Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    Chapter 16—“အထက်က ပျောက်၏ ယခု တွေ့ပြန်၏”

    လုကာ၊ ၁၅:၁၁-၃၂။ ကို အခြေပြုပါသည်။

    ပျောက်သော သိုး၊ ပျောက်သော ငွေပြား နှင့် ဖြုန်းတီးသော သားတို့၏ ဥပမာများသည် ဘုရားသခင်နှင့် ဝေးကွာသဖြင့် လေလွင့် လမ်းလွဲနေသော သူများအပေါ် ဘုရားသခင်သည် မေတ္တာ ကရုဏာ အပြည့်အဝ ရှိတော်မူကြောင်း ထင်ရှားပေါ်လွင်စေရန် တစ်မျိုးတစ်ဖုံစီ သရုပ်ဖေါ်ထားခြင်းများ ဖြစ်ပါသည်။COLB 234.1

    ဖြုန်းတီးသော သား၏ ဥပမာတွင် တစ်ကြိမ်က ဘုရားရှင်၏ မေတ္တာတော်ကို သိကျွမ်းခဲ့ဖူးသော်လည်း သွေးဆောင်ဖြားယောင်း သူ၏ နောက်သို့ လိုလားစွာ လိုက်သွား သူတို့နှင့် ဘုရားသခင်သည် မည်သို့ မည်ပုံ ဆက်သွယ်တော်မူသည်ကို ပုံဆောင်ထားခြင်း ဖြစ်ပါသည်။COLB 234.2

    “တစ်စုံတစ်ယောက်သော သူ၌ သား နှစ်ယောက် ရှိ၏။ သားအငယ်သည် အဘထံသို့ သွား၍ အဘ၊ အကျွန်ုပ် ရထိုက်သော အမွေဥစ္စာကို ဝေ၍ ပေးပါဟု တောင်းပန်လျှင် အဘသည် ဥစ္စာများကို ဝေ၍ သားတို့အား ပေးလေ၏။ ထိုနောက် များမကြာ သားအငယ်သည် မိမိ ဥစ္စာများကို သိမ်းယူ၍ ဝေးစွာသော ပြည်သို့ သွားပြီးလျှင်”COLB 234.3

    ဤ သားငယ်သည် အဘ၏ နေအိမ်မှ ချုပ်ချယ်မှုများကို ငြီးငွေ့လာ၏။ သူ၏ လွတ်လပ်မှုကို ကန့်သတ်ထားသည် ဟု သူ ထင်၏။ သူ့အပေါ် ဖခင်၏ မေတ္တာ နှင့် စောင့်ရှောက်အုပ်ထိန်းမှုကို ထင်မှတ်မှားခဲ့သည့်အတွက် ကိုယ့်စိတ် အလိုအတိုင်း နေထိုင်တော့မည်ဟု ဆုံးဖြတ်ခဲ့၏။COLB 234.4

    လူငယ်သည် ဖခင်၏ ကျေးဇူးတရား နှင့် မိမိ၏ တာဝန် ဝတ္တရားကို မသိ။ ထိုကြောင့် ဖခင် ကွယ်လွန်သောအခါမှ မိမိ ရထိုက်မည့် အမွေဥစ္စာကို ယခုပင် ရလိုသော စိတ် ရှိသဖြင့် ဖခင်၏ ဥစ္စာပစ္စည်းများကို ဝေငှပေးရန် တောင်းဆိုလေ၏။ သူသည် လတ်တလောချင်း စည်းစိမ်ခံစားမှုကိုသာ လိုလားသဖြင့် နောင်ရေးအတွက် အမှုမထား။COLB 234.5

    မိဘထံမှ အမွေဥစ္စာကို ရယူပြီးနောက် မကြာမီ ဖခင်၏ အိမ်ကို စွန့်၍ “ဝေးစွာသော ပြည်” သို့ ထွက်သွားလေ၏။ ငွေပေါများသည် သာမက လွတ်လပ်စွာ သုံးနိုင် ဖြုန်းနိုင်သောကြောင့် မိမိ အလို ပြည့်ဝသည်တိုင်အောင် စိတ်နေမြင့်နေလေ၏။ ဤသို့ မပြုနှင့်၊ ဤသို့ ပြုခြင်းဖြင့် သင့်ကိုယ်သင် ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု သူ့အား ဆုံးမသွန်သင်မည့်သူ မရှိ။ ဤ အရာ မှန်ပေ၏၊ ထိုကြောင့် သင် ပြုသင့်၏ ဟူ၍လည်း သူ့ကို အကြံပေးမည့် သူ မရှိ။ ဆိုးသွမ်းသော အပေါင်းအသင်းများကသာ သူ့ကို အပြစ်ညွန်တွင်းသို့ နက်သည်ထက် ပို၍ နက်အောင် ဝိုင်းဝန်းတွန်းကြ၏။ ပါလာသမျှ ရွှေငွေ ဥစ္စာ ပစ္စည်းများသည် “ကာမဂုဏ်၌ လွန်ကျူးသော အားဖြင့်” ကုန်ခန်းလေတော့၏။COLB 235.1

    လူသည် “ပညာရှိ ယောင်ဆောင်” လျှင် “လူမိုက်” ဖြစ်သည်ဟု သမ္မာကျမ်းစာက ဆိုထားပါသည်။ (ရော၊ ၁:၂၂)။ ဤ ဥပမာတွင် ဖေါ်ပြပါရှိသော လူငယ်၏ အတ္ထုပ္ပတ္တိမှာ ယင်း အတိုင်းပင် ဖြစ်ပါသည်။ တစ်ကိုယ်ကောင်းစိတ် ထား၍ ဖခင်ထံမှ တောင်းဆိုခဲ့သော ဥစ္စာဘဏ္ဍာများကို ပြည့်တန်ဆာတို့နှင့် ပေါင်းသင်း၍ ဖြုန်းတီးလိုက်၏။ လူငယ်ဘော်ဝင်စ အရွယ်၏ ရတနာများ ဖြုန်းတီးလေပြီ။ အသက်တာအတွက် မွန်မြတ်လှသော နှစ်ကာလများကို လည်းကောင်း၊ ပိုင်းခြား ဝေဖန်တတ်သော ဉာဏ်အစွမ်းသတ္တိကို လည်းကောင်း၊ ငယ်ရွယ်သူ၏ ရွှင်လန်းသော ရုပ်လက္ခဏာကို လည်းကောင်း၊ ဝိညာဉ်ရေး မျှော်လင့်ချက်များကို လည်းကောင်း ကာမဂုဏ်မီးလျှံများတွင် လောင်ကျွမ်း ကုန်ခန်းစေ၏။COLB 235.2

