Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 24—မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို မဝတ်သော သူ

    မ၊ ၂၂:၁-၁၄။ ကို အခြေပြုပါသည်။

    မင်္ဂလာဆောင်ပွဲ အဝတ် ဥပမာကို ကျွန်ုပ်တို့အတွက် အကျိုးသက်ရောက်မှု အထိရောက်ဆုံး ရရှိစေရန် ဖွင့်ပြထားခြင်း ဖြစ်ပါသည်။ မင်္ဂလာဆောင်ခြင်း၏ အဓိပ္ပါယ်မှာ ဘုရားသခင် နှင့် လူသား တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းကို ပုံဆောင်ပါသည်။ မင်္ဂလာဆောင်ပွဲ၏ အဝတ်ဆိုသည်မှာ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ထိုက်သူဟု သတ်မှတ်သည့် ကျွန်ုပ်တို့ အားလုံးတွင် ရှိရမည့် အကျင့်စာရိတ္တကို ပုံဆောင်ပါသည်။COLB 382.1

    ဤ ဥပမာတွင် စားသောက်ပွဲကြီး ဥပမာကဲ့သို့ ဧဝံဂေလိ တရားတော်ဆိုင်ရာ ခေါ်ဖိတ်ခြင်း အကြောင်း၊ ၎င်း ခေါ်ဖိတ်ခြင်းကို ယုဒလူတို့က ငြင်းပယ်ခြင်း၊ တစ်ပါးအမျိုးသားများအား ကရုဏာတော်ဆိုင်ရာ ခေါ်ဖိတ်ခြင်း စသည်တို့ကို ပုံဆောင်ထားပါသည်။ ခေါ်ဖိတ်ခြင်းကို ငြင်းပယ်သူများနှင့် ပတ်သက်၍ ဤ ဥပမာတွင် ပို၍ မထီလေးစား လုပ်ပုံ၊ ပို၍ ထိန့်လန့်ဖွယ် ကောင်းသည့် ပြစ်ဒဏ်ပေးပုံများကို ဖေါ်ပြထားပါသည်။ စားသောက်ပွဲကြီးသို့ ခေါ်ဖိတ်ခြင်းသည် ဘုရင်ကြီးထံမှ ဖြစ်ပါသည်၊ အမိန့် ထုတ်ပြန်နိုင်သော တန်ခိုးအာဏာ ရှိသူထံမှ ခေါ်ဖိတ်ခြင်း ဖြစ်ပါသည်။ ခေါ်ဖိတ်ခြင်း ခံရသူသည် ဂုဏ်အသရေ အပ်နှင်းခြင်းကို ခံရသူ ဖြစ်ပါသည်။ သို့သော် ယင်း ဂုဏ်အသရေ၏ အကျိုးကျေးဇူးကို တန်ဖိုး မထားကြပါ။ ဘုရင်ကြီး၏ အမိန့်အာဏာကို မထီလေးစား ပြုကြ၏။ အိမ်ရှင်၏ ဖိတ်ကြားခြင်းကို လျစ်လျူရှုခဲ့ကြ သော်လည်း ဘုရင်ကြီး၏ ဖိတ်ကြားခြင်းကို မူကား ပို၍ မထီလေးစား ပြုသည့်ပြင် လူသတ်မှုကိုပါ ကျူးလွန်ကြ၏။ ဘုရင်ကြီး၏ အမှုထမ်းများကို ပြောင်လှောင်သရော်၍ သတ်ကြ၏။COLB 382.2

    အိမ်ရှင် ခေါ်ဖိတ်ခဲ့သော ဧည့်သည်များသည် ခေါ်ဖိတ်သံကို အရေးမပေးကြသောအခါ အိမ်ရှင်က ယင်း ခေါ်ဖိတ်ထားပြီး သူများသည် မိမိ တည်ခင်းထားသော စားသောက်ပွဲကို မမြည်းမစမ်းရဟု ကြေငြာလိုက်ပါသည်။ သို့ရာတွင် ဘုရင်ကြီး ဖိတ်ကြားသည်ကို မထီလေးစား ပြုသူများအား စားသောက်ပွဲသို့ မဝင်မရောက်ရ၊ သူ၏ ရှေ့မှောက်သို့ မလာမရောက်ရဟု အမိန့်ထုတ်၍ “စစ်ချီစေသဖြင့် လူအသက်ကို သတ်သော ထိုသူတို့ကို အပြီး လုပ်ကြံ၍ သူတို့၏ မြို့ကို မီးရှို့လေ၏။”COLB 382.3

    ဥပမာ နှစ်ခုလုံးတွင် ဧည့်သည့်များအတွက် စားသောက်ပွဲ တည်ခင်းထားပါသည်။ သို့သော် ဒုတိယ စားသောက်ပွဲမှာမူကား စားသောက်ပွဲသို့ ဝင်ရောက်သော သူတိုင်း ပြင်ဆင်မှု တစ်ရပ် ပြုလုပ်ရန် လိုအပ်ပါသည်။ ယင်း ပြင်ဆင်မှု မပြုလုပ်သော သူများသည် စားသောက်ပွဲမှ နှင်ထုတ်ခြင်းကို ခံရကြ၏။ “မင်းကြီးသည် ပွဲ၌ လျောင်းသော သူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို မဝတ်သော သူ တစ်ယောက်ကို မြင်လျှင် အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ် မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲ နေ၏။ ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏ လက်ခြေကို တုပ်နှောင်လော့၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော် ရှိ၏။”COLB 383.1

    စားသောက်ပွဲကြီးသို့ ခေါ်ဖိတ်ခြင်းကို ခရစ်တော်၏ တပည့်တော်များက ဆောင်ရွက်ကြပါသည်။ ပထမတွင် တပည့်တော် တစ်ဆယ့်နှစ်ယောက်ကို လည်းကောင်း၊ ထိုနောက် ခုနှစ်ဆယ်သော တမန်တော်များကို လည်းကောင်း စေလွှတ်တော်မူ၍ ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ ဖြစ်ကြောင်း၊ လူအပေါင်းတို့သည် နောင်တ ရ၍ ဧဝံဂေလိ တရားတော်ကို ယုံကြည်ရန် ဖြစ်ကြောင်း ကြွေးကြော်စေရန် ကျွန်ုပ်တို့၏ အရှင်သခင် စေလွှတ်တော်မူခဲ့၏။ သို့သော် ယင်းသို့ ခေါ်ဖိတ်တော်မူခြင်း ကို အရေးမယူ ဂရုမစိုက်ကြ။ စားသောက်ပွဲသို့ ခေါ်ဖိတ်ခြင်း ခံရသူများ မလာမရောက်ကြ။ ထိုနောက် အခြားသော လုလင်တို့ကို စေလွှတ်၍ “ငါ့ ပွဲကို ငါပြင်ဆင်ပြီ၊ နွားမှစသော ဆူဖြိုးသည့် တိရစ္ဆာန်များကို သတ်၍ ပြီးပြီ၊ အလုံးစုံတို့သည် အသင့် ရှိပြီ၊ မင်္ဂလာဆောင်ပွဲသို့ လာကြပါ။” ဟု မှာကြားပြန်၏။ ယင်းသို့ မှာကြားခြင်းမှာ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူ ပြီးနောက် ယုဒလူတို့ ထံသို့ ပေးပို့သော သတင်းစကား ဖြစ်ပါသည်။ သို့သော် ဘုရားသခင်၏ ထူးဆန်းသော လူမျိုးဟု အခေါ်ခံသော လူမျိုးသည် သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးဖြင့် သူတို့ ထံသို့ ပို့ဆောင်သော ဧဝံဂေလိ တရားတော်ကို ငြင်းပယ်ကြ၏။ ထိုသို့ ငြင်းပယ်ခြင်းကို အများသော သူတို့သည် ပြောင်လှောင်သည့် ပုံစံဖြင့် ပြုကြ၏။ အခြား သူများက မူကား ဘုန်းရှိသော အရှင်ကို ငြင်းပယ်ပြီးသည် တိုင်အောင် လွတ်ငြိမ်းခွင့် ပေးပြီးလျှင် ကယ်တင်ခြင်းကိုပါ ကမ်းလှမ်းသော်လည်း အမျက်ဒေါသ ပြင်းစွာ ထွက်၍ သတင်းစကား သယ်ဆောင်လာသူများကို ခုခံကြ၏။ ထိုကြောင့် “ပြင်းစွာသော ညှဉ်းဆဲခြင်း” ကို ခံရကြ၏။ တ၊ ၈:၁။ အမျိုးသား အမျိုးသမီး အများကို အကျဉ်းထောင်သို့ ပို့ကြ၏။ သတေဖန် နှင့် ယာကုပ်တို့ ကဲ့သို့ ကိုယ်တော်၏ တမန်တော် အချို့ အသေသတ်ခံရကြ၏။COLB 383.2

