Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အစွမ်းသတ္တိ

    ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်ရမည် သာမက အစွမ်းသတ္တိ ရှိသမျှနှင့်လည်း ချစ်ရမည်။ ဤ အချက်သည် ရုပ်ပိုင်းဆိုင်ရာ အာနိသင် ရှိသမျှကို တတ်သိ လိမ္မာစွာ အသုံးချခြင်း ဖြစ်၍ ပြည့်စုံကုံလုံပါသည်။COLB 436.2

    ခရစ်တော်သည် လောကီရေးရာနှင့် ပတ်သက်၍ လည်းကောင်း၊ ဝိညာဉ်ရေးရာနှင့် ပတ်သက်၍ လည်းကောင်း သစ္စာ တည်မြဲသော လုပ်သား ဖြစ်တော်မူ၏။ မိမိ လုပ်ငန်း ရှိသမျှတွင် ခမည်းတော်၏ အလိုတော်နှင့် အညီ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားတော်မူ၏။ ကောင်းကင်အရာ နှင့် မြေကြီးအရာတို့သည် ခရစ်တော်၏ လက်ရုံးတော် အောက်တွင် နီးကပ် စွာ ဆက်စပ်၍ ကိုယ်တော် တိုက်ရိုက် ကြီးကြပ်အုပ်ချုပ်လျက် ရှိသည့် အရာမှာ အများ သဘောပေါက်ထားသည်ထက် များစွာ ပိုမိုပါသည်။ မြေကြီးပေါ်တွင် ပထမ တဲတော်တည်းဟူသော သန့်ရှင်းရာဌာန၏ အစီအစဉ်များကို ခရစ်တော် စီမံတော်မူ၏။ ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သည့် ဗိမာန်တော်နှင့် ပတ်သက်၍ အသေးစိတ် အစီအစဉ်များကိုလည်း ကိုယ်တော် ညွှန်ပြတော်မူခဲ့၏။ လူသား ဘဝက နာဇရက်ရွာတွင် လက်သမား အဖြစ်နှင့် အသက်ရှင်တော်မူခဲ့သည် ကိုယ်တော်သည် ကောင်းကင် ဗိသုကာကြီး ဖြစ်တော်မူ၍ မိမိ နာမတော်ကို ဂုဏ်ပြုမည့် သန့်ရှင်းသော အဆောက်အအုံ ပုံစံကိုလည်း ချမှတ်တော်မူ၏။COLB 436.3

    တဲတော် ဆောက်လုပ်ခဲ့ကြသော ဗိသုကာများအား လှပတင့်တယ်စွာ ဆောက်လုပ်နိုင်ရန် ထူးဆန်းသော ပညာ အရည်အချင်းများနှင့် ပြည့်စုံကုံလုံစေသော သူမှာလည်း ခရစ်တော်ပင် ဖြစ်တော်မူ၏။ “နားထောင်လော့၊ ငါသည် ယုဒ အမျိုးသား ဟုရ၏ သား ဖြစ်သော ဥရိ၏ သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။ သူသည် … အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။ သူ နှင့်အတူ ဒန် အမျိုးသားအဟိသမက်၏ သား အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသော သူအပေါင်းတို့သည် လုပ်တတ်မည် အကြောင်း၊ သူတို့ နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ” ဟု မိန့်တော်မူ၏။ ထွ၊ ၃၁:၂-၆။COLB 437.1

