Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပျောက်ဆုံးသော သိုး

    ဤအချိန်တွင် ခရစ်တော်သည် တရားနာ ပရိသတ်အား ကျမ်းစာကို ထောက်ပြ၍ သြဝါဒပေးနေသည် မဟုတ်ပါ။ သူတို့ ကိုယ်တိုင် တွေ့မြင်နေရသည်များကို ကိုးကား၍ သက်သေ သာဓက ပြတော်မူ၏။ ယော်ဒန်မြစ် အရှေ့ဘက်တွင် လှပတင့်တယ်၍ မြင်ကွင်းကျယ်သော ကုန်းပြင်မြင့်များ၌ စားကျက် ပေါများသည့် အလျောက် သိုးအုပ် မြောက်များစွာကို သိုးထိန်းများ စောင့်ထိန်းနေကြရာ ကျောက်တွင်း၊ တောင်ကြား နှင့် သစ်တောထူထပ်သည့် တောင်ကုန်းများပေါ်တွင် သိုးအများ လမ်းလွဲ အုပ်ကွဲ ပျောက်ဆုံးသဖြင့် သိုးထိန်းများ လိုက်လံ ရှာဖွေ၍ ပြန်လည် ဆောင်ကြဉ်ခဲ့သည်များ ရှိတတ်ပါသည်။ ခရစ်တော်ကို ဝန်းရံလျက် ရှိသော လူထု ပရိသတ်ကြီးတွင် သိုးထိန်းအများ နှင့် သိုးနွားတိရစ္ဆာန် မွေးမြူရေး လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံထားသူ အများစု ပါဝင်သောကြောင့် “သင်တို့တွင် တစ်စုံတစ်ယောက်သော သူ၌ သိုး တစ်ရာ ရှိ၍ သိုးတစ်ကောင် ပျောက်လျှင် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင် ထားခဲ့ပြီးမှ ပျောက်သော သိုးတစ်ကောင်ကို မတွေ့မီတိုင်အောင် သွား၍ မရှာဘဲ နေမည်လော” ဟု ကိုယ်တော်ပေးသော ဥပမာကို ကောင်းစွာ သဘောပေါက်ကြ၏။COLB 216.1

    သင်တို့ မထီမဲ့မြင်ပြုသော ဤ အသက်ဝိညာဉ်တို့ကို ဘုရားသခင် ပိုင်တော်မူ၏ဟု ယေရှုရှင် မိန့်တော်မူ၏။ ဖန်ဆင်းတော်မူခြင်းအားဖြင့် လည်းကောင်း၊ ရွေးနုတ်တော်မူခြင်းအားဖြင့် လည်းကောင်း သူတို့အား ကိုယ်တော် ပိုင်တော်မူသည် ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ များစွာ အဖိုးထိုက်၏။ သိုးထိန်းသည် မိမိ၏ သိုးတို့ကို ချစ်မြတ်နိုး၍ တစ်ကောင်တည်းပင် ပျောက်ဆုံးနေစေကာမူ မရှာဘဲ မနေနိုင်သကဲ့သို့ ဘုရားသခင်သည်လည်း စွန့်ပယ်ထားခြင်း ခံရသည့် အသက်ဝိညာဉ်တိုင်းကို အတိုင်းအတာ မရှိအောင် ပို၍ မြင့်မားစွာ ချစ်တော်မူ၏။ လူတို့သည် ကိုယ်တော်၏ မေတ္တာတော်ကို ငြင်းပယ်ကောင်း ငြင်းပယ်ကြပေလိမ့်မည်။ ကိုယ်တော်ထံမှ လေလွင့် ပျောက်ဆုံးနေကောင်းနေကြပေလိမ့်မည်၊ အခြားသော အရှင်သခင်ကို ရွေးကောင်းရွေးနေကြပေ လိမ့်မည်၊ သို့သော် သူတို့အား ဘုရားသခင် ပိုင်တော်မူ၏။ ကိုယ်တော် ပိုင်တော်မူသောကြောင့် ပြန်လည် သိမ်းပိုက်ရန် လိုလားတော်မူ၏။ ထိုကြောင့် “ကွဲပြားလျက် ရှိသော မိမိ သိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့ ငါသည်လည်း ငါ့ သိုးတို့ကို ကြိုးစား၍ ရှာမည်။ မိုးအုံ၍ မိုက်သော နေ့၌ သူတို့ ကွဲပြားသော အရပ်ရပ်တို့က ငါ နုတ်ဆောင်မည်။” ဟု ကိုယ်တော် မိန့်တော်မူ၏။ ယေဇ၊ ၂၄:၁၂။COLB 217.1