    ယင်းသို့ ပြုခြင်းအားဖြင့် ယုဒလူတို့သည် ဘုရားသခင်၏ ကရုဏာတော်ကို လက်ခံရန် အဆုံးသတ် ငြင်းပယ်လိုက်ကြ၏။ ယင်းသို့ပင် ဖြစ်ရမည်ဟု ခရစ်တော်သည် ဥပမာတွင် ကြိုတင်၍ မိန့်တော်မူခဲ့၏။ ဘုရင်ကြီးသည် “စစ်ချီစေသဖြင့် လူ အသက်ကို သတ်သော ထိုသူတို့ကို အပြီး လုပ်ကြံ၍ သူတို့၏ မြို့ကို မီးရှို့လေ၏။” ၎င်း ပြစ်ဒဏ် စီရင်ချက်သည် ယုဒလူတို့အပေါ်သို့ ကျရောက်သဖြင့် ယေရုရှလင်မြို့ကြီး ဖျက်ဆီးခြင်း ခံရသောကြောင့် လူတစ်မျိုးလုံး ကစဉ့်ကလျား ဖရိုဖရဲ ဖြစ်ကြ၏။COLB 384.1

    စားသောက်ပွဲသို့ တတိယ အကြိမ် ခေါ်ဖိတ်ခြင်းသည် တစ်ပါးအမျိုးသားတို့ ထံသို့ ဧဝံဂေလိ တရားတော် ပေးပို့ခြင်းကို ပုံဆောင်ထားပါသည်။ မင်းကြီးသည် လုလင်တို့ကို ခေါ်၍ “ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့် ရှိ၏။ခေါ်ဖိတ်သော သူတို့သည် မထိုက်မတန်သောကြောင့် လမ်းမ လမ်းကြားသို့ သွား၍ တွေ့သမျှသော သူတို့ကို ပွဲသို့ ခေါ်ဖိတ်ကြ” ဟု အမိန့်တော် ရှိ၏။COLB 384.2

    လမ်းများသို့ ထွက်သွားသော လုလင်တို့သည် “ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့် ရှိလေ၏။” လူမျိုးစုံသော ပရိသတ် ဖြစ်လေ၏။ ယခင်က စားသောက်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ငြင်းပယ်ခဲ့သော သူများ ကဲ့သို့ပင် ဖိတ်ခေါ်သည့် စားသောက်ပွဲရှင် ကို မကြည်ညို မလေးစားသူများလည်း ပါဝင်ပါသည်။ ပထမ အကြိမ် ဖိတ်ခေါ်ခြင်းကို ခံရသော သူများသည် မင်းကြီး၏ စားသောက်ပွဲသို့ တက်ရောက်နိုင်ရေးအတွက် လောကီ အခွင့်အရေး တစ်စုံတစ်ခုကိုမျှ မစွန့်မလွှတ်နိုင်ဟု သဘောထားသော လူတန်းစား ဖြစ်ပါသည်။ ၎င်းအပြင် ဖိတ်ခေါ်ခြင်းကို လက်မခံသော သူတို့တွင် မိမိတို့ ကိုယ်ကျိုးအတွက်သာ ရှေးရှုသော သူများ ပါဝင်ပါသည်။ ခင်းကျင်းထားသည့် စားသောက်ဖွယ်များကို သုံးဆောင်ရန်အတွက် သက်သက် စားသောက်ပွဲသို့ တက်ရောက်ခြင်း ဖြစ်ပြီး မင်းကြီးအား ဂုဏ်ပြုလိုသော ဆန္ဒ လုံးဝ မရှိကြပါ။COLB 384.3

    ဧည့်သည်များအား ကြည့်ရှုရန် မင်းကြီး ဝင်လာသောအခါ ဧည့်သည်များ၏ အမှန် သဘောထားများကို တွေ့သိတော်မူ၏။ လာရောက်သော ဧည့်သည်တိုင်းအတွက် မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို အဆင်သင့် စီမံထားပါသည်။ ယင်း အဝတ်သည် မင်းကြီး၏ လက်ဆောင် ဖြစ်၏။ ထို အဝတ်ကို ဆင်မြန်းထားခြင်းအားဖြင့် ဧည့်သည် ဖြစ်သူက မင်းကြီးအား ရိုသေလေးစားကြောင်းကို ပြပါသည်။ သို့သော် တစ်ယောက်သော သူသည် မိမိပိုင် သာမန် ဝတ်စုံကိုသာ ဆင်ယင်ထားပါသည်။ သူသည် မင်းကြီး အလိုရှိသည်အတိုင်း ပြင်ဆင်မှုကို မပြုမလုပ်။ သူ့အတွက် အသင့် စီမံထားသော တန်ဖိုးကြီး ဝတ်ရုံကို အထင်အမြင်သေး၍ ဝတ်ဆင်ခြင်း မပြု။ ယင်းသို့ ပြုခြင်းဖြင့် မိမိ အရှင်သခင်ကို မထီလေးစား ပြု၏။ “မင်္ဂလာဆောင်ပွဲ၏ အဝတ် မရှိဘဲ အဘယ်ကြောင့် ဝင်သနည်း” ဟု မင်းကြီး မေးသောအခါ သူ့မှာ အဖြေ မရှိ။ သူ့ကိုယ်သူပင် အပြစ် စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်၏။ ထိုနောက် မင်းကြီးက “ထိုသူ၏ လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း၊ အံ့သွားခဲကြိတ်ခြင်း ရှိရာ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော် ရှိ၏။COLB 385.1

    စားသောက်ပွဲသို့ တက်ရောက်သော ဧည့်သည်များကို မင်းကြီး စစ်ဆေးခြင်းသည် တရားစီရင်ခြင်း ကိစ္စ တစ်ရပ်ကို ပုံဆောင်ထားပါသည်။ ဧဝံဂေလိ စားသောက်ပွဲသို့ လာရောက်သော ဧည့်သည်များ ဆိုသည်မှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော သူများ၊ အသက်စာစောင်တွင် အမည် စာရင်း ပါဝင်သူများ ဖြစ်ပါသည်။ သို့သော် ခရစ်ယာန် အမည်ခံ သော သူတိုင်း စစ်မှန်သော တပည့်တော်များ မဟုတ်နိုင်ပါ။ နောက်ဆုံးသော ဆုပေးချိန်တွင် ဖြောင့်မတ်ခြင်း အမွေကို ခံထိုက်သော သူသည် မည်သူ ဖြစ်သည်ကို ဆုံးဖြတ်ရပါမည်။ ခရစ်တော်သည် မိုးတိမ်ကို စီး၍ ဒုတိယ အကြိမ် ကြွလာတော် မမူမီ ယင်း ဆုံးဖြတ်ချက်ကို အပြီးသတ် ချမှတ်ရပါမည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော် ကြွလာတော်မူသောအခါ အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍ “လူ အသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။” ဗျာ၊ ၂၂:၁၂။ ထိုကြောင့် ကိုယ်တော် ကြွလာတော် မမူမီ လူတိုင်း၏ အကျင့်သီလ ပမာဏကို သတ်မှတ်ပြီး ဖြစ်ရပါမည်။ ၎င်းအပြင် ခရစ်တော်၏ နောက်တော်သို့ လိုက်သော သူတိုင်းအတွက် သူ၏ အပြုအမူနှင့် လျော်ညီသော အကျိုးအပြစ်ကို ခွဲဝေပေးတော်မူလိမ့်မည်။COLB 385.2

