Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ဘဏ္ဍာကို ရှာဖွေခြင်း

    ထာဝရဘုရား၏ နှုတ်ကပါတ်တော်သည် ကျွန်ုပ်တို့ ရှာဖွေဆည်းပူးသော ပညာရပ် ဖြစ်ရမည်။ ယင်း တရားတော်တွင် သိတွေ့နိုင်သော သစ္စာတရားများကို ကျွန်ုပ်တို့၏ သားသမီးများအား သင်ကြားပေးရမည်။ ယင်း ပညာသည် မကုန်မခမ်းနိုင်သော ဘဏ္ဍာ ရတနာ ဖြစ်သော်လည်း လူတို့သည် မိမိတို့၏ လက်ဝယ်တွင် ရရှိပိုင်ဆိုင်အောင် မရှာဖွေ မစူးစမ်းကြသည့်အတွက် မတွေ့မသိကြ။ လူအများစုသည် သမ္မာတရားနှင့် ပတ်သက်၍ မိမိတို့၏ ထင်မြင်ယူဆချက်မျှဖြင့်သာ ရောင့်ရဲတင်းတိမ်နေကြ၏။ အရေးကြီးသော လိုအပ်ချက် အားလုံးကို သူ ရရှိပြီးဟု စိတ်ချယုံကြည်လျက် အပေါ်ယံ လုပ်ငန်းဖြင့်သာ ကျေနပ်နေကြ၏။ မြှပ်ထားသည့် ဘဏ္ဍာကို တူးဆွရှာဖွေခြင်း နှင့် ပုံဆောင်ထားသည့် နှုတ်ကပါတ်တော်တွင် ပါဝင်သော ရတနာများကို စူးစမ်းရှာဖွေရန် စိတ်ပါဝင်စားစွာဖြင့် လည်းကောင်း၊ မပျင်းမရိ လုံ့လဝီရိယဖြင့် လည်းကောင်း စူးစမ်းရှာဖွေခြင်း မပြုလိုသောကြောင့် လူတို့၏ ဆိုရိုးစကားများကို သမ္မာတရားဟု သူတို့ မှတ်ယူကြ၏။ သူတို့သည် ဘုရားသခင်၏ နေရာတွင် လူကို အစားထိုးကြသောကြောင့် လူတို့၏ တီထွင်မှုများသည် စိတ်မချရသည် သာမက ဘေးအန္တရာယ်နှင့်ပင် ရင်ဆိုင်ရတတ်ပါသည်။ “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား” ဟု ပြောဆို သုံးနှုန်းရမည့် နေရာတွင် လူတို့၏ ဆိုရိုးစကားများကို အစားထိုးကြ၏။COLB 115.1

    ခရစ်တော်သည် သမ္မာတရား ဖြစ်တော်မူ၏။ ကိုယ်တော်၏ စကားတော်တို့သည် သမ္မာတရား ဖြစ်၍ အပေါ်ယံတွင် မြင်သာသည်ထက် နက်နဲသော အဓိပ္ပါယ် ရှိပါသည်။ ခရစ်တော် မိန့်တော်မူသည့် စကားပုံများ အားလုံးသည် အပေါ်ယံက အမြင်အားဖြင့် ရိုးသည် လွယ်သည်ဟု ထင်မှတ်ရသော်လည်း ပိုမို လေးနက်သော အဓိပ္ပါယ် ရှိပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သက်ရှင်နိုးကြားသော သူတို့သည် ယင်း စကားပုံများ၏ တန်ဖိုး ကောင်းစွာ နားလည် သဘောပေါက်ကြလိမ့်မည်။ ယင်း အဖိုးထိုက်သော သမ္မာတရား ကျောက်မျက်ရတနာများသည် ဝှက်ထားသော ဘဏ္ဍာများ ဖြစ်သော်လည်း သူတို့ နားလည် သဘောပေါက်ကြလိမ့်မည်။COLB 116.1