    ငတ်မွတ်ခေါင်းပါးခြင်းကပ် ကြီးစွာ ဆိုက်ရောက်သောအခါ လူငယ်သည်လည်း ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရသဖြင့် ထို ပြည်သား တစ်ယောက်နှင့် အဆက်အသွယ် ပြုသောအခါ ထို သူက သူ၏ ဝက်တို့ကို ထိန်းကျောင်းရန် လယ်ပြင်သို့ လွှတ်လိုက်လေ၏။ ဂျူးလူမျိုး တစ်ယောက်အတွက် ယင်း လုပ်ငန်းသည် အယုတ်ညံ့ဆုံး ဖြစ်ပါသည်။ မိမိ လွတ်လပ်ပါသည်ဟု ဝင့်ကြွားခဲ့သော လူငယ်သည် ယခုအခါ အစေခံကျွန် ဘဝသို့ ရောက်နေ၏။ အဆိုးရွားဆုံးသော အနှောင်အဖွဲ့တွင် “မိမိ အပြစ်ကြိုးတို့ဖြင့် ချည်နှောင် ခြင်းကို ခံရ” တော့၏။ (သု၊ ၅:၂၂) သူ့ကို သွေးသော အပေါ်ယံ ရွှေရောင်မြရောင်များ ကွယ်ပျေက်ကြလေပြီ။ ချည်နှောင်ထားသော သံကြိုးသည်လည်း လေးလံလှပါသည် တကား။ အစာခေါင်းပါးခြင်းကပ် ဆိုက်ရောက်သောကြောင့် လူနေအိမ်ခြေ ကင်း၍ တိတ်ဆိတ်နေသည့် ပြည်တွင် အဖေါ်အပေါင်း မရှိ၊ တစ်ယောက်တည်း ထိုင်၍ ဝက်တို့ကို ကြည့်ပြီးလျှင် ဝက်စားသော ဖွဲခွံကိုပင် စားချင်မတတ် ငတ်မွတ်ခြင်း ဖြစ်လေ၏။ သူ ကောင်းစားချိန်က တပျော်တပါး အပေါင်းအသင်းများ သူ့ကို ဝိုင်းဝန်း၍ သူ့ စရိတ်ဥစ္စာဖြင့် ပျော်ပါး သောက်စား မူးယစ်ခဲ့ကြသော်လည်း ယခုမူ သူ့ကို ထောက်ပံ့မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပါ။ ထင်သလို အပျော်ကြူးခဲ့သည့် ရွှင်လန်းမှုများ အဘယ်သို့ ရောက်သွားကြပါပြီနည်း။ မိမိ၏ သြတ္တပ္ပစိတ်ကို အချိုသတ်၍ အမှား အမှန် ဝေဖန် ပိုင်းခြားတတ်သော စိတ်အာရုံကိုလည်း ချို့တဲ့စေပြီးမှ ပျော်ရွှင်မှု အပြည့်အဝ ခံစားရသည်ဟု သူ ထင်မှတ်မှားခဲ့၏။ သို့သော် ယခုမူကား ငွေလည်းကုန်၊ ဆာလောင်မွတ်သိပ်ခြင်းကလည်း ပြင်းထန်၊ မာန်မာနလည်း မထားနိုင်၊ ကိုယ်ကျင့်တရားကလည်း ပျက်စီး၊ စိတ်ဓါတ်ကျဆင်းသဖြင့် ကိုယ်ကိုကိုယ် စိတ်မချ၊ တွေ့ထိခြင်းကို သိတတ်သော အာရုံများ လည်း သေသယောင်ယောင်၊ ယင်း အခြေအနေတွင် သူသည် သက်ရှိသတ္တဝါတို့တွင် အငြိုငြင်ဆုံးသော သူ ဖြစ်ပါသည်တကား။COLB 235.3

    ဒုစရိုက် အပြစ်သား၏ ပုံပန်းသဏ္ဌာန်မှာ ဆိုးရွားလှပါ၏။ ကိုယ်တော်၏ ကောင်းချီးမင်္ဂလာ အထွေထွေ အရပ်ရပ်နှင့် ဝန်းရံလျက် ရှိသော်လည်း ကိုယ့်အလိုသို့ လိုက်၍ ဒုစရိုက် မကောင်းမှု၌သာ မွေ့လျော်တတ်သော အပြစ်သားသည် ဘုရားသခင်နှင့် ကင်းကွာလိုသော ဆန္ဒမှ လွဲ၍ မည်သည့် အရာကိုမျှ မလိုလားပါ။ ကျေးဇူးတရား မသိတတ်သော သားမိုက်ကဲ့သို့ ဘုရားသခင် အထံတော်မှ ကောင်းသော အရာများကို သူ ရထိုက်သော အရာများဟု သဘောထား၍ တောင်းဆို၏။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ရထိုက်သော အရာများသာ ဖြစ်သည်ဟု သဘောထား၍ ကျေးဇူးတော်ကို မသိ၊ မေတ္တာတရားကိုလည်း မတုံ့မပြန်ဘဲ နေ၏။ ကာဣနသည် ဘုရားသခင်၏ အထံတော်မှ ထွက်ခွာ၍ ကိုယ့်နေအိမ်ကိုယ် ရှာသကဲ့သို့ လည်းကောင်း၊ ဖြုန်းတီးသော သားသည် “ဝေးစွာသော ပြည်” သို့ သွားသကဲ့သို့ လည်းကောင်း ဒုစရိုက် အပြစ်သားသည် “ဘုရားသခင်ကို မသိမမှတ်” ဘဲ အပျော်အပါးကိုသာ ရှာဖွေ၏။ (ရော၊ ၁:၂၈။)COLB 237.1

    ပုံသဏ္ဌာန်အားဖြင့် မည်သို့ပင် ပေါ်လွင်စေကာမူ တစ်ကိုယ်ကောင်းစိတ် ထားသော အသက်တာ မှန်သမျှသည် ဖြုန်းတီးခြင်း သက်သက် ဖြစ်၏။ ဘုရားသခင်နှင့် ကင်းကွာ၍ အသက်ရှင်ရန် အားထုတ်သော သူ မှန်သမျှသည် ကိုယ့်ဝတ္ထုပစ္စည်း ရှိသမျှကို အကျိုးမဲ့ ကုန်ခန်းစေခြင်းသာ ဖြစ်၏။ သူသည် အဖိုးတန်သော နှစ်ကာလများကို ဖြုန်းတီးနေ၏။ ကိုယ် စိတ် နှလုံး သုံးပါးလုံး၏ အာနိသင်များကို ဖြုန်းတီးနေ၏။ ထာဝရပစ္စည်း ဖြုန်းတီးသူ သို့မဟုတ် ထာဝရဒေဝါလီခံသူ ဖြစ်ရန် ဆောင်ရွက်နေခြင်း ဖြစ်၏။ ကိုယ်ကျိုး ကိုယ်စီးပွားကိုသာ ရှာဖွေရန် ဘုရားသခင်နှင့် ခွဲခွာနေသော သူသည် ငွေဘုရား၏ ကျေးကျွန် ဖြစ်၏။ ကောင်းကင်တမန်များနှင့် ပေါင်းသင်းနေထိုင်ရန် ဖန်ဆင်းထားသော လူ၏ အသိဉာဏ်သည် လောကီဆန်၍ ကိုယ်ကျိုးကိုသာ သိတတ်သောကြောင့် သတ္တဝါတို့တွင် အယုတ်ညံ့ဆုံးသော ဘဝသို့ ဆင်းသက်လေ၏။ ဤသည် ကား ကိုယ်ကျိုးအတွက် သက်သက် သယ်ပိုးဆောင်ရွက်ခြင်းနှင့် စပ်ဆိုင်၍ လမ်းဆုံး ဖြစ်ပါသည်။COLB 237.2

    သင်သည် ယင်း အသက်တာမျိုးကို ရွေးချယ်ပြီး ဖြစ်ပါက အသက် မမွေးလောက်သော အစာအတွက် မိမိ ငွေကို အသုံးပြုလျက် စိတ်ချမ်းသာခြင်းကို မပေးနိုင်သည့် လုပ်ငန်းကို ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။ သင်သည် အဆင့် ကျဆင်းလျက်နေကြောင်း ကိုယ်တိုင် သိသော အချိန်နာရီများ ရှိပါသည်။ ဝေးစွာသော ပြည်တွင် တစ်ယောက်တည်း စိတ်ပင်ပန်း နွမ်းနယ်၍ မျှော်မြင်ရာ ကင်းမဲ့သည့်အတွက် “ငါသည် ငြိုငြင်သော သူ ဖြစ်ပါသည် တကား။ ဤ အသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း” ဟု သင်သည် အော်ဟစ် ငိုကြွေးရ၏။ ရော၊ ၇:၂၄။ “လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သော သူ ဖြစ်၏။ ထိုသူသည် လွင်ပြင်၌ ရှိသော သစ်ပင်ခြောက်ကဲ့သို့ ဖြစ်၍ ကောင်းကျိုး ရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်” ဟု ပုရောဖက် ရေးထားသော စကားများမှာ လုံးဝ ဥဿုံ အမှန်တရားများပင် ဖြစ်ပါသည်။ ယေရမိ၊ ၁၇:၅၊၆။ ဘုရားသခင်သည် “ကောင်းသော သူ၊ မကောင်းသော သူတို့အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သော သူ၊ မဖြောင့်မတ်သော သူတို့အပေါ်၌ မိုးကို ရွာစေတော်မူ၏။” (မဿဲ၊ ၅:၄၅။) သို့သော် လူသည် မိုးရေကို လည်းကောင်း၊ နေရောင်ခြည်ကို လည်းကောင်း မရမထိအောင် ကာကွယ်၍ နေနိုင်စွမ်း ရှိပါသည်။ ထိုကြောင့် တရားတော် နေမင်းသည် လူတိုင်းအတွက် နေရောက်ခြည် နှင့် ကရုဏာတော် မိုးရေများကို အမြောက်အများ ရွာသွန်းစေသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ခွဲခွာ၍ “သွေးခြောက်သော လွင်ပြင်၌” ပင် နေထိုင်လျက် ရှိကြပါလိမ့်ဦးမည်။COLB 238.1