    လူတို့သည် ဤ ကမ္ဘာမြေကြီးပေါ်တွင် မှီတင်းနေထိုင်စဉ် ကာလ၌ပင် သူ၏ အမှုကို ကောင်းကင် တံတိုင်းတော် အတွင်း၌ စစ်ကြောစုံစမ်း၍ တရားစီရင်နေပါသည်။ ကိုယ်တော်၏ နောက်တော်သို့ လိုက်သောသူ အားလုံး၏ အသက်တာများကို ဘုရားသခင်၏ ရှေ့တော်မှောက်တွင် စစ်ဆေးနေပါသည်။ ကောင်းကင် စာစောင်များတွင် မှတ်တမ်းတင်ထားသည့်အတိုင်း လူတို့ကို စစ်ဆေး၍ သူ၏ အပြုအမူများ အပေါ်မူတည်လျက် ထာဝရ ကာလအတွက် အပြီးသတ် ဆုံးဖြတ်ထားပါသည်။COLB 387.1

    ဥပမာတွင် ပုံဆောင်ထားသော မင်္ဂလာဆောင်ပွဲ၏ အဝတ်ဆိုသည်မှာ ခရစ်တော်၏ တပည့်တော် အစစ်အမှန်များတွင် ရှိရမည့် သန့်ရှင်းဖြူစင်၍ အစွန်းအကွက်နှင့် ကင်းသော အကျင့်စာရိတ္တ ဖြစ်ပါ၏။ အသင်းတော်အတွက်မှာမူကား “အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်” ဧ၊ ၅:၂၇။ “စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကို ရ၏။” စင်ကြယ်ပြောင်လက်သော ပိတ်ချောဆိုသည်မှာ “သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။” ဟု ကျမ်းစာတွင် ဖေါ်ပြထားပါသည်။ ဗျာ၊ ၁၉:၈။ ၎င်းသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ကိုယ်တော်၏ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော ဂုဏ်အင်္ဂါတော် ဖြစ်ပါသည်။ ၎င်း ဖြောင့်မတ်ခြင်း တည်းဟူသော ဝတ်ရုံကို ကိုယ်တော်အား မိမိ ကယ်တင်ရှင် အဖြစ် လက်ခံသူတိုင်းအား ပေးတော်မူ၏။COLB 387.2

    ကျွန်ုပ်တို့၏ ပထမ မိဘ နှစ်ပါးတို့သည် ထာဝရအရှင် ဘုရားသခင် ပေးသနားတော်မူသည့် သန့်ရှင်းသော ဧဒင်အိမ်၌ နေကြစဉ်က အပြစ်နှင့် ကင်းစင်သည့် ဖြူသော ဝတ်ရုံကို ဝတ်ဆင်ရကြ၏။ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို တသဝေမတိမ်း လိုက်နာကြ၏။ သူတို့၏ ကောင်းကင်ဘုံရှင် အဘဘုရားသခင်ကို အစွမ်းသတ္တိ ရှိသမျှနှင့် ချစ်ကြ၏။ သန့်ရှင်းသော မင်္ဂလာစုံတွဲအား ဘုရားသခင်၏ တင့်တယ်သော အလင်းရောင် ဖျော့ဖျော့ကလေးဖြင့် ဖုံးကွယ်ထားတော်မူ၏။ အလင်းရောင် ဝတ်စုံသည် သူတို့၏ အမှတ်အသား ဖြစ်ပါသည်။ သူတို့သည် ဘုရားသခင်၏ အပေါ်၌ သစ္စာ တည်မြဲခဲ့ကြပါက ယင်း ဝတ်စုံသည် သူတို့အား အမြဲတစေ ဆက်လက်၍ ဖုံးကွယ်ထားပေလိမ့်မည်။ သို့သော် အပြစ်ဒုစရိုက် ဝင်ရောက်လာသောအလါ သူတို့သည် ဘုရားသခင်နှင့် အဆက်ပြတ်၍ သူတို့အား ဝန်းရံလျက် ရှိသော အလင်းရောင်သည်လည်း သူတို့နှင့် ခွဲခွာလေ၏။ အဝတ် အချည်းစည်း ရှိသဖြင့် အရှက်ရ၍ ကောင်းကင် ဝတ်စုံအစား သင်္ဘောသဖန်းပင် အရွက်များကို ချုပ်စပ်၍ ဝတ်ဆင်ကြ၏။COLB 387.3

    အာဒံ နှင့် ဧဝ တို့ နားမထောင်သည့် အချိန်မှ အစပြု၍ ဘုရားသခင်၏ တရားတော်ကို ကျူးလွန်သူများ ယင်း နည်းတူပင် ပြုနေကြပါသည်။ သူတို့သည် သင်္ဘောသဖန်းရွက်များကို ချုပ်စပ်၍ သူတို့ ကျူးလွန်သော ဒုစရိုက်ကြောင့် အဝတ်အချည်းစည်း ဖြစ်ခြင်းကို ဖုံးကွယ်ရန် ကြိုးပမ်းကြ၏။ သူတို့ ကိုယ်တိုင် ကြံစည် တီထွင်သော ဝတ်စုံကို ဝတ်ဆင်ကြသည်မှာ သူတို့ကို ဘုရားသခင် လက်ခံအောင် ကိုယ်ပိုင် အကျင့်သီလများအားဖြင့် သူတို့၏ ဒုစရိုက်များကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်း ဖြစ်၏။COLB 388.1

    သို့သော် သူတို့သည် ယင်းနည်းလမ်းအတိုင်း ဆောင်ရွက်၍ မရနိုင်ပါ။ ဆုံးရှုံးခဲ့သော အပြစ်နှင့် ကင်းစင်သည့် ဝတ်ရုံကို ပြန်လည် ရရှိရန် လူသည် မည်သို့မျှ ကြံစည်တီထွင်၍ အစားမထိုးနိုင်ပါ။ ဘုရားသခင် သိုးသငယ်၏ မင်္ဂလာဆောင် စားသောက်ပွဲတော်တွင် ကောင်းကင်တမန်များ အပါအဝင် ခရစ်တော်နှင့် အတူ ထိုင်ရန်အတွက် မည်သည့် သင်္ဘောသဖန်းရွက် ဝတ်စုံ၊ မည်သည့် လောကီသား ဝတ်စုံကိုမျှ ဝတ်ဆင်ခွင့် မရှိပါ။COLB 388.2

    ခရစ်တော် ကိုယ်တိုင် အသင့် စီမံထားတော်မူသော ဝတ်ရုံကို ဝတ်ဆင်ထားမှ သာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့တော်၌ လုံခြုံမှု ရှိပါလိမ့်မည်။ ၎င်း ဝတ်ရုံသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဖြစ်၍ နောတ သံဝေဂ ရပြီးလျှင် ကိုယ်တော်ကို ယုံကြည်သော သူတိုင်းအား ဝတ်ဆင်ပေးတော်မူ၏။ သို့ဖြစ်၍ “အဝတ် အချည်းစည်း ရှိ၍ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဖို့ ဖြူသော ဝတ်ရုံ ……… ငါ့ထံမှာ ဝယ်လော့” ဟု ကိုယ်တော်ရှင် မိန့်မှာတော်မူ၏။ ဗျာ၊ ၃:၁၈။COLB 389.1