    လူတို့၏ အတွေးအခေါ် အယူအဆများအားဖြင့် ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်ကို မည်သည့်အခါမျှ နားလည် သဘောပေါက်ကြလိမ့်မည် မဟုတ်ပါ။ ဓမ္မဒေသနာပညာကို နားလည် တတ်ကျွမ်းပါသည်ဟု အဆိုပြုသော သူတို့က အတတ်ပညာ ရတနာသိုက်များကို ဖေါ်ထုတ်ရန် သူတို့၏ အဓိပ္ပါယ် ကောက်ယူချက်များ အရေးကြီးသည့် အပြင် အယူလွဲမှားသော သူများ အသင်းတော်သို့ ဝင်ရောက်လာခြင်းမှလည်း ကွယ်ကာနိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်ကြပါသည်။ သို့သော် ယင်း အဓိပ္ပါယ် ကောက်ယူချက်များပင်လျှင် လွဲမှားသော အယူဝါဒများ နှင့် မမှန်သော အတွေးအခေါ်များကို သိမ်းသွင်းလာတတ်ကြပါသည်။ ခက်ခဲနက်နဲသည်ဟု သူတို့ ယူဆသော ကျမ်းပိုဒ်များကို လူတို့သည် အတိုင်းထက် အလွန် ကြိုးစား အားထုတ်၍ အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။ သို့သော် ယင်း ဖွင့်ဆိုထားသော အနက်အဓိပ္ပါယ်များ ရှင်းလင်းပြတ်သားမှု မရှိသည် သာမက ပို၍ ပင် ရှုပ်ထွေးသွားတတ်ပါသည်။COLB 116.2

    ယဇ်ပုရောဟိတ်များ နှင့် ဖါရိရှဲတို့သည် ဓမ္မဆရာများ ဖြစ်ကြသည့်အလျောက် ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်တွင် သူတို့ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ထည့်သွင်းခြင်းဖြင့် အရေးကြီးသော လုပ်ငန်းများကို ဆောင်ရွက်ကြသည်ဟု ထင်မှတ်ကြ၏။ သို့သော် ခရစ်တော်က “သင်တို့သည် ကျမ်းစာကို နားမလည်၊ ဘုရားသခင်၏ တန်ခိုးတော်ကို မသိ” ဟု မိန့်တော်မူ၏။ မာကု၊ ၁၂:၂၄။ ၎င်းအပြင် ကိုယ်တော်က “လူတို့ စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေး” ကြသည်ဟု သူတို့အား ပြစ်တင်ဆုံးမတော်မူ၏။ မာကု၊ ၇:၇။ သူတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဆင့်ဆိုပြန်ကြားရသည့် ဆရာများ ဖြစ်သောကြောင့် ကိုယ်တော်၏ နှုတ်ကပါတ် တရားတော်ကို တတ်ကျွမ်းရမည် ဖြစ်သော်လည်း သူတို့သည် နှုတ်ကပါတ်တရားတော်အတိုင်း လိုက်နာစောင့်ရှောက်သော သူများ မဟုတ်ကြပါ။ စာတန်သည် သူတို့၏ မျက်စိများကို ကွယ်စေသောကြောင့် သူတို့သည် နှုတ်ကပါတ်တရားတော်၏ အဓိပ္ပါယ်မှန်ကို မသိနားမလည်ကြတော့ပါ။COLB 116.3

    ယနေ့ လောကတွင် ယင်းသို့ပင် ဖြစ်နေပါသည်။ အသင်းတော် အများစုသည် ယင်း အမှားလမ်းအတိုင်းပင် လိုက်နာကြပါသည်။ ယနေ့ ပညာရှိဟု ယူဆရသော သူများသည်လည်း ရှေးယခင်က ယုဒဓမ္မဆရာတို့၏ အမှားများအတိုင်း ထပ်၍ မှားနေကြမည့် အန္တရာယ်၊ကြီးမားသော အန္တရာယ် ရှိနေပါသည်။ ဘုရားသခင်၏ သမ္မာတရားတော်ကို သူတို့ လွဲမှားစွာ နားလည်ထားကြသောကြောင့် ဘုရားသခင်၏ ဗျာဒိတ်တော်များကို အမှားအဓိပ္ပါယ် ဖွင့်ဆိုကြသဖြင့် လူတို့သည် ကြံရာမရ စိတ်ရှုပ်ထွေး၍ မှောင်မိုက်ဖုံးအုပ်ခြင်းကို ခံနေရကြ၏။COLB 117.1