    လူသည် ဘုရားသခင်၏ ထံတော်မှ ခွဲခွာသွားသည်တိုင်အောင် ကိုယ်တော်၏ မေတ္တာတော်သည် သူ့ကို အောက်မေ့ သတိရလျက်ပင် ရှိသဖြင့် သူသည် အဘခမည်းတော်၏ အိမ်တော်သို့ ပြန်လာရန်အတွက် အကျိုးကျေးဇူး မျိုးစုံကို စီမံထားတော်မူ၏။ ဖြုန်းတီးသော သားသည် စိတ်ဒုက္ခနှင့် တွေ့ဆုံရပြီးနောက် “သတိရ” သောအခါ စာတန်၏ လိမ်လည်မှု တန်ခိုး အာနိသင်သည် သူ့အပေါ်တွင် ပြိုပျက်လေ၏။ သူ ခံရသော ဒုက္ခဝေဒနာသည် သူ၏ မိုက်ပြစ်ကြောင့် ဖြစ်ကြောင်း သူ တွေ့သိသောအခါ “ငါ့ အဘ၏ အိမ်၌ အခစားသော သူများတို့သည် ဝစွာ စားရကြ၏။ ငါမူကား ဤ ပြည်၌ သေအောင် အငတ်ခံရ၏။ ငါ ထ၍ အဘထံသို့ သွားမည်။” ဟု ဖြုန်းတီးသော သားသည် စိတ်ဒုက္ခ ရောက်သည်နှင့်အမျှ ဖခင်၏ မေတ္တာကို ယုံကြည်သည့်အတွက် မျှော်လင့်ချက် ရရှိလာပါသည်။ ယင်း မေတ္တာတရားသည်ပင်လျှင် သူ့အား ဖခင်၏ အိမ်ဘက်သို့ ဆွဲဆောင်လျက် ရှိနေပါသည်။ ထိုနည်းအတူ ဘုရားသခင်၏ မေတ္တာ အာမခံချက်သည်ပင်လျှင် ဒုစရိုက် အပြစ်သားကို ဘုရားသခင်၏ ထံတော်သို့ ပြန်လာရန် အနိုင်အထက် သွေးဆောင်လျက် ရှိနေပါသည်။ “ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တ လမ်းသို့ သွေးဆောင်” နေပါသည်။ ရော၊၂:၄။ ဘေးအန္တရာယ် ကပ်ငြိနေသော အသက်ဝိညာဉ်တိုင်းအား ဘုရားသခင်၏ မေတ္တာကရုဏာတော် နှင့် သနားကြင်နာခြင်းတည်းဟူသော ရွှေကြိုးဖြင့် စည်းရိုး ဝိုင်းထားပါသည်။ ထာဝရအရှင် ဘုရားသခင် မိန့်တော်မူသည်မှာ “အကယ်စင်စစ် ထာဝရ မေတ္တာနှင့် သင့်ကို ငါ ချစ်၏။ ထိုကြောင့် ကရုဏာ ကျေးဇူးကို သင်၌ ကြာမြင့်စွာ ပြ၏။” ယေရမိ၊ ၃၁:၃။COLB 239.1

    ထိုသားသည် သူ၏ အပြစ်ကို ဝန်ချတောင်းပန်ရန် စိတ်ပြဌာန်းပြီး ဖြစ်၏။ အဘထံသို့ သွား၍ “အကျွန်ုပ်သည် ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော်ကို လည်းကောင်း ပြစ်မှားပါပြီ။ ယခုမှ စ၍ ကိုယ်တော်၏ သား ဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါ။” ဟု တောင်းပန်ရန် အသင့် ရှိ၏။ သို့သော် ဖခင်၏ ချစ်မေတ္တာကို အပြည့်အဝ သဘောမပေါက်သောကြောင့် “သူငှါး အရာ၌ အကျွန်ုပ်ကို ထားတော်မူပါ” ဟု ဆက်၍ တောင်းပန်လိုသေး၏။COLB 240.1

    လူငယ်သည် ဝက်အုပ်ကို လည်းကောင်း၊ ဝက်စားသော ဖွဲခွံများကို လည်းကောင်း ကျောခိုင်း၍ အိမ်ဖက်သို့ မျက်နှာမူခဲ့၏။ အင်အားကုန်ခန်းသည် သာမက တုန်တုန်ယင်ယင်ဖြင့် ဆာလောင်မွတ်သပ်ပြီး မေ့မြောလုမတတ် ဖြစ်သော်လည်း အားခဲ၍ ပြန်ခဲ့၏။ စုတ်နေသည့် အဝတ်များကို ဖုံးအုပ်ရန် ခြုံထည် မရှိသော်လည်း သူ၏ စိတ်ဒုက္ခသည် သူ၏ မာနကို ဖုံးအုပ်ထားလေပြီးသောကြောင့် တစ်ချိန်က သား ဖြစ်ခဲ့သည့် နေရာတွင် ယခုအခါ အစေခံကျွန်အဖြစ်နှင့် လက်ခံရန် တောင်းပန်းဖို့ အမြန်လာခဲ့ပါသည်။COLB 240.2

    လျှပ်ပေါ်သော လူငယ်သည် မဆင်ခြင် မစဉ်းစားဘဲ ဖခင်၏ ခြံဝင်းမှ ထွက်သွားခဲ့စဉ်က ဖခင်သည် စိတ်နှလုံးကြေကွဲ၍ လွမ်းဆွတ် တမ်းတလျက် ကျန်ရစ်ခဲ့သည်ကို သူ လုံးဝ မသိ။ အပေါင်းအသင်းများနှင့် အလွန်အကြူး ပျော်ပါး စားသောက် ကခုန်ချိန်တွင် သူ၏ အိမ်၌ သူ့အတွက် စိတ်မချမ်းမသာ ဖြစ်နေသည်ကို သူ မသိ။ ကိုယ်ပန်းလက်ပန်းကျ၍ လေးလံသော ခြေလှမ်းများဖြင့် အိမ်ဘက်သို့ ရှေ့ရှု ပြန်လာနေသော သူကို စောင့်မျှော်နေသော သူ ရှိသည်ကိုလည်း သူ မသိ။ သို့သော် သူသည် “ဝေးသေးသောအခါ” ကပင် ဖခင်သည် သူ၏ ပုံပန်းသဏ္ဌာန်ကို မှတ်မိ၏။ မေတ္တာ မျက်စိ စူးရှသောကြောင့် နှစ်ပေါင်းများစွာ ဒုစရိုက်ညွန်တွင်းမှာ နစ်မွန်း၍ အသရေပျက်နေသော်လည်း ထို သားကို ဖခင် မြင်လျှင်မြင်ချင်း မှတ်မိ၏။ ဖခင်သည် “သနားသော စိတ်ရှိသည်နှင့် ပြေးသွား၍ သား၏ လည်ပင်းကို” ကြင်နာ ကြာမြင့်စွာ အားရပါးရ ဖက်ထားလေ၏။COLB 240.3