    ကောင်းကင်ရက်ကန်းစင်တွင် ရက်လုပ်ထားသည့် ယင်း ဝတ်ရုံတွင် လူသားတို့ ကြံစည်ပြုလုပ်ထားသည့် ချည်မျှင် တစ်မျှင်ပင် ပါဝင်ခြင်း မရှိပါ။ ခရစ်တော်သည် လူသား အဖြစ်ကို ခံယူတော်မူ၍ စုံလင်သော အကျင့်စာရိတ္တကို ဆည်းပူးခဲ့ပြီးလျှင် ယင်း အကျင့်စာရိတ္တကို ကျွန်ုပ်တို့အား ကမ်းလှမ်းတော်မူ၏။ “အကျွန်ုပ်တို့ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့် တူကြပါသည်။” ဟေရှာ၊ ၆၄:၆။ ကျွန်ုပ်တို့ ကိုယ်တိုင် ကျင့်နိုင်သမျှသည် ဒုစရိုက်ကြောင့် ညစ်ညူးခြင်းသာ ဖြစ်၏။ သို့သော် ဘုရားသခင်၏ သားတော်သည် “ငါတို့၏ အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူ၏။ …. ကိုယ်တော်၌လည်း အပြစ် မရှိ” ဒုစရိုက် ဆိုသည်မှာ “ပညတ်တော်ကို လွန်ကျူးခြင်း ဖြစ်သတည်း” ၁ ယော၊ ၃:၅၊၄။ သို့သော် ခရစ်တော်သည် ပညတ်တော် ရှိသမျှကို သစ္စာနှင့် လိုက်နာ စောင့်ရှောက်တော်မူ၏။ထိုကြောင့် ကိုယ်တော် မိန့်တော်မူသည်မှာ “အကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်၏ အလိုကို ဆောင်ရာ၌ အကျွန်ုပ်သည် အားရ ဝမ်းမြောက်ပါ၏။ ကိုယ်တော်၏ တရားသည်လည်း အကျွန်ုပ် နှလုံးထဲမှာ ရှိပါ၏” ဆာလံ၊ ၄၀:၈။ ဤ လောက၌ ကိုယ်တော် ရှိတော်မူစဉ်က “ငါသည် ငါ့ ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်” ၏ ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ယော၊ ၁၅:၁၀။ ကိုယ်တော်သည် ဘုရားသခင်၏ ပညတ်တော်တို့ကို စုံလင်စွာ နားထောင်တော်မူခြင်း အားဖြင့် လူသားတိုင်းအား ကျွန်ုပ်တို့ ကိုယ်ကို ခရစ်တော်အား ဆက်ကပ် အပ်နှံထားပါက ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ကိုယ်တော်၏ စိတ်နှလုံးနှင့် တပေါင်တည်း ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ အလိုဆန္ဒများသည် ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ စိတ်နေ သဘောထားသည် ကိုယ်တော်၏ စိတ်နေ သဘောထားနှင့် တညီတညွတ်တည်း ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့၏ အကြံအစည်များသည်လည်း ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အသက်တာ နည်းတူ အသက်ရှင်ကြလိမ့်မည်။ ယင်း အခြေအနေသို့ ဆိုင်ရောက်လာလျှင် ကိုယ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံကို ဝတ်ဆင်ထားသည် မည်၏။ ထိုနောက် ကျွန်ုပ်တို့ကို အရှင်ဘုရား ကြည့်ရှုတော်မူသောအခါ သင်္ဘောသဖန်းရွက်နှင့် ချုပ်စပ်ထားသော အဝတ်ကို လည်းကောင်း၊ ဒုစရိုက် အပြစ်လွှမ်းခြုံသဖြင့် အဝတ်အချည်းစည်း ရှိခြင်းကို လည်းကောင်း၊ အပြစ် ဒုစရိုက်ကြောင့် ကြန်အင်္ဂါ ချို့တဲ့ခြင်းကို လည်းကောင်း တွေ့မြင်တော်မူမည် မဟုတ်တော့ပါ။ ယေဟောဝါအရှင်၏ တရားတော်ကို ပြည့်စုံကုံလုံစွာ နားထောင်ခြင်း တည်းဟူသော ကိုယ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံနှင့် လွှမ်းခြုံလျက် ရှိသည်ကိုသာ တွေ့မြင်တော်မူလိမ့်မည်။COLB 389.2

    မင်္ဂလာဆောင် စားသောက်ပွဲသို့ တက်ရောက်သည့် ဧည့်သည်များကို ဘုရင်မင်းကြီး စစ်ဆေးကြည့်ရှုတော်မူ၏။ ဘုရင်မင်းကြီး၏ တောင်းဆိုချက်များကို လိုက်နာစောင့်ရှောက်၍ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို ဝတ်ဆင်ထားသူများကို သာလျှင် လက်ခံတော်မူ၏။ ဧဝံဂေလိ စားသောက်ပွဲဆိုင်ရာ ဧည့်သည်များမှာလည်း ယင်းအတိုင်းပင် ဖြစ်ပါသည်။ မြတ်တော်မူသော ဘုရင်ကြီး စေ့စပ်သေချာစွာ စစ်ဆေးခြင်းကို အောင်မြင်၍ ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံကို ဝတ်ဆင်ထားသူများ သာလျှင် သိမ်းဆည်းခြင်းကို ခံရကြပေလိမ့်မည်။COLB 390.1

    ဖြောင့်မတ်ခြင်းဆိုသည်မှာ ဖြောင့်မှန်စွာ ကျင့်ကြံပြုမူခြင်း ဖြစ်၍ လူတိုင်း မိမိတို့၏ အကျင့်အလျောက် တရားသဖြင့် စီရင်တော်မူခြင်းကို ခံရကြပေလိမ့်မည်။ ကျွန်ုပ်တို့ အကျင့်စာရိတ္တသည် ကျွန်ုပ်တို့၏ကျင့်ကြံပြုမူခြင်းဖြင့် ထင်ရှားပေါ်လွင်ပါသည်။ စစ်မှန်သော ယုံကြည်ခြင်း ဟုတ် မဟုတ် အကျင့်က အထင်အရှားပြပါသည်။COLB 390.2

    သမ္မာတရားတော်နှင့် စပ်ဆိုင်သည့် ဘာသာအယူဝါဒသည် လိမ္မာပါးနပ်စွာ အသစ် တီထွင်ထားသည့် ဒဏ္ဍာရီ မဟုတ်ကြောင်းကို လည်းကောင်း၊ ခရစ်တော်သည်လည်း အယောင်ဆောင်၍ လှည့်စားသူ မဟုတ်ကြောင်းကို လည်းကောင်း ယုံကြည်ရုံမျှဖြင့် မလုံလောက်သေးပါ။ လူသည် ကယ်တင်ခြင်းကို ရရှိရန်အတွက် ကောင်းကင်အောက် မြေကြီးပေါ်တွင် ယေရှုရှင်၏ နာမတော်မှ အပ အခြားသော နာမ တစ်စုံ တစ်ခုမျှ မရှိကြောင်းကို လည်း ကျွန်ုပ်တို့ ယုံကြည်ကောင်း ယုံကြည်ပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်ရှင်အား ကျွန်ုပ်တို့၏ ကယ်တင်ရှင် အဖြစ် ကိုယ်တိုင် လက်မခံသေးဘဲရှိနိုင်ပါသည်။ သမ္မာတရားတော်ကို စာတွေ့အားဖြင့် ယုံကြည်ရုံမျှဖြင့်လည်း မလုံလောက်သေးပါ။ ခရစ်တော်ကို ယုံကြည်ပ်သည်ဟု အမည်ခံ၍ အသင်းတော်၏ စာစောင်တွင် ကျွန်ုပ်တို့၏ အမည်ကို မှတ်တမ်းတင်ထားရုံ မျှဖြင့်လည်း မလုံလောက်သေးပါ။ “ပညတ်တော်တို့ကို စောင့်သော သူသည် ဘုရားသခင်၌ တည်၏။ ထိုသူ၌လည်း ဘုရားသခင် တည်တော်မူ၏။ ငါတို့အား ပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည် အမှီပြု၍ ဘုရားသခင်သည် ငါတို့၌ တည်တော်မူသည်ကို သိရကြ၏။” “ထို သခင်ကို ကိုယ်တိုင် သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်း ဟူမူကား ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း” ၁ ယော၊ ၃:၂၄။ ၂:၃။ ယင်း သာဓကများသည် စစ်မှန်သော ပြောင်းလဲမှုအတွက် သက်သေ ဖြစ်၏။ ကျွန်ုပ်တို့သည် ဖြောင့်မတ်စွာ ကျင့်ကြံပြုမူခြင်း အားဖြင့် ခရစ်တော် ပေါ်လွင်ထင်ရှားခြင်း မရှိလျှင် ကျွန်ုပ်တို့၏ ရာထူးနန္တရ မည်မျှပင် မြင့်မားစေကာမူ အကျိုးသက်ရောက်မှု မရှိနိုင်ပါ။COLB 391.1