    ဥပမာတွင် သိုးထိန်းသည် ပျောက်သော သိုးတစ်ကောင် ထွက်၍ ရှာဖွေ၏။ ကိန်းဂဏန်းအားဖြင့် အနည်းဆုံးသော အရေအတွက် ဖြစ်၏။ ထိုနည်းအတူ ပျောက်ဆုံးသော အသက်ဝိညာဉ် တစ်ခုတည်းပင် ဖြစ်လင့်ကစား၊ ထို ပျောက်ဆုံးသော အသက်ဝိညာဉ် တစ်ခုအတွက်ကိုပင် ခရစ်တော် အသေခံတော်မူခဲ့ပေလိမ့်မည်။COLB 217.2

    သိုးအုပ်မှ ကွဲသွားသော သိုးသည် သိုးအုပ်တွင် ခွန်အား အနည်းဆုံး ဖြစ်ပါသည်။ ထိုသိုးသည် သိုးခြံသို့ ပြန်ရာလမ်းကို မသိသောကြောင့် သိုးထိန်းသည် ထို သိုးကို ရှာဖွေရန် လိုအပ်ပါသည်။ ထိုနည်းအတူ ဘုရားသခင်ထံတော်မှ လေလွင့် ပျောက်ဆုံးနေသော အသက်ဝိညာဉ်သည်လည်း သိုးအုပ်က ကွဲလွဲသော သိုးကဲ့သို့ ခိုလှုံရာမဲ့သောကြောင့် ကိုယ်တော်၏ မေတ္တာတော်က မကယ်ဆယ်ပါလျှင် သူသည် ဘုရားသခင်၏ ထံသို့ ပြန်ရာလမ်းကို မည်သည့်အခါမျှ ရှာ၍ တွေ့လိမ့်မည် မဟုတ်ပါ။COLB 217.3

    သိုးတစ်ကောင် ပျောက်နေကြောင်းကို သိသော သိုးထိန်းသည် သိုးခြံတွင်း၌ လုံခြုံစွာ ရှိနေသော သိုးများကို အမှတ်တမဲ့ ကြည့်၍ “ငါ့မှာ ကိုးဆယ့်ကိုးကောင် ရှိသေး၏၊ ပျောက်နေသော သိုးတစ်ကောင်ကို ရှာဖို့ ဒုက္ခများလွန်းပါသည်၊ သူ့ဟာသူ ပြန်လာပါစေ။ သူဝင်လာဖို့ သိုးခြံတံခါးဝကို ငါ ဖွင့်ထားမည်” ဟူ၍ ပြောသည် မဟုတ်ပါ။ ထို သိုး လမ်းလွဲသွားသည်နှင့် တစ်ပြိုက်နက် စိတ်ပူပန်၏၊ စိုးရိမ်ကြောင့်ကြ၏၊ သိုးအုပ်ကို ရေတွက်၏၊ နောက်တစ်ဖန် ရေတွက်၏။ သိုးတစ်ကောင် ပျောက်ဆုံးနေကြောင်း ထင်ရှားသောအခါ မအိပ်နိုင်ပါ၊ ကိုးဆယ့်ကိုးကောင်သော သိုးတို့ကို သိုးခြံတွင် ထားခဲ့၍ ပျောက်ဆုံးလမ်းလွဲသော သိုးကို ရှာဖွေရန် ထွက်သွားလေ၏။ ည ကာလသည် ပို၍ မှောင်မိုက် ပြီးလျှင် မုန်တိုင်းသည်လည်း ပို၍ ပြင်းထန်လာသည်နှင့်အမျှ လမ်းခရီးမှာလည်း ပို၍ အန္တရာယ် များလာပါသည်။ ထိုအခါ သိုးထိန်းသည် ပို၍ စိုးရိမ်ကြောင့်ကြလေ၏။ ပို၍ စိတ်ပါကိုယ်ရောက် ရှာဖွေလေ၏။ ပျောက်ဆုံးသော သိုးတစ်ကောင်အတွက် အစွမ်းကုန် ကြိုးစား၍ ရှာဖွေလေတော့၏။COLB 218.1

