မူ၏။COLB 480.1

    ကျမ်းတတ်က “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိ ရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟု ပြန်၍ လျှောက်၏။ ကိုယ်တော်ကလည်း “သင်၏ စကားသည် မှန်ပေ၏။ ထိုသို့ ပြုလျှင် အသက်ကို ရမည်” ဟု မိန့်တော်မူ၏။COLB 480.2

    ကျမ်းတတ်သည် ဖါရိရှဲတို့၏ အကျင့်များ နှင့် လုပ်နည်းလုပ်ဟန်များကို မကျေနပ်ပါ။ သူသည် ကျမ်းစာတော်မြတ်၏ မှန်သော အဓိပ္ပါယ်ကို နားလည် သဘောပေါက်ရန် စေ့စေ့ ရှာဖွေနေသူ ဖြစ်၏။ သူသည် ယင်း ကိစ္စကို အလွန် စိတ်ဝင်စားသည် ဖြစ်၍ ကိုယ်တော်အား “အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟု ရိုးသားစွာ မေးလျှောက်၏။ ပညတ်တော်အရ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ထို ကျမ်းတတ်က ပြန်လည် လျှောက်ထားရာတွင် ဝတ်ပြုခြင်းဆိုင်ရာ အခမ်းအနားများ နှင့် ဝိနည်းအထုံးအဖွဲ့များကို ချန်လှပ်ထားခဲ့ပါသည်။ ယင်း ကျင့်ဝတ်များကို အရေးကြီးသည်ဟု သူ သဘောမထားဘဲ ပညတ္တိကျမ်း နှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာ ဖြစ်သော အခြေခံ ပညတ်တရား နှစ်ပါးကိုသာ တင်ပြ လျှောက်ထားခဲ့ပါသည်။ ထိုသူ၏ အဖြေကို ကယ်တင်ရှင်က ချီးမွမ်းပြောဆိုရာတွင် ကိုယ်တော်အား ကျမ်းတတ်များထက် သာသော အခြေအနေတွင် တည်ရှိစေပါသည်။ ပညတ်တော်ကို အနက်ဖွင့်သူ တစ်ဦး၏ အဓိပ္ပါယ် ဖေါ်ပြချက်ကို ကိုယ်တော်က အတည်ပြုသည့်အတွက် ဖါရိရှဲတို့သည် ပြစ်တင် ဝေဖန်၍ မရကြတော့ပါ။COLB 480.3

    “ထိုသို့ ပြုလျှင် အသက်ကို ရလိမ့်မည်” ဟု ခရစ်တော် အတည်ပြု၍ မိန့်တော်မူ၏။ ကိုယ်တော်၏ သြဝါဒ ရှိသမျှတွင် ပညတ်တော်သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်း၊ ပညတ် တစ်ခုကို ချိုးဖေါက်ပြီးလျှင် အခြား ပညတ် တစ်ခုကို စောင့်ထိန်း၍မဖြစ်နိုင်ကြောင်း၊ အရာခပ်သိမ်းသည် ယင်း အခြေခံ သဘောတရား အတိုင်းပင် ဖြစ်ကြောင်း ညွှန်ကြားမိန့်မြွက်တော်မူ၏။ ပညတ် အပြည့်အစုံကို လိုက်နာစောင့်ထိန်းသည့် အပေါ်မူတည်၍ အနာဂတ်ဘဝကို ဆုံးဖြတ်ပါလိမ့်မည်။COLB 481.1

    လူသည် မိမိ၏ စွမ်းအားဖြင့် ပညတ်တရားတော်ကို လိုက်နာ စောင့်ထိန်းခြင်း မပြုနိုင်ကြောင်း ခရစ်တော် သိတော်မူ၏။ ထိုကျမ်းတတ်သည် သာ၍ ရှင်းလင်းစွာဖြင့် လည်းကောင်း၊ ပို၍ နှိုင်းချိန်နိုင်ခြင်းဖြင့် လည်းကောင်း သမ္မာတရားတော်ကို သိကျွမ်းသည်တိုင်အောင် စေ့စေ့စပ်စပ် ရှာဖွေလေ့လာရန် ခရစ်တော်သည် သူ့အား လမ်းညွှန်လိုတော်မူ၏။ ကျွန်ုပ်တို့သည် ခရစ်တော်၏ ကောင်းမြတ်သော ပါရမီ နှင့် ကျေးဇူးတော်ကို လက်ခံခြင်းအားဖြင့်သာ ပညတ်တော်ကို လိုက်နာ စောင့်ထိန်းနိုင်ပါသည်။ အပြစ်ဖြေလွှတ်ခြင်းတရားကို ယုံကြည်မှသာလျှင် ကျရှုံးပြီးသော လူသားသည် ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ချစ်၍ ကိုယ်နှင့် စပ်ဆိုင် သူကို ကိုယ်နှင့်အမျှ ချစ်နိုင်စွမ်း ရှိလိမ့်မည်။COLB 481.2

    ထိုကျမ်းတတ်သည် ပထမ ပညတ်တော် လေးပါးကို လည်းကောင်း၊ ဒုတိယ ခြောက်ပါးကိုသော်လည်းကောင်း မိမိ မစောင့်ရှောက် မလိုက်နာသည်ကို သိပါ၏။ ထိုးထွင်း သိမြင်တော်မူပြီးသည့်အတိုင်း ခရစ်တော် မေးတော်မူသော အမေးကြောင့် ကျမ်းတတ်သည် အပြစ်ရှိကြောင်း ထင်ရှားနေပြီ ဖြစ်သော်လည်း ဝန်မခံဘဲ အပြစ် မရှိကြောင်း ဆင်ခြေပေးဖို့ ကြိုးစားနေပါသည်။ အမှန်တရားကို ဝန်ခံရမည့် အစား ပညတ်တော်ကို ပြည့်စုံစွာ လိုက်နာ စောင့်ထိန်းရန် ခက်ခဲသညဟု အကြောင်းပြဖို့ ကြိုးစားနေပါသည်။ ဤသို့ ပြုခြင်းဖြင့် ပြစ်ဒဏ်စီရင်ခြင်းကို လွှဲရှောင်၍ လူတို့၏ ရှေ့မှောက်တွင် အပြစ်ကင်းသူ ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်၏။ သူ မေးသော မေးခွန်းကို သူ ကိုယ်တိုင် ဖြေနိုင်သောကြောင့် မေးစရာ မလိုကြောင်း ကယ်တင်ရှင်၏ စကားတော်များကဖေါ်ပြနေပါလျက် “အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သော သူ ဖြစ်ပါသနည်း” ဟု ထပ်ဆင့်၍ မေးလျှောက်ပြန်၏။COLB 482.1

    ခရစ်တော်သည် အတိုက်အခံ မပြုဘဲ ရှောင်တော်မူပြန်၏။ တရားနာသူများ ကောင်းစွာ မှတ်မိသတိရသေးသည့် အဖြစ်အပျက် တစ်ခုကို ပြန်၍ ပြောပြတော်မူခြင်းဖြင့် သူ၏ အမေးကို ဖြေတော်မူ၏။ “လူတစ်ယောက်သည် ယေရုရှလင်မြို့ မှ ယေရိခေါမြို့သို့ သွားရာတွင် ဓါးပြနှင့် တွေ့လေ၏။ ဓါးပြတို့သည် ထိုသူ၏ အဝတ်ကို ချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ် ရှိသောအခါ ပစ်ထား၍ သွားကြ၏။”COLB 482.2

    ယေရုရှလင်မြို့ မှ ယေရိခေါမြို့သို့ သွားရာလမ်းတွင် ခရီးသွားသူသည် ယုဒပြည်၏ တော်ကြီးကန္တရ တစ်နေရာကို ဖြတ်ကျော်၍ သွားရပါသည်။ ထို လမ်းတစ်နေရာတွင် တောနက်၍ ကျောက်ဆောင် ထူထပ်သော ချောက်ကမ်းပါး တစ်ခုတွင်းသို့ ဆင်းသွားရသည် ဖြစ်ရာ ထို နေရာတွင် လုယက် တိုက်ခိုက်သူများ မင်းမူကြသည် ဖြစ်၍ မကြာခဏပင် သောင်းကျန်းလုယက်မှုနှင့် ရင်ဆိုင်ရကြ၏။ ထိုနေရာသို့ ခရီးသည် ရောက်လာသောအခါ တိုက်ခိုက်ခြင်းကို ခံရ၍ သူ၏ အဖိုးတန် ပစ္စည်း ပါသမျှကို လုယူသွားကြ၏။ သူ့ကိုလည်း ရိုက်နှက်၍ သေလုမတတ် ရှိသောအခါ လမ်း ဘေးတွင် ပစ်ထားခဲ့ကြ၏။ ၎င်း ခရီးသည် လဲနေသည့် နေရာသို့ ယဇ်ပုရောဟိတ် တစ်ဦးရောက်လာ၏။ ထိုသူသည် ဒဏ်ရာဒဏ်ချက်များ နှင့် သွေးအိုင်၌ လူးလှိမ့်နေသည်ကို တွေ့မြင်သောအခါ တစ်စုံတစ်ခုမျှ ကူညီမှု မပြုဘဲ “လွှဲရှောင်၍ သွားလေ၏” ထိုနောက် လေဝိလူ တစ်ဦး ရောက်လာပြန်၏။ မည်သို့ ဖြစ်နေသည်ကို သိမြင်ချင်သော စိတ်ရှိ၍ ရပ်ဆိုင်းပြီးမှ ဝေဒနာ ခံစားနေရသူကို ကြည့်၏။ သူ့အနေဖြင့် မည်သို့ ပြုသင့်သည်ကို သိနားလည်ပါ၏။ သို့သော် ယင်း တာဝန်ကို သူ မဆောင်ရွက်လို။ ယင်းသို့ ဒုက္ခဝေဒနာ ခံစားနေရသူကို မတွေ့မမြင်ရအောင် ထို လမ်းသို့ သူ မလာခဲ့မိလျှင် ကောင်းမည်ဟု တွေး၏။ ယင်းကိစ္စသည် ကိုယ်နှင့် စပ်ဆိုင်သော ကိစ္စ မဟုတ်ပါဟု ကိုယ်ကိုကိုယ် တိုက်တွန်း၍ သူသည်လည်း ယဇ်ပုရောဟိတ် နည်းတူ “လွှဲရှောင်၍ သွားလေ၏။”COLB 482.3

    သို့သော် ယင်းလမ်းဖြင့်ပင် ခရီးသွားနေသော ရှမာရိလူ တစ်ယောက်သည် သွေးအိုင်တွင် လဲနေသော ခရီးသည်ကို မြင်သောအခါ ယခင် လူများနည်းတူ မပြု၊ ခံစားနေရသော ဝေဒနာရှင်ကို ကြင်နာယုယစွာ ပြုစုလေ၏။ “မြင်သောအခါ ကရုဏာစိတ် ရှိသည်နှင့် ချဉ်းကပ်၍ အနာကို ဆီ နှင့် စပျစ်ရည် ထည့်လျက် အဝတ်နှင့် စည်းပြီးလျှင် မိမိ တိရစ္ဆာန် ပေါ်မှာတင်၍ ဇရပ် တစ်ခုသို့ ဆောင်သွားပြုစုလေ၏။ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရီ နှစ်ပြားကို ထုတ်၍ ဇရပ်ရှင်အား ပေးလျက်၊ ဤ သူကို ကြည့်ရှု ပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟု ဆို၏။” ယဇ်ပုရောဟိတ် နှင့် လေဝိလူ နှစ်ဦးလုံးတို့သည် ဘုရားတရားကို ရိုသေကိုင်းညွှတ်ပါသည်ဟု အဆိုပြုကြသော်လည်း ရှမာရိလူသာလျှင် အမှန်ပြောင်းလဲသော သူ ဖြစ်၏၊ ယဇ်ပုရောဟိတ် နှင့် လေဝိလူတို့အတွက် နှစ်သက်ဖွယ်သော အလုပ် မဟုတ်သကဲ့သို့ ရှမာရိလူအတွက်လည်း မြတ်နိုးစရာ အလုပ် မဟုတ်ပါ။ သို့သော် သူ၏ လုပ်ရပ် နှင့် စိတ်သဘောထားသည် ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်ပါ၏။COLB 483.1

    ခရစ်တော်သည် ယင်း သင်ခန်းစာကို အဓိပ္ပါယ် လေးနက်စွာဖြင့် ဖေါ်ပြလိုက်ခြင်းမှာ ကိုယ်တော်၏ တရားတော်ကို နာကြားနေသူများ သည် တရားတော်၏ အခြေခံ သဘောတရားများကို ဥပေက္ခာ ပြုနေကြကြောင်း တိုက်ရိုက် ဖေါ်ပြလိုက်ခြင်း ဖြစ်ပါသည်။ ကိုယ်တော်၏ စကားတော်များသည် ထင်ရှား ချက်ကျလှသည် ဖြစ်သောကြောင့် တရားနာသူများ အပြစ်တင်စရာကို ရှာ၍ မတွေ့ကြ။ သြဝါဒစကားများတွင် ပြစ်တင်ဝေဖန်စရာကို ကျမ်းတတ်သည် ရှာ၍ မတွေ့။ ကိုယ်တော်ရှင်အပေါ် သူ အထင်မှားခဲ့သည်များ ကွယ်ပျောက်သွားလေပြီ။ သို့သော် သူ၏ လူမျိုးရေး မုန်းတီးမှု စိတ်ကို မနှိမ်နင်းနိုင်သောကြောင့် ရှမာရိလူကို အမည်ဖေါ်၍ သိက္ခာ မတင်နိုင်။ ထိုကြောင့် “သင်သည် အဘယ်သို့ ထင်သနည်း။ ထိုသူ သုံးယောက်တို့တွင် အဘယ်သူသည် ဓါးပြလက်သို့ ရောက်သော သူနှင့် စပ်ဆိုင်သော သူ ဖြစ်သနည်း” ဟု ခရစ်တော် မေးတော်မူသောအခါ ကျမ်းတတ်က “လူနာကို သနားသော သူသည် စပ်ဆိုင်သော သူ ဖြစ်ပါ၏” ဟု ပြန်၍ လျှောက်လေ၏။COLB 483.2

    “ယေရှုက သင်သည် သွား၍ ထိုနည်းတူ ပြုလော့ဟု မိန့်တော်မူ၏။” လိုသော သူတို့ကို ယင်းနည်းအတိုင်း ကြင်နာစွာ စောင့်ရှောက်ပြုစုပါ။ ထိုသို့ပြုလျှင် သင်သည် ပညတ်တော် အလုံးစုံကို လိုက်နာ စောင့်ရှောက်ကြောင်း သက်သေ ထင်ရှားလိမ့်မည်။COLB 484.1

    ယုဒလူတို့ နှင့် ရှမာရိလူတို့ စပ်ကြားတွင် အကြီးဆုံးသော ကွာဟမှုမှာ ဘုရားဝတ်ပြု ကိုးကွယ်ခြင်း အကြောင်းပင် ဖြစ်၍ မှန်သော ဝတ်ပြုကိုးကွယ်ခြင်း ဆိုသည်မှာ အဘယ်နည်းဟု ဆိုသည့် ပြဿနာပင် ဖြစ်ပါသည်။ ဖါရိရှဲတို့က ရှမာရိလူတို့ ကောင်းကြောင်း တစ်ခွန်းတစ်ပါဒမျှ မပြောဆိုကြဘဲ ခါးခါးသီးသီး ကျိန်ဆဲ ပြောဆိုကြ၏။ ယုဒလူတို့ နှင့် ရှမာရိလူတို့ တစ်ဦးကို တစ်ဦး မည်မျှ စက်ဆုပ်ရွံရှာကြသည်ကို ရှမာရိအမျိုးသမီးအား ခရစ်တော်က သောက်ရေ တစ်ခွက်ကို တောင်းသောအခါ “သင်သည် ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့ တောင်းသနည်း” ဟု မေးလျှောက်ခြင်းက ဖေါ်ပြနေပါသည်။ ထို့အပြင် တမန်တော် ရှင်ယောဟန်က “ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖေါ်ခြင်း မရှိ” ဟု ဆက်လက် ဖေါ်ပြထားပါသည်။ ယော၊ ၄:၉။ ၎င်းအပြင် ယုဒလူတို့သည် ခရစ်တော်အား သတ်လိုသည်အထိ မုန်းတီးကြသဖြင့် ဗိမာန်တော်အတွင်း၌ ကိုယ်တော်အား ခဲနှင့် ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြစဉ်က “သင်သည် ရှမာရိလူ ဖြစ်၏၊ နတ်ဆိုးစွဲသော သူလည်း ဖြစ်၏” ဟု ပြောဆိုကြ၏။ ထိုသို့ ပြောဆိုကြသည်မှာ ကိုယ်တော်ကို မုန်းတီးလွန်းသည် ဖြစ်၍ ထို စကားထက် ပို၍ နစ်နာစေမည့် စကားလုံးများကို သူတို့ ရှာ၍ပင် မတွေ့ကြ။ ယော၊ ၈:၄၈။ သို့ပါလျက် ယဇ်ပုရောဟိတ် နှင့် လေဝိလူတို့သည် သူတို့အား ဘုရားသခင် ပေးအပ်ထားသည့် တာဝန်အရ မိမိတို့ အမျိုးသားချင်း တစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ခြင်း မပြုဘဲ သူတို့ ရွံရှာမုန်းတီး၍ မထီလေးစား ပြုကြသော ရှမာရိလူ တစ်ယောက်က ကြည့်ရှု ပြုစုရသည်အထိ လျစ်လျူရှုခဲ့ကြ၏။COLB 484.2

    “ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်လော့” ဟု ဆိုသည့် ပညတ်တော်ကို ရှမာရိလူ လိုက်နာစောင့်ရှောက်ခဲ့၏။ ထိုနည်းအား ဖြင့် သူသည် သူ့အား ရှုတ်ချ ပြောဆိုသော သူများထက် ပို၍ ဖြောင့်မတ်သူ ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားနေပါသည်။ သူသည် မိမိ အသက်အန္တရာယ်ကို အလေးမထားဘဲ ဒဏ်ရာရနေသူအား မိမိ ညီအစ်ကို အရင်းကဲ့သို့ သဘောထား၍ ပြုစုခဲ့ပါသည်။ ထို ရှမာရိလူသည် ခရစ်တော်ကို ပုံဆောင်ပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်သည် လူသားတို့၏ မေတ္တာနှင့် မတူသော မေတ္တာတော်ဖြင့် ကျွန်ုပ်တို့အား ချစ်တော်မူကြောင်း ဖေါ်ပြထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဒဏ်ရာရ၍ သေလုမတတ် ရှိသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အား ကြင်နာသနားတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လွှဲရှောင်၍ မသွား၊ ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်အောင် မျှော်လင့်ရာမဲ့၊ အားကိုးရာမဲ့ ပစ်၍ မထားခဲ့။ ကောင်းကင်ဗိုလ်ခြေ အပေါင်း၏ ချစ်မြတ်နိုးခြင်းကို ခံရ၍ ပျော်မွေ့ဖွယ်ရာ ကောင်းကင် အိမ်တော်တွင် ဆက်၍ မနေနိုင်တော့ပါ။ ကိုယ်တော်အား ကျွန်ုပ်တို့ အပြင်းအထန် လိုအပ်နေသည်ကို သိမြင်တော်မူ၍ ကျွန်ုပ်တို့အတွက် တာဝန်ယူတော်မူပြီးလျှင် လူသားတို့၏ အရေးကို မိမိ အရေးကဲ့သို့ မှတ်တော်မူ၏။ ကိုယ်တော်သည် မိမိ၏ ရန်သူများကို ကယ်ဆယ်ရန် အသေခံတော်မူ၏။ မိမိအား အသေသတ်သူများအတွက် ဆုတောင်းပတ္ထနာပြုတော်မူ၏။ “ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့” “သင်တို့သည် အချင်းချင်း ချစ်စေခြင်းငှါ ဤ ပညတ်တို့ကို ငါပေး၏။” ဟု မိမိ ပုံစံနမူနာတော်ကို ဖေါ်ညွှန်လျက် တပည့်တော်တို့အား ဆုံးမသြဝါဒ ပေးတော်မူ၏။ ယော၊ ၁၃:၃၄။ ၁၅:၁၇။COLB 485.1

    ထို ယဇ်ပုရောဟိတ် နှင့် လေဝိလူတို့သည် ဗိမာန်တော်တွင် ဘုရားရှင် ကိုယ်တော်တိုင် အပ်နှင်းသည့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပြီး၍ ပြန်လာသူများ ဖြစ်ကြပါသည်။ ယင်း မြင့်မြတ်သန့်ရှင်းသည့် အခွင့်အရေး ဖြစ်သော တာဝန်များကို ထမ်းဆောင်းပြီးသည့်အတွက် များစွာ ဂုဏ်အသရေ ချီးမြှင့်ခြင်း ခံရပြီး ဖြစ်သောကြောင့် လမ်းဘေး သွေးအိုင်ထဲတွင် လဲနေသည့် အမည်မသိသော ဝေဒနာရှင်ကို ပြုစုရန် ကိစ္စမှာ သူတို့အတွက် နိမ့်ကျလွန်းသည်ဟု သူတို့ သဘောထားကြ ၏။ သူတို့သည် ကိုယ်တော်၏ ကိုယ်စားလှယ်တော်များ ဖြစ်ကြသည် အားလျော်စွာ ကိုယ်နှင့် စပ်ဆိုင်သော လူသား တစ်ဦးကို ကောင်းချီးမင်္ဂလာ ပေးရန် ဘုရားသခင် ပေးသော အထူး အခွင့်အရေး တစ်ရပ်ကို သူတို့ ဥပေက္ခာ ပြုကြ၏။COLB 486.1

    ယနေ့ လောကတွင်လည်း အလားတူသော အမှားကို ပြုနေသူ အများ ရှိပါသည်။ သူတို့၏ တာဝန်များကို အတန်းအစား နှစ်မျိုး ထင်ထင်ရှားရှား ခွဲခြားထားတတ်ကြပါသည်။ တစ်မျိုးမှာ ကြီးမားသော ကိစ္စရပ်များ ဖြစ်၍ ဘုရားသခင်၏ ပညတ်တော်နှင့် အညီ နည်းမှန်လမ်းမှန် ကျအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ အခြား တစ်မျိုးမှာ အမည်အားဖြင့် အသေးအဖွဲ့ ကိစ္စများ ဖြစ်၍ “ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့် အမျှ ချစ်လော့” ဟု ဆိုသော ပညတ်ကို ဥပေက္ခာ ပြုခြင်း ဖြစ်ပါသည်။ ယင်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရုတ်တရက် စိတ်ကူးပေါက်သည့်အတိုင်း ဆောင်ရွက်ရန် ဖြစ်သည်ဟု သဘောထားကြ၏။ ထိုကြောင့် အကျင့်စာရိတ္တ ပျက်ပြားကြ၏။ ခရစ်တော်၏ အမှုတော်ကိုလည်း အမှား ပုံဆောင်ကြ၏။COLB 487.1

    ဒုက္ခဝေဒနာ ခံစားနေရသော လူသားကို ကြည့်ရှုပြုစုသော အလုပ်သည် သူတို့၏ ဂုဏ်သိက္ခာကို ယုတ်လျော့စေသည်ဟု ယူဆသော သူများ ရှိတတ်ပါသည်။ အသက်ဝိညာဉ် ဗိမာန်များ ပျက်စီး ယိုယွင်းနေကြသည်ကို ဂရုမစိုက် လျစ်လျူရှုနေသူ အများ ရှိပါသည်။ အခြားသော သူများက နွမ်းပါးသူများအား အခြား ရှုထောင့်မှ ကြည့်၍ ဥပေက္ခာ ပြုနေကြပါသည်။ သူတို့၏ ထင်မြင်ယူဆချက်အရ သူတို့သည် ခရစ်တော်၏ အမှုတော်တွင် ထိုက်တန်သော စီမံကိန်း တစ်ခု ပြုလုပ် ဆောင်ရွက်ရန် ရှာဖွေလေ့လာသူများ ဖြစ်ကြပါသည်။ သူတို့သည် ဆင်းရဲနွမ်းပါးသူများ နှင့် ပူပန်သောက ရောက်သူများကို သတိ မပြုနိုင်လောက်အောင် ကြီးမြတ်သော အမှုတော်ကို ထမ်းဆောင်နေရကြသည်ဟု သဘောထားကြ၏။ ကြီးမြတ်သည်ဟု သူတို့ ယူဆသော အမှုတော်ကို မြှင့်တင်ရာတွင် နွမ်းပါးသူများကို ညှဉ်းပန်းခြင်းပင် ရှိနိုင်ပါသည်။ သူတို့၏ လိုအပ်ချက်များကို ဂရုမစိုက်ဘဲ ထားခြင်း၊ သူတို့ ခံစားထိုက်သည့် အခွင့်အရေးများကို မပေးဘဲ ထားခြင်းများအားဖြင့် သူတို့ကို ကျပ်တည်းကျဉ်းမြောင်းသည့် အခြေအနေသို့ ပို့ပေးသကဲ့သို့ ဖြစ်နေနိုင်ပါသည်။ သို့ပါလျက် သူတို့သည် ခရစ်တော်၏ အမှုတော်ကို မြှင့်တင်နေသူများ ဖြစ်သည်ဟု ယူဆသဖြင့် ယင်းသို့ ပြုနေခြင်းများကိုလည်း တရားမျှတသည်ဟု သဘောပိုက်ကြ၏။COLB 487.2

    အတိဒုက္ခရောက်နေသော ညီအစ်ကို တစ်ဦး သို့မဟုတ် အိမ်နီးချင်း တစ်ဦး သို့မဟုတ် ကိုယ်နှင့် စပ်ဆိုင်သော သူတစ်ဦးကို အကူအညီ မပေးဘဲ ထားသူ အများ ရှိပေလိမ့်မည်။ သူတို့သည် ခရစ်ယာန် အမည်ခံသူများ ဖြစ်သောကြောင့် သူတို့ မထုံတက်သေး နေပုံများ၊ စိမ်းကားပုံများ၊ တစ်ကိုယ်ကောင်း ဆန်ပုံများအတိုင်း ခရစ်တော်ကို ပုံဆောင်နေကြသည်ဟု ထို အိမ်နီးချင်း၊ ညီအစ်ကို သို့မဟုတ် ကိုယ်နှင့် စပ်ဆိုင်သူက ထင်မှတ်ပေလိမ့်မည်။ ဘုရားသခင်၏ အမှုတော်ဆောင်များသည် ဘုရားရှင် နှင့်အတူ တွဲဖက် ဆောင်ရွက်ခြင်း မပြုကြသောကြောင့် သူတို့မှ တစ်ဆင့် လူသား အချင်းချင်းများထံသို့ စီးဆင်းရမည့် ဘုရားသခင်၏ မေတ္တာတော်သည် အများအားဖြင့် အဆက်ပြတ်သွားပါသည်။ ၎င်းအပြင် လူသား မြောက်များစွာတို့ထံမှ ဘုရားသခင်၏ အထံတော်သို့ ပြန်၍ တက်ရမည့် ကျေးဇူးတော် နှင့် ဂုဏ်တော်ကို ချီးမွမ်းသည့် အသံများ၊ ထောမနာသံများလည်း အဆက်ပြတ်သွားပါတော့၏။ ထိုနည်းအားဖြင့် ကိုယ်တော်ရှင်၏ သန့်ရှင်းသော နာမတော်အတွက် ရရှိမည့် ဘုန်းတော်ကို သူတို့ လုယူကြ၏။ ထိုနည်းအားဖြင့် ကိုယ်တော်၏ နိုင်ငံတော်တွင် ထာဝရ ကာလပတ်လုံး ကိုယ်တော် နှင့်အတူ နေထိုင်ရန် အလိုရှိတော်မူသည့် အသက်ဝိညာဉ်များ၊ သူတို့အတွက် ခရစ်တော် ကိုယ်တော်တိုင် အသေခံထားတော်မူသည့် အသက်ဝိညာဉ်များကို သူတို့ လုယူကြ၏။COLB 488.1

    ကျွန်ုပ်တို့၏ အပြုအမူများအားဖြင့် သမ္မာတရားတော်သည် ဤ လောကတွင် မြောက်များစွာ အကျိုးသက်ရောက်မှု ရှိသင့်ပါလျက် အနည်းငယ်မျှသာ အကျိုးသက်ရောက်ပါသည်။ ဘာသာအယူဝါဒကို အမည်ခံသူ အများ ရှိသော်လည်း အရာရောက်မှု နည်းလှပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ နောက်လိုက်များ၊ ခရစ်ယာန်များ၊ နှုတ်ကပါတ် တရားတော်ဆိုင်ရာ သမ္မာတရား အလုံးစုံကို ယုံကြည် သက်ဝင်သူများ ဖြစ် သည်ဟု အဆိုပြုကြသော်လည်း ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို နေ့စဉ် အသက်တာတွင် လက်တွေ့ အသုံးမချပါက ကျွန်ုပ်တို့၏ ညီအစ်ကို၊ အိမ်နီးချင်း သို့မဟုတ် ကျွန်ုပ်တို့နှင့် စပ်ဆိုင်သူအတွက် မည်သို့မျှအကျိုးထူးမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ခံယူချက်သည် ကောင်းကင် နှင့်အမျှ မြင့်မြတ်ခြင်း ရှိသော်လည်း ခရစ်ယာန် မပီသလျှင် ကျွန်ုပ်တို့သည် လူသား အချင်းချင်းကို မကယ်တင်နိုင်သည့် အပြင် ကိုယ်တိုင်လည်း ကယ်တင်ခြင်း မရနိုင်ပါ။ ကျွန်ုပ်တို့၏ ခံယူချက်ထက် ကျွန်ုပ်တို့၏ မှန်သော ပုံသက်သေက ဤ လောကအတွက် အကျိုးထူးလိမ့်မည်။COLB 488.2

    တစ်ကိုယ်ကောင်းစိတ် ထားလျှင် ခရစ်တော်၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ ကိုယ်တော်၏ အမှုတော်သည် နွမ်းပါးသူ နှင့် ညှင်းဆဲခံရသူအတွက် ဖြစ်၏။ ကိုယ်တော်၏ နောက်တော်သို့ လိုက်သည်ဟု အဆိုပြုသူများ၏ စိတ်နှလုံးတွင် ခရစ်တော်ကဲ့သို့ ကြင်နာသော စိတ်ထား ရှိသင့်ပါသည်။ သူတို့ ကယ်တင်ခြင်း ရရှိရန်အတွက် အသက်တော်ကို စွန့်တော်မူသည် တိုင်အောင် တန်ဖိုးထားတော်မူသော သူတို့အတွက် ပို၍ နက်ရှိုင်းသော မေတ္တာထားသင့်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ဆက်ကပ်နိုင်သည့် ပူဇော်သက္ကာ ရှိသမျှထက် ယင်း အသက်ဝိညာဉ်များကို ကိုယ်တော် ထံသို့ ပို့ဆောင်နိုင်ခြင်းက အဖိုး မဖြတ်နိုင်လောက်အောင်ပင် ပို၍ မြတ်နိုးဖွယ် ဖြစ်ပါသည်။ အမြင်အားဖြင့် ကြီးမြတ်သော အမှုတော် တစ်ခုအတွက် စွမ်းအား ရှိသမျှ နှင့် ဆောင်ရွက်နေသော်လည်း နွမ်းပါးသူကို လျစ်လျူရှုခြင်း သို့မဟုတ် သူတစိမ်းအား ပြုသင့်သည်ကို မပြုဘဲ နေခြင်းများသည် ဘုရားသခင်၏ အလိုတော်နှင့် ညီသော အမှုတော် မဖြစ်နိုင်ပါ။COLB 489.1

    သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှုဖြင့် သန့်စင်ခြင်းကို ရရှိသော အသက်ဝိညာဉ်သည် လူသားများတွင် ခရစ်တော်၏ သိက္ခာတော် မျိုးစေ့ကို စိုက်ပျိုးထားခြင်း ဖြစ်ပါသည်။ ဧဝံဂေလိ တရားတော်သည် အသက်တာ၌ ခရစ်တော် ကိန်းဝပ်တော်မူခြင်း ဖြစ်၏၊ သက်ရှင်လှုပ်ရှားသော အခြေခံ သဘောတရား ဖြစ်၏။ အကျင့်စာရိတ္တဆိုင်ရာ အသက်တာတွင် ခရစ်တော်၏ ကျေးဇူးတော် ထင်ရှား၍ ကောင်းမှုကို ပြုတတ်၏။ အသက်တာ၏ မည်သည့် အခန်းကဏ္ဍကိုမျှ ဧဝံဂေလိ တရားတော်ဆိုင်ရာ အခြေခံ သဘောတရားများနှင့် အဆက်ဖြတ်မထား နိုင်ပါ။ ခရစ်ယာန် ဗဟုသုတ အလုံးစုံ နှင့် ခရစ်ယာန် လုပ်ငန်း ရှိသမျှသည် ခရစ်တော်၏ ဘဝ အသက်တာကို ပုံဆောင်မှု တစ်ရပ် ဖြစ်ပါသည်။COLB 489.2

    ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ချစ်ခြင်းမေတ္တာပေါ်တွင် အခြေပြုပါ။ မည်သည့် ခံယူချက်ပင် ရှိစေကာမူ မိမိ ညီအစ်ကိုအတွက် ကိုယ်ကျိုးမဖက်သော ချစ်ခြင်းမေတ္တာ မရှိလျှင် အဘယ်သူမျှ ဘုရားသခင်ကို သန့်စင်စွာ မချစ်နိုင်။ သို့သော် သူတစ်ပါးကို ကြိုးစား၍ ချစ်ခြင်းအားဖြင့် ယင်း စိတ်သဘောထားကို မရနိုင်။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် စိတ်နှလုံးအတွင်း၌ ကိန်းအောင်းတော်မူရန် လိုအပ်ပါသည်။ ငါတည်းဟူသော မာန်မာနကို ခရစ်တော်နှင့် ပူးပေါင်းပြီးမှသာလျှင် မေတ္တာသည် အလိုအလျောက် ပေါ်လာပေလိမ့်မည်။ အတွင်းစိတ်သဘောအားဖြင့် သူတစ်ပါးအား ကူညီယိုင်းပင်းလိုစိတ်၊ ကောင်းချီးမင်္ဂလာ ပေးလိုစိတ်များ စဉ်ဆက်မပြတ် ပေါ်ပေါက်လာမှသာ ကောင်းကင်နေရောင်ခြည်သည် စိတ်နှလုံးအတွင်း၌ ထွန်းလင်းလျက် ရှိကြောင်း မျက်နှာတွင် ပေါ်လာသောအခါမှသာ စုံလင်သော ခရစ်ယာန် အကျင့်စာရိတ္တကို ရရှိပေလိမ့်မည်။COLB 490.1

    စိတ်နှလုံးအတွင်း၌ ခရစ်တော် ကိန်းဝပ်တော်မူလျှင် ချစ်ခြင်း မေတ္တာ မရှိဘဲ မဖြစ်နိုင်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်အား ချစ်သည် မှန်လျှင် ခရစ်တော်သည် လူသား အားလုံးအတွက် အသေခံတော်မူသည် ဖြစ်၍ လူသား အားလုံးကို ကျွန်ုပ်တို့ ချစ်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် လူသား အချင်းချင်းတွေ့ထိမှု မရှိလျှင် ဘုရားသခင်ကို မတွေ့မသိနိုင်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာ၏ ပလ္လင်ပေါ်တွင် ထိုင်တော်မူသော အရှင်သည် လူသားဇာတိ နှင့် ဘုရားဇာတိကို ပေါင်းစပ်သော အရှင် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ဆက်စပ်နေခြင်းအားဖြင့် လူသား အချင်းချင်းလည်း မေတ္တာရွှေကြိုး ကွင်းဆက်ကလေးများဖြင့် ဆက်စပ်နေပြီး ဖြစ်ပါသည်။ ထိုအခါ ခရစ်တော်၏ ကရုဏာတရားသည် ကျွန်ုပ်တို့၏ အသက်တာတွင် ပေါ်လွင်လျက် ရှိပေလိမ့်မည်။ ဘဝ အခြေအနေ မကောင်းသူများ နှင့် နွမ်းပါးသူများကို ကျွန်ုပ်တို့ထံသို့ ခေါ်ဆောင်လာရန် စောင့်နေကြလိမ့်မည် မဟုတ်ပါ။ ပူပန်သောက ဖြစ်နေသူများကို ကိုယ်ချင်းစာရန် သူတစ်ပါးက လာ၍ တောင်းပန်ရန် လိုတော့မည် မဟုတ်ပါ။ ခရစ်တော်သည် ကျေးဇူးပြုလျက်၊ ချမ်းသာပေးလျက် လှည့်လည်တော်မူသည် နည်းတူ ကျွန်ုပ်တို့သည်လည်း ဆင်းရဲနွမ်းပါးသူများ နှင့် ဒုက္ခဆင်းရဲ ရောက်သူများကို အလိုအလျောက် ကူညီယိုင်းပင်းကြလိမ့်မည်။COLB 490.2

    မေတ္တာကရုဏာ စိတ်ရှိသည့် နေရာတိုင်း၊ သူတစ်ပါးအား ကောင်းချီးပေးခြင်း၊ ချီးမြှင့်ခြင်း ပြုလိုစိတ် ရှိသည့် နေရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု ထင်ရှားပါသည်။ ဘုရားတရားအကြောင်းကို မသိသော ဒေသများတွင် ဘုရားသခင်၏ ပညတ်တရားတော်ကို မသိသော လူများ၊ ခရစ်တော်၏ နာမတော်ကိုပင် မကြားဖူးသော သူများသည် သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကို အလေးမထားဘဲ ကိုယ်တော်၏ အမှုတော်ဆောင်များကို ကူညီခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်း ပြုတတ်ကြပါသည်။ ထိုသူတို့ ဆောင်ရွက်ကြခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ဖြစ်ကြောင်း ထင်ရှားပါသည်။ ထို မယဉ်ကျေးသော သူ၏ အသိပညာ နှင့် သဘာဝစိတ်ကို ဆန့်ကျင်၍ သူ၏ စိတ်နှလုံးအတွင်းသို့ ခရစ်တော်၏ ကျေးဇူးတော်ကို သန့်ရှင်းသော ဝိညာဉ်တော်က ပေးသွင်းလိုက်ခြင်းအားဖြင့် သူ၏ ကြင်နာစိတ်ကို သက်ရှင်လှုပ်ရှားစေလိုက်ခြင်း ဖြစ်COLB 491.1

    * * * * *

    “လောကဓါတ်မှ စ၍ လောကဓါတ်၌ ရှိသမျှသော အရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် …. မြေတစ်ပြင်လုံး၌ နေရသော လူ အမျိုးမျိုးတို့ကို တစ်သွေးတည်း နှင့် ဖန်ဆင်းတော်မူ၍ …. လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။” တမန်တော်၊ ၁၇:၂၄-၂၇။ “ငါကြည့်လျှင် အသီးအသီး ဘာသာစကားကို ပြောသောသ လူအမျိုးအနွယ် ခပ်သိမ်းတို့အထဲမှ …. လူများ အပေါင်းတို့သည် ဖြူသော ဝတ်ရုံကို ဝတ်ဆင်လျက်၊ စွန်ပလွံ ခက်ကို ကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။” ဗျာ၊ ၇:၉။ ပါသည်။ “ဤ လောကသို့ ကြွလာလျက် ခပ်သိမ်းသော လူ အပေါင်းတို့အား အလင်းကို ပေးသော” ကြောင့် (ယော၊ ၁:၉) သူ၏ စိတ်နှလုံးအတွင်း ထွန်းလင်းနေသဖြင့် ၎င်း အလင်းတရားကို အလေးဂရုပြုပါက ဘုရားသခင်၏ နိုင်ငံတော် ဘက်သို့ ဦးတည်သွားနိုင်ရန် သူ၏ ခြေတို့ကို လမ်းပြတော်မူလိမ့်မည်။

    လဲသော သူကို ထူမရာ၌ လည်းကောင်း၊ ပူပန်သောက ဖြစ်နေသူကို နှစ်သိမ့်စေရာ၌ လည်းကောင်း ကောင်းကင် ဘုန်းတန်ခိုး ထင်ရှားပါသည်။ မည်သည့် နေရာ၌ပင် မဆို လူသား၏ စိတ်နှလုံးတွင် ခရစ်တော် ကိန်းဝပ်တော်မူလျှင် ကိုယ်တော်သည် ၎င်းအတိုင်း ထင်ရှားတော်မူလိမ့်မည်။ ၎င်း လှုပ်ရှားမှု ရှိသည့် နေရာတိုင်းတွင် ခရစ်တော်၏ တရားတော် မင်္ဂလာ ရှိလိမ့်မည်။ ၎င်း အမှုဆောင်ရွက်သည့် နေရာတိုင်းတွင် ရောင်ခြည်တော် ထွန်းလင်းလိမ့်မည်။COLB 492.1

    လူမျိုး၊ အမျိုးအနွယ်၊ မျိုးရိုးဇာတိဟူ၍ ဘုရားသခင် အသိအမှတ် မပြု။ လူအား အားလုံးကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။ လူ ခပ်သိမ်းတို့သည် ဖန်ဆင်းတော်မူခြင်းအားဖြင့် လည်းကောင်း၊ ရွေးနုတ်တော်မူခြင်းအားဖြင့် လည်းကောင်း တလုံးတစည်းတည်းသော မိသားစုကြီး ဖြစ်၏။ ခရစ်တော် ကြွလာတော်မူခြင်းအားဖြင့် ခွဲခြားမှု ရှိသမျှကို ပယ်ဖျက်တော်မူ၏။ လူတိုင်း ဘုရားသခင်၏ အထံတော်သို့ လွတ်လပ်စွာ ဝင်ရောက်နိုင်ရန် ဗိမာန်တော် အခန်းများကိုလည်း ဖွင့်တော်မူ၏။ ကိုယ်တော်၏ မေတ္တာတော်သည် ကျယ်ပြန့်တော်မူသည် ဖြစ်၍ လည်းကောင်း၊ နက်ရှိုင်းတော်မူသည် ဖြစ်၍ လည်းကောင်း၊ ပြည့်စုံကုံလုံတော်မူသည် ဖြစ်၍ လည်းကောင်း နေရာတိုင်းသို့ ထိုးဖေါက်နိုင်တော်မူ၏။ စာတန်၏ လိမ်လည် လှည့်ဖြားမှုကြောင့် သူ၏ စက်ကွင်းအတွင်း ဒုက္ခဆင်းရဲ ရောက်နေသူများကို ထုတ်ယူနိုင်တော်မူ၏။ ထိုသူတို့အား ပဋိညာဉ်သက်တံ ဝန်းရံလျက် ရှိတော်မူသည့် ဘုရားသခင်၏ ပလ္လင်တော်သို့ ချဉ်းကပ်နိုင်ခွင့် ပေးတော်မူ၏။COLB 492.2

    ခရစ်တော်၌ ယုဒလူ မရှိ၊ ဟေလသလူ မရှိ၊ ကျွန် မရှိ၊ လူလွတ် မရှိ၊ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။ (ဂလာတိ၊ ၃:၂၈။ ဧဖက်၊ ၂:၁၃။)COLB 493.1

    ဘာသာအယူဝါဒ မည်သို့ပင် ကွဲပြားခြားနားမှု ရှိနေစေကာမူ ဒုက္ခဆင်းရဲ ရောက်နေသည့် လူသား၏ ခေါ်သံကို နားထောင်ရမည်၊ အဖြေပေးရမည်။ ဘာသာအယူဝါဒ ကွဲပြားနေသည့်အတွက် နာကျည်းသော စိတ်ထား ရှိလျှင် ကိုယ်တိုင် ကျေးဇူးပြုခြင်း၊ စောင့်ရှောက်ခြင်းများဖြင့် များစွာသော ကောင်းကျိုးကို ဖြစ်စေနိုင်ပါသည်။ မေတ္တာ ရှေ့ထား၍ သူတစ်ပါး အကျိုးကို ဆောင်ရွက်ခြင်းသည် အထင်လွဲ အမြင်မှားမှုများ ကွယ်ပျောက်၍ အသက်ဝိညာဉ်များကို ဘုရားသခင်၏ အထံတော်သို့ ပို့ဆောင်နိုင်ပေလိမ့်မည်။COLB 493.2

    ကျွန်ုပ်တို့သည် သူတစ်ပါး၏ ဝမ်းနည်းကြေကွဲခြင်းများ၊ အခက်အခဲများ၊ အတိဒုက္ခများအတွက် အသိတရား ရှိသင့်ပါသည်။ ကြွယ်ဝသူ၊ ဆင်းရဲနွမ်းပါးသူများနှင့် လည်းကောင်း၊ ဂုဏ်မြင့်သော သူ၊ ဂုဏ်နိမ့်သော သူများနှင့် လည်းကောင်း၊ ဝမ်းမြောက်ခြင်း၊ ပူပန်သောက ဖြစ်ခြင်းများတွင် အတူတကွ ပူးပေါင်းသင့်ပါသည်။ “သင်တို့သည် အဖိုး မပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီ ဖြစ်၍ အဖိုး မခံဘဲ ပေးကမ်းကြလော့” ဟု ခရစ်တော် မိန့်မှာတော်မူ၏။ မ၊ ၁၀:၈။ ကျွန်ုပ်တို့ ဝန်းကျင်တွင် ကိုယ်ချင်းစာ စကားကို ပြော၍ ကူညီယိုင်းပင်းမှု ပြုရန် လိုအပ်သည့် နွမ်းပါးသူ၊ ဒုက္ခရောက်သူ အများအပြား ရှိပါသည်။ စာနာထောက်ထားခြင်း နှင့် ကူညီထောက်ပံ့ခြင်းကို လိုအပ်သော မုဆိုးမများ ရှိပါသည်။ မိဘမဲ့ သားသမီးများကို ဘုရားသခင်က ယုံမှတ်လွှဲအပ်ထားသည့် ရတနာများအဖြစ် ခရစ်တော်၏ နောက်တော်သို့ လိုက်သော တပည့်တော်များအနေဖြင့် လက်ခံစောင့်ရှောက်ထားရန် ခရစ်တော် အလိုရှိတော်မူ၏။ သူတို့ကို အများအားဖြင့် ဥပေက္ခာပြုထား တတ်ကြပါသည်။ သူတို့သည် စုတ်ပြတ်၊ ချို့တဲ့၍ ရှုမြင်ဖွယ် မကောင်းသော်လည်း ဘုရားသခင် ပိုင်တော်မူ၏။ သူတို့လည်း အဖိုးအခ ပေး၍ ဝယ်ယူထားတော်မူသည့်အတွက် ရှေ့တော်တွင် သူတို့သည် ကျွန်ုပ်တို့ ကဲ့သို့ပင် အဖိုးထိုက တန်ပါသည်။ သူတို့သည် ဘုရားသခင်၏ အိမ်တော်ကြီးတွင် မိသားစုဝင်များ ဖြစ်ကြ၍ ကိုယ်တော်၏ ဘဏ္ဍာစိုးများ ဖြစ်သည့် ခရစ်ယာန်များတွင် သူတို့အတွက် တာဝန် ရှိပါသည်။ “သူတို့၏ အသက်ကို သင်တို့၌ ငါတောင်းမည်” ဟု ကိုယ်တော် သတိပေးထားတော်မူပါသည်။COLB 493.3

    မကောင်းမှု ရှိသမျှအနက် အပြစ်ဒုစရိုက်သည် အဆိုးဆုံး ဖြစ်၏။ ထိုကြောင့် အပြစ်သားကို ကြင်နာစွာ ကူညီထောက်ပံ့ရန် ကျွန်ုပ်တို့တွင် တာဝန် ရှိပါသည်။ သို့သော် အားလုံးကို နည်းတစ်မျိုးတည်းဖြင့် လက်လှမ်းမီနိုင်မည် မဟုတ်ပါ။ အသက်ဝိညာဉ်၏ ဆာငတ်ခင်မွတ်ခြင်းကို လျှို့ဝှက်ထားသူ အများ ရှိပါသည်။ ထိုသို့သော် သူများကို ကြာနာ စကားတစ်ခွန်း ပြောလျှင် လည်းကောင်း၊ သတိရစာ တစ်စောင်ရေးလျှင် လည်းကောင်း များစွာ သက်သာရာ ရကြပေလိမ့်မည်။ ထိုမျှမက မိမိတို့အတွင် အရေးအကြီးဆုံး လိုအပ်ချက် ရှိနေပါလျက် ကိုယ်တိုင် မသိသော သူများလည်း ရှိတတ်ပါသည်။ သူတို့၏ အသက်ဝိညာဉ်သည် အလွန်အကျွံ ခိုလှုံရာမဲ့နေသည်ကို သူတို့ မသိကြ။ မြောက်များစွာသော သူတို့သည် အပြစ်ဒုစရိုက်အတွင်း နစ်မွန်းနေကြသည် ဖြစ်၍ ထာဝရကာလ၏ အမှန်ဖြစ်ရပ်များနှင့် ကင်းဝေးကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ ဖန်ဆင်းထားခြင်းမှာလည်း ပျက်သုဉ်းလျက် ရှိပါ၏။ ၎င်းအပြင် သူတို့အတွင် ကယ်တင်ရန် လိုသော အသက်ဝိညာဉ် ရှိသည်ကိုပင် သိနိုင်ခဲ့ကြ၏။ သူတို့သည် ဘုရားသခင်ကို မယုံကြည်၊ လူကိုလည်း စိတ်မချ။ ထိုသို့သော သူများအား ကိုယ်ကျိုးမဖက်သော ကြင်နာမှုဖြင့်သာ လက်လှမ်းမီနိုင်ပေလိမ့်မည်။ ပထမတွင် သူတို့အား ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်ပေးရမည်၊ သူတို့အား ကျွေးမွေးးပြုစုရမည်၊ သန့်စင်ပေးပြီးလျှင် သင့်လျော်သော အဝတ်များ ဝတ်ဆင်ပေးရမည်၊ သင်၏ ကိုယ်ကျိုး မဖက်သော မေတ္တာကို သူတို့ သိမြင်လာသောအခါ ခရစ်တော်၏ မေတ္တာတော်ကို ယုံကြည်ရန် သူတို့အတွက် လွယ်ကူလိမ့်မည်။COLB 494.1

    အမှားပြုမိ၍ မိမိ အမှားအတွက် ရှက်ကြောက်တတ်သူ အများ ရှိပါသည်။ သူတို့၏ အမှားများကို ပြန်လည် သုံးသပ်ပြီးလျှင် ခိုလှုံရာမဲ့သည့် အခြေသို့ ဆိုက်ရောက်သွားတတ်ပါသည်။ ယင်း အသက်ဝိညာဉ်များကို ကျွန်ုပ်တို့ ဥပေက္ခာ ပြုမထားသင့်ပါ။ လူတစ်ဦးတစ်ယောက်သည် ရေဆန်ကို လှန်၍ ကူးနေရမည် ဆိုပါက စီးဆင်းနေသော ရေအင်အား ရှိသမျှသည် သူ့ကို တွန်းလှန်နေပါသည်။ ထိုအခါမျိုးတွင် နောင်တော် အရှင်သည် နစ်မွန်းလုနီးသော ပေတရုကို လက်ကမ်းသကဲ့သို့ ထိုသူအား လက်လှမ်း၍ ကူညီသင့်ပါသည်။ မျှော်လင့်ချက် ရှိသော အားပေးစကား၊ ယုံကြည်စိတ်ချ၍ မေတ္တာတရား နိုးထစေမည့် စကားများ ပြောပါ။COLB 494.2

    သင်သည် ညီအစ်ကိုတစ်ယောက်၏ မေတ္တာကို လိုသကဲ့သို့ စိတ်ဆင်းရဲနေသော သင်၏ ညီအစ်ကိုသည်လည်း သင်၏ မေတ္တာကို လိုအပ်နေပါသည်။ သူ ကဲ့သို့ပင် အားနည်းခဲ့သူ တစ်ဦး၏ ဗဟုသုတကို လည်းကောင်း၊ ကိုယ်ချင်းစာ၍ ကူညီနိုင်သူ တစ်ဦးကို လည်းကောင်း သူ လိုအပ်နေပါသည်။ ကျွန်ုပ်တို့ ကိုယ်တိုင် အားနည်းချက်ကို သဘောပေါက်ထားသည့် အသိပညာသည် များစွာ ဒုက္ခရောက်နေသည့် အခြားသူ တစ်ဦးအား အကူအညီ ပေးရန် အထောက်အကူပြုလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ထံတော်မှ နှစ်သိမ့်ခြင်း မင်္ဂလာကို ခံရကြသည် ဖြစ်၍ ဆင်းရဲဒုက္ခ ရောက်နေသော သူတစ်ဦးကို နှစ်သိမ့်စေခြင်း၊ အားပေးခြင်း မပြုဘဲ ပစ်မထားသင့်ပါ။COLB 495.1

    ခရစ်တော်နှင့် မိတ်သဟာယ ဖွဲ့ခြင်း၊ ကယ်တင်ရှင်နှင့် ကိုယ်တိုင် အဆက်အသွယ် ပြုခြင်းအားဖြင့်သာလျှင် ကိုယ်၊ စိတ် ၊ နှလုံး သုံးပါးလုံးသည် ဇာတိပကတိအားဖြင့် ယုတ်နိမ့်သော စိတ်သဘောကို အောင်နိုင်လိမ့်မည်။ အနန္တတန်ခိုးရှင်သည် လက်တော်နှင့် ဖေးမတော်မူလိမ့်မည် ဟူ၍ လည်းကောင်း၊ ခရစ်တော်သည် လူသားအဖြစ် ခံယူတော်မူခဲ့ပြီး ဖြစ်၍ သူ့အား ကိုယ်ချင်းစာ ကြင်နာတော်မူသည် ဟူ၍ လည်းကောင်း စိတ်လေလွင့်နေသူအား ပြောပြပါ။ အကူအညီ တောင်းသံကို မည်သည့်အခါမျှ မကြားနိုင်သည့်ပြင် ကရုဏာ စိတ်မရှိသော အရာများကို လည်းကောင်း၊ ပညတ်တရား နှင့် ဥပဒေများကို လည်းကောင်း ယုံကြည်ရုံမျှနှင့် သူ့အတွက် လုံလောက်မှု မရှိသေးပါ။ သူသည် မေတ္တာတော်နှင့် ပြည့်ဝသော လက်ကို ဆုပ်ကိုင်မိဖို့ နှင့် သနားကြင်နာခြင်းနှင့် ပြည့်ဝသော စိတ် နှလုံးတော်ကို ယုံကြည်ကိုးစားဖို့လိုပါသည်။ ကိုယ်တော်သည် သူ၏ ဝန်းကျင်တွင် အစဉ်အမြဲ ရှိတော်မူ၍ သူ့အား ကရုဏာမေတ္တာဖြင့် မပြတ်မလပ် ကြည့်ရှုစောင့်ရှောက်နေတော်မူကြောင်းကို သူ၏ ဉာဏ်မျက်စိနှင့် အမြဲ အာရုံစိုက်နေပါစေ။ အပြစ်ဒုစရိုက်အတွက် အမြဲ စိတ်မကြည်မသာ ဖြစ်နေတော်မူသည့် အဘခမည်းတော်သည် လက်တော်ကို ဆန့်၍ သူ့အား ခေါ်လျက် နေတော်မူကြောင်းကို လည်ကောင်း၊ “ငါ၏ အစွမ်းသတ္တိကို ကိုးစား၍ ငါနှင့် မိသဟာယဖွဲ့ကြစေ။ ငါနှင့် မိသဟာယဖွဲ့ကြစေသော” ဟု လမ်းညွှန်နေတော်မူသည့် အဘဘုရားသခင်၏ အသံတော်ကို လည်းကောင်း စဉ်းစားဆင်ခြင်ရန် သူ့အား ပြောပြပါ။ ဟေရှာ၊ ၂၇:၅။COLB 495.2

    သင်သည် ယင်းအမှုကို ဆောင်ရွက်နေသည့် အချိန်တွင် လူသားတို့၏ မျက်စိနှင့် မတွေ့မမြင်နိုင်သည့် အပေါင်းအဖေါ်များ သင်၏ ဝန်းကျင်တွင် ရှိနေကြပါသည်။ ထိခိုက်ဒဏ်ရာ နှင့် ဝေဒနာ ခံစားနေရသော ခရီးသည်အား ကြည့်ရှုပြုစုနေသည့် ရှမာရိလူ၏ ဝန်းကျင်တွင် ကောင်းကင်တမန်များစွာတို့ စောင့်ရှောက်နေကြပါသည်။ လူသား အချင်းချင်းအား ကူညီယိုင်းပင်းခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်သူများ၏ ဝန်းကျင်တွင် ကောင်းကင်တံတိုင်းတော်များမှ ကောင်းကင်တမန်များ စောင့်ကြပ်နေကြပါသည်။ ၎င်းအပြင် ခရစ်တော် ကိုယ်တိုင် သင် နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါသည်။ ကိုယ်တော်သည် အားဖြည့်တော်မူသော အရှင် ဖြစ်တော်မူ၍ သင်သည် ကိုယ်တော် လမ်းညွှန်တော်မူသည့်အတိုင်း ဆောင်ရွက်ပါက ကြီးစွာသော အကျိုးသက်ရောက်မှုများကို သင် ကိုယ်တိုင် တွေ့သိရပေလိမ့်မည်။COLB 496.1

    ယင်းအမှုတော်ကို ဆောင်ရွက်ရာတွင် သူတစ်ပါးတို့၏ ကောင်းစားရေး သာမက သင်၏ ထာဝရ ကောင်းစားရေးသည်လည်း သင် ကိုယ်တိုင် သစ္စာ ရှိမှုပေါ်တွင် မူတည်နေပါသည်။ ခရစ်တော်သည် ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ရန် မိတ်သဟာယဖွဲ့လိုသော သူ အပေါင်းတို့ကို ချီးမြှင့်ရန် ခရစ်တော် လိုလားတော်မူ၏။ ကျွန်ုပ်တို့သည် တစ်ကိုယ် ကောင်းစိတ်ထားကို စွန့်လွှန့်နိုင်စေရန် ဒုက္ခဆင်းရဲရောက်သူများ နှင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသူများကို ကျွန်ုပ်တို့နှင့် ဆုံတွေ့စေတော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော် နည်းတူ သနားကြင်နာတတ်သော သဘော၊ နူးညံ့သိမ်မွေ့သော သဘောများကို ဆည်းပူး၍ မေတ္တာတရား ပွားများနိုင်ရန် နည်းလမ်းများကို ဖန်တီးပေးတော်မူ၏။ ယင်းကို လက်ခံခြင်းသည် ဘုရားသခင်၏ တံတိုင်းတော်များ အတွင်းသို့ ဝင်ရောက်ထိုက်သူများ ဖြစ်ရန် ပုံသွန်းပေးသည့် ကိုယ်တော်၏ ကျောင်းတော်သို့ ဝင်ရောက်ခြင်းပင် ဖြစ်ပါသည်။ ယင်းကို ငြင်းပယ်လျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ အမိန့်တော်ကို ငြင်းပယ်ခြင်းပင် ဖြစ်၍ ကိုယ်တော်နှင့် ထာဝရ ခွဲခွာခြင်းကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။COLB 496.2

    “သင်သည် …. ငါ့ ပညတ်တရားကို စောင့်ရှောက်လျှင် …. ရှေ့တော်၌ ရပ်နေသော သူ အချို့တို့ကို” (ကိုယ်တော်၏ ပလ္လင်တော်ကို ဝန်းရံလျက် ရှိသော ကောင်းကင်တန်များကိုပင်) “သင့်အား လမ်းပြရသော သူ ဖြစ်မည် အကြောင်း ငါခန့်ထားမည်” (ဇာခရိ၊ ၃:၇) မြေကြီးပေါ်၌ ကောင်းကင်သားတို့ ဆောင်ရွက်သော လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း အားဖြင့် ကောင်းကင်နိုင်ငံတော်တွင် သူတို့ နှင့်အတူ ပေါင်းသင်းနေထိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။ “ကောင်းကင်တမန်များတို့ကား ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတ္တံ့သော သူတို့ကို ပြုစုစေခြင်းငှါ စေလွှတ်တော်မူသော အစေခံ နာမ်ဝိညာဉ်များ ဖြစ်ကြသည်” (ဟေဗြဲ၊ ၁:၁၄။)။ ဤ လောကတွင် သူတစ်ပါးကို မစေစားဘဲ “သူတစ်ပါး အစေကို ခံ” သော သူတို့အား ကောင်းကင်နိုင်ငံတော်တွင် ကောင်းကင်တမန်များက ကြိုဆိုကြလိမ့်မည်။ (မဿဲ၊ ၂၀:၂၈။) “အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သော သူ ဖြစ်ပါသနည်း” ဆိုသည့် အမေးနှင့် ပတ်သက်၍ ထို မင်္ဂလာ ရှိသော အပေါင်းအသင်းများနှင့် ဆုံတွေ့ကြသောအခါ ထာဝရ ဝမ်းမြောက်ဖွယ်ရာအဖြစ် ကျွန်ုပ်တို့ သင်ကြားနိုင်ကြပေလိမ့်မည်။COLB 497.1

    * * * * *