    သမ္မာတရားတော်ကို စိတ်နှလုံးအတွင်း၌ စွဲစွဲမြဲမြဲ သိုဝှက်ထားခြင်းအားဖြင့် စိတ်နှလုံးကို အုပ်ချုပ်စေ၍ ချစ်ခင်ကြင်နာမှုကို နည်းမှန်လမ်းမှန် ဖြစ်စေရမည်။ အကျင့်စာရိတ္တ တစ်ခုလုံးသည် ဘုရားရှင်၏ မြွက်ဆိုခြင်းများ အားဖြင့် ထူခြားသည် လက္ခဏာ ပေါ်လွင်ရမည်။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်မှ အငယ်ဆုံးသော စာလုံးဗိန္ဓု တစ်လုံးမျှ မကျန်အောင် ကျွန်ုပ်တို့၏ နေ့စဉ် အသက်တာတွင် ဖေါ်ထုတ်ရမည်။COLB 391.2

    ဘုရားရှင်နှင့် ဆက်ဆံရသော သူသည် ဘုရားသခင်၏ မြင့်မြတ် သန့်ရှင်းတော်မူသော ဖြောင့်မတ်ခြင်းတရား အဆင့်နှင့် လိုက်လျောညီလိမ့်မည်။ ယင်း နည်းဥပဒေ အားဖြင့် ဘုရားသခင်သည် လူတို့၏ အပြုအမူများကို တိုင်းတာတော်မူ၏။ တရားစီရင်သော အချိန်တွင်လည်း ယင်းနည်းအားဖြင့် အကျင့်စာရိတ္တကို စစ်ဆေးတော်မူ၏။COLB 392.1

    ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်းအားဖြင့် ပညတ်တော် တရားများကို ပယ်ဖျက်ပြီးသည်ဟု အများသော သူတို့က အဆိုပြုကြပါသည်။ သို့သော် ယင်း အဆိုပြုချက်မှာ ခရစ်တော်၏ နှုတ်တော်ထွက် စကားများနှင့် ဆန့်ကျင်နေပါသည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်၊ …. ကောင်းကင် နှင့် မြေကြီး မပျက်စီးမီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓု တစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။” မ၊ ၅:၁၇၊၁၈။ လူသည် ပညတ်တရားကို လွန်ကျူးသည့် အပြစ်ကို ဖြေဖို့ရာ ခရစ်တော်သည် မိမိ အသက်ကို စွန့်တော်မူ၏။ ပညတ်တရားကို ပြောင်းလဲနိုင်မည်၊ သို့မဟုတ် ပယ်ထားနိုင်မည် ဆိုပါက ခရစ်တော် အသေခံတော်မူရန် လိုမည် မဟုတ်ပါ။ ကိုယ်တော်သည် ဤ လောကတွင် အသက်ရှင်ခြင်းအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို ဂုဏ်ပြုတော်မူ၏။ အသေခံတော်မူခြင်းအားဖြင့် တည်မြဲစေတော်မူ၏။ ကိုယ်တော်သည် မိမိ အသက်တော်ကို တင်လှူ ပူဇော်တော်မူခြင်း အားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို ဖြိုဖျက်ရန် မဟုတ်၊ အဆင့်အတန်း နိမ့်ကျစေရန် ဖန်တီးခြင်းလည်း မဟုတ်၊ တရားမျှတမှု တည်မြဲစေရန် နှင့် တရားတော်ကို မပြောင်းလဲဘဲ ထာဝစဉ် တည်တံ့ခိုင်မြဲစေရန် ဖြစ်၏။COLB 392.2

    လူသည် ဘုရားသခင်၏ ပညတ်တော်ကို လိုက်နာစောင့်ထိန်းခြင်းငှါ မစွမ်းနိုင်ဟု စာတန်က အဆိုပြုထားပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်စွမ်း အားဖြင့် စောင့်ထိန်းရန် မစွမ်းဆောင်နိုင်သည်မှာ မှန်ကန်ပါသည်။ သို့သော် ခရစ်တော်သည် လူ့ဇာတိအဖြစ်ကို ယူတင်ဝတ်ဆောင်၍ ကြွလာတော်မူခဲ့ ပြီးလျှင် ပညတ်တရားကို စုံလင်စွာ လိုက်နာစောင့်ထိန်းခြင်း အားဖြင့် လူသား နှင့် ဘုရားသခင် ပူးပေါင်း၍ ဘုရားသခင်၏ ပညတ်တရား အလုံးစုံတို့ကို လိုက်နာစောင့်ထိန်းနိုင်ကြောင်း သာဓကပြထားခြင်း ဖြစ်ပါသည်။COLB 392.3

    “ထို သူကို လက်ခံသမျှသော သူ တည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား ဘုရားသခင်၏ သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။” ယော၊ ၁:၁၂။ ၎င်းအခွင့်သည် လူ၏ အခွင့်အာဏာ မဟုတ်၊ ဘုရားသခင် ပေးသော အခွင့်အာဏာ ဖြစ်၏။ အသက်ဝိညာဉ် တစ်ခုသည် ခရစ်ကို လက်ခံသောအခါ ခရစ်တော်၏ အသက်တာအတိုင်း အသက်ရှင်ရဣ် အခွင့်အာဏာကိုလည်း ရရှိပါသည်။COLB 393.1

    ဘုရားသခင်သည် မိမိ၏ သားသမီးတို့အား စုံလင်သော သူများ ဖြစ်စေလိုတော်မူ၏။ ကိုယ်တော်၏ တရားတော်သည် ကိုယ်တော်နှင့် တစ်ပုံတစ်သဏ္ဌာန်တည်း ဖြစ်၍ အကျင့်စာရိတ္တ အားလုံးအတွက် စံ ဖြစ်၏။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရမည့် အမျိုးအစားတွင် အမှားအယွင်း မရှိစေရန် ယင်း စုံလင်သည့် စံပြ ဖြစ်သော တရားတော်သည် လူအတိုင်းအတွက် ဖြစ်ပါသည်။ ဤ လောကတွင် ခရစ်တော် အသက်တာသည် ဘုရားသခင်၏ ပညတ်တော်များကို စုံလင်စွာ ဖေါ်ထုတ်ခဲ့ပါသည်။ ၎င်းအပြင် ဘုရားသခင်၏ သားသမီးများဟု အခေါ်ခံသူများသည် ခရစ်တော်နှင့် တူညီလာသောအခါ သူတို့သည် ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာ စောင့်ထိန်းကြလိမ့်မည်။ ထိုအခါ သူတို့သည် ကောင်းကင် မိသားစု အသိုက်အဝန်းတွင် ပါဝင်နိုင်ရန်အတွက် သခင်ဘုရား စိတ်ချယုံကြည်တော်မူလိမ့်မည်။ ခရစ်တော်၏ ဘုန်းတန်ခိုး နှင့် ပြည့်စုံသည့် ဖြောင့်မတ်ခြင်း ဝတ်ရုံကို ဆင်မြန်းထားခြင်းဖြင့် သူတို့သည် ဘုရင်မင်းကြီး၏ စားသောက်ပွဲတွင် နေရာရကြလိမ့်မည်။ သူတို့သည် အသွေးတော်အားဖြင့် ဆေးကြောခြင်းကို ခံရပြီးသည့် ပရိသတ်နှင့် ပူးပေါင်းခွင့်ရကြပေလိမ့်မည်။COLB 393.2

    မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို မဝတ်ဘဲ စားသောက်ပွဲသို့ ဝင်သော သူ ဆိုသည်မှာ ယနေ့ လောက လူအများ၏ အခြေအနေကို ပုံဆောင်ထား ခြင်း ဖြစ်ပါသည်။ သူတို့သည် ခရစ်ယာန် အမည်ခံ၍ ဧဝံဂေလိ တရားတော်ဆိုင်ရာ အခွင့်အရေးများ နှင့် ကောင်းချီးမင်္ဂလာ မြောက်များစွာကို တောင်းဆို ရယူနေကြ၏။ သို့သော် သူတို့သည် အကျင့်စာရိတ္တ အားဖြင့် ပြောင်းလဲမှု ရှိရန် မလိုဟု သဘောထားကြ၏။ အပြစ်အတွက် မှန်သော နောင်တ သံဝေဂကို မည်သည့်အခါကမျှ မရကြပါ။ သူတို့သည် ခရစ်တော်ကို လိုအပ်သည် ဟူ၍ လည်းကောင်း၊ ခရစ်တော်၌ ယုံကြည်ခြင်း ရှိရမည် ဟူ၍ လည်းကောင်း သဘောမပေါက်ကြပါ။ ရိုးရာဓလေ့ထုံးစံအရ သို့မဟုတ် ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် မှားသော အလေ့အကျင့်များကို သူတို့ မချိုးမနှိမ်နိုင်ကြသေးပါ။ သို့ပါလျက် သူတို့သည် သူတော်ကောင်းများ ဖြစ်သည်ဟု သဘောပိုက်၍ ခရစ်တော်ကို ယုံကြည်ကိုးစားရမည့် အစား သူတို့၏ ကုသိုလ်ကောင်းမှုများကိုသာ အားကိုး အားထား ပြုနေကြ၏။ နှုတ်ကပါတ်တော်ကို ကြားနာရသဖြင့် စားသောက်ပွဲကြီးသို့ ဝင်ကြသော်လည်း ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိကြပါ။COLB 393.3

    ခရစ်ယာန် အမည်ခံသူ အများသည် လောကီ ကျင့်ဝတ်ကို လိုက်နာနေသူများသာ ဖြစ်နေပါသည်။ လောကီသားတို့ ရှေ့၌ ခရစ်တော်ကို ပုံဆောင်ခြင်း အားဖြင့် ကိုယ်တော်ကို ဂုဏ်ပြုနိုင်မည့် တစ်ခုတည်းသော ဆုကျေးဇူးကို သူတို့ ငြင်းပယ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှုသည် သူတို့အတွက် ထူးဆန်းသော အလုပ် ဖြစ်နေပါသည်။ သူတို့သည် နှုတ်ကပါတ်တော်နှင့် ညီညွတ်အောင် ကျင့်သော သူများ မဟုတ်။ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည် သို့မဟုတ်၊ လောကနှင့် တစ်လုံးတစ်ဝတည်း ဖြစ်သည်ကို ခွဲခြား သိမြင်နိုင်သည့် ကောင်းကင် အခြေခံ သဘောတရားများမှာ မခွဲခြားနိုင်လောက်အောင် ဖြစ်လာပါသည်။ ခရစ်တော်၏ နောက်တော်သို့ လိုက်သည်ဟု အမည်ခံသူများသည် သီးသန့်ထားသည့် ထာဝရဘုရား ပိုင်ထိုက်တော်မူသော လူမျိုး၊ ထူးခြားသော လူမျိုး မဟုတ်တော့သည့် အခြေသို့ ဆိုက်ရောက်နေပါသည်။ သတ်မှတ်ထားသည့် နယ်နိမိတ်မှာလည်း ထင်ရှားခြင်း မရှိတော့ပါ။ လူအပေါင်းတို့သည် လောကီ လက်အောက်ခံ၊ လောကီ ဓလေ့ထုံးစံအကျင့် လက်အောက်ခံ၊ ကိုယ်ကျိုး လိုက်စားခြင်း၏ လက်အောက်ခံများ ဖြစ်နေကြ၏။ တရားတော်ကို လိုက်နာစောင့်ရှောက်ရာ၌ လောကီသားတို့သည် အသင်းတော်သို့ ကူးပြောင်းရမည့်အစား တရားတော်ကို ကျူးလွန်ခြင်း၌ အသင်းတော်သည် လောကီသားတို့ ဘက်သို့ ကူးပြောင်းနေပါသည်။ အသင်းတော်သည် နေ့ရက် အစဉ်အတိုင်း လောကီ ဘက်သို့ ပြောင်းလဲနေပါသည်။COLB 394.1

    ဤ သူ အားလုံးတို့သည် ခရစ်တော် ကဲ့သို့ ကိုယ်အကျိုး ကိုယ်စည်းစိမ်ကို စွန့်လွှတ်၍ အနစ်နာခံခြင်း မရှိဘဲ ခရစ်တော် အသေခံတော်မူခြင်း အားဖြင့် ကယ်တင်ခြင်းကို ခံစားလိုကြ၏။ သူတို့၏ အကျင့်စာရိတ္တ မှန်ကို ဖုံးကွယ်ထားရန် ကျေးဇူးတော်များကို ချီးမွမ်းထောမနာ ပြုကြ၏။ ဖြောင့်မတ်သည့် အသွင်ကို ဆောင်ကြ၏၊ သို့သော် သူတို့ အားထုတ် ဆောင်ရွက်သမျှသည် ထာဝရဘုရား၏ နေ့ရက်တွင် အလဟဿ ဖြစ်ကြပေလိမ့်မည်။COLB 395.1

    ဒုစရိုက်ကို မြတ်နိုးသူအား ခရစ်တော်၏ ဖြောင့်မတ်ခြင်းက ဖုံးကွယ်ထားလိမ့်မည် မဟုတ်ပါ။ လူ တစ်ဦးတစ်ယောက်သည် မိမိ စိတ်နှလုံးအတွင်း၌ တရားဥပဒေကို ချိုးဖေါက်နေသော်လည်း လက်တွေ့ အပြစ်ကျူးလွန်ခြင်း မရှိပါက လောကီ အမြင်အားဖြင့် သူသည် သမ္မာဓိ ရှိသော သူ ဖြစ်၏။ သို့သော် ဘုရားသခင်၏ တရားတော်သည် စိတ်နှလုံးအတွင်း၌ ရှိသော လျှို့ဝှက်ချက်များကို ကြည့်ရှုတတ်၏။ အပြုအမူ ရှိသမျှကို လှုံ့ဆော်ပေးသည့် မူလ ရည်ရွယ်ရင်းအတိုင်း စီရင် ဆုံးဖြတ်ပါသည်။ ဘုရားသခင်၏ တရားတော်ဆိုင်ရာ အခြေခံ သဘောတရားများနှင့် ညီညွတ်သည့် အပြုအမူများ သာလျှင် တရားစီရင်ခြင်းကို ခံနိုင်စွမ်း ရှိပေလိမ့်မည်။COLB 395.2

    ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ကိုယ်တော်သည် ခရစ်တော်ကို စွန့်တော်မူခြင်း အားဖြင့် ယင်း ချစ်ခြင်းမေတ္တာကို ပြတော်မူ၏။ “သားတော်ကို ယုံကြည်သော သူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူ” ပြီးလျှင် အသွေးတော် အားဖြင့် ဝယ်ယူ ပိုင်ဆိုင်ထားသော သူများအတွက် အခြား မည်သည့် အရာကိုမျှ မပေးဘဲ နေတော်မူမည် မဟုတ်ပါ။ (ယော၊ ၃:၁၆) ကျွန်ုပ်တို့၏ အကြီး ဆုံးသော ရန်သူကြီးက ကျွန်ုပ်တို့အား အောင်မြင်နိုင်နှင်းခြင်းမှ ကာကွယ်ရန် လိုအပ်သော စွမ်းအား နှင့် အရည်အချင်း ရယူရန် ကောင်းကင် အားလုံးကို ပေးတော်မူ၏။ သို့သော် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော်က အပြစ်ဒုစရိုက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည် မဟုတ်ပါ။ ကိုယ်တော်သည် စာတန်၌ အပြစ် ဖြေလွှတ်ခြင်း မပြုပါ။ အာဒံ၌ လည်းကောင်း၊ ကာဣန၌ လည်းကောင်း အပြစ် ဖြေလွှတ်ခြင်း မပြုပါ။ အခြား မည်သည့် လူသား၌မျှလည်း အပြစ် ဖြေလွှတ်ခြင်းကို ပြုတော်မူလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ အပြစ်များကို လျစ်လျူရှု၍ ကျွန်ုပ်တို့၏ အကျင့်စာရိတ္တ ပျက်ယွင်းမှုကိုလည်း မေ့ထားတော်မူလိမ့်မည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ အပြစ် ဒုစရိုက်များကို အောင်မြင်နိုင်နင်းစေလိုတော်မူ၏။ COLB 395.3

    ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဆုကျေးဇူးကို ငြင်းပယ်နေသူများသည် ဘုရားသခင်၏ သားသမီးများ အဖြစ်သို့ သွတ်သွင်းပေးမည့် အကျင့်စာရိတ္တဆိုင်ရာ အင်္ဂါလက္ခဏာများကို ငြင်းပယ်နေခြင်း ဖြစ်ပါသည်။ မင်္ဂလာဆောင် စားသောက်ပွဲကြီးသို့ ဝင်ထိုက်သည့် တစ်ခုတည်းသော အခွင့်အရေးကို သူတို့ ငြင်းပယ်နေကြပါသည်။COLB 396.1

    ဥပမာတွင် ဘုရင်မင်းကြီးက “မင်္ဂလာဆောင်ပွဲ၏ အဝတ် မရှိဘဲ အဘယ်ကြောင့် ဝင်သနည်း” ဟု မေးသောအခါ ထိုသူသည် အဖြေ မပေးနိုင်ဘဲ ရှိ၏။ တရားစီရင်တော်မူသည့် နေ့ရက်ကြီး ရောက်လာသောအခါ ထိုနည်းအတူ ဖြစ်လိမ့်မည်။ လူတို့သည် မိမိတို့ အကျင့်စာရိတ္တ ပျက်ပြားမှုအတွက် ယနေ့ ဆင်ခြေပေးနိုင်ကြပေလိမ့်မည်။ သို့သော် ထိုနေ့ရက်ကြီး ရောက်လာသောအခါ သူတို့ ဆင်ခြေပေးကြတော့မည် မဟုတ်ပါ။COLB 396.2

    ခရစ်တော်၏ အမည်ကို ခံယူသော အသင်းတော်များသည် ယနေ့ လူမျိုးဆက်တွင် အမြင့်ဆုံးတိုင်အောင် မြှောက်စားခြင်း ခံနေရကြပါသည်။ သခင်ဘုရားသည်လည်း အမြဲတစေ ပို၍ ထွန်းလင်းလျက် ရှိသော အလင်းတရား၌ ကျွန်ုပ်တို့အတွက် ထင်ရှားလျက် ရှိနေပါသည်။ ကျွန်ုပ်တို့ ယနေ့ ရရှိနေသော အခွင့်အရေးများသည် ရှေးခေတ် ဘုရားသခင်၏ လူများများ ရရှိ ခဲ့သည့် အခွင့်အရေးများထက် များစွာ ပိုပါသည်။ ဣသရေလ လူမျိုးအား ပေးအပ်ခဲ့သည့် အလင်းတရားကိုသာ ကျွန်ုပ်တို့ ရရှိသည် မဟုတ်၊ မြတ်တော်မူသော ကယ်တင်ခြင်းတရားအတွက် ပိုမို ထင်ရှားသော သက်သေကို ခရစ်တော် အားဖြင့် ကျွန်ုပ်တို့ လက်ခံ ရရှိကြပါသည်။ ယုဒလူတို့အတွက် အရိပ်နိမိတ် နှင့် အထိမ်းအမှတ်ကိုသာ ပေးခဲ့သော်လည်း ကျွန်ုပ်တို့သည် ဖြစ်ရပ်အမှန်ကို လက်ခံရရှိထားပါသည်။ သူတို့သည် ဓမ္မဟောင်းရာဇဝင်ကိုသာ ရရှိ၍ ကျွန်ုပ်တို့က ဓမ္မဟောင်း နှင့် ဓမ္မသစ် ရာဇဝင်ကိုပါ ရရၕှိထားပါသည်။ ကျွန်ုပ်တို့အတွက် လာရောက်တော်မူ ပြီးသည့် ကယ်တင်ရှင်၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းကို ခံယူတော်မူ ပြီးသည့် ကယ်တင်ရှင်၊ ထမြောက်တော်မူ ပြီးသည့် ကယ်တင်ရှင်၏ အာမခံချက် ရှိပါသည်။ ၎င်းအပြင် ထို ကယ်တင်ရှင်သည် ယောသပ်ငှါးသော သင်္ချိုင်းပေါ်မှ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏” ဟု ကြွေးကြော်တော်မူ၏။ ကျွန်ုပ်တို့သည် ခရစ်တော်ကို လည်းကောင်း၊ ကိုယ်တော်၏ မေတ္တာတော်ကို လည်းကောင်း သိကျွမ်းခြင်း အားဖြင့် ဘုရားသခင်၏ နိုင်ငံတော်သည် ကျွန်ုပ်တို့တွင် တည်နေပါသည်။ တရားဟောပြောချက်များ အားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့အဖို့ ထင်ရှားတော်မူ၏။ ကျူးအေးသံများ အားဖြင့်လည်း ကိုယ်တော်ကို တမ်းတကြ၏။ ဝိညာဉ်ရေး စားသောက်ပွဲကြီးသည် ကျွန်ုပ်တို့၏ ရှေ့တွင် အဖိုးထိုက်တန်စွာဖြင့် လည်းကောင်း၊ ပြည့်စုံကုံလုံစွာဖြင့် လည်းကောင်း တည်ခင်းထားလျက် ရှိနေပါသည်။ တန်ဖိုး မဖြတ်နိုင်သည့် အသင့် စီမံထားသော မင်္ဂလာဆောင်ပွဲ၏ ဝတ်စုံကို အသက်ဝိညာဉ်တိုင်းသို့ အခမဲ့ ကမ်းလှမ်းလျက် ရှိနေပါသည်။ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို လည်းကောင်း၊ ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ခြင်းတရားကို လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဆိုင်ရာ ထူးကဲစွာ အဖိုးထိုက်တန်သော ကတိတော်များကို လည်းကောင်း၊ ခရစ်တော်မှ တစ်ဆင့် ခမည်းတော်ထံသို့ လွတ်လပ်စွာ ချဉ်းကပ်နိုင်ခွင့်ကို လည်းကောင်း၊ ဝိညာည်တော် အားဖြင့် နှစ်သိမ့်ခြင်းရသည်ကို လည်းကောင်း၊ ဘုရားသခင်၏ နိုင်ငံတော်တွင် ထာဝရ အသက် တည်ရှိကြောင်း ခိုင်လုံသည့် အာမခံချက် ရှိကြောင်းကို လည်း ကောင်း ဘုရားသခင်၏ တမန်တော်များက ကျွန်ုပ်တို့အား ကမ်းလှမ်းနေကြပါသည်။ ကောင်းကင် စားသောက်ပွဲကြီး ဖြစ်သော ညစာ စားပွဲကြီးတွင် ဘုရားသခင် ကျွန်ုပ်တို့အတွက် ဆောင်ရွက်သင့်သမျှ အထဲမှ အသင့် ပြင်ဆင်ထားခြင်း မရှိသော အရာ ကျန်ပါသေး၏လော။COLB 396.3