    လုပ်ငန်းမျိုးစုံတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော ဘုရားသခင်၏ လုပ်သားများသည် မိမိတို့ တတ်ကျွမ်းသည့် လုပ်ငန်းဆိုင်ရာ ပညာမှာ ဘုရားသခင် ပေးတော်မူရာ ဖြစ်ကြောင်း သဘောပေါက်ကြရန် ဘုရားရှင် အလိုရှိတော်မူ၏။ မှန်ကန်သည့် တီထွင်မှုများ နှင့် ပိုမို တိုးတက် ကောင်းမွန်အောင် ပြုပြင်မှု မှန်သမျှ ကိုယ်တော်ထံမှ အစပြုသည် ဖြစ်၍ ကိုယ်တော်သည် အကြံပေးတော်မူရာ၌ အံ့သြဖွယ် ဖြစ်၍ ဆောင်ရွက်တော်မူရာ၌ စုံလင်တော်မူ၏။ ကိုယ်တော်၏ ကျွမ်းကျင်သည့် လက်တော်နှင့် တို့ထိခြင်း သည် လည်းကောင်း၊ အကြော နှင့် ကြွက်သားများ အပေါ် ကိုယ်တော်၏ တန်ခိုးတော်သည် လည်းကောင်း၊ အနုစိတ် ဖွဲ့စည်းထားည့် ကိုယ်ခန္ဓာအင်္ဂါစုနှင့် စပ်လျဉ်း၍ ကိုယ်တော်၏ အသိပညာတော်သည် လည်းကောင်း ဒုက္ခဝေဒနာ ခံစားရသော သူတို့အတွက် အသုံးပြုရန် ဘုရားတန်ခိုးပါသော ဉာဏ်တော် ဖြစ်စေတော်မူ၏။ လက်သမားဆရာသည် တူကို ကောင်းစွာ အသုံးပြုတတ်သည့် ကျွမ်းကျင်မှုကို လည်းကောင်း၊ ပန်းပဲဆရာသည် ပေကို ခေါင်းလောင်းသံ ပါအောင် ထုနိုင်သည့် အစွမ်းသတ္တိကို လည်းကောင်း ဘုရားသခင်ထံတော်မှ ရရှိကြပါသည်။ ကိုယ်တော်သည် လူတို့အား စွမ်းရည်သတ္တိများကို ယုံမှတ်လွှဲအပ်ထားတော်မူသည် ဖြစ်၍ ကိုယ်တော်၏ အထံတော်မှ အကြံဉာဏ် တောင်းယူစေလိုတော်မူ၏။ ကျွန်ုပ်တို့သည် မည်သည့် လုပ်ငန်းဌာန၌ မည်သည့် လုပ်ငန်းရပ်ကို လုပ်ကိုင်နေသည် ဖြစ်စေ လုပ်ငန်းခွင်တွင် စုံလင်မှု ရှိကြစေရန် ကိုယ်တော်တိုင် ကွပ်ကဲလမ်းညွှန်လိုတော်မူ၏။COLB 437.2

    ဘာသာ အယူဝါဒ နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတို့မှာ အတူတူပင် ဖြစ်၍ နှစ်မျိုးနှစ်စား ကွဲပြားခြားနားသော အရာများ မဟုတ်ပါ။ သမ္မာကျမ်းစာတော်ဆိုင်ရာ အယူဝါဒကို ကျွန်ုပ်တို့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်ခြင်း ရှိသမျှနှင့် ပေါင်းစပ်ထားရပါမည်။ ဘုရားသခင်၏ တန်ခိုးတော် နှင့် လူသား စွမ်းရည်များကို လောကီရေးရာ နှင့် ဝိညာဉ်ရေးရာ အောင်မြင်မှုများအတွက် ပေါင်းစပ်ထားရပါမည်။ စက်မှုလုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်း၌ ဖြစ်စေ၊ ကူးသန်းရောင်းဝယ်ရေး နှင့် သိပ္ပံဆိုင်ရာ စီမံကိန်းများ၌ ဖြစ်စေ လူသားတို့ ရှာဖွေလုပ်ကိုင်ရာတိုင်းတွင် ၎င်းတို့ကို ပေါင်းစပ်ထားရမည်၊ ခရစ်ယာန် လှုပ်ရှားမှု ခံယူချက်တိုင်းတွင် ပူးပေါင်းဆောင်ရွက်ခြင်း ရှိရမည်။COLB 438.1

    ယင်းသို့ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်သည့် တစ်ခုတည်းသော အခြေခံ သဘောတရားကို ဘုရားရှင် ကြေငြာထားတော်မူ၏။ ကိုယ်တော်ရှင် နှင့်အတူ ပူးပေါင်းလုပ်ဆောင်သော သူ အားလုံးတို့သည် ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေရန် ရည်ရွယ်ချက် ရှိရမည်။ ကျွန်ုပ်တို့၏ COLB 438.2

    အလုပ် မှန်သမျှကို ကိုယ်တော်ရှင်၏ အလိုတော်အတိုင်း ကိုယ်တော်ရှင်ကို ချစ်သောအားဖြင့် ဆောင်ရွက်ရကြပါမည်။COLB 439.1

    ဘုရားဝတ်ပြုကိုးကွယ်သည့် အစည်းအဝေးတွင် ပါဝင် ဆောင်ရွက်ရာ၌ ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်ရန် အထူး လိုအပ်သကဲ့သို့ အဆောက်အအုံ တည်ဆောက်ရာတွင်လည်း အလားတူ လိုအပ်ပါသည်။ ၎င်းအပြင် လုပ်သားများသည် မိမိတို့၏ အကျင့်စာရိတ္တ တည်ဆောက်ရေးတွင် မှန်ကန်သော အခြေခံ သဘောတရားများအတိုင်း လိုက်နာပါက အဆောက်အအုံ တည်ဆောက်သည့် လုပ်ငန်းတိုင်းတွင်လည်း ကျေးဇူးတရားနှင့် လည်းကောင်း၊ အတတ်ပညာနှင့် လည်းကောင်း ပြည့်ဝ၍ ကြီးပွားကြပေလိမ့်မည်။COLB 439.2

    သို့သော် တစ်ကိုယ်ကောင်း စိတ်ထားကို သက်ရှင်ယဇ်ကောင် အဖြစ် ဘုရားသခင်အား ပူဇော်ဆက်ကပ်ခြင်း မပြုလျှင် ဘုရားသခင်သည် အကြီးဆုံးသော စွမ်းရည်သတ္တိ နှင့် အခမ်းနားဆုံးသော အမှုတော်ကိုပင် လက်ခံတော်မူမည် မဟုတ်ပါ။ အမြစ် မသန့်ရှင်းပါက ဘုရားသခင် လက်ခံနိုင်တော်မူသည့် အသီးကို မသီးနိုင်ပါ။COLB 439.3

    ဒံယေလ နှင့် ယောသပ်တို့သည် မိမိတို့၏ စိတ်အလိုသို့ လိုက်၍ အသက်မရှင်ဘဲ ကိုယ်တော်၏ အလိုတော်သို့ လိုက်လျှောက်ကြသဖြင့် ဘုရားသခင်သည် သူတို့အား အကင်းပါးသော မန်နေဂျာများ ဖြစ်စေတော်မူ၏။COLB 439.4

    ဒံယေလ၏ အမှုကိစ္စမှ ကျွန်ုပ်တို့အတွက် သင်ခန်းစာမှာ ကြီးမားသော လုပ်ငန်းတစ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ရသော သူ တစ်ယောက်သည် ထက်မြက်ဖို့ မလို၊ အုပ်စိုးနည်း အုပ်စိုးပုံကို ချုပ်ကိုင်ထားသူ ဖြစ်ရန်လည်း မလို၊ လုပ်ငန်း အဆင့်တိုင်းတွင် ဘုရားသခင်၏ လမ်းညွှန်မှုကို ခံယူသော သူ ဖြစ်ရမည်။ ဒံယေလသည် ဗာဗုလုန် နိုင်ငံတွင် နန်းရေးဝန် ဖြစ်စဉ်က ဘုရားသခင်၏ ပုရောဖက်လည်း ဖြစ်၍ကောင်းကင်မှ ဝိညာဉ်တော် နှိုးဆော်ခြင်းဖြင့် အလင်းတရားကို ခံယူရရှိသော သူ ဖြစ်၏။ တိုင်းရေးပြည်မှုကို ကျွမ်းကျင်၍ ထင်ပေါ်လိုသည့် လောကီ ခေါင်းဆောင်များကို ကျမ်းစာတော်မြတ်က မြေတွင် ပေါက်၍ သွေ့ခြောက်တတ်သော မြက်ပင်နှင့် လည်းကောင်း၊ ညှိုးနွမ်းတတ်သော မြက်ပွင့်နှင့် လည်းကောင်း နှိုင်းယှဉ်ထားပါသည်။ သို့သော် ဘုရားသခင်သည် မိမိ၏ အမှုတော်တွင် တတ်သိလိမ္မာစွာ ပြုလုပ် ဆောင်ရွက်တတ်သော လူများ၊ လုပ်ငန်း အမျိုးမျိုးတို့တွင် ကျွမ်းကျင်သော သူများကို အလိုရှိတော်မူ၏။ သမ္မာတရားတော်၏ ကောင်းမြတ်သော အခြေခံ ဘဘောတရားများကို မူတည်၍ မိမိတို့၏ အမှုကိစ္စရပ်များကို ဆောင်ရွက်သော ကုန်သည်ကြီးများ၊ လုပ်ငန်းပိုင်ရှင်ကြီးများ လိုအပ်နေပါသည်။ သူတို့၏ စွမ်းရည် သတ္တိများမှာလည်း နှံ့စပ်စွာ လေ့လာဆည်းပူးထားခြင်းဖြင့် စုံလင်ခြင်း ရှိနေသင့်ပါသည်။ မည်သည့် အလုပ်ခွင်၌ပင် ရှိစေကာမူ လူတို့သည် သူတို့၏ အခွင့်အရေး တိုးတက်၍ ပညာဉာဏ် တိုးပွားလျက် အရည်အချင်း ပြည့်စုံလိုလျှင် ကျွန်ုပ်တို့၏ ဤ ကမ္ဘာလောကကြီးတွင် ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်ရန်အတွက် မိမိတို့၏ စွမ်းရည်သတ္တိများကို အသုံးပြုနေသူများ ဖြစ်ရကြပါမည်။ ဒံယေလ၏ အတ္ထုပ္ပတ္တိတွင် သူ ဆောင်ရွက်သော လုပ်ငန်း ရှိသမျှ၌ စေ့စပ်သေချာစွာ စစ်ဆေးကြည့်ရှုရသည့် အမှုကိစ္စရပ်တိုင်းတွင် အပြစ်တင်စရာ အမှားအယွင်း တစ်စုံတစ်ရာ မရှိကြောင်း ကျွန်ုပ်တို့ သင်ကြား သိရှိရပါသည်။ ကုန်သည်ကြီးများ နှင့် လုပ်ငန်းဆောင်ရွက်သူများအတွက် ဒံယေလသည် ပုံစံနမူနာ ဖြစ်ပါသည်။ လူ တစ်ဦးတစ်ယောက်သည် မိမိ၏ ဦးနှောက်၊ အစွမ်းသတ္တိ နှင့် ကိုယ်ခန္ဓာ အင်အား ရှိသမျှကို လည်းကောင်း၊ စိတ်နှလုံး နှင့် ဘဝ အသက်တာကို လည်းကောင်း ဘုရားသခင်၏ အမှုတော်အတွက် ဆက်ကပ် အပ်နှံထားပါက မည်ကဲ့သို့သော အရာများကို ပြီးမြောက် အောင်မြင်အောင် စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ကြောင်း ဒံယေလ၏ အတ္ထုပ္ပတ္တိက ဖေါ်ညွှန်းနေပါသည်။COLB 439.5

    Larger font
    Smaller font
    Copy
    Print
    Contents