    ဖခင်သည် သူ၏ သား စုတ်ပြတ်နေသဖြင့် အမြင်မကောင်းသည်ကို မည်သူမျှ မထီလေးစား မပြု၊ မပြောင်မလှောင်စေခြင်းငှါ မိမိ ပခုံးပေါ်တွင် ရှိသော တင့်တယ်ခန့်ညားသည့် ခြုံထည်ကို ယူ၍ ပုံပျက်ပန်းပျက် ဖြစ်နေသော သားကို ဖုံးအုပ်လိုက်သောအခါ သားသည်လည်း ရှိုက်သံဖြင့် “အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော်ကို လည်းကောင်း ပြစ်မှားပါပြီ။ ယခုမှ စ၍ ကိုယ်တော်၏ သား ဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါ။” ဟု တောင်းပန်လေ၏။ ဖခင်သည် သားကို ဖက်၍ အိမ်သို့ ခေါ်ခဲ့၏။ အစေခံကျွန်၏ နေရာကိုသာ တောင်းဆိုရန် အခွင့်မရခဲ့။ သူသည် သား ဖြစ်သောကြောင့် အိမ်တွင် ရှိသည့် အကောင်းဆုံးသော အရာတို့နှင့် ဂုဏ်ပြု၍ ယောက်ျား၊ မိန်းမ၊ အစေအပါးများတို့သည် ရိုသေလေးစားစွာ လုပ်ကျွေးသမှု ပြုကြ၏။COLB 241.1

    အစေအပါးတို့အား ဖခင်က “မြတ်သော ဝတ်ရုံကို ယူခဲ့၍ သူ့ကို ခြုံကြ၊ သူ၏ လက်၌ လက်စွပ်တန်ဆာကို ဆင်ကြ၊ ခြေနင်းကိုလည်း စီးစေကြ၊ ဆူအောင် ကျွေးသော နွားကလေးကို ယူ၍ သတ်ကြ။ သို့ပြီးမှ ငါတို့သည် စားကြကုန်အံ့၊ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့၊ ငါ့သားသည် အထက်က သေ၏၊ ယခု ရှင်ပြန်၏၊ အထက်က ပျောက်၏၊ ယခု တွေ့ပြန်၏” ဟု ပြော၍ သူတို့ အားလုံး ပျော်ရွှင်စွာ စားသောက်ကြ၏။COLB 241.2

    ဖြုန်းတီးသော သားသည် စိတ်မငြိမ်သော လူငယ်ဘဝက ဖခင် ဖြစ်သူအား ကြမ်းကြုတ် ခက်ထန်သည်ဟု တွေ့မြင်ခဲ့၏။ ယခု သူ၏ အယူအဆ မည်မျှ ခြားနားနေပါသနည်း။ ထိုနည်းအတူ စာတန်၏ လှည့်ဖြားခြင်းကို ခံရသော သူများသည်လည်း ဘုရားသခင်အား ခက်ထန်ကျပ်တည်းသည်ဟု သဘောထားကြ၏။ ဘုရားသခင်သည် အပြစ်သားကို လက်မခံလိုသောကြောင့် သူ့ကို မကူညီရန် ဥပဒေအရ ဆင်ခြေပေးနိုင်သမျှ ကာလပတ်လုံး ရှုတ်ချ၍ ပြစ်ဒဏ် စီရင်ရန် စောင့်ကြည့်နေသည်ဟု သူတို့ သဘောထားကြ၏။ ကိုယ်တော်၏ ပညတ်များသည် လူတို့၏ ပျော်ရွှင်မှုကို ချုပ်ချယ်သောကြောင့် ဝန်လေးပင်ပန်းသည့် ထမ်းပိုး တစ်ခု ဖြစ်သည်ဟု သဘောထားကြသည့်အတွက် ယင်း ပညတ်များကို ဝမ်းသာအားရ ရှောင်လိုကြ၏။ သို့သော် ခရစ်တော်၏ မေတ္တာတော်ဖြင့် မျက်စိ ပွင့်လင်းသောသူ အနေဖြင့်မူကား ဘုရားသခင်သည် မေတ္တာ ကရုဏာတော်နှင့် ကြွယ်ဝတော်မူသည် ဟူ၍ လည်းကောင်း၊ ကိုယ်တော်သည် ရက်စက်စွာ အုပ်စိုးသူ၊ အမျက်မပြေနိုင်သူ မဟုတ်၊ နောင်တရသော သားကို ပွေ့ပိုက်ရန် စောင့်မျှော်နေသော ဖခင်ကဲ့သို့ ဖြစ်သည် ဟူ၍ လည်းကောင်း ထင်ရှားစွာ မြင်လိမ့်မည်။ ထိုအခါ အပြစ်သားက “အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို သနားစုံမက်တော်မူ၏။” ဟု ဆာလံသီချင်းကို စပ်ဆိုသော သူနှင့် အတူ ကြွေးကြော်လိမ့်မည်။ ဆာလံ၊ ၁၀၃:၁၃။COLB 241.3

    ဥပမာတွင် ဖြုန်းတီးသော သားသည် မကောင်းမှု ဒုစရိုက်လမ်းသို့ လိုက်လျှောက်ခဲ့သော်လည်း သူ့ကို ကဲ့ရဲ့ပြစ်တင်ခြင်း၊ စွန့်ပစ်ခြင်းဟူ၍ မရှိ၊ သားဖြစ်သူသည် သူ၏ အတိတ်ကာလအတွက် အပြစ် ဖြေလွှတ်သဖြင့် နောက်တစ်ဖန် သတိမရတော့ဘဲ ထာဝစဉ် သင်ပုန်းချေလိုက်ပြီဟု သဘောထား၏။ ထိုနည်းအတူ အပြစ်သားအား “သင်၏ ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့ လည်းကောင်း၊ သင်၏ အပြစ်တို့ကို တိမ်လွှာကဲ့သို့ လည်းကောင်း ငါ ချေပြီ။” ဟေရှာ၊ ၄၄:၂၂။ “ငါသည် သူတို့ အပြစ်များကို သည်းခံမည်။ သူတို့ ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်။” ယေရမိ၊ ၃၁:၃၄။ “ဆိုးသော သူသည် မိမိ လမ်းကို လည်းကောင်း၊ မတရားသော သူသည် မိမိ အကြံအစည်တို့ကို လည်းကောင်း စွန့်ပစ်၍ ထာဝရဘုရား ထံတော်သို့ ပြောင်းလဲပါစေ၊ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။” ဟေရှာ၊ ၅၅:၇။ “ထိုကာလအခါ ဣသရေလ အပြစ်ကို စစ်ကြောသော်လည်း အပြစ် မပေါ်ရာ။ ယုဒ ဒုစရိုက်တို့ကို ရှာ၍ မတွေ့ရာ။” ဟု ထာဝရဘုရား မိန့်တော်မူ၏။ ယေရမိ၊ ၅၀:၂၀။COLB 242.1