    ကျမ်းစာကို မှုန်ဝါးသည့် ထုံးစံဓလေ့ အလင်းရောင်၏ အောက်တွင် လည်းကောင်း၊ လူတို့၏ ချင့်ချိန်တွေးဆခြင်းဖြင့် လည်းကောင်း မဖတ်သင့်ပါ။ လူတို့၏ ထုံးစံဓလေ့များအရ လည်းကောင်း၊ စိတ်ကူးစိတ်သန်းအရ လည်းကောင်း ကျမ်းစာကို ရှင်းပြခြင်းသည် နေကို လက်နှိပ် ဓါတ်မီးဖြင့် အလင်းရောင် ပေးနေသကဲ့သို့ ဖြစ်နေပါသည်။ ဘုရားသခင်၏ သန့်ရှင်းသော နှုတ်ကပါတ် တရားတော်ဆိုင်ရာ ဘုန်းတန်ခိုးများ ထင်ရှားစေရန်အတွက် ဤလောက၏ မှေးမှိန်သော လက်နှိပ် ဓါတ်မီးရောင် မလိုပါ။ ယင်း တရားတော်သည်ပင်လျှင် အလင်း ဖြစ်တော်မူ၏။ ဘုရားသခင်၏ ဘုန်းတော်သည်လည်း တရားတော်၌ ထင်းရှားတော်မူ၏။ တရားတော်နှင့် ယှဉ်လျှင် အခြားသော အလင်း ရှိသမျှသည် မှုန်မွှား၏။COLB 117.2

    သို့သော် သမ္မာတရားတော်ကို စိတ်အားထက်သန်စွာ လေ့လာ သင်ကြားရမည်။ တတ်ကျွမ်းသည်တိုင်အောင် စူးစမ်း ရှာဖွေရမည်။ ပျင်းရိသောသူသည် အဘယ်သောအခါမျှ တရားတော်ကို ရှင်းရှင်းလင်းလင်း နားလည်လိမ့်မည် မဟုတ်ပါ။ လုံ့လဝီရိယဖြင့် လည်းကောင်း၊ သည်းခံခြင်းဖြင့် လည်းကောင်း၊ ဇွဲသတ္တိဖြင့်လည်းကောင်း ကြိုးစားအားထုတ်ခြင်း မပြုပါက လောကီဆိုင်ရာ ကောင်းချီးမင်္ဂလာများကို ရနိုင်မည် မဟုတ်ပါ။ လူတို့သည် စီးပွားရေး လုပ်ငန်းတွင် အောင်မြင်မှု ရရှိသည်ဆုပါက လိုအင်ဆန္ဒ ပြည့်ဝစွာဖြင့် အကျိုးအမြတ်ကို ယုံကြည်စွာ ရှေးရှု၍ ဆောင်ရွက်ခြင်းကြောင့်သာ ဖြစ်ရမည်။ ထိုနည်းတူ ဝိညာဉ်ရေးဆိုင်ရာ အတတ်ပညာကိုလည်း ဇွဲလုံ့လဖြင့် မကြိုးစားပါက အကျိုးကျေးဇူးဖြစ်ထွန်းရန် မျှော်လင့်ချက် မရှိပါ။ သတ္တုတွင်းတူးသော သူသည် မြေ၌ မြှပ်နေသော ရတနာကို တူးဖေါ်ရသကဲ့သို့ သမ္မာတရားဆိုင်ရာ ရတနာကို လိုလားသော သူသည်လည်း အလားတူ တူးဆွရှာဖွေရပါမည်။ စိတ်မပါ၊ အမှုမထား၊ ဂရုမစိုက်သော လုပ်ဆောင်မှုဖြင့် အကျိုးကျေးဇူး ခံစားရမည် မဟုတ်ပါ၊ လူကြီး ဖြစ်စေ၊ လူငယ် ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ဖတ်ရှုရုံမျှသာ မဟုတ်၊ စိတ်ဝင်စားစွာဖြင့် လည်းကောင်း၊လုံ့လဝီရိယဖြင့် လည်းကောင်း၊ ဇွဲသတ္တိဖြင့် လည်းကောင်း ဆုတောင်းလျက် ဝှက်ထားသော ဘဏ္ဍာကို ရှာဖွေသကဲ့သို့ သမ္မာတရားကို စူးစမ်းရှာဖွေ၍ လေ့လာ သင်ကြားရန် အထူး အရေးကြီးပါသည်။ ခရစ်တော်သည် ဤကဲ့သို့ ကြိုးစား အားထုတ်သော သူတို့၏ သိမြင်တတ်သော ဉာဏ်ကို ရှင်သန်စေလိမ့်မည် ဖြစ်သောကြောင့် သူတို့သည် ဧကန်မုချ အကျိုးကျေးဇူး ခံရကြပါလိမ့်မည်။COLB 118.1

    ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ကျမ်းစာ၌ ပါသော သမ္မာတရားကို သိကျွမ်းမှုအပေါ်တွင် မူတည်နေပါသည်။ ယင်း အသိပညာကို ကျွန်ုပ်တို့ ရရှိရန် ထာဝရအရှင်ဘုရားသခင် အလိုရှိတော်မူ၏။ ထိုကြောင့် ရှာဖွေ လေ့လာကြပါ၊ ဘုရားသခင်၏ အဖိုးထိုက်တန်သော သမ္မာကျမ်းစာတော်မြတ်ကို ဆာငတ်ခင်မွတ်သော စိတ်နှလုံးဖြင့် စူးစမ်းရှာဖွေကြပါ။ သတ္တုတွင်းတူးသော သူတို့သည် ရွှေကြောများကို တွေ့ရှိရန် နှံ့စပ်အောင် စူးစမ်းရှာဖွေသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကိုလည်း နှံ့စပ်အောင် ရှာဖွေကြပါ။ ဘုရားသခင် နှင့် သင်သည် မည်သို့ တော်စပ်သည်ကို လည်းကောင်း၊ ကိုယ်တော်သည် သင့်အပေါ် မည်သို့ သဘောထားတော်မူသည်ကို လည်းကောင်း အမှန် သိနားလည်သည်တိုင်အောင် အားမလျှော့ဘဲ ဆက်လက် ရှာဖွေပါ။ “သင်တို့သည် ငါ၏ နာမကို အမှီပြုချက် ဆုတောင်းသမျှအတိုင်း ငါ ပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူမည် အကြောင်းတည်း။ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစ်စုံတစ်ခုသော ဆုကို တောင်းလျှင် တောင်းသည်အတိုင်း ငါ ပြုမည်” ဟု ခရစ်တော် အတိအလင်း မိန့်တော်မူ၏။ ယော၊ ၁၄:၁၃၊၁၄။COLB 118.2

    ဘုရားတရားကို ကြည်ညိုလေးစား၍ ပင်ကို စွမ်းရည် ရှိသော သူများသည် ထာဝရကလ၏ အမှန်ဖြစ်ရပ်များကို ရေးရေးရိပ်ရိပ် ရှုမြင်ရမည်ဖြစ်သော်လည်း နားလည် သဘောပေါက်ရန် အားနည်းပါသည်။ အကြောင်းရင်းမှာ တွေ့မြင်နိုင်သော အရာများသည် မတွေ့မမြင်နိုင်သော အရာများကို ဖုံးကွယ်ထားသောကြောင့် ဖြစ်ပါသည်။ ဝှက်ထားသော ဘဏ္ဍာကို တွေ့အောင် ရှာဖွေလိုသော သူသည် ဤ လောက၏ အရာများထက် ပို၍ မြင့်သော အရာများကို မီအောင် တက်၍ လိုက်လံရှာဖွေရမည်။ သူ မြတ်နိုးစုံမက်သော အရာ ရှိသမျှ နှင့် သူ၏ စွမ်းရည် အားလုံးကို ရှာဖွေသည့် လုပ်ငန်းအတွက် ကိုယ်တော်ရှင်အား ဆက်ကပ်ထားရမည်။COLB 119.1