    အဝေးကပင် မသဲမကွဲသော သိုးအော်သံကို ပထမဦးစွာ ကြားရသောအခါ အဘယ်မျှ စိတ်သက်သာရ ရသွားပါသနည်း။ အသံကြားရာဆီသို့ အမတ်အစောက်ဆုံးသော အမြင့်ကိုပင် တက်၏။ အဝေးဆုံးသော ချောက်ကမ်းပါး အစွန်းထိအောင် ကိုယ့်အသက်ကို စွန့်၍ သွား၏။ ယင်းသို့အားဖြင့် ပထမဦးစွာ ကြားခဲ့ရသည့် မသဲမကွဲသော သိုးအော်သံသည် ပို၍ ပို၍ တိုးလာသည်နှင့်အမျှ သိုးကလေး၏ အသက်လည်း ကုန်ဆုံးဖို့ နီးလာကြောင်းကို ရှာဖွေရင်း သူသိ၏။ သို့သော် နောက်ဆုံးတွင် သူသည် အားထုတ်ကြိုးစားသမျှ အကျိုးထူး ခံစားရလေပြီ။ ပျောက်ဆုံးသော သိုးကို တွေ့လေပြီ။ ယင်းကဲ့သို့ သူ ခံရသမျှ ဒုက္ခအတွက် သိုးကလေးအား မြည်တွန်တောက်တီးခြင်း မပြု၊ ကြိမ်လုံးနှင့်လည်း မရိုက်မမောင်း၊ သိုးခြုံသို့ ရောက်ရန် ရှေ့ကလည်း မဆွဲမဆောင်၊ ကြောက်ရွံ့ တုန်လှုပ်နေသော သိုးကလေးကို ဝမ်းသာအားရစွာဖြင့် ပခုံးပေါ်တွင် ထမ်းလိုက်၏။ ပွန်းပဲ့ဒဏ်ရာ ရှိနေခဲ့ပါလျှင်လည်း သိုးကလေး အသက်ရှင်စေရန် မိမိ၏ ရင်ခွင်တွင် ပူးကပ်စွာ ပွေ့ပိုက်၍ အပူငွေ့ပေးထား၏။ မိမိ ရှာဖွေခဲ့သည့် ဒုက္ခ အလဟဿ မဖြစ်၊ ကျေးဇူးကြီးလှပေ၏ဟု သဘောပိုက်၍ သိုးခြံတွင်းသို့ ရောက်အောင် သယ်ပိုးချီဆောင်ခဲ့လေ၏။COLB 218.2

    ဝမ်းနည်းကြေကွဲသော သိုးထိန်းသည် ပျောက်ဆုံးသော သိုးကို မတွေ့ဘဲ ပြန်လာခဲ့ရသည့် ရုပ်ပုံကို ကျွန်ုပ်တို့ ဆင်ခြင်ရန်အတွက် ဥပမာ ပုံမဆောင်ခဲ့သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ဥပမာ ပုံသည် မအောင်မြင်ခြင်း အကြောင်း မဟုတ်၊ ပြန်၍ တွေ့သောကြောင့် အကျိုးဖြစ်ထွန်းသည့်အပြင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်းကိ ဖေါ်ထုတ်ထားပါသည်။ ဤ နေရာတွင် ပျောက်ဆုံးနေသော ဘုရားသခင်၏ သိုးတစ်ကောင်ကိုမျှ မေ့လျော့ထားမည် မဟုတ်ကြောင်း အာမခံထားတော်မူ၏။ ရွေးနုတ်တော်မူရန်အတွက် သဘောတူ၍ ဝန်ခံသူတိုင်းသည် ပျက်စီးယိုယွင်းရာ ငရဲတွင်းမှ လည်းကောင်း၊ နှောင့်ယှက်တတ်သော အပြစ် ဆူးငြောင့်မှ လည်းကောင်း ခရစ်တော် ကယ်တင်တော်မူလိမ့်မည်။COLB 219.1

    စိတ်ညှိုးငယ်သောသူ၊ သင်သည် ဆိုးသွမ်းမှုကို ပြုခဲ့မိသည့်အတွက် စိတ်မပျက်ပါနှင့်၊ အားယူ၍ ရဲရင့်ခြင်း ရှိပါလော့။ သင် ပြုမိသော ဒုစရိုက် မကောင်းမှုများကို ဘုရားသခင် ခွင့်လွှတ်ကောင်း လွှတ်လိမ့်မည် ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်သို့ ဝင်ကောင်းဝင်ရလိမ့်မည်ဟု မယူဆပါနှင့်။ ဘုရားသခင်သည် ရှေးဦးစွာ ရှေ့သို့ တိုးတော်မူ၏။ သင်သည် ကိုယ်တော်အား ပုန်ကန်နေစဉ်ကပင် ကိုယ်တော်သည် သင့်ကို ထွက်၍ ရှာတော်မူ၏။ ကြင်နာတတ်သော သိုးထိန်းပမာ ဘုရားသခင်သည် ကိုးဆယ့်ကိုးကောင်သော သိုးတို့ကို ထားခဲ့၍ ပျောက်သော သိုးကို ရှာရန် တောတွင်းသို့ ထွက်ခဲ့တော်မူ၏။ ပွန်းပဲ့ဒဏ်ရာရပြီးလျှင် ပျက်စီးဆုံးရှုံးလုနီးသော အသက်ဝိညာဉ်ကို ကိုယ်တော်သည် မေတ္တာတော် လက်ရုံးဖြင့် ပွေ့ပိုက်၍ လုံခြုံသော သိုးခြံတွင်းသို့ ဝမ်းမြောက်စွာ ချီဆောင်ခဲ့တော်မူ၏။COLB 219.2

    အပြစ်သားထံသို့ ဘုရားသခင်၏ မေတ္တာတော် မကမ်းမလှမ်းမီ အပြစ်သားက ရှေးဦးစွာ နောက်တရ ရမည်ဟု ယုဒဆရာများက သင်ကြားကြ၏။ နောင်တရမှသာ ကောင်းကင်ဘုံ၏ ဆုကျေးဇူးကို ရနိုင်မည်ဟု သူတို့ ထင်မှတ်ကြ၏။ ထိုသို့ ထင်မြင်ခြင်းကြောင့် ဖါရိရှဲများက် “ဤ သူသည် ဆိုးသော သူတို့ကို လက်ခံ” သည်ဟု အံ့အားသင့်၍ အမျက်ဒေါသဖြင့် ပြောကြ၏။ သူတို့၏ ထင်မြင်ယူဆချက်အရ ဆိုပါကနောင်တရသူမှအပ မည်သူမျှ ကိုယ်တော်က လက်မခံသင့်ပါ။ သို့ရာတွင် ပျောက်ဆုံးသော သိုး၏ ဥပမာအရဆိုပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ရှာသောကြောင့် ကယ်တင်ခြင်း ရကြသည် မဟုတ်၊ ဘုရားသခင်က ကျွန်ုပ်တို့အား ရှာသောကြောင့်သာ ကယ်တင်ခြင်း ရကြသည်ကို ခရစ်တော် သြဝါဒပေးတော်မူ၏။ “နားလည်သော သူ မရှိ၊ ဘုရားသခင်ကို ရှာသော သူ မရှိ။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။” ရောမ၊ ၃:၁၁၊၁၂။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူရန်အတွက် ကျွန်ုပ်တို့ နောင်တရကြသည် မဟုတ်၊ ကျွန်ုပ်တို့ နောင်တရကြစေရန်အတွက် ကိုယ်တော်သည် မိမိ၏ မေတ္တာတော်ကို ထင်ရှားစွာ ပြတော်မူ၏။COLB 220.1

    လမ်းလွဲသော သိုးကို နောက်ဆုံး သိုးခြံတွင်းသို့ ခေါ်ဆောင်ခဲ့သောအခါ သိုးထိန်းသည် ဝမ်းမြောက်စရာ သီချင်းများကို သာယာစွာ သီဆို၍ ကျေးဇူးတော်ကို ချီးမွမ်းခဲ့ပါသည်။ အိမ်နီးချင်းများ နှင့် အဆွေခင်ပွန်းတို့ကို ခေါ်၍ “ပျောက်သော သိုးကို ငါ တွေ့ပြီ၊ ငါနှင့်အတူ ဝမ်းမြောက်ကြလော့” ဟု ပြော၏။ ထိုနည်းအတူ စိတ်လေလွင့်နေသူ တစ်ဦးအား သိုးထိန်းရှင် တွေ့တော်မူသောအခါ ကောင်းကင် နှင့် မြေကြီး စုပေါင်း၍ ဝမ်းသာအားရသဖြင့် ကျေးဇူးတော်ကို ချီးမွမ်းကြပါသည်။COLB 220.2

    “ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာ အကြောင်း မရှိသော သူ ကိုးဆယ့်ကိုးယောက်တို့၌ ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်း ရှိသည်ထက် နောင်တရသော လူဆိုး တစ်ယောက်၌ သာ၍ ဝမ်းမြောက်ခြင်း ရှိကြ၏။” ဤ အချိန်တွင် ခရစ်တော်က ဖါရိရှဲတို့၊ သင်တို့အား ကောင်းကင်ဘုံက အထူး ချစ်သည်ဟု သင်တို့ ထင်ကြသည် မဟုတ်လော။ သင်တို့သည် ကိုယ်ကိုကိုယ် ဖြောင့်မတ်သည်ဟု ယူဆ၍ လုံခြုံမှု ရှိနေကြ ပြီဟု ထင်ကြသည် မဟုတ်လော၊ ထိုကြောင့် သင်တို့ နောင်တရစရာ မလိုတော့ဟု ယူဆပါက သင့်တို့အတွက် ငါ လာသည် မဟုတ်။ သို့သော် ဤ အားနည်းသော သူတို့မူကား သူတို့ ကိုယ်တိုင်အားဖြင့် မစုံလင်ကြောင်း၊ မကောင်းမှု ဒုစရိုက်များနှင့် ပြည့်ဝနေကြောင်း သူတို့ ကိုယ်တိုင် သိတွေ့ဝန်ခံကြသဖြင့် သူတို့ကို ကယ်ဆယ်ခြင်းငှါ ငါ လာ၏။ သင်တို့ အထင်အမြင်သေးသော ဤ ပျောက်ဆုံး သူတို့၏ အကျိုးကို ကောင်းကင်တမန်တို့ လိုလားကြ၏။ ဤကဲ့သို့သော သူ တစ်ဦးတစ်ယောက် ငါ့ထံသို့ လာ၍ ငါနှင့် ပူးပေါင်းလျှင် သင်တို့ ငြူစူကြ၏၊ ကဲ့ရဲ့ကြ၏။ သို့သော် ကောင်းကင်တမန်တို့ ဝမ်းမြောက်ကြသဖြင့် သူတို့၏ အောင်ပွဲခံသော သီဆိုသံများသည် ကောင်းကင်တံတိုင်းတော် တစ်လျှောက်လုံး ပဲ့တင်ထပ်လျက် ရှိသည်ကို သင်တို့ သိထားကြပါလောဟု ခရစ်တော် မိန့်တော်မူ၏။COLB 220.3

    ဘုရားသခင်ကို ပြစ်မှားသော သူတစ်ယောက် ဖျက်ဆီးခြင်းခံရသောအခါ ကောင်းကင်တွင် ဝမ်းမြောက်ခြင်း ရှိကြ၏ဟု ယုဒဓမ္မဆရာတို့တွင် ဆိုရိုးစကား တစ်ခု ရှိပါသည်။ သို့သော် ဖျက်ဆီးခြင်း လုပ်ငန်းမှာ ဘုရားသခင်အတွက် မလိုလားသော လုပ်ငန်း ဖြစ်ကြောင်း၊ ကိုယ်တော် ဖန်ဆင်းထားတော်မူသော အသက်ဝိညာဉ်တွင် ကိုယ်တော်၏ ပုံသဏ္ဌာန်တော်ကို ပြန်လည် တည်မြဲစေရန်ကိုသာ ကောင်းကင်တစ်ဝန်းလုံးက လိုလားကြောင်း သခင်ယေရှု မိန့်တော်မူ၏။COLB 221.1

    အပြစ်ဒုစရိုက်အတွင်း၌ နစ်မွန်း၍ စိတ်လေလွင့်နေသော သူ တစ်ဦး ဘုရားသခင်ထံသို့ ပြန်လာရန် ကြိုးစားသောအခါ ဝေဖန်ခြင်း နှင့် မယုံသင်္ကာ ဖြစ်ခြင်းများကို ရင်ဆိုင်ရလိမ့်မည်။ သူ၏ နောင်တသံဝေဂသည် စစ်မှန်ပါ၏လောဟု သံသယ ဖြစ်ကြလိမ့်မည်။ သို့မဟုတ် “သူသည် တည်ကြည်သူ မဟုတ်၊ တည်မြဲလိမ့်မည်ဟူ၍လည်း ငါတို့ မထင်” ဟု တီးတိုးပြောသူများ ရှိကြလိမ့်မည်။ ဤသို့ ပြောသော သူများသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နေကြသည် မဟုတ်၊ စာတန်နည်းတူ ညီအစ်ကိုများကို စွပ်စွဲသူ ဖြစ်ကြ၏။ သူတို့ ဝေဖန် ပြောဆိုခြင်းများအားဖြင့် မတရားသူ စာတန်သည် ထို အသက်ဝိညာဉ်အား မျှော်လင့်ခြင်းနှင့် လည်းကောင်း၊ ဘုရားသခင်နှင့် လည်းကောင်း ပို၍ ဝေးကွာစေရန် သူ မျှော်မှန်း၏။ ပျောက်ဆုံးနေသော သူ တစ်ဦး ပြန်လာသည့်အတွက် ကောင်းကင်၌ ဝမ်းမြောက်ခြင်း များစွာ ရှိကြောင်း နောင်တရသော အပြစ်သားသည် တွေးတောစဉ်းစားပါစေ။ ဖါရိရှဲတို့ မယုံသင်္ကာ ဖြစ်ခြင်း နှင့် သရော်ခြင်းများကြောင့် စိတ်ပျက်အားလျော့ခြင်း မည်သို့မျှ မဖြစ်စေဘဲ ဘုရားသခင်၏ မေတ္တာတော် အရိပ်မှာ နားပါစေ။COLB 221.2

    ခရစ်တော်သည် အခွန်ခံ နှင့် ဆိုးသော သူများကို အကြောင်းပြု၍ ဥပမာ တင်စားထားကြောင်း ဖါရိရှဲတို့ နားလည်သဘောပေါက်ကြ၏။ သို့သော် ၎င်းထက် ပိုမို ကျယ်ပြန့်သော အဓိပ္ပါယ် ရှိပါသေးသည်။ ပျောက်ဆုံးသော သိုးသည် အပြစ်သား တစ်ဦးကိုသာ ပုံဆောင်ထားသည် မဟုတ်၊ အပြစ် ဒုစရိုက်ကြောင့် အယူမှား၍ ပျက်စီးဆုံးရှုံးနေသော ဤ ကမ္ဘာ တစ်ခုတည်းကိုလည်း ပုံဆောင်ထားပါသေး၏။ ဤ ကမ္ဘာသည် ဘုရားသခင် စိုးပိုင်တော်မူသည့် ကျယ်ပြောလှစွာသော စကြဝဠာကြီးတွင် မြူမှုန်ကလေး တစ်ခုပမာ ဖြစ်သော်လည်း ဤ ပျောက်ဆုံးသော သိုးတစ်ကောင်တည်းဟူသော ကမ္ဘာကလေး တစ်ခုသည် သိုးခြံနှင့် မကင်းမကွာသော သိုး ကိုးဆယ့်ကိုးကောင်ထက် ပို၍ ဘုရားသခင်၏ ရှေ့တော်တွင် အဖိုးထိုက်တန်ပါသည်၊ ချစ်မြတ်နိုးတော်မူခြင်းကို ခံရသည့် ကောင်းကင်တံတိုင်းတော်တို့၏ တပ်ဗိုလ်ကြီး ခရစ်တော်သည် ပျောက်ဆုံးသော ဤ ကမ္ဘာတစ်ခုကို ကယ်ဆယ်ရန် ခမည်းတော်နှင့်အတူ စံစားတော်မူရသည့် ဘုန်းတော် ပလ္လင်ကို ခေတ္တ စွန့်ပယ်၍ မြင့်မြတ်တော်မူရာမှ နိမ့်ကျသော ဤ လောကသို့ ဆင်းခဲ့တော်မူ၏။ ဤ အမှုတော်အတွက် ကိုယ်တော်သည် မိမိအား ချစ်မြတ်နိုးကြသည့် ကိုးဆယ့်ကိုးလုံးပမာ အပြစ်ကင်းသော ကောင်းကင်ကမ္ဘာအပေါင်းကို ထားခဲ့ပြီးလျှင် “ငါတို့ လွန်ကျူးခြင်း အပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်း” ကို ခံစားရန် ဤ လောကသို့ ကြွဆင်းတော်မူခဲ့ပါသည်။ (ဟေရှာ၊ ၅၃:၅။) ပျောက်ဆုံးသော သိုးကို ပြန်လည် ရရှိသည့်အတွက် ခံစားရမည့် ဝမ်းမြောက်ခြင်းကို လိုလားတော်မူသောကြောင့် ဘုရားသခင်သည် သားတော်အားဖြင့် မိမိကိုယ်ကို ပေးစွန့်တော်မူ၏။COLB 222.1

    “ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်း အခွင့်ကို ငါတို့သည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။” ၁ ယော၊ ၃:၁။ ထိုမှတစ်ပါး ခရစ်တော်က “ကိုယ်တော်သည် အကျွန်ုပ်ကို ဤ လောကသို့ စေလွှတ်တော်မူသည် နည်းတူ၊ အကျွန်ုပ်သည် ဤ သူတို့ကို စေလွှတ်ပါ၏။” ဟု မိန့်တော်မူ၏။ (ယော၊ ၁၇:၁၈) ထိုသို့ မိန့်တော်မူခြင်းမှာ “ခရစ်တော်၏ ဆင်းရဲဒုက္ခ အကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဖို့” ဆက်လက် ခံစားကြရန် ဖြစ်ပါသည်။ ကော၊ ၁:၂၄။ ခရစ်တော် ကယ်ဆယ်ထားတော်မူသော သူတိုင်းသည် ပျောက်ဆုံးသော သူများအား ကိုယ်တော်၏ နာမတော်အားဖြင့် ကယ်ဆယ်ရန် ခေါ်တော်မူခြင်းကို ခံရသော သူများ ဖြစ်ကြ၏။ ဣသရေလလူတို့တွင် ယင်း အမှုတော် လစ်ဟင်းခဲ့ပါသည်။ ယနေ့ ခရစ်တော်၏ နောက်လိုက်များဟု အခေါ်ခံနေကြသော သူများသည်လည်း ယင်း အမှုတော်ကို အဘယ်မျှ ဥပေက္ခာ ပြုနေကြပါသနည်း။COLB 223.1

    စာဖတ်နေသော သူ၊ သင့်အနေဖြင့် လေလွင့် ပျောက်ဆုံးနေသူ မည်မျှကို ရှာဖွေ၍ သိုးခြံတွင်းသို့ ခေါ်ဆောင်ခဲ့ပြီးပါပြီနည်း။ မျှော်လင့်ချက် မရှိပါဟူ၍ လည်းကောင်း၊ ချဉ်းကပ်၍ ရနိုင်ဖွယ် မရှိပါဟူ၍ လည်းကောင်း သင် ယူဆသဖြင့် ကျောခိုင်းခဲ့သော သူတို့သည် ခရစ်တော် ရှာဖွေနေသော သူများ ဖြစ်ပါလျက် သင့်အနေဖြင့် အမှုမထားသည်ကို သင် စဉ်းစားမိပါ၏လော။ သူတို့အား သင် ကျောခိုင်းခဲ့သည့် အချိန်မှာပင် သူတို့သည် ကရုဏာကို အလိုအပ်ဆုံးသော အချိန် ဖြစ်နေနိုင်ပါသည်။ ဘုရား ဝတ်ပြုနေသည့် အစည်းအဝေးတိုင်းတွင် ငြိမ်သက်ခြင်း နှင့် နားနေခြင်းကို လိုလား တမ်းတနေသောသူ အများ ရှိနေပါသည်။ သူတို့သည် အမှုမဲ့အမှတ်မဲ့ အသက်ရှင်နေသော သူများ ဖြစ်သည်ဟု တွေ့မြင်ရမည် ဖြစ်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ပြုပြင်မှုကို ခံယူနိုင်သော သူများ ဖြစ်ပါသည်။ ထိုသူများတွင် အများသော သူတို့ကို ခရစ်တော်ထံသို့ ပို့ဆောင်နိုင်စရာ အကြောင်း ရှိပါသည်။ COLB 223.2

    အကယ်၍ ပျောက်သော သိုးကို သိုးခြံတွင်းသို့ ရောက်အောင် ပြန်၍ မဆောင်ခဲ့ပါက သေဆုံးသည်တိုင်အောင် လှည့်ပတ်လေလွင့်နေလိမ့်မည်။ အသက်ဝိညာဉ် အများမှာ လက်လှမ်း၍ ကယ်မည့်သူ မရှိသောကြောင့် ပျက်စီးဆုံးရှုံးခြင်း ညွန်တွင်းသို့ သက်ဆင်းရကြ၏။ ဤသို့ မှားယွင်းနေသူများသည် မာကျောခက်ထန်၍ သတိမမူသော သူများ ဖြစ်သည်ဟု ထင်မြင်ရသော်လည်း သူတစ်ပါး ရရှိသော အခွင့်အရေးများကို ရရှိမည်ဆိုပါက သူတို့သည် ပို၍ ဂုဏ်အသရေ ရရှိမည် သာမက အကျိုးပြုလုပ်ငန်းအတွက် သာ၍ကြီးသော စွမ်းရည်သတ္တိ ရှိနိုင်ပါသည်။ ယင်း လေလွင့်နေသူများကို ကောင်းကင်တမန်တို့ ကြင်နာသနားကြ၏။ လူသားတို့က မသနားမညှာတာ မျက်ရည်မကျသော်လည်း ကောင်းကင်တမန်တို့ ငိုကြွေးကြ၏။COLB 224.1

    အို၊ စုံစမ်းနှောင့်ယှက်ခြင်း ခံရသည့်အတွက် လမ်းလွဲနေသော အသက်ဝိညာဉ်ကို တွေ့ထိနိုင်လောက်သည့် နက်ရှိုင်းသော ကရုဏာတရား ကင်းမဲ့လှပါသည် တကား။ အို၊ ခရစ်တော်ကဲ့သို့သော စိတ်နေသဘောထား ရှိ၍ တစ်ကိုယ်ကောင်း စိတ်လျှော့သင့်ပါ၏၊ ပို၍ လျှော့သင့်လှပါသည်တကား။COLB 224.2

    ခရစ်တော်၏ ဥပမာသည် သူတို့အတွက် ဆုံးမစကား ဖြစ်ကြောင်း ဖါရိရှဲတို့ သဘောပေါက်ကြ၏။ ကိုယ်တော်သည် သူတို့၏ ဝေဖန်ချက်ကို လက်မခံသည့်အပြင် သူတို့သည် အခွန်ခံ နှင့် ဆိုးသော သူတို့အား ပစ်ပယ်ထားကြသည့်အတွက် အပြစ်ရှိကြောင်း ပေါ်လွင်အောင် ဆုံးမတော်မူ၏။ ကိုယ်တော် နှင့် သူတို့ စိတ်ဝမ်းကွဲကြမည်ကို သိတော်မူ၍ ဤ အချက်ကို ဗြောင်ဖွင့်၍ မပြောဘဲ ဘုရားသခင် အလိုတော်ရှိတော်မူသည့်အတိုင်း သူတို့ မဆောင်ရွက်ကြသေးသည်ကို ကွင်းကွင်းကွက်ကွက် မြင်အောင် ဥပမာပုံဆောင်၍ မိန့်တော်မူ၏။ ဣသရေလ ခေါင်းဆောင်တို့သည် မှန်သော သိုးထိန်းများ ဖြစ်ကြပါက သိုးထိန်း၏ လုပ်ငန်းကို ဆောင်ရွက်ကြလိမ့်မည်။ သူတို့သည် ခရစ်တော်၏ သာသနာတော်တွင် ကိုယ်တော်နှင့်အတူ ပေါင်းဖက် ဆောင်ရွက်ခြင်းဖြင့် ကိုယ်တော်၏ ကရုဏာတော် နှင့် မေတ္တာတော်ကို ထင်ရှားစေကြလိမ့်မည်။ ယင်းသို့ မဆောင်ရွက်ကြသောကြောင့် သူတို့၌ ဘုရားတရား ရှိသည်ဆိုခြင်းမှာ မုသားစကားသာ ဖြစ်၏။ ယခုအခါတွင် လူအများ ခရစ်တော်၏ သြဝါဒများကို ငြင်းပယ်ကြသော်လည်း အချို့ စိတ်နှလုံး ပြောင်းလဲကြ၏။ ခရစ်တော်သည် ကောင်းကင်နိုင်ငံတော်သို့ ပြန်လည် တက်ကြွသွားတော်မူပြီးသည်နောက် သန့်ရှင်းသော ဝိညာဉ်တော်သည် ဤ သူတို့အပေါ်သို့ သက်ရောက်၍ သူတို့သည် တပည့်တော်များ နှင့် ပေါင်းဖက်ပြီး ပျောက်သော သိုး၏ ဥပမာတွင် လမ်းခင်းထားသော လုပ်ငန်းကို ဆောင်ရွက်ကြ၏။COLB 224.3

    * * * * *