    နောင်တရသော အပြစ်သားကို ဘုရားသခင် လက်ခံသိမ်းပိုက်ရန် လိုလားတော်မူကြောင်း ဤ ကျမ်းချက်များအားဖြင့် အာမခံထားပါသည်။ စာဖတ်နေသောသူ သင်သည် ကိုယ်လမ်းကိုယ် ရွေးခဲ့ခြင်း ရှိပါသလား။ ဘုရားသခင်၏ ထံတော်မှ ခွဲခွာ၍ သွားခဲ့ခြင်း ရှိပါသလား။ အပြစ် ကျူး လွန်ခြင်း၏ အသီးများကို မြိန်ရေရှက်ရေ စားပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ နှုတ်ခမ်းပေါ်တွင် ပြာ အတိ ဖြစ်သည့် လမ်းကို ရှာဖွေခဲ့ခြင်း ရှိပါသလား။ ရှိခဲ့ပါလျှင် သင်၏ ဥစ္စာပစ္စည်းများကို သုံးဖြုန်း၍ ကုန်လေပြီ၊ သင်၏ အသက်တာ အကြံအစည်များလည်း ပျက်စီးကြလေပြီ၊ သင်၏ မျှော်လင့်ချက်များလည်း ပပျောက်လေပြီ။ ယင်းအခြေအနေတွင် သင် တစ်ကိုယ်တည်း ထိုင်ပြီး ပျက်စီးခြင်းသို့ ရောက်တော့မှာလား။ သင်၏ စိတ်နှလုံးကို တီးတိုးပြောနေကျ ဖြစ်သော်လည်း သင့်အနေဖြင့် မည်သည့် အခါကမျှ နားမထောင်ခဲ့သည့် အသံသည် ယခုအခါ သင့်အား ပြတ်သားကြည်လင်စွာ ပြောနေပြန်သည်ကား “ထ၍ သွားကြလော့။ ဤ ပြည်သည် သင်တို့ ငြိမ်ဝပ်ရာ အရပ် မဟုတ်၊ ဤ အရပ်သည် ညစ်ညူးသောကြောင့် ကြီးစွာသော ပျက်စီးခြင်းနှင့် ပျက်စီးရလိမ့်မည်။” မိက္ခာ၊ ၂:၂၀။ သင်၏ ဖခင် အိမ်သို့ ပြန်ခဲ့ပါ။ သူသည် သင့်အား “ငါ့ထံသို့ ပြန်လာလော့၊ သင့်ကို ငါရွေးနုတ်ပြီ။” ဟု ခေါ်နေတော်မူ၏။ ဟေရှာ၊ ၄၄:၂၂။COLB 242.2

    ကိုယ်ကိုကိုယ် ကောင်းအောင် မပြုလုပ်မီ ခရစ်တော်ထံသို့ မချဉ်းကပ်ရဟူ၍ လည်းကောင်း၊ ဘုရားသခင်၏ ထံတော်သို့ ချဉ်းကပ်ထိုက်လောက်အောင် ကောင်းသည့် အခြေရောက်မှ ဘုရားသခင်၏ ထံတော်သို့ လာရမည် ဟူ၍ လည်းကောင်း ရန်သူ၏ အကြံပြုချက်များကို နားမယောင်ပါနှင့်။ သင် ကိုယ်တိုင် ကောင်းသူ ဖြစ်အောင် စောင့်ဆိုင်း၍ နေပါလျှင် မည်သည့်အခါမျှ ဖြစ်လာလိမ့်မည် မဟုတ်။ သင်၏ ညစ်ညူးသော အဝတ်ကို စာတန်က ထောက်ပြလျှင် “ငါ့ထံသို့ လာသော သူကို ငါသည် အလျှင်း မပယ်။”ဟု ခရစ်တော်၏ ကတိတော်ကို ရွတ်ဆို၍ ပြပါ။ ယော၊ ၆:၃၇။ ခရစ်တော် ယေရှုရှင်၏ အသွေးတော်သည် အပြစ် ရှိသမျှကို ဆေးကြော ပြီကြောင်း ရန်သူအား ပြောပြလိုက်ပါ။ “အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါဟု ဿုပ်ပင်ညွန့်နှင့် သန့်ရှင်းခြင်း မင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ်ကို မိုးပွင်းထက် သာ၍ ဖြူစင်ခြင်းငှါ ဆေးကြောတော်မူပါ” ဟု ဒါဝိဒ်မင်းကြီး ဆုတောင်းပတ္ထနာ ပြုသည့်အတိုင်း သင်လည်း ဆုတောင်းပတ္ထနာပြုပါ။ ဆာလံ၊ ၅၁:၇။COLB 243.1

    ထ၍ သင်၏ အဘထံသို့ သွားပါလော။ ကိုယ်တော်သည် သင့်အား ဝေးသောအခါမှာပင် ဆီးကြိုတော်မူလိမ့်မည်။ သင်သည် နောင်တရ၍ အဘ ခမည်းတော်၏ ဘက်သို့ ခြေတစ်ဖက် လှမ်းသည်နှင့် တစ်ပြိုင်နက် ခမည်းတော်သည် သင့်အား အနန္တမေတ္တာတော် လက်ရုံးဖြင့် ဆောလျင်စွာ ပွေ့ဖက်တော်မူလိမ့်မည်။ ကိုယ်တော်သည် စိတ်နှလုံး ကြေကွဲသူ၏ အော်သံကို နားထောင်နေတော်မူ၏။ ဘုရားသခင်၏ ထံတော်သို့ ပထမဦးစွာ သင်၏ စိတ်နှလုံး ရောက်သည်ကို ကိုယ်တော် သိတော်မူ၏။ မည်မျှပင် မစုံလင်သော ဆုတောင်းပတ္ထနာ ဖြစ်စေကာမူ၊ မည်မျှပင် လျှို့ဝှက်သော မျက်ရည် တစ်ပေါက် ဖြစ်စေကာမူ ကိုယ်တော် သိတော်မူ၏။ အပြစ်သားသည် ရိုးသားစွာဖြင့် လည်းကောင်း ဘုရားသခင်ထံ ချဉ်းကပ်လျှင် မည်မျှပင် အားနည်းစေကာမူ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဆီး၍ ကြိုနေတော်မူ၏၊ ပတ္ထနာစကားကို မမြွက်မဆိုမီ သို့မဟုတ် စိတ်နှလုံးအတွင်းမှ တမ်းတသည်ကို မဖွင့်မဟမီ ခရစ်တော်၏ ကျေးဇူးတော်သည် လူသား၏ စိတ်နှလုံးကို နှိုးဆော်နေသော ကျေးဇူးတရားနှင့် တွေ့ဆုံပါသည်။COLB 244.1

    သင်၏ ကောင်းကင်ဘုံရှင် အဘဘုရားသခင်သည် သင်၏ ကိုယ်ပေါ်တွင် ရှိသော ညစ်ညူးသည့် ဝတ်စုံကို ချွတ်၍ ပေးတော်မူလိမ့်မည်။ ပုရောဖက် ဇာခရိ၏ တင့်အပ်လျောက်ပတ်သော အနာဂတ်စကား ဥပမာတွင် ညစ်ညူးသော အဝတ်ကို ဝတ်လျက် ကောင်းကင်တမန် ရှေ့မှာ ရပ်နေသော ယဇ်ပုရောဟိတ်မင်း ယောရှုသည် အပြစ်သားကို ပုံဆောင်COLB 244.2

    * * * * *

    “တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည် ကာလတွင် ဆုတောင်း ပတ္ထနာပြုကြလော့။ ဆိုးသော သူသည် မိမိလမ်းကို လည်းကောင်း၊ မတရားသော သူသည် မိမိအကြံအစည်တို့ကို လည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။” ဟေရှာ၊ ၅၅:၆၊၇။ ထားသူ ဖြစ်ပါသည်။ ထိုကြောင့် ထာဝရအရှင် ဘုရားသခင်၏ စကားတော်ကား “ညစ်ညူးသော အဝတ်ကို ချွတ်ပယ်ကြလော့ …. ယောရှုအားလည်း သင့် အပြစ်ကို ငါ ဖြေရှင်းပြီ၊ တင့်တယ်သော အဝတ်ကို ဝတ်စေမည် …. စင်ကြယ်သော ပေါင်းကို သူ၏ ခေါင်းပေါ်မှာ တင်၍ အဝတ်ကိုဝတ်စေကြ၏။” ဇာခရိ၊ ၃:၄၊၅။ ထိုနည်းအတူ ဘုရားသခင်သည် သင့်အား “ကယ်တင်ခြင်း အဝတ်တန်ဆာ” နှင့် ဝတ်ဆင်စေ၍ “ဖြောင့်မတ်ခြင်း ဝတ်ရုံနှင့်” ခြုံတော်မူလိမ့်မည်။ ဟေရှာ၊ ၆၁:၁၀။ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွမ်းမံသော ချိုးငှက်အတောင်ကဲ့သို့ လည်းကောင်း၊ နီသောရွှေဖြင့် မွမ်းမံသော အမွေးကဲ့သို့ လည်းကောင်း ဖြစ်ကြလိမ့်မည်။” ဆာလံ၊ ၆၈:၁၃။