    ကျွန်ုပ်တို့အား ခန့်အပ်ထားသည့် အမှုတော်ကို ကျွန်ုပ်တို့ ဆောင်ရွက်၍ ပြီးပါပြီဟု ကောင်းကင်ဘုံတွင် အမှုတော်ဆောင်သော ကောင်းကင်တမန်များက ကြေငြာကြသည်မှာ ကျွန်ုပ်တို့သည် မာရ်နတ်၏ တမန်များကို တွန်းလှန်ကြပါ၏။ ကျွန်ုပ်တို့သည် လူတို့၏ စိတ်ဝိညာဉ် အတွင်းသို့ အလင်းတရား ပေးသွင်းထွန်းလင်းစေခြင်း အားဖြင့် သခင်ယေရှု၌ ဖေါ်ပြသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် အကြောင်းကို သူတို့အား သတိရစေပါပြီ။ ခရစ်တော်၏ လက်ဝါးကပ်တိုင်သို့ သူတို့၏ မျက်စိကို ဆွဲဆောင်ပါပြီ။ ဘုရားသခင်၏ သားတော်ကို လက်ဝါးကပ်တိုင်တွင် အသေ သတ်သည့် အပြစ်ဒုစရိုက်ကို သူတို့ သိမြင်သောအခါ သူတို့ စိတ်နှလုံး တုန်လှုပ်ကြပါ၏။ သူတို့ နောင်တ သံဝေဂရကြပါ၏။ ပြောင်းလဲရန်အတွက် လှမ်းတက်ရမည့် အဆင့်တို့ကို သူတို့ တွေ့မြင်ကြပါ၏။ ဧဝံဂေလိ တရားတော်၏ တန်ခိုးအာဏာကို သူတို့ တွေ့သိကြပါ၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်သည် ချိုမြိန်သော အရသာ ရှိသည်ကို သူတို့ သိကြသောအခါ စိတ်နှလုံး ကြည်နူးကြပါ၏။ ခရစ်တော်၏ ဂုဏ်တော် တင့်တယ်ပုံကို သူတို့ မြင်ရကြပါ၏။ သို့သော် အများသော သူတို့အတွက် အလဟဿ ဖြစ်ပါ၏။ သူတို့၏ အကျင့်ဓလေ့များ နှင့် အကျင့်စရိုက်များကို မစွန့်မပယ်ကြပါ။ ကောင်းကင် ဝတ်ရုံကို ဝတ်ဆင်ရန်အတွက် သူတို့၏ လောကီ ဝတ်စုံများကို မစွန့်မလွှတ်ကြပါ။ လူတို့၏ စိတ်နှလုံးသည် တပ်မက်လိုချင်သော စိတ်နှင့် ပြည့်ဝကြ၏။ သူတို့သည် ဘုရားသခင်အား မြတ်နိုးသည်ထက် လောကီ အပေါင်းအသင်းတို့ကို ပို၍ ချစ်ကြ၏။COLB 398.1

    အပြီးသတ် ဆုံးဖြတ်ချက် ချသော နေ့ကြီးသည် လွန်စွာပင် အရေးကြီး၍ လေးနက် ခမ်းနားပါလိမ့်မည်။ ဗျာဒိတ်ရူပါရုံ အားဖြင့် တမန်တော် ရှင်ယောဟန် ဖေါ်ပြထားသည်မှာ “ဖြူသော ပလ္လင်ကြီးကို လည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူကို လည်းကောင်း ငါမြင်၏။ ကောင်းကင် နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာ အရပ် မရှိ။ သေလွန်သော သူ အကြီးအငယ်တို့သည် ပလ္လင်တော် ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြား တစ်ပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့် အညီ တရားစီရင်ခြင်းကို ခံရကြ၏။” ဗျာ၊ ၂၀:၁၁၊၁၂။COLB 398.2

    ထိုနေ့တွင် လူတို့သည် ထာဝရ ကာလနှင့် မျက်နှာချင်းဆိုင်ရကြသောအခါ လွန်ခဲ့သည့် ကာလကို ပြန်လည် စဉ်းစား၍ စိတ်နှလုံး ကြေကွဲဝမ်းနည်းကြပေလိမ့်မည်။ ဘဝ အသက်တာ တစ်လျှောက်လုံး၏ ဖြစ်ပျက်ခဲ့ပုံ အကြောင်းစုံကို ပကတိအတိုင်း အလိုအလျောက် တင်ဆက်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ လောကီ ပျော်မွေ့ခြင်း၊ လောကီ ကြွယ်ဝခြင်း၊ လောကီ ဂုဏ်အသရေ ရှိခြင်းတို့သည် အရေးပါ အရာရောက်တော့မည် မဟုတ်ပါ။ ထိုအခါ လူတို့ မထီလေးစား ပြုခဲ့သည့် ဖြောင့်မတ်ခြင်းတရား တစ်ခုတည်းသာလျှင် တန်ဖိုးရှိကြောင်း သူတို့ တွေ့သိကြလိမ့်မည်။ စာတန်၏ လိမ်လည်လှည့်ဖြားခြင်း လက်အောက်တွင် သူတို့၏ အကျင့်စာရိတ္တကို ပုံသွန်းခဲ့ကြကြောင်း သူတို့ သဘောပေါက်ကြလိမ့်မည်။ သူတို့ ရွေးချယ်ခဲ့သော ဝတ်ရုံများသည် ပထမဦးဆုံး အယူဖေါက်ပြန်သူကြီး၏ ကျေးဇူးသစ္စာကို စောင့်ထိန်းသည့် တံဆိပ် ဖြစ်နေပါတော့သည်။ ထိုအခါ သူတို့ ရွေးချယ်ခြင်း၏ အကျိုးသက်ရောက်မှုကို သူတို့ တွေ့သိကြလိမ့်မည်။ ဘုရားသခင်၏ ပညတ်တော်တို့ကို လွန်ကျူးခြင်း ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကို သူတို့ သိကျွမ်းကြပေလိမ့်မည်။COLB 399.1

    ထိုအခါ ထာဝရ ကာလအတွက် ပြင်ဆင်ရန် ကရုဏာတော် အချိန် ဆက်လက် တည်ရှိတော့မည် မဟုတ်ပါ။ ယခု ဘဝ အသက်တာတွင်သာလျှင် ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်ရုံကို ကျွန်ုပ်တို့ ဝတ်ဆင်ရန် ဖြစ်ပါသည်။ ကိုယ်တော်၏ ပညတ်တော်တို့ကို စောင့်ရှောက်သော သူအတွက် ခရစ်တော် ကိုယ်တိုင် ပြင်ဆင်ထားတော်မူသည့် အိမ်တော်နှင့် ထိုက်တန် သော အကျင့်စာရိတ္တ ဆောက်တည်ရန် ယခု ဘဝ တစ်ခုတည်းသာလျှင် ကျွန်ုပ်တို့၏ အခွင့်အရေး ဖြစ်ပါသည်။COLB 399.2

    ကျွန်ုပ်တို့အတွက် ကရုဏာတော် အချိန် ကုန်ဆုံးဖို့ လွန်စွာ နီးကပ်လျက် ရှိနေပါသည်။ နောက်ဆုံးသော အချိန် ရောက်လုနီးပါပြီ။ “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက် လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်း အားဖြင့် စိတ်နှလုံး ပင်ပန်းလျက် နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။” ဟု ကျွန်ုပ်တို့အား သတိပေး နှိုးဆော်ထားပါသည်။ လုကာ၊ ၂၁:၃၄။ အသင့် မရှိသော အချိန်တွင် ထိုနေ့ရက် ရောက်လာမည်ကို သတိပြုကြပါကုန်လော့။ ဘုရင်မင်းကြီး၏ စားသောက်ပွဲတွင် သင်သည် မင်္ဂလာဆောင်ပွဲ အဝတ်ကို မဝတ်ဆင်ဘဲ မင်းကြီးနှင့် တွေ့နေမည်ကို သတိပြုပါလော့။COLB 400.1

    “သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” “အဝတ်အချည်းစည်း နှင့် သွားလာ၍ သူတစ်ပါး ရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍ ကိုယ်အဝတ်ကို စောင့်သော သူသည် မင်္ဂလာ ရှိ၏။” မဿဲ၊ ၂၄:၄၄။ ဗျာ၊ ၁၆:၁၆။COLB 400.2

    * * * * *