Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 14—“ဘုရားသခင်သည် သူတို့ဘက်၌ တရား မစီရင်ဘ နေတော်မူမည်လော”

    လုကာ၊ ၁၈:၁-၈။ ကို အခြေပြုပါသည်။

    ခရစ်တော် ဒုတိယကြွလာတော်မူချိန် ရောက်လုနီးသောအခါ တပည့်တော်များ တွေ့ဆုံရမည့် ဘေးအန္တရာယ်များအကြောင်းကို သြဝါဒပေးခဲ့ပါသည်။ ယင်း အချိန်နှင့် အထူး ပတ်သက်သော ဥပမာ စကားမှာ “လူတို့သည် အားမလျှော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်။”COLB 190.1

    “မြို့ တစ်မြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီး တစ်ယောက် ရှိ၏။ ထိုမြို့၌ နေသော မုဆိုးမ တစ်ယောက်သည် တရားသူကြီးထံသို့ သွား၍ ကျွနမ ရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက် ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း တရား မစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက ငါသည် ဘုရားသခင်ကို မကြောက်ရွံ့ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း ဤ မုဆိုးမသည် ငါ့ကို နှောင့်ယှက်သောကြောင့် သူ့ဘက၌ တရား စီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံ ရှိ၏။ မတရားသော ထို တရားသူကြီး၏ အကြံကို မှတ်ကြလော့။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ ဘက်၌ တရား မစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ ငါဆိုသည်ကား သူတို့ ဘက်၌ အလျင်အမြန် တရား စီရင်တော်မူမည်။” ဟု ကိုယ်တော် မိန့်တော်မူ၏။COLB 190.2

    ဤ မြင်ကွင်းတွင် တရားသူကြီးမှာ အမှန်တရားအတွက် ပမာဏ မထား။ ဒုက္ခရောက်သူကိုလည်း မသနားသော သူ ဖြစ်၏။ သူမ၏ အမှုကို တင်ပြနေသော မုဆိုးမသည် မရမနေ တောင်းဆိုနေသူ ဖြစ်၏။ တရားသူကြီး၏ ရုံးသို့ အကြိမ်ကြိမ် လာရောက်ခဲ့သော်လည်း မထီလေးစား ပြုခြင်း နှင့် တရားရုံးမှ နှင်ထုတ်ခြင်းကိုသာ ခံခဲ့ရ၏။ ယင်း မုဆိုးမ၏ အမှုမှန် ကြောင်း တရားသူကြီး ကိုယ်တိုင် သိ၍ ချက်ချင်း ဆုံးဖြတ်ပေးနိုင်ခဲ့သော်လည်း အရေးမယူဘဲ နေခဲ့၏။ သူ၏ သဘောအတိုင်း ပြုလုပ်နိုင်သော တန်ခိုးအာဏာကို ပြလိုသောကြောင့် မုဆိုးမအနေဖြင့် အချည်းနှီး တောင်းပန်နေခြင်း၊ အသနားခံ၍ လျှောက်လဲနေခြင်း နှင့် ပူဆာနေခြင်းများကို ကြိုက်နှစ်သက်နေ၏။ သို့သော် မုဆိုးမသည် အလျှော့မပေး အရှုံးမခံ စိတ်မပျက်ဘဲ အတင်းအကျပ် တိုးလျှိုး၏။ တရားသူကြီးက မသနား မညှာတာဘဲ ရက်စက်စွာ ပြုနေသော်လည်း မုဆိုးမသည် သူမ၏ အမှုကို အရေးယူသည်တိုင်အောင် အသနားခံချက်ကို ဆက်ခါဆက်ခါ တင်ပြနေခဲ့ပါသည်။ ထိုကြောင့် တရားသူကြီးက၊ “ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော သူ ဖြစ်သော်လည်း ဤ မုဆိုးမသည် ငါ့ကို နှောင့်ယှက်သောကြောင့် သူ့ဘက်၌ ငါတရား စီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့်မည်” ဟု ဆိုလေ၏။ တရားသူကြီးသည် မိမိ၏ ဂုဏ်အသရေကို မထိခိုက်စေရန် လည်းကောင်း၊ တစ်ဖက်သတ် တရားစီရင်တတ်ခြင်းကို လူအများ မသိကြစေရန် လည်းကောင်း ဇွဲလုံ့လ ကောင်းသော မုဆိုးမ၏ ဘက်မှ တရားစီရင်လေ၏။COLB 190.3

    “မတရားသော တရားသူကြီး၏ အကြံကို မှတ်ကြလော့။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ ငါဆိုသည်ကား သူ့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။” ဤ နေရာ၌ ခရစ်တော်သည် ဘုရားသခင် နှင့် မတရားသော သူကြီး၏ ပြတ်သားစွာ ခြားနားပုံကို ဖေါ်ညွှန်းတော်မူခြင်း ဖြစ်ပါသည်။ တရားသူကြီးသည် မုဆိုးမ ပူဆာနေသည်ကို အလျှော့ပေးခဲ့ခြင်းမှာ ကိုယ်ကျိုးအတွက် ဖြစ်ပါသည်။ မုဆိုးမအပေါ် ကရုဏာ ထား၍ မဟုတ်၊ သူမ၏ စိတ်ဒုက္ခသည် သူ့အတွက် အမှုမထားလောက်ပါ။ သို့သော် ဘုရားသခင်ကို ရှာသော သူများအတွက် ဘုရားသခင်၏ စိတ်သဘောထားမှာ အဘယ်မျှ ကွာခြားပါသနည်း။ ဆင်းရဲနွမ်းပါးသော သူများ နှင့် စိတ်ဒုက္ခရောက်သောCOLB 191.1

    သူတို့၏ အသနားခံသံများကို ဘုရားသခင်သည် အနန္တကရုဏာတော်ဖြင့် အရေးယူတော်မူ၏။COLB 192.1

    တရားသူကြီးအား တရားမျှတစွာ စီရင်ရန် အသနားခံနေသော အမျိုးသမီး၏ ခင်ပွန်း သေဆုံးသွားခဲ့ပါသည်။ ထိုကြောင့် သူသည် ဆင်းရဲနွမ်းပါး၍ သူငယ်ချင်း မိတ်ဆွေ ကင်းမဲ့သဖြင့် ပျက်စီးဆုံးပါးခဲ့သော ဥစ္စာပစ္စည်းများကို ပြန်လည် သိမ်းပိုက်နိုင်ရန် နည်းလမ်း မရှိခဲ့ပါ။ ထိုနည်းအတူ လူသားသည်လည်း အပြစ်ဒုစရိုက်ကြောင့် ဘုရားသခင်နှင့် အဆက်ပြတ်ခဲ့ပါသည်။ မိမိ ကိုယ်တိုင်အားဖြင့် ကယ်တင်ခြင်း ရရှိရန် နည်းလမ်း မရှိပါ။ သို့သော် ခရစ်တော်သည် ကျွန်ုပ်တို့အား ခမည်းတော်၏ အနီးသို့ ခေါ်ဆောင်ခဲ့တော်မူ၏။ ဘုရားသခင်သည် မိမိ ရွေးကောက်တော်မူသော သူတို့အား မြတ်နိုးတော်မူ၏။ ထိုသူတို့သည် ကိုယ်တော်၏ ဂုဏ်တော်ကို ချီးမွမ်းထောပနာပြုရန် နှင့် လောကီ မှောင်မိုက်၌ ရှိသော သူများအား အလင်းတရား ဝေငှရန်အတွက် အမှောင်တွင်းမှ အံ့သြဖွယ်သော အလင်းတော်တွင်းသို့ ခေါ်တော်မူခြင်းကို ခံရသော သူများ ဖြစ်ကြ၏။ မဖြောင့်မမှန်သော တရားသူကြီးသည် လွတ်မြောက်ခြင်းအတွက် မရမနေ အသနားခံနေသော မုဆိုးမအပေါ် ထူးခြားသည့် စိတ်ပါဝင်စားမှု မရှိသော်လည်း သနားဖွယ်ရာ လျှောက်လဲနေခြင်းများကို မတွေ့ မကြားလိုတော့သည့်အတွက် အသနားခံချက်အတိုင်း ရန်လိုသူလက်မှ လွတ်မြောက်ခွင့် ပေးလိုက်ပါသည်။ သို့ရာတွင် ဘုရားသခင်သည် ယင်းသို့ မဟုတ်၊ မိမိ၏ သားသမီးများအား အနန္တမေတ္တာတော်ဖြင့် ချစ်မြတ်နိုးတော်မူ၏။ ကိုယ်တော်အတွက် အမြတ်နိုးဆုံးသော အရာမှာ ဤ ကမ္ဘာမြေကြီးပေါ်တွင် ရှိသော ကိုယ်တော်၏ အသင်းတော်ပင် ဖြစ်ပါသည်။COLB 192.2

    “ထာဝရဘုရား၏ အဖို့ကား လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။ လူဆိတ်ညံသော အရပ်၊ သားရဲ မြည်၍၊ လွတ်လပ်သော တောလွင်ပြင်၌ ယာကုပ်ကို တွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်း ကျေးဇူးကို ပြု၍ မျက်ဆံတော်ကဲ့သို့ စောင့်တော်မူ၏။” တရား၊ ၃၂:၉၊၁၀။ “ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသော လူမျိုးတို့ ရှိရာသို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကို ထိသော သူသည် မျက်ဆံတော်ကို ထိသော သူ ဖြစ်၏။” ဇာခရိ၊ ၂:၈။COLB 192.3

    “ကျွန်မ ရန်ဘက်ကို လက်စားချေလောက်အောင်” ခေတ်မီ ကျမ်းစာအရ “ကျွန်မ ရန်ဘက်ကို တရားမျှတလောက်အောင်” စီရင်ဆုံးဖြတ်ပေးပါဟု မုဆိုးမက ပန်ကြားနေသည်မှာ ဘုရားသခင်၏ သားသမီးများ တောင်းလျှောက်သည့် ပတ္ထနာများကို ပုံဆောင်ထားပါသည်။ စာတန်သည် သူတို့၏ အတိုက်အခံ ရန်သူကြီး ဖြစ်ပါသည်။ သူသည် “ငါတို့ ညီအစ်ကိုများကို ငါတို့ ဘုရားသခင့် ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သော ရန်သူ” ဖြစ်၏။ (ဗျာ၊ ၁၂:၁၀)။ စာတန်သည် ဘုရားသခင်၏ လူမျိုးကို အလွဲ ဖေါ်ပြ၍ ပြစ်တင် စွပ်စွဲရန် နှင့် ဖျက်ဆီးရန် အမြဲတစေ ကြံစည် ဆောင်ရွက်နေပါသည်။ ထိုကြောင့် စာတန် နှင့် သူ၏ ဘက်တော်သားများ၏ တန်ခိုးစွမ်းအားမှ လွတ်မြောက်ရန် ကိုယ်တော်သည် တပည့်တော်များအား ဆုတောင်းကြဖို့အရေး ဥပမာပုံဆောင်၍ သြဝါဒပေးတော်မူ၏။COLB 193.1