    ကိုယ်တော်သည် မိမိ၏ ပွဲခံရာ အိမ်သို့ သင့်ကို ဆောင်သွား၍ မေတ္တာတော် အလံကို သင့်အပေါ်မှာ မိုးတော်မူပြီ။ (သီ၊ ၂:၄။) “သင်သည် ငါ့ လမ်းသို့ လိုက်လျှင် …. ရှေ့တော်၌ ရပ်နေသော သူ အချို့တို့ကို သင့်အား လမ်းပြရသော သူ ဖြစ်မည် အကြောင်း ငါ ခန့်ထားမည်။” ဟု ဘုရားသခင် မိန့်တော်မူ၏။ ကိုယ်တော်၏ ပလ္လင်တော်ကို ဝန်းရံလျက် ရှိသည့် သန့်ရှင်းသော ကောင်းကင်တမန်များ နှင့်အတူ သွားလာခွင့်ကိုပင် ရလိမ့်မည်။ (ဇာခရိ၊ ၃:၇)။COLB 245.1

    “မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင် သတို့သမီး၌ ဝမ်းမြောက်သကဲ့သို့ သင်၏ ဘုရားသခင်သည် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။” ဟေရှာ၊ ၆၂:၅။ “သင့်ကို ကယ်တင်တော်မူလိမ့်မည်၊ သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကိန်းဝပ်၍ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။” ဇေ၊ ၃:၁၇။ အဘခမည်းတော်၏ ဝမ်းမြောက်သီချင်းကို ကောင်းကင်သား နှင့် မြေကြီးသားတို့ ပူးပေါင်းသီဆိုကြလိမ့်မည်။ “ငါ့သားသည် အထက်က သေ၏၊ ယခု ရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခု တွေ့ပြန်၏။”COLB 245.2

    ယခု အခြေအနေအထိ ကယ်တင်ရှင်၏ ဥပမာတွင် ဝမ်းမြောက်စရာ မြင်ကွင်းမှ အပ အခြား စိတ်ဝမ်းကွဲပြားစရာ တစ်စုံတစ်ခုကိုမျှ မတွေ့မမြင်ရသေးပါ။ ထိုနောက် ခရစ်တော်သည် အခြားသော အကြောင်း တစ်ခုကို ထည့်သွင်းဖေါ်ပြထားတော်မူသည်မှာ ဖြုန်းတီးသော သား အိမ်သို့ ပြန်၍ ရောက်လာသောအခါ အစ်ကို ဖြစ်သူ သားကြီးသည် “တောင်ယာက လာ၍ အိမ်အနီးသို့ ရောက်သောအခါ ကခြင်း၊ တီးမှုတ်ခြင်း အသံကို ကြားလျှင် ငယ်သား တစ်ယောက်ကို ခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။ ငယ်သားက သင်၏ ညီသည် ရောက်လာပါပြီ။ ဘေးနှင့် ကင်းလွတ်လျက် ရှိသည်ကို အဘ တွေ့သောကြောင့် ဆူအောင် ကျွေးသော နွားကလေးကို သတ်ပါပြီဟု ပြောဆို၏။ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့ မဝင်ဘဲ နေ၏။” ဤ သားကြီးသည် ပျောက်သော သူအတွက် အဘနှင့် အတူ စိုးရိမ်ပူပန်ခြင်း မရှိခဲ့သည့်အတွက် ယင်း ပျောက်သော သူကို စောင့်မျှော်နေခြင်းလည်း မရှိခဲ့ပါ။ ထိုကြောင့် လေလွင့်နေသူ ပြန်၍ ရောက်လာသောအခါတွင်လည်း ဖခင်နှင့်အတူ ဝမ်းမြောက်ခြင်း မရှိနိုင်ပါ။ အိမ်တွင်းမှ ထွက်ပေါ်လာသော ဝမ်းမြောက်သံများသည် သူ၏ စိတ်နှလုံးကို ကူးစက်အားပေးခြင်း မရှိ။ ထိုကြောင့် ငယ်သား တစ်ယောက်အား ပျော်ပွဲခံခြင်း၏ အကြောင်းရင်းကို မေးခဲ့၏။ ငယ်သား၏ အဖြေကြောင့် ဝန်တိုသော စိတ်ပေါ်ပေါက်ပြန်၏။ ညီအစ်ကို ဝမ်းသာအားရ နှုတ်ဆက်ကြိုဆိုခြင်း ပြုရန် အိမ်တွင်းသို့ မဝင်နိုင်။ ဖြုန်းတီးသော သားကို ဂုဏ်ပြုခြင်းသည် သူ့ ဂုဏ်အသရေကို ထိခိုက်သည်ဟု သူ ထင်မှတ်မှား၏။ COLB 246.1

    သူ၏ ဖခင်သည် အိမ်အပြင်သို့ ထွက်လာပြီး သားကြီးအား ချော့၍ ဆွေးနွေးညှိနှိုင်းသောအခါ သူ၏ မာန်မာန နှင့် ရန်ငြိုးထားသည့် စိတ်သဘော ထင်ရှားလေ၏။ သူသည် မိမိ ကောင်းစားရေးအတွက် သက်သက် ဖခင်၏ အိမ်၌ မှီခို နေထိုင်ခဲ့သည် ဖြစ်၍ ကျေးဇူး မခံစားရသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသည်ဟု သူ ယူဆ၏။ ထိုကြောင့် ယခုမှ ဘေးကင်း၍ ပြန်ရောက်လာသော သားအား ဂုဏ်ပြုသည်ကို တွေ့သောအခါ သူ ရရှိသော အခွင့်အရေးနှင့် ကွာခြားလှပါသည်ဟု သေးသိမ် သော သဘောထားဖြင့် ဝန်တိုနေခြင်း ဖြစ်၏။ သူ၏ လုပ်ငန်းတာဝန်သည် သား တစ်ယောက်ကဲ့သို့ မဟုတ်၊ အစေခံကျွန် တစ်ယောက်ကဲ့သို့သာ ဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖေါ် ပြောလိုက်ပါသည်။ သူ၏ ဖခင်နှင့် အတူ နေထိုင်ရသည့်အတွက် ဝမ်းမြောက်ရမည့်အစား သူ၏ နောင်ရေးအတွက် ရရှိမည့် အမြတ်အစွန်းကိုသာ မျှော်မှန်းစွဲလမ်း၍နေခဲ့ပါသည်။ ဤ အချက်ကြောင့်သာ လျှင် သူသည် ကာမဂုဏ် စည်းစမ်၌ ပျော်မွေ့ခြင်းကို စွန့်လွှတ်ရှောင်ကြဉ်သည့် သဘော ရှိကြောင်း သူ၏ စကားများက ဖေါ်ထုတ်နေပါသည်။ ယခုမူကား ဖခင်၏ ဥစ္စာပစ္စည်းများကို သားငယ်နှင့်အတူ ဝေငှသုံးစွဲရမည် ဆိုပါက သူ့အပေါ် မတရားပြုသည်ဟု သူ ယူဆနေပါသည်။ သူ၏ ညီအား မျက်နှာသာ ပေးခြင်းကို ဝန်တို၍နေပါသည်။ အကယ်၍ သူသာလျှင် ဖခင်၏ နေရာတွင် ရှိမည် ဆိုပါက ယင်း ဖြုန်းတီးသော သားကို လက်ခံမည် မဟုတ်ကြောင်း ထင်ရှားနေပါသည်။ သူ၏ ညီ ဖြစ်သည်ကိုပင် သူ အသိအမှတ် မပြုဘဲ “ဤ သားငယ်” ဟူ၍ စိမ်းကားသည့် အသုံးအနှုန်းများဖြင့် ပြန်၍ ပြောခဲ့ပါသည်။COLB 246.2