    ကျမ်းစာမှ ရရှိနိုင်သည့် ကျယ်ဝန်းလှစွာသော အတတ်ပညာဌာန တံခါးကြီးကို နားမထောင်ခြင်းက ပိတ်ထားပါသည်။ နားလည် သဘောပေါက်ခြင်းဆိုသည်မှာ ဘုရားသခင်၏ ပညတ်တော်များအတိုင်း လိုက်နာခြင်း ဖြစ်ပါသည်။ ကျမ်းစာကို လူတို့ တင်ကူးယူဆထားသော သဘောထားများနှင့် လည်းကောင်း၊ ကြောင့်ကြသော စိတ်နှင့် လည်းကောင်း ကိုက်ညီအောင် မပြုသင့်ပါ။ သမ္မာတရားတော်အတိုင်း လိုက်နာကျင့်သုံးရန် စိတ်နှလုံး နှိမ့်ချစွာဖြင့် ရှာဖွေလေ့လာသော သူများသာလျှင် သမ္မာတရားဆိုင်ရာ အတတ်ပညာကို နားလည် တတ်ကျွမ်းလိမ့်မည်။COLB 119.2

    ကယ်တင်ခြင်းရဖို့ရာ ဘာကို လုပ်ရပါမည်နည်းဟု ကိုယ်ကိုကိုယ် မေးဖူးပါသလား။ သင်၏ ရိုးရာအယူအဆများ နှင့် လေ့လာ မှတ်သားထားသည့် အတွေးအခေါ်များကို စူးစမ်းရှာဖွေရေး တံခါးဝတွင် ထားခဲ့ပါ။ သင်၏ ကိုယ်ပိုင် အယူအဆများကို အတည်ပြုရန်အတွက် ကျမ်းစာကို ရှာဖွေလေ့လာလျှင် သင်သည် မည်သည့်အခါမျှ သမ္မာတရားကို မတွေ့ မသိနိုင်။ ဘုရားသခင် မည်သို့ မိန့်တော်မူသည်ကို နာယူသင်ကြားရန် ကျမ်းစာကို ရှာဖွေစူးစမ်းပါ။ အကယ်၍ စေ့စေ့ရှာဖွေချိန်တွင် သင်၌ ကိုယ်ပိုင် အယူအဆနှင့် မကိုက်ညီလျှင် သမ္မာတရားကို သင်၏ ယုံကြည်ချက်နှင့် ဆီလျော်အောင် အနက်အဓိပ္ပါယ် မဖွင့်ပါနှင့်။ သင့်အား ပေးသော အလင်းတရားအတိုင်း လက်ခံပါ။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်မှ အံ့သြဖွယ်ရာများကို သိတွေ့နိုင်ရန် သင်၏ စိတ်နှလုံး တံခါးကို ဖွင့်ထားပါ။COLB 120.1

    ခရစ်တော်သည် ဤ လောက၏ ရွေးနုတ်ရှင် ဖြစ်သည်ဟု ယုံကြည်လက်ခံနိုင်ရန် ကောင်းကင် ဘဏ္ဍာတော်၏ အကျိုးသက်ရောက်မှုကို ကောင်းစွာ နားလည် သဘောပေါက်၍ အမှား နှင့် အမှန်ကို ပိုင်းခြား ဝေဖန်၍ သိမြင်နိုင်သူ တစ်ဦး ဖြစ်ရမည်။ ဤ ယုံကြည်ခြင်းသည် နောင်တရခြင်းနှင့် လည်းကောင်း၊ အကျင့်စာရိတ္တ ပြောင်းလဲခြင်းနှင့် လည်းကောင်း မကွဲမလွဲပါ။ ယုံကြည်ခြင်း ရှိရမည်ဆိုသည်မှာ ဧဝံဂလိတရားတော်တည်းဟူသော ဘဏ္ဍာတော်ကို တွေ့အောင် ရှာ၍ ယင်း တရားတော်နှင့်တကွ ၎င်းက ပေးအပ်သော တာဝန်များကိုပါ လက်ခံရမည် ဖြစ်ပါသည်။COLB 120.2