    စာတန်၏ အပြစ်တင် စွပ်စွဲပုံ နှင့် ခရစ်တော်က မိမိ လူမျိုး၏ ရန်သူအား ကိုယ်တိုင် ခုခံဖို့ တိုက်ဖျက်ပုံများကို ပုရောဖက် ဇာခရိ၏ အနာဂတ္တိကျမ်းတွင် သရုပ်ဖေါ်ထားပါသည်။ “ယဇ်ပုရောဟိတ်မင်း ယောရှုသည် ထာဝရဘုရား၏ ကောင်းကင်တမန် ရှေ့၌ ရပ်နေသည်ကို လည်းကောင်း၊ စာတန်သည် ရန်ဘက်ပြု၍ သူ၏ လက်ယာဘက်၌ ရပ်နေသည်ကို လည်းကောင်း ငါ့အား ပြတော်မူ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း အို စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော၊ ဤ သူသည် မီးထဲက နုတ်သော ထင်းစ ဖြစ်သည် မဟုတ်လောဟုစာတန်အား ဆို၏။ ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ကောင်းကင်တမန် ရှေ့မှာ ရပ်နေ၏။” ဇာခရိ၊၃:၁-၃။COLB 193.2

    ဤနေရာ၌ ဘုရားသခင်၏လူမျိုးသည် စစ်ဆေးခြင်း ခံနေရသည့် ရာဇဝတ်သားများအဖြစ် ပုံဆောင်ထားပါသည်။ ယဇ်ပုရောဟိတ်မင်း ယောရှုသည် ကြီးစွာသော စိတ်ဒုက္ခရောက်နေသော သူ့လူမျိုးအတွက် သုခချမ်းသာ ရှာဖွေနေပါသည်။ သူသည်ဘုရားသခင်၏ ရှေ့တော်၌ ရပ်လျက် အသနားခံနေစဉ် စာတန်သည် သူ၏ လက်ယာဘက်တွင် ရန်ဘက်ပြု၍ ရပ်နေပါသည်။ ဘုရားသခင်၏ သားသမီးများအား အပြစ်တင်၍ သူတို့၏ အမှုကို မျှော်လင့်ချက် မရှိပုံပေါက်အောင် လျှောက်လဲနေပါသည်။ သူတို့၏ မေကာင်းမှု ဒုစရိုက်များ နှင့် ချွတ်ယွင်းချက်များကို ထာဝရဘုရား၏ ရှေ့တော်သို့ တင်ဆက်နေပါသည်။ သူတို့၏ မှားယွင်းမှုများ နှင့် ဆုံးရှုံးမှုများကို ထောက်ပြလျက် သူတို့၏ အခြေအနေကို ပုံကြီးချဲ့ခြင်းဖြင့် များစွာသော အကူအညီကို သူတို့ လိုအပ်နေချိန်တွင် ခရစ်တော်က သူတို့ကို အကူအညီ မပေးနိုင်လောက်အောင် အခြေအနေ ဆိုးရွားပုံပေါက်လိမ့်မည်ဟု စာတန် မျှော်လင့်၏။ ဘုရားသခင်၏ လူမျိုးကို ပုံဆောင်သော ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ပြစ်တင်စွပ်စွဲခြင်းကို ခံ၍ နေရပါသည်။ သူ့လူမျိုး၏ အပြစ်များကြောင့် စိတ်ပျက်အားလျော့ ခြင်း၏ ဖိနှိပ်မှုကို ခံစားနေရ၏။ စာတန်ကလည်း သူ့ အပြစ်များအကြောင့် မျှော်လင့်ချက် မရှိသည့် အခြေအနေသို့ ဆိုက်ရောက်အောင် တွန်းအား ပေးနေ၏။ သို့သော သူ့တစ်ဖက်တွင် စာတန်က အခင်းအကျင်းဖြင့် ဖိနှိပ်လျက် ရှိနေသော်လည်း ယောရှုသည် အသနားခံသူ အဖြစ် ရပ်မြဲရပ်လျက် နေ၏။COLB 193.3

    စာတန်သည် ပြစ်တင်စွပ်စွဲသူ အဖြစ် ကောင်းကင်တွင် စတင် ဆောင်ရွက်ခဲ့ပါသည်။ ကမ္ဘာပေါ်၌လည်း လူသား ကျဆုံးချိန်ကတည်းက သူ၏ လုပ်ငန်း တစ်ရပ် ဖြစ်လာခဲ့ရာ ဤ ကမ္ဘာကြီး ကုန်ဆုံးချိန် ရောက်လုနီးလေ သူ၏ လုပ်ငန်းကိုလည်း ထူးခြားစွာ အာရုံစိုက်၍ ဆောင်ရွက်လေ ဖြစ်လိမ့်မည်။ သူ၏ အချိန် တိုတောင်းသည်ကို သူ သိသည်နှင့်အမျှ သူ၏ လိမ်လည် လှည့်ဖြားခြင်း နှင့် ဖျက်ဆီးခြင်း လုပ်ငန်းကို ပိုမို ကြီးမားသော ဇွဲလုံ့လဖြင့် ဆောင်ရွက်လိမ့်မည်။ အားနည်း၍ အပြစ်နှင့် ပြည့်ဝလျက်ပင် ရှိစေကာမူ ယေဟောဝါအရှင်၏ ပညတ်တော်ကို လိုက်နာသည့် လူမျိုး တစ်စု ဤ လောကတွင် သူ တွေ့မြင်ရပါက ဒေါသအမျက်ထွက်၏။ ယင်း လူမျိုးအနေဖြင့် ဘုရားသခင်၏ ပညတ်တော်တို့ကို မလိုက်နာအောင် ပြုလုပ်မည်မှာ သူ၏ ပြဌာန်းချက် ဖြစ်၏။ ထိုသူတို့အနေဖြင့် မထိုက်မတန်သော လူမျိုး ဖြစ်အောင် ပြုလုပ်ဖို့ကို သူ နှစ်သက်၏။ ဝမ်းမြောက်၏။ ၎င်းအပြင် လူတိုင်းသည် ဘုရားသခင်နှင့် ကင်းကွာ၍ သူ၏ ကျော့ကွင်းတွင် မိနေအောင် ပြင်ဆင်ထားသည့် အကြံအစည်များ လူတိုင်းအတွက် ရှိ၏။ ဘုရားသခင်ကို လည်းကောင်း၊ မေတ္တာကရုဏာ ရှေ့ထား၍ ကြင်နာခြင်း နှင့် အပြစ်ဖြေလွှတ်ခြင်းဖြင့် ဘုရားသခင်၏ အမှုတော်ကို ဤ လောကတွင် ကြိုးစား ဆောင်ရွက်သူတိုင်းအား လည်းကောင်းစာတန်သည် ပြစ်တင်စွပ်စွဲ၏။COLB 195.1

    ဘုရားသခင်သည် မိမိ လူမျိုးအတွက် တန်ခိုးတော်ကို ပြတိုင်း စာတန်၏ ရန်ငြိုး ဖွဲ့ခြင်း တက်ကြွ၏။ သူတို့၏ အမှုအတွက် ဘုရားသခင် ဆောင်ရွက်တော်မူတိုင်း စာတန် နှင့် သူ၏ တမန်များသည် သူတို့ ပျက်စီးရာ ပျက်စီးကြောင်းကို အသစ်သော အင်အားဖြင့် လှုပ်ရှားကြ၏။ ခရစ်တော်၌ အင်အား ခံယူသူတိုင်းအား သူ မနာလို။ သူ၏ ရည်မှန်းချက်မှာ မကောင်း မှုကို လှုံ့ဆော်ပေးရန် ဖြစ်၍ အောင်မြင်ပါက စုံစမ်းခြင်း ခံရသူတိုင်းအပေါ်သို့ အပြစ်ဖို့၏။ သူတို့၏ ညစ်ညူးသော အဝတ်များတည်းဟူသော အကျင့်စာရိတ္တ ချို့တဲ့မှုများကို လက်ညှိုးထိုး၍ ပြ၏။ သူတို့၏ အားနည်းချက် နှင့် မိုက်ပြစ်များကို လည်းကောင်း၊ သူတို့၏ ကျေးဇူး မသိတတ်သော အပြစ်များကို လည်းကောင်း၊ သူတို့ ရွေးနုတ်ရှင်၏ ဂုဏ်တော်ကို ထိခိုက်စေသည့် ခရစ်ယာန် မပီသမှုများကို လည်းကောင်း သူ တင်ဆက်၏။ သူတို့ ပျက်စီးခြင်းအတွက် သူ့အနေဖြင့် လုပ်ပိုင်ခွင့် ရှိကြောင်း၊ ယင်း အချက်အလက်များကို သက်သေထူ၍ သူ၏ လျှောက်လဲချက်များကို တွန်းအားပေး၏။။ သူတို့၏ အမှုသည် မျှော်လင့်ချက် မရှိသည် သာမက သူတို့၏ ညစ်ညူးခြင်း အစွန်းအကွက်သည်လည်း ဆေးကြော သုတ်သင်၍ မရနိုင်တော့သည် ပုံပေါက်အောင် သူ ဖန်တီး၍ သူတို့အား ထိတ်လန့် ချောက်ချားစေ၏။ ယင်းနည်းဖြင့် လူတို့သည် သူ၏ သွေးဆောင်ဖြားယောင်းမှုကိုလုံးလုံး လိုက်နာရန် သူတို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးခြင်းဖြင့် သူတို့သည် ဖေါက်ပြန်ပျက်စီးကြလိမ့်မည်ဟု စာတန် မျှော်မှန်း၏။COLB 195.2

    ဘုရားသခင်၏ လူတို့သည် စာတန်၏ စွပ်စွဲချက်များကို သူတို့ ကိုယ်တိုင် မချေပနိုင်ကြပါ။ သူတို့သည် ကိုယ်ကိုကိုယ် ကြည့်ရှု စစ်ဆေးကြသောအခါ မျှော်မြင်ရာ ကင်းမဲ့ကြ၏။ သို့သော သူတို့သည် မြင့်မြတ်တော်မူသော အကျိုးတော်ဆောင် ရှေ့နေကြီးထံသို့ အသနားခံကြ၏။ ရွေးနုတ်ရှင်၏ ကောင်းမှု ကုသိုလ်တော်များကို သူတို့ တောင်းလျှောက်ကြ၏။ ဘုရားသခင်သည် “ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေ၍ ယေရှုကို ယုံကြည်သော သူတို့၏ အပြစ်ကို လွှတ်” တော်မူ၏။ ရောမ၊ ၃:၂၆။ ဘုရားသခင်၏ သားသမီးတို့သည် ယုံကြည်ကိုးစားသော စိတ်နှင့် စာတန်၏ စွပ်စွဲချတက်များကို ရပ်စဲစေလျက် သူ၏ ဉာဏ်ဆင်ချက်များကို အချည်းနှီး ဖြစ်စေရန် ကိုယ်တော်၏ ထံသို့ သူတို့ အသံလွှင့်ကြ၏။ “ကျွန်မ၏ ရန်ဘက်ကို တရားမျှတလောက်အောင် အပြစ်အလျောက် ဒဏ်စီရင်ပါ” ဟု မုဆိုးမ အသနားခံသကဲ့သို့ သူတို့ ဆုတောင်းပတ္ထနာပြုကြရာ ခရစ်တော်သည် မိမိ၏ တန်ခိုးကြီးသော လက်ဝါးကပ်တိုင်ကို အကြောင်းပြုလျက် ရဲတင်းစွာ အပြစ်တင်ဝံ့သော သူ၏ အသံကို တိတ်ဆိတ်စေတော်မူ၏။COLB 196.1

    “ထာဝရဘုရား၏ ကောင်းကင်တမန်ကလည်း၊ အို စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ယေရုရှလင်မြို့ကို ရွေးချယ်ပြီးသော ထာဝရဘုရားသည် သင့်ကို ဆုံးမတော်မူပါစေသော။ ဤ သူသည် မီးထဲက နုတ်သော ထင်းစ ဖြစ်သည် မဟုတ်လောဟု စာတန်အား ဆို၏။” စာတန်သည် ဘုရားသခင်၏ လူများအား အမိုက်မှောင်ဖြင့် ဖုံးအုပ်၍ ဖျက်ဆီးရန် ကြံစည်သောအခါ ခရစ်တော်သည် ကြားဝင်၍ ဖျန်ဖြေတော်မူ၏။ သူတို့သည် မကောင်းမှု ဒုစရိုက်များကို ပြုမိကြသော်လည်း ခရစ်တော်သည် သူတို့ ပြုမိသော ဒုစရိုက်များအတွက် ပြစ်ဒဏ်ကို ကိုယ်တိုင် ခံတော်မူ၏။ ကိုယ်တော်သည် ယင်း အမျိုးအနွယ်ကို မီးလျှံထဲက နုတ်ယူသော ထင်းစကဲ့သို့ အရ ဆွဲယူတော်မူ၏။ ခရစ်တော်သည် လူ့ဇာတိဖြင့် လူသားနှင့် ဆက်နွယ်၍နေသည့် တစ်ချိန်တည်းမှာပင် ဘုရားဇာတိဖြင့် အနန္တတန်ခိုးတော်အရှင်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုကြောင့် ပျက်စီးလုဆဲ ဖြစ်သော အသက်ဝိညာဉ်များဆီသို့ အကူအညီ ရောက်လာပြီးလျှင် ရန်ဘက် ဖြစ်သူကို ဆုံးမတော်မူ၏။ COLB 197.1

    “ယောရှုသည် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ကောင်းကင်တမန် ရှေ့မှာ ရပ်နေသည် ဖြစ်၍ ကောင်းကင်တမန်က ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ဟု မိမိ ရှေ့မှာ ရပ်နေသော အခြား သူတို့အား ဆို၏။ ယောရှုအားလည်း သင့် အပြစ်ကို ငါ ဖြေရှင်းပြီ။ တင့်တယ်သော အဝတ်ကို ဝတ်ဆင်ပေးမည်ဟု ဆို၏။ ငါကလည်း စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း စင်ကြယ်သော အပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်ကြစေဟု ဆိုသည်အတိုင်း စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်၍ အဝတ်ကို ဝတ်စေကြ၏။” ထိုနောက် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့် အာဏာတော်ဖြင့် ဘုရားသခင်လူမျိုးများ ကိုယ်စားလှယ် ဖြစ်သော ယောရှုအား လေးနက်သော ကတိသစ္စာတော်ကို ဆင့်ဆိုသည်မှာ “သင်သည် ငါ့ လမ်းသို့ လိုက်၍ ငါ့ ပညတ်တရားကို စောင့်ရှောက်လျှင် ငါ၏ အိမ်ကို စီရင်ရသော အခွင့်၊ ငါ့ တံတိုင်းတို့ကို စောင့်ရသော အခွင့် ရှိလိမ့်မည်။ ရှေ့တော်၌ ရပ်နေသော သူ အချို့တိတု့ကို သင့်အား လမ်းပြရသော သူ ဖြစ်မည်အကြောင်း ငါ ခန့်ထားမည်။” ဘုရားသခင်၏ ပလ္လင်တော်ကို ဝန်းရံလျက် ရှိသော ကောင်းကင်တမန်များကိုပင် လမ်းပြရသော သူ ဖြစ်လိမ့်မည်။ (ဇာခရိ၊ ၃:၃-၇)COLB 197.2

    ဘုရားသခင်၏ လူမျိုးတွင် အမှားအယွင်းများ ရှိမည် ဖြစ်သော်လည်း ခရစ်တော်သည် အုပ်ထိန်း စောင့်ရှောက်တော် မမူဘဲ နေတော်မူမည် မဟုတ်ပါ။ သူတို့၏ အဝတ်ကို လဲလှယ်ပေးရန် တန်ခိုးအာဏာ ရှိတော်မူ၏။ ညစ်ညူးသော အဝတ်တို့ကို ချွတ်ပြီးလျှင် ယုံကြည်၍ နောင်တရသော သူအား ကိုယ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံကို ဝတ်ဆင်ပေးတော်မူမည်။ ကောင်းကင် မှတ်တမ်းတွင်လည်း သူတို့၏ အပြစ်များကို ဖြေလွှတ်ပြီးကြောင်း ရေးမှတ်ထားတော်မူလိမ့်မည်။ သူတို့အား ကိုယ်တော် ပိုင်ဆိုင်တော်မူသည်နှင့် အညီ ကောင်းကင်ဗိုလ်ခြေတို့၏ ရှေ့မှောက်တွင် သူတို့အတွက် အာမခံတော်မူ၏။ ထိုအခါ သူတို့၏ ရန်ဘက် စာတန်သည် ယိုးစွပ်သောသူ၊ လိမ်လည် လှည့်ဖြားသော သူ ဖြစ်ကြောင်း ထင်ရှားလေ၏။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့အဖို့ ဖြောင့်မှန်စွာ စီရင်တော်မူ၏။COLB 198.1

    “ကျွန်မ ရန်ဘက်ကို တရားမျှတလောက်အောင် အပြစ်အလျောက် တရားစီရင်ပါ။” ဟူသော တောင်းလျှောက်သံသည် စာတန်နှင့်သာ သက်ဆိုင်သည် မဟုတ်ပါ။ သူ ကိုယ်တိုင် အားပေး အားမြှောက် ပြုထားသည့် သူ၏ ကိုယ်စားလှယ်များတည်းဟူသော လိမ်လည် လှည့်ဖြားသူများ၊ သွေးဆောင် ဖြားယောင်းသူများ နှင့် ဘုရားသခင်၏ လူများကို ဖျက်ဆီးသူ အားလုံးနှင့်လည်း သက်ဆိုင်ပါသည်။ ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာစောင့်ရှောက်ရမည်ဟု စိတ်ပြဌာန်းပြီးသော သူတို့သည် အောက်အရပ်မှ အာဏာပိုင် တစ်ဦးက ကြိုးကိုင်ထားသည့် ရန်ဘက်များ ရှိကြောင်း ကိုယ်တိုင် အတွေ့အကြုံများအားဖြင့် သိနားလည်ကြပါလိမ့်မည်။ ယင်း ရန်ဘက်များသည် အဆက်မပြတ် စွဲမြဲစွာဖြင့် လည်းကောင်း၊ ပြင်းထန်သော စိတ်ပြဌာန်းချက်ဖြင့် လည်းကောင်း ခရစ်တော်၏ ခြေလှမ်းတိုင်းကို ပိတ်ဆို့ ကာဆီးထားကြသည်မှာ မည်သည့် လူသားမျှ နားမလည်နိုင်လောက်အောင်ပင် ဖြစ်ပါသည်။ ခရစ်တော်၏ တပည့်COLB 198.2

    နောက်လိုက်များသည်လည်း ကိုယ်တော်ကဲ့သို့ပင် သွေးဆောင် ဖြားယောင်းမှု မျိုးစုံ သူတို့နောက်က အဆက်မပြတ်လိုက်နေပါသည်။COLB 199.1

    ခရစ်တော် ဒုတိယ အကြိမ် ကြွလာတော်မူရန် နီးကပ်လာသောအခါ ကမ္ဘာပေါ်တွင် ဖြစ်ပျက်မည့် အခြေအနေများကို ကျမ်းစာတွင် သရုပ်ဖေါ်ထားပါသည်။ တမန်တော် ရှင်ယာကုပ်က လောဘကြီးခြင်း နှင့် နှိပ်စက်ညှဉ်းပန်းခြင်း စိုးမိုးလိမ့်မည် ဖြစ်ကြောင်း မြင်ကွင်းဖေါ်ပြထားသည်မှာ၊ “အချင်း သူဌေး သူကြွယ်တို့၊ ယခု လာကြ၊ …. နောက်ဆုံးသော နေ့ရက် ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား၊ နားထောင်ကြ၊ သင်တို့ လယ်ကွက်၌ ရိတ်သော သူတို့ကို လှည့်စား၍ အခ မပေးဘဲ နေသောကြောင့် ထို အခသည် ကြွေးကြော်လေ၏။ ရိတ်သော သူတို့၏ အော်ဟစ်ခြင်း အသံသည်လည်း ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နားတော်ထဲသို့ ဝင်လေပြီ။ သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန် ပျော်မွေ့ကြပြီ။ သတ်ရသော နေ့၌ကဲ့သို့ မိမိတို့ နှလုံးကို မွေးမြူကြပြီ။ ဖြောင့်မတ်သော သူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးမတား။” ယာကုပ်၊ ၅:၁-၆။ ဤ မြင်ကွင်းကို ယနေ့ တွေ့မြင်နေရပါသည်။ နှိပ်စက်ညှဉ်းပန်းခြင်း မျိုးစုံဖြင့် လည်းကောင်း၊ မတရားသော နည်းပေါင်းစုံဖြင့် လည်းကောင်း လူတို့သည် ဥစ္စာဘဏ္ဍာ မြောက်များစွာကို စုပုံကို သိုသိပ်နေကြရာ တစ်ဖက်တွင် ငတ်မွတ်နေသော လူသားတို့၏ အသံများသည် ဘုရားသခင်၏ ထံတော်သို့ တက်လေပြီ။COLB 199.2

    “ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုန်သွားပြီ။ တရားသည် အဝေးက ရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လွဲပြီ။ ဖြောင့်မတ်သော သဘော မဝင်နိုင်ရာ။ သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သော သူသည် လုယူခြင်းကို ခံရ၏။” ဟေရှာယ၊ ၅၉:၁၄၊၁၅။ ယင်း ပုံစံအတိုင်း ခရစ်တော် ဤ လောကတွင် သက်တော် ထင်ရှား ရှိတော်မူစဉ်က ကိုယ်တော်တိုင် ကြုံတွေ့ခံရပါသည်။ လူတို့ ဦးစားပေးနေသော ရိုးရာထုံးစံဓလေ့များနှင့် ပညတ်တော်ကို အစားထိုးထားသည့် နည်းဥပဒေများကို မလိုက်နာဘဲ ကိုယ်တော်သည် ဘုရားသခင်၏ ပညတ်တော်များကို သစ္စာတည်မြဲစွာဖြင့် လိုက်နာ စောင့်ရှောက်တော်မူခဲ့ပါသည်။ ယင်း အကြောင်းများကြောင့် ကိုယ်တော်အား ရန်ငြိုးဖွဲ့၍ ဖိနှိပ်ကြ၏။ ဤ ရာဇဝင် ထပ်ပြန်လေပြီ။ ထိုစဉ်က လူတို့၏ နည်းဥပဒေသများ နှင့် ရိုးရာ ထုံးစံဓလေ့များကို ဘုရားသခင်၏ ပညတ်တော်များထက် ဦးစားပေးသဖြင့် ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်သိ ရိုသေသော သူတို့သည် နှိပ်စက်ညှဉ်းပန်းခြင်း နှင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြ၏။ ခရစ်တော်သည် ဘုရားသခင်၏ အပေါ် သစ္စာစောင့်သိ ရိုသေတော်မူသောကြောင့် ဥပုသ်နေ့ကို ချိုးဖေါက်သော သူဟူ၍ လည်းကောင်း၊ ဘုရားသခင်ကို မထီမဲ့မြင်ပြုသူ ဟူ၍ လည်းကောင်း စွပ်စွဲခြင်းကို ခံရ၏။ နတ်ဆိုးစွဲသော သူ ဖြစ်သည်ဟု ကြေငြာခြင်းကို ခံပင် ခံရ၏။ ဗေလဇေဗုလ ဖြစ်သည် ဟူ၍လည်း အတိအလင်း စွပ်စွဲကြ၏။ ထိုနည်းအတူ ကိုယ်တော်၏ တပည့်တော်များသည်လည်း မဟုတ်မမှန် စွပ်စွဲ ပြောဆိုခြင်းများကို ခံရကြ၏။ စာတန်သည် ယင်း နည်းများအတိုင်း သူတို့အား အပြစ် ဒုစရိုက် ပြုလုပ်ရန် ဆွဲဆောင်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ရှုတ်ချ၏။COLB 199.3

    ဥပမာတွင် ဖေါ်ပြထားသည့် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီး၏ အကျင့်စာရိတ္တသည် ထိုအချိန်က တရားသူကြီးများ တရားစီရင်ပုံကို ခရစ်တော် ရည်ညွှန်းတော်မူခြင်း ဖြစ်၏။ မကြာမီ အလားတူ တရားသူကြီးများကပင် ကိုယ်တော်အား ယင်း နည်းအတိုင်း တရားစီရင်တော့မည်ကို ပုံဆောင်ထားခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် မိမိ လူတို့အား မည်သည့် ခေတ်ကာလတွင် မဆို ဆင်းရဲဒုက္ခရောက်သောအခါ လောကီ တရားသူကြီးများ နှင့် အုပ်စိုးသူများကို အားကိုး အားထားပြုခြင်းမှာ မလုံလောက်ကြောင်း သဘောပေါက်စေလိုတော်မူ၏။ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လမ်းညွှန်အဖြစ် အသုံးမပြုဘဲ စနစ် မရှိ နည်းမကျသည့် ကိုယ့်စိတ်အလိုဖြင့် ဆုံးဖြတ်တတ်သော ရုံးလူကြီးများနှင့် မကြာခဏ ရင်ဆိုင်ရကြပေလိမ့်မည်။COLB 200.1

    မဖြောင့်မတ်သော တရားသူကြီး၏ ဥပမာတွင် ကျွန်ုပ်တို့အနေဖြင့် မည်သို့ လိုက်လျှောက် သင့်ကြောင်း ခရစ်တော် သြဝါဒပေးတော်မူခြင်း ဖြစ်ပါသည်။ “ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် နေ့ မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။” ကျွန်ုပ်တို့၏ ပုံသက်သေ ဖြစ်တော်မူသော ခရစ်တော်သည် ကိုယ်ကိုကိုယ် အပြစ် မရှိကြောင့် ချေပခြင်း သို့မဟုတ် ကိုယ်ကိုကိုယ် လွတ်မြောက်အောင် ဆောင်ရွက်ခြင်းများ မည်သို့မျှ မပြုမလုပ်ခဲ့ပါ။ ထိုနည်းတူ ခရစ်တော်၏ နောက်လိုက်များသည်လည်း မိမိတို့၏ လွတ်မြောက်ရေး အတွက် စွပ်စွဲခြင်း၊ ပြစ်တင်ခြင်း နှင့် အင်အား သုံးခြင်းများကို ရှောင်သင့်ပါသည်။COLB 200.2

    စုံစမ်းစစ်ဆေးခြင်း ခံရသောအခါ မည်သည့် အကြောင်းကြောင့် ဖြစ်ကြောင်း မသိ နားမလည်နိုင်သော်လည်း ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းကို မပျက်စီးစေသင့်ပါ။ မည်သို့သော မတရားမှုကိုပင် ခံရသည် ဖြစ်စေ အမျက်ဒေါသ မဖြစ်ပါစေနှင့်။ လက်စားချေလိုသော စိတ်သည် ကိုယ်ကိုကိုယ် နစ်နာစေ၏။ ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းကို ဖျက်ဆီး၍ သန့်ရှင်းသော ဝိညာဉ်တော်အား စိတ်မကြည်မသာ ဖြစ်စေပါသည်။ ကျွန်ုပ်တို့၏ ဘေးတွင် ကောင်းကင်တမန် သက်သေခံ တစ်ဦးသည် ကျွန်ုပ်တို့အတွက် ရန်သူ၏ တစ်ဖက်မှ အောင်လံတော်ကို လွှင့်ထူထားပေလိမ့်မည်။ သူသည် ကျွန်ုပ်တို့အတွက် တရားတော် နေမင်း၏ ထွန်းတောက်သော ရောင်ခြည်တော်ဖြင့် ဝန်းရံထားလိမ့်မည်။ ယင်း စည်းရိုးကို စာတန် မထိုးမဖေါက်နိုင်။ ဤ သန့်ရှင်းသော ရောင်ခြည်တော် ဒိုင်းလွှားကို သူ မကျော်မလွန်နိုင်။COLB 201.1

    ဤ ကမ္ဘာလောကကြီးပေါ်တွင် ဆိုးသွမ်းမှုများ အဆင့်ဆင့် တိုးပွားနေချိန်၌ ကျွန်ုပ်တို့သည် ခက်ခဲမှု မျိုးစုံနှင့် ရင်ဆိုင်ရလိမ့်မည် မဟုတ်ပါဟု ကိုယ်ကိုကိုယ် အထင်ရောက် မနေသင့်ပါ။ ဤ ခက်ခဲမှု မျိုးစုံကြောင့်သာလျှင် ကျွန်ုပ်တို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ ရှေ့တော်သို့ ဝင်ရောက်ရကြမည် ဖြစ်၍ ဉာဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော အရှင်ဘုရားသခင်ထံမှ အကြံဉာဏ် တောင်းလျှောက် ရယူနိုင်ပါသည်။COLB 201.2

    “အမှုအရောက်သည် ကာလ၌ ငါ့ကို ပတ္ထနာပြုလော့” ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ဆာလံ၊ ၅၀:၁၅။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကူညီစောင့်ရှောက်မှုကို လိုအပ်လျှင် လည်းကောင်း၊ ရှုပ်ထွေးမှု များနှင့် ရင်ဆိုင်ရလျှင် လည်းကောင်း၊ အမှန်တကယ် အရေးကြုံလျှင် လည်းကောင်း ကိုယ်တော်ရှင်အား ချက်ချင်း ဆုတောင်းပတ္ထနာ ပြုရန် ဆင့်ဆိုထားတော်မူ၏။ အခက်အခဲနှင့် ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်တို့သည် ရိုးသားစွာဖြင့် လည်းကောင်း၊ စိတ်အားထက်သန်စွာဖြင့် လည်းကောင်း ကိုယ်တော်ရှင်ထံသို့ တင်ပြ တောင်းလျှောက်ရမည်။ ကျွန်ုပ်တို့သည် မရမနေ ပူဆာ၍ တောင်းလျှောက်နေပါက ကျွန်ုပ်တို့၏ ယုံကြည်ကိုးစားခြင်း အင်အား ကြီးမားကြောင်း ထင်ရှားပါသည်။ ကျွန်ုပ်တို့သည် မရှိမဖြစ် လိုအပ်သည်ဟု သိမြင်လာသောအခါ စိတ်ပါဝင်စားစွာ ပတ္ထနာပြုကြလိမ့်မည်၊ ကောင်းကင်ဘုံရှင် ဘုရားသခင်သည်လည်း ကျွန်ုပ်တို့တ၏ အသနားခံချက်များကြောင့် စိတ်လှုပ်ရှားတော်မူလိမ့်မည်။COLB 201.3

    မိမိတို့၏ ယုံကြည်ခြင်းတရားကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်း နှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံရကြသောအခါ ဘုရားသခင် စွန့်ပစ်တော်မူပြီဟု မကြာခဏ ထင်မှတ်မှားတတ်ကြပါသည်။ လူ၏ အမြင်အားဖြင့် သူတို့သည် လူနည်းစုမျှသာ ဖြစ်ပါသည်။ သူတို့၏ ရန်သူသည် သူတို့ကို အောင်နိုင်သည်ဟု အများက မြင်ကြပါသည်။ သို့သော် သူတို့အနေဖြင့် သူတို့၏ သြတ္တပ္ပစိတ်ကို မကျူးလွန် မဖေါက်ဖျက်ကြပါစေနှင့်။ သူတို့၏ ကိုယ်စား ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို လည်းကောင်း၊ ဝမ်းနည်းကြေကွဲခြင်းများကို လည်းကောင်း၊ စိတ်နှလုံး ငြိုငြင်ခြင်းကို လည်းကောင်း ခံစားတော်မူ ပြီးသော အရှင်သည် သူတို့ကို စွန့်ပစ်တော်မူမည် မဟုတ်ပါ။COLB 202.1

    ဘုရားသခင်၏ သားသမီးများကို ခိုလှုံရာ မဲ့အောင် စွန့်ပစ်ထားသည် မဟုတ်ပါ။ ခပ်သိမ်းသော အရာတို့ကို တတ်နိုင်တော်မူသော အရှင်၏ လက်ရုံးတော်ကို ပတ္ထနာသံက လှုပ်ရှားစေပါသည်။ “တိုင်းနိုင်ငံကို အောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ကတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ မီးအရှိန်ကို ငြိမ်းစေခြင်း” တို့သည် ပတ္ထနာပြုခြင်းအားဖြင့် ဖြစ်ကြ၏။ ယုံကြည်ခြင်းအကြောင့် အသေသတ်ခြင်း ခံရကြသည့် မာတုရ သက်သေခံများ၏ အစီရင်ခံချက်များကို တင်ပြချိန် ရောက်သောအခါ “တစ်ပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်း” ဆို သည်မှာ အဘယ် အဓိပ္ပါယ် ရှိသည်ကို ကျွန်ုပ်တို့ သိရကြလိမ့်မည်။ ဟေဗြဲ၊ ၁၁:၃၃၊၃၄။COLB 202.2

    ကျွန်ုပ်တို့၏ အသက်တာများကို ကိုယ်တော်၏ အမှုတော်အတွက် ဆက်ကပ်ထားပါက ဘုရားသခင်၏ စီမံပြင်ဆင်ချက်နှင့် ကင်းဝေးသော အခြေအနေသို့ မည်သည့်အခါမျှ ဆိုက်ရောက်လိမ့်မည် မဟုတ်ပါ။ မည်သည့် အခြေအနေ၌ပင် ရှိနေစေကာမူ ကျွန်ုပ်တို့အား လမ်းညွှန်တော်မူသည့် အရှင် ရှိနေပါသည်။ မည်ကဲ့သို့သော ရှုပ်ထွေးမှုများနှင့်ပင် ရင်ဆိုင်နေရစေကာမူ ကျွန်ုပ်တို့အား စိတ်ချရသော အကြံကို ပေးတော်မူသည့် အရှင် ရှိနေပါသည်။ မည်ကဲ့သို့သော ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်း၊ ဆုံးပါးခြင်း၊ တစ်ကိုယ်တည်း ဖြစ်နေခြင်းများနှင့်ပင် ရင်ဆိုင်နေရစေ ကာမူ ကျွန်ုပ်တို့အား ကိုယ်ချင်းစာတတ်သော အဆွေတော် ရှိနေပါသည်။ ကျွန်ုပ်တို့၏ မသိမလိမ္မာမှုကြောင့် ခြေလှမ်း လွဲချော်သွားပါက ခရစ်တော်သည် ကျွန်ုပ်တို့အား ပစ်ထားတော်မူမည် မဟုတ်ပါ။ ကိုယ်တော်၏ ကြည်လင်ပြတ်သားတော်မူသော အသံဖြင့် “ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏၊ အသက်လည်း ဖြစ်၏။” ဟု မိန့်တော်မူလျက် ရှိသည်ကို လည်းကောင်း။ ယော၊ ၁၄:၆။ “ငတ်မွတ်သော သူ အော်ဟစ်သောအခါ ထိုသူကို လည်းကောင်း၊ ကိုးကွယ်ရာ မရှိ၍ ဆင်းရဲသော သူကို လည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။” ဟု ကျွန်ုပ်တို့ ကြားနေရပါသည်။ ဆာလံ၊ ၇၂:၁၂။COLB 203.1

    ကိုယ်တော်၏ အနီးသို့ ချဉ်းကပ်၍ ကိုယ်တော်၏ အမှုတော်ကို သစ္စာ ရှိစွာဖြင့် ဆောင်ရွက်သူများသည် ကိုယ်တော်၏ ဂုဏ်တော်ကို ထင်ရှားစေကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ “စိတ်နှလုံး တည်ကြည်သော သူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့် ငြိမ်သက်ခြင်း သက်သက် ရှိမည် အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်။” ဟေရှာ၊ ၂၆:၃။ ခပ်သိမ်းသော အရာတို့ကို တတ်နိုင်တော်မူသော အရှင်သည် လက်တော်ကို ကမ်းလှမ်း၍ ကျွန်ုပ်တို့အား ရှေ့သို့ ချီတက်ရန် ပို့ဆောင်တော်မူလိမ့်မည်၊ ဆက်လက်၍ပင် ချီတက်ရန် ပို့ဆောင်တော်မူလိမ့်မည်။ ရှေ့သို့ တိုး၍ ချီတက်လော့၊ ငါသည် သင့်ထံသို့ အကူအညီ ဆက်၍ ပို့မည်ဟု ဘုရားသခင် မိန့်တော်မူ၏။ သင်သည် ငါ၏ ဘုန်းတော်ကို ထင်ရှားစေရန် တောင်းလျှောက်သည် ဖြစ်၍ တောင်းလျှောက်သည့်အတိုင်း ရလိမ့်မည်။ သင့်ကို ပျက်စီးစေခြင်းငှါ စောင့်ကြည့်နေသော သူများ၏ ရှေ့မှောက်တွင် ငါ၏ ဘုန်း ထင်ရှားလိမ့်မည်။ ငါ၏ စကားသည် ဘုန်းအသရေကို ဆောင်လျက် အောင်ပွဲခံသည်ကို သူတို့ တွေ့မြင်ရကြလိမ့်မည်။ “ယုံကြည်ခြင်း ပါလျက် ပတ္ထနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်။” မဿဲ၊ ၂၁:၂၂။COLB 203.2

    ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် မတရားသဖြင့် အသုံးပြုခြင်းကို ခံရသော သူများသည် ဘုရားသခင်၏ အထံတော်သို့ အသံလွှင့်ကြပါစေ။ သံမဏိ နှလုံး ရှိသော သူတို့ကို ကျောခိုင်း၍ သင်၏ ပန်ကြားချက်များကို ဖန်ဆင်းရှင်အား အသိပေး၍ အသနားခံပါ။ စိတ်နှလုံး ကြေကွဲစွာဖြင့် ကိုယ်တော်၏ ထံသို့ ချဉ်းကပ်သော သူ တစ်ဦးတစ်ယောက်မျှ ငြင်းပယ်ခြင်း မခံရပါ။ ရိုးဖြောင့် မှန်ကန်သော ပတ္ထနာ တစ်ခုမျှ အချည်းနှီး မဖြစ်ပါ။ အား အနည်းဆုံးသော လူသား၏ ပတ္ထနာသံကို ကောင်းကင်သား အပေါင်း၏ သီဆိုသံများ အကြားမှ ဘုရားသခင် ကြားတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဖွင့်၍ ဆိတ်ငြိမ်သည့် အိပ်ခန်းအတွင်းမှ တောင်းခံသည့် ဆုပတ္ထနာသံသည် လည်းကောင်း၊ လမ်းလျှောက်ရင်း တီးတိုးတောင်းလျှောက်သည့် ပတ္ထနာသံသည် လည်းကောင်း စကြဝဠာကို စိုးမိုးတော်မူသည့် အရှင်ဘုရင်ကြီး၏ ပလ္လင်တော်သို့တိုင်အောင် တက်လေ၏။ ယင်း ပတ္ထနာသံများကို လူတို့ နားဖြင့် မကြားနိုင်သော်လည်း ဆိတ်ကွယ်ရာ အရပ်တွင် လွင့်ပျောက်သွားလိမ့်မည် မဟုတ်ပါ။ သွားလာလှုပ်ရှား အလုပ်အကိုင်များ အကြားတွင်လည်း ရပ်စဲသွားလိမ့်မည် မဟုတ်ပါ။ စိတ်ဝိညာဉ်၏ လိုလား တောင့်တချက်များကို အဘယ်အရာကမျှ မနှစ်မမြှပ်နိုင်ပါ။ ၎င်းသည် လမ်းများပေါ်မှ အုတ်အုတ်ကျက်ကျက် ဆူညံလျက် ရှိသော အသံအပေါင်းကို ကျော်လွန်၍ လည်းကောင်း၊ တိုးဝှေ့ လှုပ်ရှားသွားလာနေသော လူထုကြီးအပေါ် ကျော်လွန်၍ လည်းကောင်း ကောင်းကင်တံ တိုင်းတော်တွင်းသို့ တက်လေ၏။ ကျွန်ုပ်တို့သည် ဘုရားCOLB 204.1

    သခင်အား တောင်းလျှောက်နေကြသည် ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ပတ္ထနာ ဆုတောင်းသံများကို ကိုယ်တော်ရှင် ကြားတော်မူ၏။COLB 205.1

    သင်တို့တွင် မထိုက်တန်ဆုံး ဖြစ်သည်ဟု ယူဆနေသော သူသည် သူ၏ အမှုကိစ္စကို ဘုရားသခင်အား အပ်နှင်းရန် မကြောက်ရွံ့ပါစေနှင့်။ ကိုယ်တော်သည် ခရစ်တော်အားဖြင့် ဤ လောက၏ အပြစ်အတွက် ကိုယ်ကိုကိုယ် ပေးစွန့်တော်မူသောအခါ လူတိုင်း၏ အမှုကိစ္စအတွက် တာဝန်ယူတော်မူ၏။ “မိမိ သားတော်ရင်းကို မနှမြောဘဲ ငါတို့ ရှိသမျှ အဖို့အလို့ငှါ စွန့်တော်မူသော ဘုရားသခင်သည် သားတော် နှင့်တကွ ခပ်သိမ်းသော အရာတို့ကို ငါတို့အား မပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း” ရောမ၊ ၈:၃၂။ ကျွန်ုပ်တို့ အားတက်စရာဖို့ တိုက်တွန်းသည့် ကျေးဇူးတော် စကားကို ကိုယ်တော်သည် မပြည့်စုံစေဘဲ ထားတော်မူလိမ့်မည်လော။COLB 205.2

    စာတန် စိုးပိုင်သော နယ်မြေမှ ကိုယ်တော်၏ အမွေခံတို့ကို ရွေးနုတ်ရန်ထက် ပို၍ လိုလာသော အရာ ခရစ်တော်၌ မရှိပါ။ သို့သော် ကျွန်ုပ်တို့သည် စာတန်၏ တန်ခိုးအပြင်သို့ မလွတ်မြောက်မီ သူ၏ တန်ခိုးအတွင်း၌ပင် ဦးစွာ လွတ်မြောက်ရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အစမ်းသပ် ခံစေတော်မူသည်မှာ ကျွန်ုပ်တို့သည် လောကီဆန်ခြင်းမှ လည်းကောင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းမှ လည်းကောင်း၊ ကြမ်းတမ်းခက်ထန်ခြင်းမှ လည်းကောင်း၊ ခရစ်တော်နှင့် မတူသော အကျင့်စရိုက်များမှ လည်းကောင်း ကင်းလွတ် သန့်စင်စေရန်အတွက် ဖြစ်ပါသည်။ ကိုယ်တော်ရှင်ကို လည်းကောင်း၊ စေလွှတ်တော်မူသော ခရစ်တော်ကို လည်းကောင်း ကျွန်ုပ်တို့ သိမည်အကြောင်း ကျွန်ုပ်တို့အား ကြီးစွာသော ဒုက္ခ ဝေဒနာရေဖြင့် ဆန်းစစ်ခွင့်ပြုတော်မူ၏။ ယင်းသို့ ခွင့်ပြုတော်မူသည်မှာ ကျွန်ုပ်တို့သည် ညစ်ညူးသည့် အခြေအနေမှ ပိုမို သန့်စင်၍ လည်းကောင်း၊ ပိုမို သန့်ရှင်း၍ လည်းကောင်း၊ ပိုမို ဝမ်းမြောက်၍ လည်းကောင်း လွတ်မြောက်လာရန် ဆန္ဒ ပြင်းပြစေလိုတော်မူ သောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် တစ်ကိုယ်ကောင်းစိတ် မှောင်မိုက် ဖုံးလွှမ်းလျက် စုံစမ်းစစ်ဆေးခြင်းမီးပုံတွင်းသို့ မကြာခဏ ဆင်းသက် ရကြပါသည်။ သို့သော် ပြင်းထန်သော စမ်းသပ်ခြင်းကို အောင့်အည်းသည်းခံလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏ ဂုဏ်တော်ကို ရောင်ပြန်ဟပ်၍ လွတ်မြောက်လာလိမ့်မည်။ ဆင်းရဲဒုက္ခခံစားရာတွင် ကိုယ်တော်ရှင်၏ ကြံရွယ်တော်မူချက် ပြီးဆုံးသောအခါ “သင်၏ ဖြောင့်မတ်ခြင်း အကြောင်းကို အလင်းကဲ့သို့ လည်းကောင်း၊ တရားသဖြင့် ပြုခြင်း အရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့ လည်းကောင်း ဖေါ်ပြတော်မူမည်။” ဆာလံ၊ ၃၇:၆။COLB 205.3

    ဘုရားသခင်သည် မိမိ လူတို့၏ ပတ္ထနာ ဆုတောင်းသံများကို အရေးမယူဘဲ ထားလိမ့်မည်ဟု စိုးရိမ်စရာ အကြောင်း မရှိပါ။ ဖြားယောင်း သွေးဆောင်ခြင်း နှင့် စမ်းသပ်စစ်ဆေးခြင်းများကို ခံရသောအခါ စိတ်ပျက် အားလျော့သောကြောင့် မလျှော့သော ဇွဲလုံ့လဖြင့် ဆုတောင်းပတ္ထနာ မပြုဘဲနေမည်ကိုသာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။COLB 206.1

    ကယ်တင်ရှင်သည် ရှုရိဖိနိတ်ပြည်သူ၊ ဟေလသ အမျိုးသမီး တစ်ဦး ခံစားနေရသော ပူဆွေးဒုက္ခကို မြင်တော်မူသောအခါ ကြင်နာ သနားတော်မူ၏။ သူ၏ အသနားခံချက်ကို ကြားတော်မူကြောင်း ချက်ချင်းပင် ယုံကြည်စိတ်ချစေလိုတော်မူ၏။ သို့သော် တပည့်တော်များအား သင်ခန်းစာ ပေးလိုတော်မူသောကြောင့် ယင်း အမျိုးသမီး၏ စိတ်ဒုက္ခကို အမှုမထားသကဲ့သို့ အတန်ကြာအောင် အချိန်ဆွဲ၍ နေတော်မူ၏။ သို့သော် ယင်း အမျိုးသမီး၏ ယုံကြည်ခြင်း ထင်ရှားပေါ်လွင်သောအခါ ချီးမွမ်းသော စကားဖြင့် အမျိုးသမီး တောင်းလျှောက်သည့်အတိုင်း မြတ်နိုးဖွယ်သော ဆုလာဘ်ကို ပေးတော်မူပြီးမှ ပြန်၍ လွှတ်လိုက်တော်မူ၏။ တပည့်တော်များသည် ယင်း သင်ခန်းစာကို မည်သည့်အခါမျှ မမေ့မလျော့ကြဘဲ ဇွဲလုံ့လဖြင့် တောင်းလျှောက်သော ပတ္ထနာအတွက် အကျိုးကျေးဇူး ခံစားရမည် ဖြစ်ကြောင်း မှတ်တမ်းတင်ထားကြပါသည်။COLB 206.2

    မလျှော့သော ဇွဲလုံ့လဖြင့် တောင်းလျှောက်လျှင် ငြင်းပယ်ခြင်းကို ခံရမည် မဟုတ်ဟူသော သဘောထားကို ယင်း ဟေလသ မိခင်၏ စိတ်နှလုံးတွင်းသို့ ခရစ်တော် ကိုယ်တိုင် သွင်းပေးတော်မူ၏။ တရားသူကြီးထံ အသနားခံသော မုဆိုးမ၏ စိတ်ပြဌာန်းခြင်း နှင့် ရဲရင့်ခြင်း သတ္တိကို ခရစ်တော် ပေးတော်မူ၏။ ရှေးရာစုနှစ်ပေါင်း များစွာက ယဗ္ဗုတ်ချောင်းဘေးတွင်း အံ့သြဖွယ် ဖြစ်သော ယှဉ်ပြိုင်မှု၌ ယာကုပ်အား အလားတူ ဇွဲလုံ့လ နှင့် ကြံ့ကြံ့ခိုင်သော ယုံကြည်ခြင်းကို ခရစ်တော် ကိုယ်တိုင် ပေးတော်မူ၏။ ကိုယ်တော်တိုင် ပေးသွင်းတော်မူသော ယုံကြည်ခြင်းအတွက် ဆုလာဘ်ကိုလည်း မပေးဘဲ နေတော်မူလိမ့်မည် မဟုတ်ပါ။COLB 206.3

    ကောင်းကင်ဘုံ၏ သန့်ရှင်းရာ ဌာနတော်တွင် စံနေတော်မူသော ကိုယ်တော်သည် ဖြောင့်မှန်စွာ စီရင်ဆုံးဖြတ်တော်မူ၏။ ကိုယ်တော်သည် မိမိ ပလ္လင်တော်ကို ဝန်းရံလျက် ရှိသော ကောင်းကင်တမန် အပေါင်းထက် အပြစ်ဒုစရိုက် ဖုံးလွှမ်းလျက်ရှိသော ဤ လောက၌ စုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်ရန် ရုန်းကန်နေသော မိမိ လူတို့ကို ပို၍ စိတ်ဝင်စားတော်မူ၏။COLB 207.1

    မြူမှုန်ကလေးပမာ သေးငယ်လှစွာသော ဤ ကမ္ဘာကို ကောင်းကင် စကြာဝဠာ တစ်တိုင်းလုံးက ကြီးစွာသော စိတ်ပါဝင်စားမှု ရှိနေကြသည်မှာ ခရစ်တော်သည် ယင်း ကမ္ဘာပေါ်တွင် ရှိသော အသက်ဝိညာဉ်အပေါင်းကို အဖိုးပေး၍ ဝယ်ယူထားတော်မူသောကြောင့် ဖြစ်ပါသည်။ ထာဝရဘုရား ရွေးနုတ်ထားပြီးသော လူတို့ ရှိသည့် ဤ ကမ္ဘာကို ရွေးနုတ်ရှင်သည် သတင်း ထောက်လှမ်းရေး စနစ်ဖြင့် ကောင်းကင်နှင့် ဆက်စပ်ထားတော်မူ၏။ ကောင်းကင်သားတို့သည် ရှေးခေတ်က အာဗြဟံ၊ မောရှေတို့နှင့် အတူ သွားလာပြောဆိုသကဲ့သို့ ယနေ့တွင်လည်း ဤ ကမ္ဘာပေါ်သို့ လာရောက် လည်ပတ်နေကြဆဲပင် ဖြစ်ပါသည်။ သွားလာ လှုပ်ရှား အလုပ်များလျက် ရှိသော မြို့ကြီးပြကြီးများ၌ လည်းကောင်း၊ အများသူငါ သွားရာလမ်းမကြီးများတွင် လည်းကောင်း၊ ရောင်းဝယ်ဖေါက်ကားရာ ကုန်တိုက်ကြီးများတွင် တစ်နေကုန် တစ်နေခန်း စီးပွားရေး လှုပ်ရှားနေသူများတွင် လည်းကောင်း၊ ပြေးခုန်ကစားပွဲများ၌ လည်းကောင်း၊ အပျော်အပါး လိုက်စာရာများ၌ လည်းကောင်း၊ လူအများ ပါဝင်ဆင်နွှဲနေကြသည်မှာ အခြား အရေးကြီးကိစ္စ မရှိတော့သကဲ့သို့ပင် မပြောပလောက်သည့် လူနည်းစုကလေးကသာလျှင် မျက်စိနှင့် မတွေ့မမြင်ရသေးသည့် အမှန် ဖြစ်ရပ်များကို လေးလေးနက်နက် ဆင်ခြင် သုံး သပ်၍ အာရုံပြုနေကြပါသည်။ ယင်းကဲ့သို့သော နေရာပေါင်းစုံ၌ပင်လျှင် သန့်ရှင်းသူများ နှင့် ကောင်းကင် အစောင့်အထိန်းများကို ချထားတော်မူ၏။ လူတို့ မျက်စိဖြင့် မတွေ့မမြင်နိုင်သော ကောင်းကင်ကိုယ်စားလှယ်များသည် လူသားတို့၏ အပြုအမူ အပြောအဆိုတိုင်းကို အရေးယူ မှတ်သားနေကြပါသည်။ လုပ်ငန်းနှင့် ပတ်သက်၍ ဖြစ်စေ၊ ပျော်ပွဲရွှင်ပွဲနှင့် ပတ်သက်၍ ဖြစ်စေ စုဝေးသည့် ပရိသတ်တိုင်း၌ လည်းကောင်း၊ ဘုရားဝတ်ပြု ကိုးကွယ်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးတိုင်း၌ လည်းကောင်း တက်ရောက် နားထောင်ကြသူများမှာ၊ သဘာဝ မျက်စိနှင့် တွေ့မြင်နိုင်သည်ထက် အမြဲ ပိုပါသည်။ ကျွန်ုပ်တို့ ပြုသမျှ ပြောသမျှအတွက် မျက်စိနှင့် မတွေ့မမြင်နိုင်သော အသိသက်သေများ ရှိနေကြောင်း ဆင်ခြင်စဉ်းစားနိုင်ရန် ကျွန်ုပ်တို့ အသက်တာတွင် အပူတပြင်း တွန်းထိုးလှုပ်ရှားနေသည့် အကြံအစည်များကို ရုပ်သိမ်း၍ မျက်စိနှင့် မတွေ့မမြင်နိုင်သော ကမ္ဘာကို မျှော်မှန်းနိုင်စေရန် ကောင်းကင် သတင်းထောက်များက ကျွန်ုပ်တို့အား တစ်ခါတစ်ရံ ယင်း ကမ္ဘာသစ်ကို ကာကွယ်ထားသည့် ပြည်ဖုံးကားကို ဖွင့်၍ ပြတတ်ပါသည်။COLB 207.2

    အလည်အပတ်လာကြသည့် ကောင်းကင်တမန်များနှင့် စပ်ဆိုင်သော အမှုတော်ကို ကျွန်ုပ်တို့ သိထားသည်ထက် ပို၍ နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့ လုပ်ငန်းဆောင်တာ ရှိသမျှတွင် ကောင်းကင်သားများ ပူးပေါင်းဆောင်ရွက်၍ အမှုထားကြောင်း ဆင်ခြင်စဉ်းစား ကောင်းပါသည်။ မျက်စိနှင့် မတွေ့မမြင်နိုင်သော အလင်းတရား နှင့် တန်ခိုးအာဏာ တပ်များသည် သိမ်မွေ့နှိမ့်ချသော စိတ်သဘော ရှိ၍ ယုံကြည်စွာ ဘုရားသခင်၏ ကတိတော်များကို တောင်းလျှောက်သော သူများ၏ အနီးတွင် ကူညီစောင့်ရှောက်နေကြပါသည်။ ကိုယ်တော်၏ လက်ယာတော်ဘက်တွင် ရပ်လျက် ရှိကြသော ခေရုဗိန်၊ ကောင်းကင်တမန်သရပ်၊ တန်ခိုးကြီးသော ကောင်းကင်တမန်များ နှင့် အထောင်အသောင်း မကသော ကောင်းကင်တမန်တို့သည် “ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတ္တံ့သော သူတို့ကို ပြုစုခြင်းငှါ စေလွှတ်တော်မူသော စေခံ နာမ်ဝိညာဉ် ဖြစ်ကြသည် မဟုတ်လော။” ဟေဗြဲ၊ ၁:၁၄။COLB 208.1

    ဤ ကောင်းကင်တမန် သတင်းထောက်များသည် လူသားအပေါင်း၏ အပြောအဆို အပြုအမူ အားလုံးကို မှန်ကန်စွာ မှတ်တမ်းတင်ထားကြပါသည်။ ဘုရားသခင်၏ လူတို့အား အဓမ္မ အာဏာသားများက ရက်စက်စွာ ပြုခြင်း နှင့် မတရားသဖြင့် ကျင့်ကြံခြင်းများကို ကောင်းကင်တွင် မှတ်ပုံတင်ထားပါသည်။COLB 209.1

    “ဘုရားသခင် ရွေးကောက်တော်မူသော သူတို့သည် ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ ငါဆိုသည်ကား သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။”COLB 209.2

    “ထိုကြောင့် ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးမှ ကတိတော်အတိုင်း အကျိုးကို ရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတ္တံ့သော သူသည် မဆိုင်းမလင့်ဘဲ မကြာမမြင့်မီ ရောက်တော်မူလိမ့်မည်။” ဟေဗြဲ၊ ၁၀:၃၅-၃၇။ “လယ်လုပ်သော သူသည် အလျင်မိုး၊ နောက်မိုးကို ရသည်တိုင်အောင် အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။” ယာကုပ်၊ ၅:၇၊၈။COLB 209.3

    ဘုရားသခင် စိတ်ရှည်တော်မူခြင်းမှာ အံ့သြဖွယ် ဖြစ်ပါ၏။ ကရုဏာတော်သည် အပြစ်သားအား အချိန်ပေး၍ ခေါ်နေစဉ်တွင် ဖြောင့်မှန်ခြင်းတရားသည် ကြာမြင့်စွာ စောင့်ဆိုင်းလျက် နေပါ၏။ သို့သော် “တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏ တည်ရာ ဖြစ်၏။” ဆာလံ၊ ၉၇:၂။ “ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်း ကြီးတော်မူ၏။ သို့ရာတွင် အပြစ်တည်သော သူတို့ကို အပြစ်မှ လွှတ်တော်မမူ။ ထာဝရဘုရားသည် လေဘွေ၌ လည်းကောင်း၊ မိုးသက်မုန်တိုင်း၌ လည်းကောင်း ကြွတော်မူ၍ မိုးတမ်တို့သည် စက်တော်အောက်၌ မြေမှုန့်ကဲ့သို့ ဖြစ်ကြ၏။” နာဟုံ၊ ၁:၃။COLB 209.4

    ကမ္ဘာလောကကြီးသည် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးရန် ရဲတင်းလာလေပြီ။ ကိုယ်တော်သည် ကြာမြင့်စွာ သည်းခံတော်မူသောကြောင့် လူတို့သည် ကိုယ်တော်၏ အာဏာတော်ကို ခြေဖြင့် နင်းကြ၏။ ကိုယ်တော်၏ အမွေခံများကို ရက်စက်စွာ ပြု၍ ညှဉ်းပန်းနှိပ်စက်ရန် တစ်ဦးကို တစ်ဦး အားပေးကြပြီးလျှင် “ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ အမြင့်ဆုံးသော ဘုရား၌ ဉာဏ်ရှိပါလိမ့်မည်လောဟု ဆိုတတ်ကြ၏။” ဆာလံ၊ ၇၃:၁၁။ သို့သော် သူတို့ မကျော်မလွန်နိုင်သော စည်း တစ်ခု ရှိပါ၏။ သူတို့အတွက် သတ်မှတ်ထားသော အချိန်သို့ ရောက်လုနီးပါပြီ။ ယခုပင် သူတို့သည် ဘုရားသခင်၏ စိတ်ရှည်တော်မူခြင်း နယ်နိမိတ်၊ ကျေးဇူးတော် နယ်နိမိတ်၊ ကရုဏာတော် နယ်နိမိတ်များကို ကျော်လွန်လုနီးနေပါပြီ။ ကိုယ်တော်၏ ဂုဏ်တော်ကို တည်မြဲစေရန်အတွက် လည်းကောင်း၊ ကိုယ်တော်၏ လူတို့ လွတ်မြောက်စေရန်အတွက် လည်းကောင်း၊ မတရားမှု ဖေါင်းပွနေခြင်းကို နှိပ်ကွပ်ရန်အတွက် လည်းကောင်း ကိုယ်တော်သည် ကြားဝင်၍ ဖျန်ဖြေတော်မူလိမ့်မည်။COLB 210.1

    နောဧခေတ်တွင် ဖန်ဆင်းတော်မူသော အရှင်ကို လုံးဝ သတိမရတော့လောက်အောင် တစ်ကမ္ဘာလုံး ဘုရားသခင်၏ ပညတ်တော်ကို မထီလေးစား ပြုခဲ့ကြ၏။ ဘုရားသခင်သည် ဆိုးသွမ်းသူ အပေါင်းကို ကမ္ဘာမြေကြီးပေါ်မှ ရေလွှမ်းမိုးခြင်းဖြင့် သုတ်သင် ရှင်းလင်းရသည်တိုင်အောင် သူတို့၏ မကောင်းမှု ဒုစရိုက်များ ကြီးလေးခဲ့ကြပါသည်။COLB 210.2

    တစ်ခေတ်မှ တစ်ခေတ်သို့ ရွေ့လျောလာသည်နှင့်အမျှ ဘုရားသခင်သည် မိမိ၏ စိုးမိုးပုံ စိုးမိုးနည်းကို လူတို့ သိအောင် ထင်ရှားစွာ ပြတော်မူ၏။ အရေးအခင်း ကြုံသောအခါ ကိုယ်တော်သည် မိမိ ကိုယ်ကို ထင်ရှားစေတော်မူခြင်းဖြင့် စာတန်၏ ဆောင်ရွက်မှု စီမံကိန်းများကို နှောင့်နှေးစေရန် ကြားဝင်တော်မူ၏။ ပြည်သူလူမျိုးများ အနေဖြင့် လည်းကောင်း၊ မိသားစုများအနေဖြင့် လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့် လည်းကောင်း အမှုကိစ္စ တစ်စုံတစ်ခုအတွက် အရေးကြုံလာမှ ကိုယ်တော်တိုင် ကြားဝင်တော်မူခြင်းဖြင့် ပို၍ ထင်ရှားစွာ သိသာစေရန် မကြာခဏ ခွင့်ပြုထားတတ်ပါသည်။ ယင်းသို့ ပြုတော်မူခြင်းဖြင့် ဣသရေလလူတို့တွင် ထာဝရဘုရား ရှိကြောင်းကို ထင်ရှားစေလျက် မိမိ ပညတ်တော်ကို တည်မြဲစေ၍ မိမိ လူမျိုးကိုလည်း အခိုင်အမာ ဖြစ်စေတော်မူ၏။COLB 210.3

    မကောင်းမှု ဒုစရိုက်ပေါင်းစုံ စိုးမိုးနေသည့် ယနေ့ ခေတ်သည် အရေးကြီးသည့် နောက်ဆုံး အချိန်ကာလသို့ ရောက်နေပြီ ဖြစ်ကြောင်း ကျွန်ုပ်တို့ တွေ့ထိသဘောပေါက် သင့်နေပါပြီ။ ဘုရားသခင်၏ ပညတ်တော်ကို မထီလေးစားပြုခြင်းသည် အဆုံးစွန်သို့ ရောက်လုနီးသောအခါ မိမိ လူတို့အား လူသား အချင်းချင်းတို့က နှိပ်စက်ညှဉ်းပန်းခြင်း နှင့် ဖိနှိပ်ချုပ်ချယ်ခြင်းများ ပြုလုပ်လာသောအခါ ဘုရားသခင် ကြားဝင်တော်မူလိမ့်မည်။COLB 211.1

    “ငါ၏ လူတို့ လာကြ၊ အတွင်းခန်းထဲသို့ ဝင်၍ သင်တို့ကို ကွယ်ကာသော တံခါးများကို ပိတ်ထားကြ၊ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာ ပုန်းရှောင်၍ နေကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ ဒုစရိုက်ကြောင့် အပြစ်ပေးလိုသောငှါ မိမိ အရပ်ဌာနထဲက ထွက်တော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ရှိသော အသွေးကို ဖေါ်ပြရလိမ့်မည်။ မိမိ၌ အသေခံရသော သူတို့ကို နောက်တစ်ဖန် ဝှက်၍ မထားရ။” ဟေရှာ၊ ၂၆:၂၀၊၂၁။ ကိုယ်ကိုကိုယ် ခရစ်ယာန် အခေါ်ခံသူများသည် ယခုအခါ ဆင်းရဲနွမ်းပါးသူ အများအား လိမ်လည်လှည့်ဖြား၍ ဖိစီးနှိပ်စက်ကြပေလိမ့်မည်။ မုဆိုးမ နှင့် မိဘမဲ့များကို လုယူဖျက်ဆီးကြလိမ့်မည်။ ဘုရားသခင့် လူတို့၏ သြတ္တပ္ပစိတ်ကို သူတို့ မချုပ်ချယ်နိုင်သောကြောင့် စာတန်ကဲ့သို့ ရန်ငြိုးဖွဲ့ကြပေလိမ့်မည်။ သို့သော် ဤ အရာ အားလုံးအတွက် ဘုရားသခင်သည် သူတို့အား စီရင်တော်မူပေလိမ့်မည်။ ထိုအခါ “ကရုဏာ မရှိသော သူသည် ကရုဏာကို မခံရဘဲ တရားစီရင်ခြင်းကို ခံရလိမ့်မည်။” (ယာ၊ ၂:၁၃) မကြာမီအချိန်အတွင်း သူတို့သည် ကမ္ဘာ တစ်ဝန်းလုံး၏ တရားသူကြီးထံတွင် တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါ သူတို့သည် ဘုရားသခင်၏ အမွေခံများအား ခန္ဓာကိုယ်နှင့်တကွ စိတ်ဝိညာဉ်ကိုပါ နာကျင်စေသည့်အတွက် အကြောင်းပြ ရှင်းလင်းရကြလိမ့်မည်။ ယခုအခါ သူတို့သည် မတရား စွပ်စွဲနိုင်ကြပေလိမ့်မည်။ ဘုရားသခင်၏ အမှုတော်အတွက် တာဝန် ခန့်အပ်ထားသူများကို ပြက်ရယ်ပြုကြပေလိမ့်မည်။ ကိုယ်တော်ကို ယုံကြည်သော သူတို့အား အကျဉ်းထောင် သို့ လည်းကောင်း၊ ချုပ်ချယ်သော အစည်းအရုံးသို့ လည်းကောင်း၊ နယ်စပ်သို့ လည်းကောင်း၊သေတွင်းသို့ လည်းကောင်း ပို့ကြပေလိမ့်မည်။ သို့သော် စိတ်ဒုက္ခ ကိုယ်ဒုက္ခ ရှိမျှအတွက် လည်းကောင်း၊ ကျရသော မျက်ရည်ပေါက် ရှိသမျှအတွက် လည်းကောင်း သူတို့ အဖြေပေးရကြလိမ့်မည်။ သူတို့ ပြုကြသော မကောင်းမှု ဒုစရိုက်၏ နှစ်ဆသော အကျိုးကို ဘုရားသခင် ပေးဆပ်တော်မူလိမ့်မည်။ အယူလွဲသော အသင်းတော်ကို ပုံဆောင်ထားသည့် ဗာဗာလုန်နှင့် စပ်လျဉ်း၍ ကိုယ်တော်၏ တရားစီရင်ခြင်းဆိုင်ရာ အမှုတော်ဆောင်များအား မိန့်တော်မူသည်မှာ “သူ၏ အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည် ဖြစ်၍ သူ၏ မတရားသော အမှုတို့ကို ဘုရားသခင် သတိရတော်မူပြီ။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏ အကျင့်အတိုင်း နှစ်ဆ ထပ်၍ စီရင်ကြလော့။ သူ လောင်းသော ဖလား၌ သူ့အဖို့ နှစ်ဆ တိုး၍ လောင်းကြလော့။” ဗျာ၊ ၁၈:၅၊၆။COLB 211.2

    အိန္ဒိယပြည်မှ လည်းကောင်း၊ အာဖရိကတိုက်မှ လည်းကောင်း၊ တရုတ်ပြည်မှ လည်းကောင်း၊ ပင်လယ်ထဲက ကျွန်းများမှ လည်းကောင်း၊ ခရစ်ယာန် အမည်ခံ နယ်မြေပေါင်းစုံတွင် နှိမ်နင်းခြင်းကို ခံနေရသည့် သန်းပေါင်းများစွာတို့ထံမှ လည်းကောင်း၊ လူသားတို့၏ အမင်္ဂလာ ဒုက္ခသံ ပေါင်းစုံသည် ဘုရားသခင်၏ အထံတော်သို့ တက်ကြလေပြီ။ ယင်း အသံများကို အဖြေ မပေးဘဲ ကြာမြင့်စွာ နေတော်မူလိမ့်မည် မဟုတ်၊ ကမ္ဘာမြေကြီးပေါ်တွင် ဖြောင့်မှန်ခြင်းတရား ယိုယွင်းပျက်စီးနေသောကြောင့် ဘုရားသခင် သုတ်သင် ဆေးကြောတော်မူလိမ့်မည်။ နောဧ လက်ထက်ကကဲ့သို့ ရေပင်လယ် ဝေစေခြင်းဖြင့် မဟုတ်၊ လူတို့ ကြံစည်အားထုတ်ခြင်း မျိုးစုံဖြင့် မငြိမ်းမသတ်နိုင်သော မီးပင်လယ်ဖြင့် ဆေးကြောတော်မူလိမ့်မည်။COLB 212.1

    “လူမျိုး တစ်စုံတစ်မျိုးမှ ဖြစ်သည် ကာလမှစ၍ ထို ကာလတိုင်အောင် မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။” ဒံ၊ ၁၂:၁။COLB 212.2

    နေအိမ် အပေါ်ဆုံး အထပ်ခိုးများမှ လည်းကောင်း၊ တဲဖုတ် အိမ်ကုပ်ကလေးများမှ လည်းကောင်း၊ ရဲတိုက်အတွင်းဆုံး အခန်းမှ လည်းကောင်း၊ စက်တိုင်များမှ လည်းကောင်း၊ တောင်များ နှင့် ကန္တရတောများမှ လည်းကောင်း၊ မြေပေါ်လှိုဏ်ခေါင်းများမှ လည်းကောင်း၊ ပင်လယ်အောက် လှိုဏ်ခေါင်းများမှ လည်းကောင်း ခရစ်တော်သည် မိမိ လူတို့ကို ခေါ်သိမ်းတော်မူလိမ့်မည်။ သူတို့သည် မြေကြီးပေါ်မှာ ခိုလှုံရာ မဲ့ခဲ့ကြ၏။ ဒုက္ခရောက်ခဲ့ကြ၏၊ ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း ခံခဲ့ရကြ၏။ စာတန်၏ လိမ်လည်လှည့်ဖြားခြင်းကို ဝန်မခံ မလိုက်လျောသောကြောင့် သန်းပေါင်းများစွာသော သူတို့သည် ဂုဏ်အသရေ မဲ့စွာဖြင့် အရှက်တကွဲ အကျိုးနည်း၍ သင်္ချိုင်းတွင်းသို့ ဆင်းခဲ့ရကြ၏။ ဘုရားသခင်၏ သားသမီးများသည် အဆိုးသွမ်း အယုတ်ညံ့ဆုံးသော ရာဇဝတ်ကောင်များအဖြစ် လူသားတို့၏ ခုံရုံးများတွင် စီရင်ဆုံးဖြတ်ခြင်းများကို ခံခဲ့ရကြ၏။ သို့သော် “ဘုရားသခင်သည် ကိုယ်တော်တိုင် တရားဆုံးဖြတ်တော်မူ” မည့် အချိန်သို့ ရောက်လုနီးပါပြီ။ (ဆာလံ၊ ၅၀:၆။) ထိုအခါ လောကီသားတို့၏ စီရင်ဆုံးဖြတ်ခြင်းများ ပြောင်းပြန် ဖြစ်ကြလိမ့်မည်။ “ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်။” ဟေရှာ၊ ၂၅:၈။ ဖြူသော ဝတ်ရုံကိုလည်း သူတို့အတွက် ကိုယ်စီကိုယ်ငှ ပေးတော်မူလိမ့်မည်။ (ဗျာ၊ ၆:၁၁) ၎င်းအပြင် သူတို့သည် “သန့်ရှင်းသော သူ၊ ထာဝရဘုရား ရွေးနုတ်တော်မူသော သူ” များဟူ၍ သမုတ်ခြင်းကို ခံရကြလိမ့်မည်။ ဟေရှာ၊ ၆၂:၁၂။COLB 213.1

    မည်သည့် လက်ဝါးကပ်တိုင်မျိုးကိုပင် မဆို သူတို့ ထမ်းခဲ့ရစေကာမူ၊ မည်ကဲ့သို့သော ဆုံးရှုံးမှုမျိုးကိုပင် မဆို သူတို့ ဆုံတွေ့ခဲ့ရကြစေကာမူ၊ မည်ကဲ့သို့သော နှိပ်စက်ညှဉ်းပန်းခြင်းမျိုးကိုပင် မဆို သူတို့ ခံခဲ့ရစေကာမူ၊ သူတို့၏ ယခု ဘဝအသက်ကိုပင် ဆုံးရှုံးရခဲ့စေကာမူ ဘုရားသခင်၏ သားသမီးများသည် များစွာသော အကျိုးကို အပ်ပေးခြင်း ခံရကြပါလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ “မျက်နှာတော်ကို မြင်ရ၍ သူတို့ နဖူး၌လည်း နာမတော် ရေးထားလျက် ရှိလိမ့်မည်။” ဗျာ၊ ၂၂:၄။COLB 213.2

    * * * * *