    သို့ပါလျက် ဖခင် ဖြစ်သူသည် သူ့အား ထောက်ထားညှာတာစွာဖြင့် “ငါ့သား” ဟူ၍ ခေါ်လျက် “သင်သည် ငါ့ထံမှာ အစဉ် နေရ၏။ ငါ၏ ဥစ္စာ ရှိသမျှသည် သင်၏ ဥစ္စာ ဖြစ်၏” ဟု ချော့မော့ ပြောဆို၏။ သင်၏ ညီသည် အိမ်မဲ့ယာမဲ့ မိတ်ဆွေမဲ့ ဖြစ်နေသည့် ကာလပတ်လုံး သင်သည် မိဘနှင့်အတူ နေထိုင်ရသည့် အခွင့်အရေး ရှိခဲ့သည် မဟုတ်ပါလော။COLB 247.1

    သားသမီးများအတွက် ပျော်ရွှင်မှုကို ဖြစ်စေသည့် ဖခင်၏ ဥစ္စာပစ္စည်း မှန်သမျှကို သားသမီးများ လွတ်လပ်စွာ သုံးစွဲခွင့် ရှိပါသည်။ “ငါ၏ ဥစ္စာ ရှိသမျှသည် သင်၏ ဥစ္စာ ဖြစ်၏” ဟု ဆိုထားသဖြင့် သားသည် ဖခင်ထံမှ ရရှိသမျှကို ဆု ဖြစ်သည်၊ လက်ဆောင် ဖြစ်သည်ဟူ၍ ခွဲခြားရန် မလိုပါ၊ ဖခင်၏ မေတ္တာကို ယုံကြည်၍ ပေးထားသမျှကို လက်ခံရယူရန်သာ လိုပါသည်။COLB 247.2

    တစ်ဦးသော သားသည် ဖခင်၏ မေတ္တာကို အတပ် မသိသဖြင့် ဖခင်၏ အိမ်ထောင်စုမှ ခွဲခွာ၍ နေခဲ့၏။ သို့သော် ယခု ပြန်လာလေပြီ။ စိတ် အနှောင့်အယှက် ဖြစ်စရာ ရှိသမျှကို ဝမ်းမြောက်ခြင်း ဒီရေများက ဆေးကြောလိုက်လေပြီ “သင်၏ ညီမူကား အထက်က သေ၏၊ ယခု ရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခု တွေ့ပြန်၏။”COLB 247.3

    အစ်ကိုသည် သဘောထား သေးသိမ်၍ ကျေးဇူးတရား မသိတတ်သည်ကို သူ ကိုယ်တိုင် သဘောပေါက်ပါပြီလား။ သူ၏ ညီသည် ဆိုးသွမ်းမှုကို ပြုခဲ့ပြီး ဖြစ်သော်လည်း သူ၏ ညီပင် ဖြစ်သည်ကို သိပါပြီလား။ အစ်ကိုသည် သူ၏ ဝန်တိုသော သဘောထား နှင့် စိတ်နှလုံး ခိုင်မာခြင်းများအတွက် နောင်တရ ပါပြီလား။ ဤ အကြောင်းများနှင့် ပတ်သက်၍ ခရစ်တော်၏ ဥပမာနွင် မပါဝင်သည်မှာ ယင်း ဥပမာသည် ဖြစ်ပျက်ဆဲ အခြေအနေတွင်ပင် ရှိနေသေးသည် ဖြစ်၍ မည်သို့ အဆုံးသတ်သင့်သည်ကို တရားနာသူများ ဆုံးဖြတ်ရန် ဖြစ်ပါသည်။COLB 248.1

    အစ်ကို ဖြစ်သူသည် ခရစ်တော် လက်ထက်က စိတ်သဘော မပြောင်းလဲသောဂျူးလူမျိုးတို့ကို ပုံဆောင်ထားပါသည်။ ၎င်းအပြင် ခေတ် အဆက်ဆက်က ဖါရိရှဲများလည်း ပါဝင်ပါသည်။ သူတို့သည် အခွန်ခံ နှင့် ဆိုးသော သူများဟု သူတို့အနေဖြင့် သဘောထားသော သူများကို မုန်းတီးကြသောကြောင့် ဖြစ်ပါသည်။ သူတို့သည် မကောင်းမှုကို အလွန်အကျွံ မပြုကြသောကြောင့် သူတို့ကိုယ် သူတို့ ဖြောင့်မတ်သော သူများ ဖြစ်သည်ဟု သဘောပိုက်ကြ၏။ ခရစ်တော်သည် ယင်းကဲ့သို့ အကြောင်းမဲ့ အပြစ်ရှာသူများအား သူတို့ အကြောင်းပြချက်နှင့် လျော်ညီသော ဥပမာကို ပေးလိုက်ခြင်း ဖြစ်ပါသည်။ သားကြီးကဲ့သို့ သူတို့သည် ဘုရားသခင်၏ ထံတော်မှ အထူး အခွင့်အရေးကို ခံစားရကြ၏။ သူတို့သည် ဘုရားသခင်၏ အိမ်တော်မှ သားကြီးများ ဖြစ်ကြသည်ဟု သူတို့ကိုယ် သူတို့ ယူဆကြသော်လည်း သူတို့၌ ကြေးစား သူရင်းငှါး၏ စိတ်နေသဘောထား ရှိကြ၏။ သူတို့သည် အမှုတော်ကို ဆောင်ရွက်နေကြသော်လည်း အမှုတော်ကို ချစ်မြတ်နိုးသောကြောင့် မဟုတ်၊ ဆုလာဘ်ကို မျှော်ကိုးသော ကြောင့်သာ ဖြစ်ပါ၏။ဘုရားသခင်သည် ကျပ်တည်းသော အလုပ်ရှင် ဖြစ်သည်ဟု သူတို့ မြင်ကြ၏။ ယုဒဓမ္မဆရာများအနေဖြင့် ပင်ပန်းစွာ ကြိုးစားအားထုတ်၍ လည်းကောင်း၊ ကိုယ်ကိုကိုယ် ဆုံးမဒဏ်ထား၍ လည်းကောင်း ရှာဖွေမှာသာ ရရှိမည်ဟု ယူဆထားသော ဆုကျေးဇူးတော်များကို ခရစ်တော်သည် အခွန်ခံ နှင့် ဆိုးသော သူများအား လွတ်လပ်စွာ ခံယူကြရန် ဖိတ်ခေါ်၍ ပေးနေတော်မူသည်ကို သူတို့ မြင်ကြသောအခါ မခံချိမခံသာ ဖြစ်ကြ၏။ ဖြုန်းတီးသော သား ပြန်လာ၍ ခမည်းတော် ဝမ်းမြောက်ခြင်း ဖြစ်သည်ကို သူတို့ မနာလို ဝန်တိုကြ၏။COLB 249.1