    “ဒုတိယမွေးခြင်းကို မခံသော သူ မည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ။” ယော၊ ၃:၃။ သူသည် စိတ်ကူးဖြင့် မှန်းဆတွေးယူနိုင်မည် ဖြစ်သော်လည်း ယုံကြည်ခြင်း မျက်စိ မရှိလျှင် ကောင်းကင်ဘဏ္ဍာကို မတွေ့မမြင်နိုင်။ ယင်း အဖိုးမဖြတ်နိုင်သော ရတနာကို ကျွန်ုပ်တို့ ရရှိနိုင်ရန် ခရစ်တော်သည် မိမိ အသက်ကို စွန့်တော်မူ၏။ သို့သော် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏ အသွေးတော်၌ အသစ် မွေးဖွားခြင်းကို မခံယူပါက အပြစ်လွှတ်ငြိမ်းခွင့်ကို မရနိုင်။ သေဆုံးနေသော အသက်ဝိညာဉ်အဖို့ ဘဏ္ဍာရတနာ မရှိ။COLB 120.3

    ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်တွင် ပါဝင်သော သစ္စာတရားများကို နားလည် သဘောပေါက်ရန် ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းရောင်ကို လိုအပ်ပါသည်။ နေသည် အမှောင်ထုကို လွင့်ပျောက်စေပြီး ကမ္ဘာလောကကြီးကို အလင်းရောင်ဖြင့် မဖုံးလွှမ်းမီတိုင်အောင် သဘာဝ လောကကြီး၏ အလှအပများကို မတွေ့ရ မမြင်နိုင်သကဲ့သို့ တရားတော် နေမင်း၏ ရောင်ခြည်အားဖြင့် မဖေါ်ပြလျှင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဆိုင်ရာ ဘဏ္ဍာ ရတနာများ၏ အကျိုးကျေးဇူးကို မသိ နားမလည်နိုင်ပါ။COLB 121.1

    အနန္တမေတ္တာတော်၏ ကောင်းမြတ်သော စေတနာ နှင့် ကောင်းကင်မှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ ထံတော်မှ အရာခပ်သိမ်းကို ယူ၍ စိတ်နှောင့်နှေးခြင်း မရှိဘဲ ခရစ်တော်ကို ယုံကြည်သူတိုင်းအား ဖွင့်ပြတော်မူ၏။ အသက်ဝိညာဉ် ကယ်တင်ခြင်း ရရှိရေးအတွက် အလွန် အရေးကြီးသော သမ္မာတရားကို ဝိညာဉ်တော် တန်ခိုးအားဖြင့် သူ၏ စိတ်တွင် စွဲမြဲစေ၍ ဘဝ အသက်တာ၏ လမ်းစဉ်ကို ဖြူးဖြောင့်စေသောကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ လမ်း မလွဲနိုင်။ ကျွန်ုပ်တို့သည် သမ္မာတရားတော်၏ ဘဏ္ဍာ ရတနာများကို တွေ့သိ၍ ၎င်း၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန် ကျမ်းစာကို စေ့စေ့ လေ့လာရင်း ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်သည် နှုတ်ကပါတ်တရားတော်အပေါ် အလင်းရောင် ပေးတော်မူပါစေသတည်း ဟု ဆုတောင်းသင့်ကြပါသည်။COLB 121.2

    Larger font
    Smaller font
    Copy
    Print
    Contents