    ဥပမာတွင် ဖခင် ဖြစ်သူက သားကြီးအား ချော့မော့ဆွေးနွေးခြင်းမှာ ဖါရိရှဲများအား ကောင်းကင်က ကြင်နာစွာ ခေါ်ဖိတ်ခြင်း ဖြစ်ပါသည်။ “ငါ၏ ဥစ္စာ ရှိသမျှသည် သင်၏ ဥစ္စာ ဖြစ်၏” အခပေးသည် မဟုတ်၊ ချစ်မေတ္တာဖြင့် အပိုင်ပေးသော ဆုကျေးဇူးများ ဖြစ်၏။ ဖြုန်းတီးသော သားကဲ့သို့ မထိုက်မတန်ဘဲ သင်သည်လည်း ခမည်းတော်၏ မေတ္တာတော်ဖြင့် ပေးတော်မူသည်ကို ခံယူနိုင်ပါသည်။COLB 249.2

    ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု သဘောထားခြင်းသည် ဘုရားသခင်အား အမှား ပုံဆောင်သည် သာမက မိမိတို့၏ ညီအစ်ကိုများအပေါ် ကြင်နာစိတ် ကင်းမဲ့၍ အပြစ်ရှာ ဝေဖန်တတ်ပါသည်။ သားအကြီးသည် တစ်ကိုယ်ကောင်းစိတ် နှင့် ဝန်တိုစိတ် ရှိသောကြောင့် ညီငယ်၏ အပြုအမူ ရှိသမျှကို ဝေဖန်ရန် နှင့် အသေးငယ်ဆုံးသော ချွတ်ယွင်းမှုအတွက် အပြစ်တင်ရန် စောင့်နေပါသည်။ ချွတ်ယွင်းမှု ရှိသမျှကို ထုတ်ဖေါ်၍ အမှား တစ်ခု ပြုတိုင်း ပုံကြီးချဲ့၏။ ယင်းသို့ ပြုခြင်းဖြင့် သူ၏ အပြစ် မဖြေလွှတ်နိုင်သော သဘောထား မှန်ကန်ကြောင်း သက်သေထူနေခြင်း ဖြစ်ပါသည်။ ယနေ့ လူ အများစုမှာလည်း ဤသို့ပင် ပြုနေကြပါသည်။ အသက်ဝိညာဉ် တစ်ခုသည် သွေးဆောင်ဖြားယောင်းမှု လွမ်းမိုးခြင်း ရှိသမျှကို တွန်းလှန် ရုန်းကန်စပြုနေသည်ကို မကျေမနပ်၊ စွပ်စွဲ ပြစ်တင်ခြင်း မျိုးစုံဖြင့် စိတ်နှလုံး ခိုင်မာစွာ မိမိသဘော အလိုကျ ဘေးမှ ရပ်၍ ကြည့်နေကြ၏။ သူတို့ကိုယ် သူတို့ ဘုရားသခင်၏ သားသမီးများဟု အခေါ်ခံကြပေလိမ့်မည် ဖြစ်သော်လည်း သူတို့တွင် စာတန်၏ စိတ်နေသဘောထား အပြည့်အဝ ရှိကြ၏။ ဤကဲ့သို့ ယိုးစွပ်တတ်သော သူများသည် သူတို့၏ ညီအစ်ကိုများအပေါ် ထားရှိသော သဘောထားများကြောင့်ဘုရားသခင်သည် မိမိ၏ အလင်းတော်ကို သူတို့အား မပေးနိုင်ဘဲ ရှိနေပါသည်။COLB 250.1

    အများသော သူတို့က “ငါသည် ထာဝရ ဘုရားရှေ့တော်သို့ အဘယ် ပူဇော်သကာ ပါလျက် ချဉ်းကပ်၍ အမြင့်ဆုံးသော ဘုရားသခင့် ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ် နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။ ထာဝရဘုရားသည် သိုးထီး တစ်ထောင်၊ ဆီမြစ်တစ်သောင်းကို အားရနှစ်သက်တော်မူမည်လော” ဟု အမြဲပင် မေးနေကြပါသည်။ သို့သော် “အချင်းလူ၊ ကောင်းသော လမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင့် ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ် ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။” မိ၊ ၆:၆-၈။COLB 250.2

    ဘုရားသခင် နှစ်သက်တော်မူသော ဝတ်ပြုကိုးကွယ်ခြင်းမှာ “မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသော ဝန်ကို ချခြင်း၊ ညှည်းဆဲခံရသော သူတို့ကို လွှတ်ခြင်း၊ ထမ်းပိုး ရှိသမျှကို ချိုးခြင်း မဟုတ်လော၊ …. ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။” ဟေရှာ၊ ၅၈:၆၊၇။ သင်တို့သည် ဒုစရိုက် အပြစ်သားများ ဖြစ်၍ ကောင်းကင်ဘုံရှင် အဘဘုရားသခင်၏ မေတ္တာတော်အားဖြင့်သာလျှင် ကယ်တင်ခြင်းသို့ ရရှိကြောင်း သိမြင်သောအခါ အပြစ်ဒုစရိုက် ညွန်တွင်း၌ နစ်မွန်းနေသော သူများကို သနားညှာတာလိမ့်မည်။ သင်သည် မည်သည့်အခါမျှ စိတ်ဒုက္ခနှင့် တွေ့ဆုံရမည် မဟုတ်သည့် အပြင် ဝန်တိုသော စိတ်နှင့် ပြစ်တင် ပြောဆိုမိသောကြောင့် နောင်တရစရာ အကြောင်းလည်း မရှိတော့ပါ။ သင်၏ စိတ်နှလုံးအတွင်း၌ ရှိသော တစ်ကိုယ်ကောင်းစိတ် ရေခဲတုံး အရည်ပျော်သောအခါ ပျောက်သော သူကို ကယ်ဆယ်ရာတွင် ဘုရားသခင်ကဲ့သို့ သနားကြင်နာသော စိတ်ရှိ၍ ကိုယ်တော်နှင့်အတူ ဝမ်းမြောက်လိမ့်မည်။COLB 251.1

    သင်သည် ဘုရားသခင်၏ သား ဖြစ်သည်ဟု အဆိုပြုသည်မှာ မှန်ပါ၏။ သို့သော် “အထက်က သေ၏၊ ယခု ရှင်ပြန်၏၊ အထက်က ပျောက်၏၊ ယခု တွေ့ပြန်” သော သူသည် “သင်၏ ညီ” ဖြစ်မှသာ သင်၏ အဆိုပြုချက် အတည် ဖြစ်ပါသည်။ သူ့အား ဘုရားသခင်သည် သားအဖြစ် အသိအမှတ် ပြုသောကြောင့် သူ နှင့် သင်သည် အနီးကပ်ဆုံး အနှောင်အဖွဲ့တွင် ရှိနေကြပါသည်။ သူ နှင့် ညီအစ်ကို တော်စပ်ခြင်းကို ငြင်းပယ်လျှင် သင်သည် အိမ်သား မဟုတ်နိုင်၊ ကြေးစား သူရင်းငှါးသာ ဖြစ်၍ ဘုရားသခင်၏ မိသားစု အသိုက်အဝန်းတွင် သားသမီးအဖြစ် ပါဝင်လိမ့်မည် မဟုတ်ပါ။COLB 251.2

    သင်သည် ပျောက်သော သူအား ဆီးကြိုနှုတ်ဆက်သူများတွင် မပါဝင်လိုသော်လည်း ဝမ်းမြောက်ခြင်းပွဲကို ရှေ့သို့ပင် ဆက်၍ ကျင်းပလိမ့်မည်။ ပြန်လာသော သားသည်လည်း အဘခမည်းတော် နှင့်အတူ ခမည်းတော်၏ အမှုတော်တွင် ပါဝင်ဆောင်ရွက်ခွင့် ရလိမ့်မည်။ များစွာသော အပြစ်တို့မှ လွတ်သော သူသည် များစွာ ချစ်တတ်၏။ သို့သော် သင် မူကား အပြင်COLB 251.3

    အရပ် မှောင်မိုက်၌ နေရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် “ချစ်ခြင်း မရှိသော သူသည် ဘုရားသခင်ကို မသိ၊ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။” ၁ ယော၊ ၄:၈။COLB 252.1

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents