Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    ယနေ့ အသင်းတော်

    စပျစ်ဥယျာဉ်သည် ယုဒလူမျိုးအတွက် သီးသန့် ပုံဆောင်ထားခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့နှင့် စပ်ဆိုင်သော သင်ခန်းစာလည်း ရှိပါသေးသည်။ ယနေ့ အသင်းတော်ကိုလည်း ဘုရားသခင်က ကြီးမားသော အခွင့်အရေးCOLB 364.3

    များ နှင့် ကောင်းချီးမင်္ဂလာများစွာ ပေးအပ်ထားတော်မူသည် ဖြစ်၍ အချိုးညီသော တုံ့ပြန်မှုကို လိုလားတော်မူ၏။COLB 365.1

    ကျွန်ုပ်တို့သည် အနှောင်အဖွဲ့မှ လွတ်မြောက်ရန် ကြီးစွာသော တန်ဖိုးကို ပေး၍ ရွေးယူထားတော်မူ၏။ ယင်း ကြီးစွာသော တန်ဖိုး၏ အကြောင်းကို သိနားလည်မှ သာလျှင် ကျွန်ုပ်တို့အတွက် အကျိုး ဖြစ်ထွန်းပေလိမ့်မည်။ သားတော်၏ အသွေးတော် နှင့် မျက်ရည်အားဖြင့် အစိုဓါတ် ပေးထားသော ဤ ကမ္ဘာမြေကြီးပေါ်တွင် ပရဒိသုဘုံဆိုင်ရာ အဖိုးတန် အသီးများကို သီးစေရမည်။ နှုတ်ကပါတ်တော်ဆိုင်ရာ သစ္စာတရားများ၏ စုံလင်ခြင်း နှင့် ဘုန်းကျက်သရေသည် ဘုရားသခင် သားသမီးမျာ အသက်တာတွင် ထင်ရှားစေရမည်။ ခရစ်တော်၏ ဂုဏ်တော် နှင့် ကိုယ်တော်၏ နိုင်ငံတော်နှင့် စပ်လျဉ်းသော အခြေခံ သဘောတရားများကို ကိုယ်တော်၏ လူမျိုး အားဖြင့် ထင်ရှားစေရန် ဖြစ်ပါသည်။COLB 365.2

    စာတန်သည် ဘုရားသခင်၏ အမှုတော်နှင့် ဆန့်ကျင်ဖီလာသော လုပ်ငန်းကို ရှာဖွေ ဆောင်ရွက်နေသည် ဖြစ်သောကြောင့် သူ၏ အခြေခံ သဘောတရား လမ်းစဉ်ကို လူတို့ လက်ခံရန် အမြဲတစေ တိုက်တွန်း သွေးဆောင်၍ နေပါသည်။ ဘုရားသခင်၏ ရွေးချယ်ခံ လူမျိုးသည် မှားယွင်းသော လူမျိုး ဖြစ်သည်ဟု စာတန်က တင်ပြနေပါသည်။ သူသည် ညီအစ်ကိုများကို စွပ်စွဲသူ ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်း တရားလမ်းသို့ လိုက်သော သူများကို ဖီလာကန့်လန့် လုပ်ရာ၌ သူတိုု့၏ တန်ခိုးအာဏာကို အသုံးပြုနေပါသည်။ ထိုကြောင့် ဘုရားသခင်၏ လူမျိုးသ် မှန်သော အခြေခံ သဘောတရား လမ်းစဉ်ကို လိုက်လျှောက်သည့်အတွက် ဖြစ်ထွန်းသော အကျိုးကျေးဇူးကို ပြခြင်းအားဖြင့် စာတန်၏ စွပ်စွဲချက်ကို ချေပရန် ဘုရားသခင် အလိုရှိတော်မူ၏။COLB 365.3

    ယင်းအခြေခံ သဘောတရားများသည် ခရစ်ယာန် တစ်ဦးစီ၏ အသက်တာတွင် လည်းကောင်း၊ မိသားစုတွင် လည်းကောင်း၊ အသင်းတော်တွင် လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်အတွက် တည်ထောင်ထားသည့် အဖွဲ့အစည်းတိုင်းတွင် လည်းကောင်း ပေါ်လွင်ထင်ရှားစေရ မည်။ ၎င်းတို့ အားလုံးသည် ကမ္ဘာလောကကြီးအတွက် တစ်စုံတစ်ခုကို တာဝန်ယူ လုပ်ဆောင်နိုင်သည့် အထိမ်းအမှတ်များ ဖြစ်ရမည်။ သူတို့ အားလုံးသည် ဧဝံဂေလိ တရားတော်ဆိုင်ရာ သမ္မာတရား၏ ကယ်တင်နိုင်သော တန်ခိုးနှင့် စပ်လျဉ်းသည့် ပုံစံနမူနာများ ဖြစ်ရမည်။ သူတို့ အားလုံးသည် လူသားတို့အတွက် ဘုရားသခင်၏ ကြီးမြတ်တော်မူသော ကြံရွယ်ချက် ပြည့်စုံအောင် ပါဝင် ထမ်းဆောင်သည့် ကိုယ်စားလှယ်တော်များ ဖြစ်ရမည်။COLB 365.4

    ယုဒခေါင်းဆောင်များသည် သူတို့၏ ကြီးကျယ်ခမ်းနားသော ဗိမာန်တော်ကြီး နှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အဆောင်အယောင်များကို ကြည့်၍ မာန်ထောင်နေကြ၏။ သို့သော် တရားမျှတခြင်း၊ ထောက်ထားညှာတာခြင်း နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေကြ၏။ ဗိမာန်တော်ကြီး၏ ဘုန်းတန်ခိုးကြီးပုံ နှင့် သူတို့ ဝတ်ပြုကိုးကွယ်ခြင်း၏ ခမ်းနားပုံများက သူတို့အား ဘုရားသခင်၏ အထံတော်သို့ ရောက်အောင် ထောက်ခံနိုင်သည် မဟုတ်ပါ။ ဘုရားသခင်၏ ရှေ့တော်၌ အဖိုးထိုက်တန်သည့် တစ်ခုတည်းသော အရာကို သူတို့ ဆက်ကပ်ပူဇော်ခြင်း မပြုကြ။ ဘုရားသခင် နှစ်သက်တော်မူသည့် နှလုံးကြေကွဲ၍ နှိမ့်ချသည့် ယဇ်ကို သူတို့ မပူဇော်ကြ။ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သည့် အရေးကြီးသော အခြေခံ သဘောတရားများ လက်လွတ်သောအခါ ဘာသာရေး အခမ်းအနားများသည် အဆာကျယ်ခြင်း နှင့် ဖြုန်းတီးခြင်း သက်သက် ဖြစ်၏။ အကျင့်စာရိတ္တ တည်ဆောင်ရေးကို လျစ်လျူရှုသောအခါ၊ စိတ်ဝိညာဉ်ကို တင့်တယ်စေခြင်း မရှိသောအခါ၊ ရိုးသားစွာ ဘုရားဝတ်ပြု ကိုးကွယ်ခြင်းကို မျက်ခြေ ပြတ်သောအခါ ပကာသန ဂုဏ်ဒြပ်ကို လိုလားတောင့်တ လာသောကြောင့် ကြီးကျယ်ခမ်းနားသော ဘုရားရှိခိုး ကျောင်းကြီးများ၊ ဘုံဗိမာန်ကြီးများ၊ သိုက်မြိုက်ဆန်းကြယ်စွာ မွမ်းမံခြယ်လှယ်ခြင်းများ၊ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အခမ်းအနား ပွဲနေ့များကို လိုလား တောင်းဆိုကြ၏။ ယင်း ကိစ္စအပေါင်းတွင် ဘုရားသခင်ကို ဂုဏ်ပြုခြင်း မရှိ။ အခမ်းအနားများ၊ ဟန်ဆောင်မှုများ နှင့် ခင်းကျင်းပြသမှုများ ရောပြွမ်းသည့် ခေတ်မီ ဘာသာရေးကို ဘုရားသခင် နှစ်သက် လက်ခံတော်မူသည်COLB 366.1

    မဟုတ်။ ယင်းကဲ့သို့သော ဝတ်ပြုကိုးကွယ်ခြင်းများအတွက် ကောင်းကင်တမန်တို့ တုံ့ပြန်ခြင်း မပြုကြပါ။COLB 367.1

    အသင်းတော်သည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် အလွန် အဖိုးထိုက်တန်ပါသည်။ အပေါ်ယိက အခွင့်သာမှုအတွက် မဟုတ်၊ လောကနှင့် ခြားနားသည့် ရိုးသားသော ဝတ်ပြု ကိုးကွယ်ခြင်းကို သာလျှင် ကိုယ်တော်ရှင် တန်ဖိုးထားတော်မူ၏။ အသင်းသားများသည် ခရစ်တော်ကို သိကျွမ်းခြင်း၌ ကြီးထွားရှင်သန်ခြင်း အပေါ် မူတည်၍ လည်းကောင်း၊ သူတို့၏ ဝိညာဉ်ရေး ဗဟုသုတ ဖွံ့ဖြိုးမှု အပေါ် မူတည်၍ လည်းကောင်း ကိုယ်တော်ရှင် တန်ဖိုး သတ်မှတ်တော်မူ၏။COLB 367.2

    ခရစ်တော်သည် မိမိ၏ စပျစ်ဥယျာဉ်တော်မှ သန့်ရှင်သော အသီးများ၊ တစ်ကိုယ်ကောင်း စိတ်ထား ကင်းသော အသီးများကို သုံးဆောင်လိုတော်မူ၏။ မေတ္တာ နှင့် ကောင်းမြတ်ခြင်းဆိုင်ရာ အခြေခံ သဘောတရားများကို ရှာဖွေတော်မူ၏။ ခရစ်တော်ကို ပုံဆောင်သူများ ထုတ်ဖေါ်ရမည်။ အကျင့်စာရိတ္တ နှင့် သဘောထား လှပပုံတို့ကို မည်သည့် အနုပညာ လှပပုံကမျှ ဖက်ပြိုင်ဝံ့မည် မဟုတ်ပါ။ ယုံကြည်သူ၏ စိတ်ဝိညာဉ်ကို ကျေးဇူးတော် အရှိန်အဟုန် ဝန်းရံသည် ဖြစ်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် စိတ်နှလုံးအတွင်း ပြုပြင်ခြင်းဖြင့် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် ဖြစ်သောကြောင့် သူ၏ အလုပ်ကို ဘုရားသခင် ကောင်းချီးပေးတော်မူ၏။COLB 367.3

    တိုင်းပြည်တွင် အနွမ်းပါးဆုံးသော လူစုလူဝေး တစ်ရပ် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ဆွဲဆောင်နိုင်မှုအတွက် ပြင်ပ ဟိတ်ဟန် မရှိသော်လည်းကောင်း အသင်းသားများသည် ခရစ်တော်၏ ဂုဏ်တော်ကို ဖေါ်ထုတ်နိုင်သည့် အခြေခံ သဘောတရားများ ရှိပါက သူတို့သည် ကိုယ်တော်ကဲ့သို့ ဝမ်းမြောက်ရွှင်လန်းကြပေလိမ့်မည်။ သူတို့ ဘုရားဝတ်ပြုရာတွင် ကောင်းကင်တမန်များလည်း ပါဝင်ကြပေလိမ့်မည်။ ကျေးဇူးတော် နှင့် ဂုဏ်တော်ကို ချီးမွမ်းကြသည့် ကျေးဇူးတရား သိတတ်သူတို့၏ အသံများသည် မွှေးကြိုင်သော ပူဇော်သကာကဲ့သို့ ဘုရားသခင်၏ အထံတော်သို့ တက်လေ၏။COLB 367.4

    ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်း နှင့် တန်ခိုးတော်အကြောင်းကို ထုတ်ဖေါ်ပြောကြားရန် ကိုယ်တော်ရှင် အလိုရှိတော်မူ၏။ ကျေးဇူးတော် နှင့် ဂုဏ်တော်ကို ချီးမွမ်းခြင်းအားဖြင့် ကိုယ်တော်၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြ၏။ “ကျေးဇူးချီးမွမ်းခြင်း ယဇ်ကို ပူဇော်သော သူသည် ငါ၏ ဘုန်းကို ထင်ရှားစေသော သူ ဖြစ်၏။” ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။ ဆာ၊ ၅၀:၂၃။ ဣသရေလ လူတို့သည် တောကြီးကန္တရအတွင်း၌ လှည့်လည သွားလာ၍ နေရကြစဉ် သန့်ရှင်းသော သီချင်းသံဖြင့် ဘုရားသခင်ကို ချီးမွမ်းကြ၏။ ဘုရားသခင်၏ ပညတ်တော်များ နှင့် ကတိတော်များကို သံစုံသွင်း၍ တောကြီးအတွင်း လှည့်လည်စဉ် ကာလပတ်လုံး ဘုရားဖူး ခရီးသည်များ သီဆိုကြ၏။ ခါနာန်ပြည်သို့ ရောက်ကြသောအခါ ဘာသာရေးဆိုင်ရာ စားသောက်ပွဲများတွင် ဘုရားသခင်၏ အံ့သြဖွယ်ရာ ဆောင်ရွက်မှုများကို ပြန်လည် ပြောပြကြပြီးလျှင် နာမတော် နှင့် ကျေးဇူးတော်ကို ချီးမွမ်းပူဇော်ရကြမည် ဖြစ်ပါသည်။ ဘုရားသခင် လူတို့၏ အသက်တာ တစ်လျှောက်လုံးသည် ကျေးဇူးတော်ကို ချီးမွမ်းသော အသက်တာ ဖြစ်စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ယင်းနည်းအားဖြင့် “မြေကြီးသားတို့သည် အမှုတော်ကို သိ၍ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော။” ဆာ၊ ၆၇:၂။COLB 368.1

    ယနေ့လောကတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သင့်ပါသည်။ လောကီသားများသည် ဘုရားမှန် တရားမှန်ကို မသိကြ၊ သို့သော် သူတို့၏ ဘာသာအယူဝါဒများကို ပြစ်တင် ဝေဖန်ခြင်း မပြုဘဲ သာလွန် ကောင်းမွန်သော အယူဝါဒကို သိတွေ့စေခြင်းအားဖြင့် သူတို့၏ မှားသော ဝတ်ပြု ကိုးကွယ်ခြင်းများကို စွန့်လွှတ်စေရန် ဆောင်ရွက်ရကြပါမည်။ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်း ကို အများသိအောင် ဆောင်ရွက်ရကြပါမည်။ “ငါသည် ဘုရားသခင် မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေ ဖြစ်ကြ၏။” ဟေရှာ၊ ၄၃:၁၂။COLB 368.2

    ကြီးမြတ်တော်မူသော ကယ်တင်ခြင်း စီမံကိန်း၏ အကျိုးကျေးဇူးကို ကျွန်ုပ်တို့ ကောင်းစွာ သိနားလည်ရန် ထာဝရအရှင် ဘုရားသခင် အလိုရှိ တော်မူ၏။ ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် ကျွန်ုပ်တို့ ရရှိသည့် မြင့်မြတ်သော အခွင့်အရေးကို မုချ သိမြင်၍ ကျေးဇူးတော်ကို ချီးမွမ်းလျက် ကိုယ်တော်ရှင်၏ ရှေ့တော်တွင် နားထောင်ခြင်းဖြင့် တရားတော်ကို ကျင့်စောင့်စေလိုတော်မူ၏။ ကျွန်ုပ်တို့သည် အသစ်သော အသက်တာဖြင့် လည်းကောင်း၊ အားရဝမ်းမြောက်ခြင်းဖြင့် လည်းကောင်း နေ့စဉ်အမှုတော် ဆောင်ရွက်ရန် ကိုယ်တော် အလိုရှိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အား စောင့်ထိန်းတော်မူသည် ဖြစ်၍ ကျွန်ုပ်တို့၌ စိုးရိမ်ကြောင့်ကြစရာ ရှိသမျှကို ကိုယ်တော်ရှင်အား လွှဲအပ်နိုင်သည် ဖြစ်၍ လည်းကောင်း၊ ကျွန်ုပ်တို့၏ နာမည်များကို သိုးသငယ်၏ အသက်စာစောင်တွင် ရေးမှတ်ထားသည့် အတွက်ကြောင့် လည်းကောင်း ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ကျေးဇူးတရား သိတတ်ခြင်းနှင့် ပြည့်လျှံလျက် ရှိစေရန် ကိုယ်တော် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့သည် ထာဝရအရှင် ဘုရားသခင်၏ အမွေခံများ ဖြစ်သောကြောင့် လည်းကောင်း၊ ခရစ်တော်၏ ဖြောင့်မတ်ခြင်း တရားသည် ကိုယ်တော်ရှင်၏ သန့်ရှင်းသူများအတွက် ဖြူသော ဝတ်ရုံ ဖြစ်သောကြောင့် လည်းကောင်း၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင် မကြာမီ ကြွလာတော်မူမည်ကို ကျွန်ုပ်တို့သည် မင်္ဂလာ ရှိစွာ မျှော်လင့်ခွင့် ရှိသောကြောင့် လည်းကောင်း ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အား ဝမ်းမြောက် ရွှင်မြူးစေလိုတော်မူ၏။ COLB 368.3

    ကျွန်ုပ်တို့သည် ဆုတောင်းပတ္ထနာပြုရန် တာဝန်ရှိသကဲ့သို့ စိတ်နှလုံး ရိုးသားစွာဖြင့် လည်းကောင်း၊ ပြည့်စုံကုံလုံစွာဖြင့် လည်းကောင်း ဘုရားသခင်အား ချီးမွမ်း ထောမနာပြုရန် တာဝန် ရှိပါသည်။ ပျက်စီးဆုံးရှုံးနေသော လူသားအပေါ်တွင် ဘုရားသခင် ထားရှိတော်မူသည့် အံ့သြဖွယ် ဖြစ်တော်မူသော မေတ္တာတော်အတွက် ကျွန်ုပ်တို့ အထူး ကျေးဇူးတရား သိတတ်ကြောင်းကို ဤ ကမ္ဘာလောကကြီးအား လည်းကောင်း၊ ကောင်းကင်သတင်းထောက်များအား လည်းကောင်း ထင်ရှားစွာ ပြသရကြပါမည်။ ၎င်းပြင် များပြားသည်ထက် ပို၍ များပြားသော ကောင်းချီးမင်္ဂလာများကိုလည်း အတိုင်းမသိ စုံလင်တော်မူသည့် ကိုယ်တော်ရှင်ထံတော်မှ မျှော်လင့်လျက် ရှိကြောင်းကိုလည်း ပြသရကြပါမည်။ ကျွန်ုပ်တို့၏ ဘဝ အသက်တာ တွင် အဖိုးတန် အတွေ့အကြုံ ဗဟုသုတ အခန်းကဏ္ဍများအတွက် အလုပ်နှင့် ပြသည်ထက် ပို၍ ဟောပြောကြရန် လိုအပ်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော် အထူး သွန်းလောင်းတော်မူခြင်း တစ်ကြိမ် ခံရပြီးနောက် ကိုယ်တော်ရှင်၏ ကောင်းမြတ်တော်မူခြင်းကို လည်းကောင်း၊ ကိုယ်တော်သည် မိမိ၏ သားသမီးများအတွက် အံ့သြဖွယ်ရာ လုပ်ဆောင်တော်မူကြောင်းကို လည်းကောင်း ကျွန်ုပ်တို့ ပြန်လည် သုံးသပ် ရေတွက်ခြင်းအားဖြင့် ဘုရားသခင်၌ ကျွန်ုပ်တို့ ပို၍ ဝမ်းမြောက်ခြင်း ရှိပြီး ကိုယ်တော်၏ အမှုတော်၌ ကျွန်ုပ်တို့ ပို၍ အရည်အချင်း ပြည့်စုံကြပေလိမ့်မည်။COLB 369.1

    ယင်း ဆောင်ရွက်မှုများအားဖြင့် စာတန်၏ တန်ခိုးကို ယုတ်လျော့စေနိုင်ပါလိမ့်မည်။ ညည်းညူ မြည်တမ်းသည့် စိတ်သဘောများကိုလည်း ပျောက်ပျက်စေသောကြောင့် မာရ်နတ် စာတန် နောက်ဆုတ်ရ၏။ ယင်း လုပ်ဆောင်ချက်များအားဖြင့် မြေကြီးသားတို့သည် ကောင်းကင် နေအိမ်များတွင် နေထိုင်ရန် ထိုက်တန်သော အကျင့်စာရိတ္တများ တည်ဆောက်ကြလိမ့်မည်။COLB 370.1

    ယင်းသို့ သက်သေခံခြင်းအားဖြင့် လူအများကို သိမ်းရုံးနိုင်ပေလိမ့်မည်။ ခရစ်တော်အတွက် ဝိညာဉ်ကယ်တင်ရေး အမှုတော်ကို ဆောင်ရွက်ရာတွင် ထိုထက် ပို၍ ထိရောက်သော နည်းလမ်း မရှိနိုင်။COLB 370.2

    ထင်ရှားသိသာသော အမှုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းရကြပါမည်။ ၎င်းအပြင် ဘုရားသခင်၏ နာမတော်ဆိုင်ရာ ဘုန်းထင်ရှား ပြန့်ပွားရေးအတွက် အစွမ်းသတ္တိ ရှိသမျှနှင့် ဆောင်ရွက်ရကြပါမည်။ ကျွန်ုပ်တို့သည် ပေးကမ်း စွန့်ကြဲနိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား ဆုကျေးဇူးများကို ပေးသနားတော်မူ၏။ ယင်းနည်းအားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ကမ္ဘာက သိစေရန် ဆောင်ရွက်ရကြပါမည်။ ယုဒလူတို့၏ စားဝတ်နေရေးဆိုင်ရာ အခန်းကဏ္ဍတွင် ပေးကမ်းစွန့်ကြဲခြင်း နှင့် အလှူတော် ဆက်ကပ်ခြင်းများသည် ဘုရားဝတ်ပြု ကိုးကွယ်ခြင်း၌ အထူး လိုအပ်ချက်များ ဖြစ်ပါသည်။ သန့်ရှင်းရာ ဌာနတွင် ဝတ်ပြုကိုးကွယ်ခြင်းအတွက် ဣသရေလတို့သည် သူ တို့၏ ဝင်ငွေမှ တစ်ဆယ်ဖို့ တစ်ဖို့ကို သစ္စာ ရှိစွာ ဆက်ကပ်ရန် သွန်သင် တတ်မြောက်ထားကြပါသည်။ ၎င်းအပြင် အပြစ်ဖြေရာ ပူဇော်သကာကို လည်းကောင်း၊ ကျေးဇူးတော် ဝန်ခံဖို့ရာ ပူဇော်သကာကို လည်းကောင်း၊ ကိုယ် အလိုအလျောက် ပူဇော်သော ပူဇော်သကာကို လည်းကောင်း ယူဆောင်ခဲ့ကြရပါသည်။ ယင်းသို့ စီစဉ် သတ်မှတ်ထားခြင်းမှာ ထိုအချိန်က ဧဝံဂေလိ အမှုတော်အတွက် ထောက်ပံ့ရန် နည်းလမ်းများ ဖြစ်ပါသည်။ ရှေးခေတ်က ဘုရားသခင်သည် မိမိ လူမျိုးအား ယင်းသို့ ပြုလုပ်စေလိုတော်မူသည် နည်းတူ ယနေ့ ကျွန်ုပ်တို့အားလည်း ပြုစေလိုတော်မူ၏။ ဝိညာဉ် ကယ်ဆယ်ရေး လုပ်ငန်းတော်ကြီးကို ရှေ့သို့ တိုးတက် ပြန့်ပွားအောင် ဆောင်ရွက်ရကြပါမည်။ ကိုယ်တော်သည် ၎င်း လုပ်ငန်းအတွက် တစ်ဆယ်ဖို့ တစ်ဖို့၊ အလှူငွေ ပေးကမ်း စွန့်ကြဲခြင်းများအားဖြင့် စီမံထားတော်မူ၏။ ထိုနည်းအားဖြင့် ဧဝံဂေလိ တရားတော်ဆိုင်ရာ အမှုတော် တည်မြဲစေရန် ကိုယ်တော် စီမံခန့်ခွဲတော်မူ၏။ တစ်ဆယ်ဖို့ တစ်ဖို့ကို ကိုယ်တော် ပိုင်တော်မူသည်ဟု ဆင့်ဆိုတော်မူသောကြောင့် သန့်ရှင်းသည့် သီးသန့် ဘဏ္ဍာ ဖြစ်သည်ဟု အမြဲတစေ သဘောထားလျက် ကိုယ်တော်၏ အမှုတော် တိုးတက် ပြန့်ပွားရေးအတွက် ကိုယ်တော်ရှင်၏ ဘဏ္ဍာတိုက်တွင်းသို့ ပေးပို့ရပါမည်။ ၎င်းအပြင် ကျွန်ုပ်တို့အား စေတနာ အလျောက် ရက်ရောစွာ ပေးလှူခြင်း နှင့် ကျေးဇူးတော်ကို ချီးမွမ်းသည့် အလှူတော်ငွေများကိုလည်း တောင်းဆိုတော်မူ၏။ ထိုကြောင့် ဧဝံဂေလိ တရားတော်ကို မြေကြီးစွန်း တိုင်အောင် ပို့ဆောင်ရေးအတွက် ကျွန်ုပ်တို့ အားလုံး ယုံကြည်စွာဖြင့် ဆက်ကပ် လှူဒါန်းရကြပါမည်။COLB 370.3

    ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရာတွင် ကိုယ်တိုင် ပါဝင်ရန် လိုအပ်ပါသည်။ ကိုယ်တိုင် ပါဝင် ကြိုးစားအားထုတ်ခြင်းဖြင့် ဤ ကမ္ဘာလောကကို ကယ်ဆယ်ရာတွင် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် အတူ ပူးပေါင်းဆောင်ရွက်ရကြပါမည်။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျ သတ္တဝါ အပေါင်းတို့အား ဧဝံဂေလိ တရားကို ဟောကြားလော့” ဟု ကိုယ်တော်ရှင်၏ နောက်တော်သို့ လိုက်သော သူ အားလုံးကို မိန့်မှာ၍ တာဝန်ပေးတော်မူ၏။ (မာ၊ ၁၆:၁၅။) ခရစ်တော်၏ အသက်တာအတွက် တာဝန်ပေးခြင်း ခံရသူတိုင်းသည် လူသား အချင်းချင်း ကယ်တင်ရန် လုပ်ငန်းအတွက် တာဝန်ပေးခြင်းကို ခံရသော သူများ ဖြစ်ပါသည်။ သူတို့၏ စိတ်နှလုံးများသည် ခရစ်တော်၏ စိတ်နှလုံးနှင့် အတူ တစ်ပြိုင်တည်း တက်တက် ကြွကြွ ရှိကြ၏။ ခရစ်တော်သည် အသက် ဝိညာဉ်များကို တမ်းတသကဲ့သို့ သူတို့သည်လည်း တမ်းတကြပေလိမ့်မည်။ လူတိုင်းအတွက် အမှုတော် တစ်မျိုးတည်းတွင် နေရာ မရှိနိုင်သော်လည်း လူတိုင်းအတွက် နေရာ တစ်ခု အလုပ် တစ်မျိုး ရှိပါသည်။COLB 371.1

    ရှေးခေတ်က အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့သည် လည်းကောင်း၊ စိတ်နှလုံး နှိမ့်ချ၍ ပညာဉာဏ်နှင့် ပြည့်စုံသော မေရှေသည် လည်းကောင်း၊ အရည်အချင်း အမျိုးမျိုးနှင့် ပြည့်စုံသော ယောရှုသည် လည်းကောင်း ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရာတွင် စာရင်းဝင်သူများ ဖြစ်ကြ၏။ မိရိအံ ကဲ့သို့ သံပြိုင်သီချင်း သီဆိုနိုင်ခြင်း၊ ဒေဗောရ ကဲ့သို့ ရဲရင့်ခြင်း နှင့် ဘုရားတရား ကြည်ညိုခြင်း၊ ရုသ ကဲ့သို့ သမီးဝတ် ကျေပွန်သော ချစ်မေတ္တာထားခြင်း၊ ရှမွေလ ကဲ့သို့ နားထောင်ခြင်း နှင့် သစ္စာ ရှိခြင်း၊ ဧလိယ ကဲ့သို့ မျက်နှာထား တည်ခြင်း နှင့် ကတိသစ္စာ မြဲခြင်း၊ ဧလိရှဲ ကဲ့သို့ နူးညံ့ ပျော့ပျောင်းစေနိုင်ခြင်း နှင့် နှိမ့်ချစေနိုင်ခြင်း စသည့် အရည်အချင်းများ လိုအပ်ပါသည်။ ထိုကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတိုင်းသည် အမှုတော်ကို ကိုယ်တွေ့ တုံ့ပြန် ဆောင်ရွက်ရပါမည်။ ရရှိထားသော ဆုကျေးဇူး ရှိသမျှကို ကိုယ်တော်ရှင်၏ နိုင်ငံတော် တိုးတက် ပြန့်ပွားရေး နှင့် နာမတော် ဘုန်းထင်ရှားရေးအတွက် အသုံးပြုရမည်။COLB 372.1

    ခရစ်တော်သည် မိမိ၏ ကယ်တင်ရှင် ဖြစ်ပါသည် ဟု လက်ခံသော သူတိုင်းသည် ဧဝံဂေလိ တရားတော်ဆိုင်ရာ သမ္မာတရားတော် နှင့် ၎င်း၏ အသက်ကယ်နိုင်သော တန်ခိုးတော် အကြောင်းကို ထင်ရှားစွာ ဖေါ်ပြရပါမည်။ ဘုရားသခင်သည် မိမိ တောင်းဆိုတော်မူချက် အောင်မြင်စေရန် အစီအစဉ် မရှိဘဲ ဆင့်ဆိုတော်မူသည် မဟုတ်ပါ။ ဘုရားသခင်၏ တောင်းဆိုချက် ရှိသမျှကို ကျွန်ုပ်တို့သည် ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် ပြီးမြောက် အောင်မြင်နိုင်ပါသည်။ ကောင်းကင်၏ ကြွယ်ဝမှု ရှိသမျှကို ဘုရားသခင်၏ လူတို့က ထုတ်ဖေါ်ကြရမည် ဖြစ်ပါသည်။ “သင် တို့သည် များစွာသော အသီးကို သီးသောအားဖြင့် ငါ့ ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏ တပည့်မှန်ကြလိမ့်မည်။” ဟု ခရစ်တော် မိန့်တော်မူ၏။ ယော၊ ၁၅:၈။COLB 372.2

    ကမ္ဘာမြေကြီး တစ်ပြင်လုံးသည် ကိုယ်တော်၏ စပျစ်ဥယျာဉ် ဖြစ်သည်ဟု ဘုရားသခင် ဆင့်ဆိုတော်မူ၏။ ယခုအခါ လုယူထားသူ၏ လက်ဝယ်၌ ရှိနေသေးသော်လည်း ဘုရားရှင် ပိုင်တော်မူ၏။ ဖန်ဆင်းထားတော်မူခြင်းအားဖြင့် လည်းကောင်း၊ ရွေးနုတ်ထားတော်မူခြင်းအားဖြင့် လည်းကောင်း ကိုယ်တော် ပိုင်တော်မူ၏။ လောကီသားတို့အတွက် ခရစ်တော်သည် ကိုယ့်ကိုကိုယ် ပူဇော်တော်မူ၏။ “ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ယော၊ ၃:၁၆။ ယင်း ဆုကျေးဇူး တစ်ခုအားဖြင့် လူအပေါင်းတို့အား အခြား ဆုကျေးဇူး ရှိသမျှကို ပေးတော်မူ၏။ နေ့ရက် အစဉ်အတိုင်း ကမ္ဘာမြေကြီး တစ်ခုလုံးသည် ဘုရားသခင်၏ ထံတော်မှ ကောင်းချီးမင်္ဂလာများကို ရရှိနေပါသည်။ မိုးရေ မိုးပေါက် ရှိသမျှကို လည်းကောင်း၊ နေရောက်ခြည် ရှိသမျှကို လည်းကောင်း ကျေးဇူးတရား မသိတတ်သော ကျွန်ုပ်တို့ လူမျိုး အပေါ်သို့ သက်ရောက်စေတော်မူ၏။ သစ်ရွက် ရှိသမျှ၊ ပန်းပွင့် မှန်သမျှ၊ သီးနှံ အပေါင်းတို့သည် ဘုရားသခင်၏ မေတ္တာတော်နှင့် အဓွန့်ရှည်စွာ သည်းခံနေတော်မူခြင်းကို သက်သေထူနေကြပါသည်။COLB 373.1

    ထိုမျှ ပေးသနားတော်မူသော အရှင်ဘုရားသခင်ကို မည်သည့် အရာများ ပြန်၍ ဆက်ကပ် နေကြပါသနည်း။ ဘုရားကိုယ်တော်ရှင် ဆင့်ဆိုတော်မူခြင်းများကို လူတို့ အဘယ်သို့ တုံ့ပြန်နေကြပါ သနည်း။ လူသား အပေါင်းသည် မိမိတို့ အသက်တာတွင် မည်သူ၏ အမှုတော်ကို ထမ်းဆောင်နေကြပါ သနည်း။ သူတို့သည် ငွေဘုရား၏ အမှုတော်ကို ဆောင်ရွက်နေကြပါသည်။ စည်းစိမ် ဥစ္စာ ကြွယ်ဝခြင်း၊ အခြေအနေ ကြီးမြတ်ခြင်း၊ လောကီ ပျော်မွေ့ခြင်းများသည် သူတို့၏ ရည်ရွယ်ချက်များ ဖြစ်ကြ၏။ လူသား အချင်းချင်းထံမှ သာမက ဘုရားသခင်၏ ထံတော်မှ လုယူ၍ စည်းစိမ် ဥစ္စာ ကြွယ်ဝခြင်းသို့ ရောက်ကြပါသည်။ လူတိုင်းသည် ကိုယ်တော်၏ ဆုကျေးဇူးတော်များကို မိမိတို့ ကိုယ်ကျိုးအတွက် သက်သက် ကြိုက်နှစ်သက်သလို အသုံးပြုနေကြပါသည်။ သူတို့ ရှာဖွေ ရရှိသမျှကို သူတို့၏ အလိုလောဘအတိုင်း လောကီ ပျော်မွေ့ခြင်းအတွက် သက်သက် အသုံးပြုနေကြပါသည်။COLB 373.2

    ယနေ့ လောက၏ မကောင်းမှု ဒုစရိုက်များသည် ဣသရေလလူတို့ကို ဖြိုလှဲခဲ့သော မကောင်းမှု ဒုစရိုက်များနှင့် ထပ်တူထပ်မျှ ဖြစ်နေပါသည်။ ဣသရေလ လူတို့၏ အပေါ်သို့ အမျက်တော် ဆိုက်ရောက်ရခြင်း၏ အကြောင်းရင်းများတွင် ဘုရားသခင်၏ ကျေးဇူးတော်ကို မသိတတ်ခြင်း၊ အခွင့်အရေးများ နှင့် ကောင်းချီးမင်္ဂလာများကို လျစ်လျူရှုခြင်း၊ ဆုကျေးဇူးတော်များကို ကိုယ်ကျိုး အတွက်သာ သုံးစွဲခြင်း စသည်တို့ပါဝင်ပါသည်။ ၎င်းတို့ကြောင့်ပင် ယနေ့ လောကသည်လည်း ယိုယွင်းလျက် ရှိနေပါသည်။COLB 374.1

    သံလွင်တောင်ပေါ်မှ အရွေးချယ်ခံ မြို့တော်ကို ကြည့်တော်မူလျက် ခရစ်တော် မျက်ရည် ကျတော်မူရခြင်း အကြောင်းမှာ ယေရုရှလင် မြို့တော်အတွက် သက်သက် မဟုတ်ပါ၊ ယင်းမြို့တော်ပေါ်သို့ ဆိုက်ရောက်ရတော့မည့် ဘေးဥပဒ်အတိုင်း ဤ လောကကြီး ပျက်စီးခြင်းသို့ ရောက်ရတော့်မည့် အခြေအနေကိုလည်း မြင်တော်မူသောကြောင့် ဖြစ်ပါသည်။COLB 374.2

    “အချင်း မြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော အရာတို့ကို သင်၏ လက်ထက် ယခု ကာလ၌ပင် သင်သည် သိရလျှင် မင်္ဂလာ ရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက် ရှိ၏။” လု၊ ၁၉:၄၂။COLB 374.3

    “သင်၏ လက်ထက် ယခုကာလ” ယခု ကာလ ကုန်ဆုံးချိန် နီးပါပြီ။ ကရုဏာ နှင့် အခွင့်အရေး ကာလ ပြီးဆုံးချိန် အလွန် နီးကပ်နေပါပြီ။ အပြစ်နှင့် အလျောက် ဆပ်ပေးရန် မိုးတိမ်ဆင်လျက် ရှိနေပါပြီ။ ဘုရားသခင်၏ ကျေးဇူးကရုဏာတော်ကို ငြင်းပယ်သူများသည် အလျင်အမြန် ဧကန် အမှန် ကျရောက်တော့မည့် ဘေးဒဏ်တွင် ပါဝင်ဖို့ အချိန် နီးလေပြီ။COLB 374.4

    သို့ပါလျက် ကမ္ဘာကြီးသည် အိပ်ပျော်၍ပင် ရှိနေသေးပါ၏။ ဘုရားသခင်၏ ကြည့်ရှု စီရင်တော်မူသော နေ့ရက်သည် သူတို့ထံသို့ ရောက်လာတော်မူမည်ကို လူတို့ မသိကြပါတကား။COLB 375.1

    ယင်း အရေးကြုံသော ကာလတွင် အသင်းတော်ကို မည်သည့် နေရာတွင် ရှာ၍ တွေ့ရပါမည်နည်း။ အသင်းသူ အသင်းသားများသည်လည်း ဘုရားသခင် ဆင့်ဆိုတော်မူသည့်အတိုင်း လိုက်နာနေကြပါ၏ လော။ သူတို့အား ဘုရားသခင် ခန့်အပ်တော်မူသည့် တာဝန်ကို ထမ်းဆောင်၍ ကိုယ်တော်၏ ဂုဏ်တော်ကို လောကီသားတို့ ရှေ့တွင် ထင်ရှားစွာ ဖေါ်ထုတ်နေကြပါ၏ လော။ လူသား အချင်းချင်းတို့အား နောက်ဆုံးသော ကာလ၏ ကရုဏာတော်ဆိုင်ရာ သတင်းစကား သတိပေး နှိုးဆော်ချက်များအတိုင်း တိုက်တွန်းနှိုးဆော်လျက် ရှိကြပါ၏ လော။COLB 375.2

    လူသား အပေါင်းတို့ ဘေးအန္တရာယ်များ ဝန်းရံလျက် ရှိနေပါသည်။ လူစု လူဝေးအလိုက် ပျက်စီးခြင်းနှင့် ရင်ဆိုင်နေကြပါသည်။ သို့သော် ယင်း အသက်ဝိညာဉ်များအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် ခရစ်ယာန် အမည်ခံသူများ မည်မျှ နည်းလှပါသနည်း။ ကမ္ဘာကြီး၏ သေရေး ရှင်ရေးသည် သို့လော သို့လော တွေးတောစရာ ဖြစ်နေပါသည်။ သေခြင်းတရားကို မလွန်ဆန်နိုင်သော လူသားအား ပေးအပ်ထားသမျှတွင် အကျိုး အသက်ရောက်ဆုံး ဖြစ်သော သမ္မာတရားတော်ကို ယုံကြည် အားထားပါသည်ဟု အဆိုပြုသူများပင်လျှင် ဤ အခြေအနေကြောင့် တုန်လှုပ်ခြင်း မရှိကြပါ။ လူသား ဇာတိအသွင်ဖြင့် လူသားကို တွေ့ထိ၍ ယင်း လူသားကို ဘုရားသခင်၏ ထံတော်သို့ ခေါ်ဆောင်ရန် ခရစ်တော်သည် မိမိ၏ ကောင်းကင် အိမ်တော်ကို စွန့်ခွာ၍ လူသား ဘဝကို လာရောက် ယူဆောင်တော်မူသည့် မေတ္တာမျိုး လိုအပ်နေပါသည်။ ယခု လောလောဆယ် အချိန်၏ တာဝန်ဝတ္တရားကို နားမလည် နိုင်လောက်အောင် ဘုရားသခင်၏ လူတို့သည် ထိုင်းမှိုင်းတွေဝေ၍ သွက်ချာပါဒ ရောဂါ စွဲနေကြပါသည် တကား။COLB 375.3

    ဣသရေလလူတို့သည် ခါနာန်ပြည်သို့ ဝင်ရောက်ကြသောအခါ ဘုရားသခင်၏ စီမံတော်မူချက် အတိုင်း ပြည်နယ်တစ်ဝန်းလုံးကို သိမ်းယူ ရန် ပျက်ကွက်ကြပါသည်။ တစ်ပိုင်းတစ်ပစ် တိုက်ခိုက်သိမ်းပြီး ယူကြသောအခါ အတည်တကျ နေထိုင်၍ မိမိတို့ အောင်နိုင်ထားသည့် အကျိုးသက်ရောက်မှုကိုသာ ခံစားနေကြ၏။ သူတို့၏ ယုံကြည်မှု မလုံလောက်ခြင်း နှင့် သက်သက်သာသာ နေထိုင်လိုသော စိတ်သဘောထားများကြောင့် သူတို့သည် အောင်ပွဲခံပြီးသော ဒေသများတွင်သာ စုပြုံနေထိုင်ကြပြီးလျှင် ရှေ့သို့ ဆက်လက်၍ နယ်သစ်များ သိမ်းပိုက်ရန် မကြိုးစား မဆောင်ရွက်ကြတော့ပါ။ ယင်းနည်းအားဖြင့် သူတို့သည် ဘုရားသခင်ထံမှ ခွဲခွါစပြုကြ၏။ သူတို့သည် ဘုရားသခင်၏ စီမံတော်မူချက်ကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရန် ပျက်ကွက်ကြသောကြောင့် ကိုယ်တော်ရှင် ကတိပြုတော်မူသည့် ကောင်းချီးမင်္ဂလာကို အချည်းအနှီး ဖြစ်အောင် သူတို့ ပြုကြ၏။ ယနေ့ အသင်းတော်သည်လည်း ယင်း လမ်းစဉ်အတိုင်း လိုက်လျှောက် နေကြသည် မဟုတ်ပါလော။ ဧဝံဂေလိ တရားတော်ဆိုင်ရာ အခွင့်အရေးများကို မိမိတို့ ဘာသာ စံစားနိုင်သည့် နေရာများ၌သာ စုပြုံနေထိုင်ကြ၏။ ဝေးလံသော ဒေသများသို့ ကယ်တင်ခြင်း သတင်းစကားကို သယ်ဆောင်သွားရန်၊ ပြည်နယ်သစ်များ သိမ်းပိုက်ရန် အထူး လိုအပ်သည်ဟု သူတို့ မတွေ့မသိကြ။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ် ရှိသမျှသို့ သွား၍ ဝေနေယျ သတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့” ဟု ခရစ်တော် ပေးအပ်ထားသည် တာဝန်ကို ပြည့်စုံအောင် သူတို့ မဆောင်ရွက်ကြပါ။ မာကု၊ ၁၆:၁၅။ သူတို့သည် ယုဒ အသင်းတော်ထက် လျော့နည်း၍ တာဝန် ပျက်ကွက်ကြပါသလား။COLB 375.4

    ခရစ်တော်၏ နောက်တော်သို့ လိုက်သော သူများ ဖြစ်ကြပါသည်ဟု အဆိုပြုသော သူများသည် ကောင်းကင်စကြဝဠာ၏ ရှေ့မှောက်တွင် စစ်ဆေး စမ်းသပ်ခြင်းကို ခံနေရကြပါသည်။ သို့သော် ဘုရားသခင်၏ အမှုတော်တွင် သူတို့၏ စိတ်ထက်သန်မှု မရှိခြင်း၊ အားထုတ် ဆောင်ရွက်မှု နည်းပါးခြင်း၊ ထိုကြောင့် သူတို့အား သစ္စာ မရှိသူများ ဖြစ်သည်ဟု သတ်မှတ်ခြင်း ခံနေကြပါသည်။ သူတို့သည် မိမိတို့၏ စွမ်းအား ရှိသမျှနှင့် အကောင်းဆုံး ဆောင်ရွက်နေကြပါက သူတို့ အပေါ်သို့ ပြစ်ဒဏ်စီရင်ချက် ကျရောက်မည် မဟုတ်ပါ။ သို့သော် သူတို့သည် သူတို့၏ တာဝန်တွင် စိတ်ပါဝင်စားခြင်း ရှိပါက အမှုတော်ကို များစွာ ပို၍ ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ သူတို့သည် ကိုယ်ကျိုးစွန့်၍ အနစ်နာခံလိုသော စိတ် နှင့် လက်ဝါးကပ်တိုင်ကို စိတ်ဝင်စားစွာ ထမ်းလိုသော စိတ်များစွာ ယုတ်လျော့ကြောင်း သူတို့ ကိုယ်တိုင် သာမက ကမ္ဘာကလည်း သိပါသည်။ ကောင်းကင် စာရင်းတော်တွင် အများသော သူတို့၏ အမည်နှင့် ယှဉ်၍ အသီးသီးသော သူများ မဟုတ်၊ စားသုံးသော သူများသာ ဖြစ်သည်ဟု မှတ်တမ်းတင်ထားခြင်းကို ခံရကြပါလိမ့်မည်။ ခရစ်တော်၏ အမည်ကို ခံယူသော သူ အများကြောင့် ကိုယ်တော်၏ ဘုန်းတော် မှေးမှိန်လိမ့်မည်။ ကိုယ်တော်၏ တင့်တယ်ခြင်း ဖုံးကွယ်နေလိမ့်မည်၊ ကိုယ်တော်၏ ဂုဏ်တော် မထင်ရှားဘဲ ရှိလိမ့်မည်။COLB 376.1

    အသင်းတော်၏ အမည် စာရင်းတွင် ပါဝင်သော်လည်း ခရစ်တော်၏ အုပ်ချုပ်မှု လက်အောက်ခံ မဟုတ်သူ အများ ရှိနေပါသည်။ သူတို့သည် ကိုယ်တော်၏ လမ်းညွှန်မှုကို ဥပေက္ခာ ပြုလျက် ကိုယ်တော်၏ အမှုတော်ကိုလည်း မဆောင်ရွက်ဘဲနေကြ၏။ ထိုကြောင့် သူတို့သည် ရန်သူ၏ လက်အောက်ခံများ ဖြစ်ကြ၏။ သူတို့သည် ကောင်းမှု အမှန်ကို မပြုမလုပ်ကြသောကြောင့် အတိုင်းမသိ နစ်နာမှုကို ပြုနေကြပါသည်။ သူတို့၏ သြဇာ သက်ရောက်မှုသည် အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏ အမွှေးအကြိုင် မဖြစ်သောကြောင့် သေခြင်းတိုင်အောင် သေခြင်း၏ ရနံ့ ဖြစ်ကြ၏။COLB 377.1

    ထာဝရအရှင် ဘုရားသခင်က “ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော” ဟု မေးတော်မူ၏။ ယေရမိ၊ ၅:၉။ ဣသရေလ အမျိုးသားတို့သည် ဘုရားသခင်၏ စီမံတော်မူချက်ကို ပြည့်စုံအောင် မဆောင်ရွက်ကြသောကြောင့် သူတို့အား ပယ်ထားပြီးလျှင် ဘုရားသခင်သည် အခြားသော လူမျိုးတို့အား ခေါ်တော်မူ၏။ ထိုကြောင့် အခြားသော လူမျိုးများသည်လည်း သစ္စာ မဲ့ကြပါက အလားတူ ငြင်းပယ်တော်မူခြင်းကို ခံရကြလိမ့်မည် မဟုတ်ပါလော။COLB 377.2

    စပျစ်ဥယျာဉ်၏ ဥပမာတွင် ခရစ်တော်သည် ဥယျာဉ်စောင့်များအား အပြစ် ရှိသည်ဟု စီရင်ချက် ချမှတ်တော်မူ၏။ ဥယျာဉ်မြေ အသီးအနှံများကို ဥယျာဉ်ပိုင်ရှင်အား ပြန်လည် ပေးအပ်ရန် သူတို့ ငြင်းပယ်ကြ၏။ ယုဒလူမျိုးတွင်လည်း ယဇ်ပုရောဟိတ်များ နှင့် ဓမ္မဆရာသသည် သာမန် လူတို့အား အမှား လမ်းပြခြင်းဖြင့် ဘုရားသခင် တောင်းဆိုတော်မူသည့် အမှုတော်ကို အလွဲ ဆောင်ရွက်ကြ၏။ သူတို့ လမ်းပြမှု မမှန်သောကြောင့် တစ်မျိုးသားလုံး ခရစ်တော်ကို ကျောခိုင်းကြ၏။COLB 378.1

    လူသားတို့၏ ရိုးရာဓလေ့များနှင့် ရောနှောခြင်း မရှိသော ဘုရားသခင်၏ ပညတ်တရားတော်သည် နားထောင်ရန်အတွက် စံနမူနာကြီး ဖြစ်ကြောင်း ခရစ်တော် ညွှန်ပြတော်မူ၏။ ယင်း အချက်က ရဗ္ဗိဆရာတို့အား ရန်ငြိုးဖွဲ့ရန် လှုံ့ဆော်ပေး၏။ သူတို့သည် လူ၏ သွန်သင်ချက်များကို ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ထက် ပို၍ ဦးစားပေးကြသောကြောင့် လူတို့သည် ဘုရားသခင်၏ ပညတ်ချက်များမှ ဝေးကွာကြ၏။ ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လိုက်နာ စောင့်ရှောက်နိုင်ရန် လူ လုပ်သော ပညတ်များကို သူတို့ လက်မလွှတ်ကြပါ။ သမ္မာတရားတော်၏ အကျိုးငှါ စဉ်းစားဆင်ခြင်၍ မာန်မာနကို မလျှော့ကြ။ လူတို့၏ ချီးမြှောက်ခြင်းကိုလည်း ရမြဲရလိုကြ၏။ ခရစ်တော် ကြွလာ၍ ဘုရားသခင် တောင်းဆိုတော်မူချက်များကို ညွှန်ပြသောအခါ ယဇ်ပုရောဟိတ်များ နှင့် အရာရှိများသည် သူတို့ နှင့် လူတို့ စပ်ကြားတွင် ကိုယ်တော်ရှင်၏ ကြားဝင် ဖျန်ဖြေပိုင်ခွင့်ကို ငြင်းပယ်ကြ၏။ ကိုယ်တော်၏ သြဝါဒများ နှင့် သတိပေး နှိုးဆော်စကားများကို သူတို့ မခံနိုင်ကြသောကြောင့် ကိုယ်တော်ရှင်ကို ဖီလာကန့်လန့် လုပ်ရန် နှင့် လုပ်ကြံသတ်ဖြတ်စေရန် လူတို့အား လှုံ့ဆော်ပေးကြ၏။COLB 378.2

    ခရစ်တော်အား ငြင်းပယ်ခြင်းနှင့် တကွ ၎င်းနှင့် ဆက်စပ်၍ နောက်ထပ် ဖြစ်ပျက်သမျှသော အကြောင်းအရာများမှာ သူတို့အတွက်ကြောင့် ဖြစ်၏။ လူတစ်မျိုးလုံး၏ ဒုစရိုက် နှင့် လူတစ်မျိုးလုံး ပျက်စီးရခြင်း၏ အကြောင်းရင်းမှာလည်း ဘာသာရေး ခေါင်းဆောင်များကြောင့်ပင် ဖြစ်၏။COLB 378.3

    ယနေ့ ကျွန်ုပ်တို့ အချိန်ကာလတွင်လည်း ယင်း သြဇာသက်ရောက်မှုများပင် လှုပ်ရှားနေကြသည် မဟုတ်ပါလော။ ယနေ့ ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်မှ ဥယျာဉ်စောင့်များအနက် အများသော သူတို့သည်လည်း ယုဒခေါင်းဆောင်များ၏ လမ်းစဉ်ကို လိုက်လျှောက်နေကြသည် မဟုတ်ပါလော၊ ဘာသာရေး ခေါင်းဆောင်များသည် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ဆိုင်ရာ ရှင်းလင်းစွာသော ဆင့်ဆိုချက်များမှ လူတို့ ကျောခိုင်းစေရန် ဆောင်ရွက်နေကြသည် မဟုတ်ပါလော။ ဘုရားသခင်၏ တရားတော်ကို လိုက်နာ စောင့်ရှောက်ရန် ပညာ မပေးဘဲ တရားတော်ကို ကျူးလွန်စေရန် ပညာပေးနေကြသည် မဟုတ်ပါလော။ ဘုရားသခင်၏ တရားတော်သည် လူတို့အား တုပ်နှောင်ထားခြင်း မရှိကြောင်း အများသော အသင်းတော် တရားပလ္လင်များမှ လူတို့အား သြဝါဒ ပေးနေကြ၏။ လူတို့၏ ရိုးရာဓလေ့များ၊ နည်းဥပဒေသများ၊ ထုံးစံများကို အရေးပေး ချီးမြှောက်နေကြ၏။ ဘုရားသခင်၏ ဆုကျေးဇူးတော်များကို ခံစားရသည့်အတွက် မာနထောင်လွှား၍ ကိုယ့်အရည်အချင်းနှင့် ကိုယ်ပင် ရောင့်ရဲနေကြပြီးလျှင် ဘုရားသခင် တောင်းဆိုတော်မူချက်များကို မသိကျိုးကျွန် ပြုနေကြ၏။COLB 379.1

    ဘုရားသခင်၏ တရားတော်ကို ဘေးဖယ်ထားခြင်းဖြင့် မိမိတို့ မည်သို့ ပြုနေကြသည်ကို လူတို့ မသိကြ။ ဘုရားသခင်၏ တရားတော်သည် ကိုယ်တော်၏ ဂုဏ်တော်ကို ဖေါ်ပြခြင်း ဖြစ်ပါသည်။ ယင်းသည် ကိုယ်တော်၏ နိုင်ငံတော်ဆိုင်ရာ အခြေခံ သဘောတရားများကို သရုပ်ဖေါ်ထားခြင်း ဖြစ်ပါသည်။ ယင်း အခြေခံ သဘောတရားများကို လက်ခံရန် ငြင်းပယ်သော သူသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ စီးဆင်းရာ လမ်းကြောင်း၏ အပြင်ဘက်တွင် ရပ်တည်နေသော သူ ဖြစ်ပါသည်။COLB 379.2

    ဣသရေလ လူတို့၏ ရှေ့မှောက်တွင် ထားရှိသော မွန်မြတ်သည့် အရာ ရှိသမျှကို ဘုရားသခင်၏ ပညတ်တော်များကို လိုက်နာစောင့်ရှောက်ခြင်း အားဖြင့်သာ ခံစားခွင့် ရှိပါသည်။ ကိုယ် စိတ် နှလုံး သုံးပါးနှင့် ဆိုင်သော ကောင်းချီးမင်္ဂလာ၊ လယ်ယာ အိမ်ခြေနှင့် ဆိုင်သော ကောင်းချီးမင်္ဂလာ၊ ယခု ဘဝ အသက်တာနှင့် ဆိုင်သော ကောင်းချီးမင်္ဂလာ၊ တမလွန်COLB 379.3

    ဘဝ အသက်တာနှင့် ဆိုင်သော ကောင်းချီးမင်္ဂလာ စသည့် ပြည့်စုံကုံလုံသော ကောင်းချီးမင်္ဂလာ အပေါင်း နှင့် မြင့်မြတ်သော အကျင့်စာရိတ္တကို နားထောင်ခြင်းအားဖြင့်သာ ရယူနိုင်ပါသည်။COLB 380.1

    ဝိညာဏ လောကတွင် လည်းကောင်း၊ သဘာဝ လောကတွင် လည်းကောင်း ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာစောင့်ရှောက်ခြင်း အားဖြင့်သာလျှင် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်ပါသည်။ လူတို့အား ဘုရားသခင်၏ ပညတ်တော်များကို ဂရုမမူရန် အားပေးကြသောအခါ ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် အကျိုး မဖြစ်ထွန်းအောင် ပိတ်ပင် ဟန့်တားရာ ရောက်ပါသည်။ သူတို့သည် ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်ဆိုင်ရာ အသီးများကို မဝေငှဘဲ ထားသည့်အတွက် ပြစ်ဒဏ်သင့်ပါသည်။COLB 380.2

    ဘုရားသခင် ဆင့်ဆိုတော်မူသည့်အတိုင်း ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့ ထံသို့ လာကြ၏။ ခရစ်တော် ကြွလာတော်မူပြီးလျှင် ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို လိုက်နာစောင့်ရှောက်ရန် ဆင့်ဆိုတော်မူသကဲ့သို့ ယခု ကောင်းကင်တမန်တို့ လာရောက် ဆင့်ဆိုကြ၏။ မေတ္တာ အသီးများ၊ နှိမ့်ချ အသီးများ၊ ကိုယ်ကျိုးစွန့် အသီးများ၊ အနစ်နာခံ အသီးများ တည်းဟူသော ဘုရားသခင်၏ စပျစ်ဥယျာဉ်တော်ဆိုင်ရာ အသီးများကို သူတို့သည် ကိုယ်တော်အတွက် တောင်းဆိုကြ၏။ ယုဒခေါင်းဆောင်များကဲ့သို့ အများသော ယနေ့ ဥယျာဉ်စောင့်တို့သည်လည်း အမျက်ဒေါသ ထွက်ကြသည် မဟုတ်ပါလော။ ဘုရားသခင်၏ တရားတော်နှင့် စပ်လျဉ်းသော တောင်းဆိုချက်များကို လူတို့ ရှေ့မှောက်တွင် ချ၍ ပြသောအခါ အများက ငြင်းပယ်ရန် ၎င်း ဆရာတို့သည် သူတို့၏ သြဇာ သက်ရောက်မှုကို အသုံးပြုကြသည် မဟုတ်ပါလော။ ယင်းသို့သော ဆရာများကို သစ္စာ မရှိသော အမှုဆောင်များဟု ဘုရားသခင် သတ်မှတ်တော်မူ၏။COLB 380.3

    ရှေးခေတ် ဣသရေလ လူတို့အတွက် ဘုရားသခင်၏ နှုတ်တော်ထွက် စကားများသည် ယနေ့ အသင်းတော် နှင့် အသင်းတော် ခေါင်းဆောင်အတွက် လေးနက်သော သတိပေးနှိုးဆော်ချက်များ ဖြစ်၏။ ဣသရေလ လူတို့အား ဘုရားသခင် မိန့်တော်မူသည်မှာ “ငါ့ တရား၏ ထူးဆန်းသော အရာတို့ကို သူတို့အဖို့ ငါရေးထားပြီ။ သို့သော်လည်း ရိုင်းသော အရာ ဟူ၍ သူတို့ မှတ်လေပြီတကား။” ဟောရှေ၊ ၈:၁၂။ တစ်ဖန် ယဇ်ပုရောဟိတ် နှင့် ဆရာတို့အား ကိုယ်တော်ရှင် မိန့်တော်မူသည်မှာ “ငါ့ လူတို့သည် ပညာ နည်းသောကြောင့် ဆုံးရှုံးကြ၏။ သင်သည် ပညာကို ပယ်သောကြောင့် …….. သင့်ကို ငါပယ်မည်။ သင်၏ ဘုရားသခင့်တရားကို သင် မေ့လျော့သောကြောင့် သင်၏ သားသမီးတို့ကို ငါ မေ့လျော့မည်။” ဟောရှေ၊ ၄:၆။COLB 380.4

    ဘုရားသခင်၏ ထံတော်မှ ရောက်လာသော သတိပေးနှိုးဆော်ချက်များကို သတိမမူ ဂရုမစိုက်ဘဲ ထားကြလိမ့်မည်လော။ အမှုတော်အတွက် အခွင့်အရေးများကို တိုးတက် ကောင်းမွန်အောင် မပြုဘဲ ထားကြလိမ့်မည်လော။ လောက၏ မခန့်မညား ပြောင်လှောင် သရော်ခြင်း၊ ဂုဏ် သေးသိမ်မည် စိုးခြင်း၊ လူတို့၏ ရိုးရာ ဓလေ့ထုံးစံများကို လိုက်နာရခြင်း စသည်တို့ကြောင့် ခရစ်ယာန်များသည် ဘုရားသခင်၏ အမှုတော်ကို မထမ်းဆောင်ဘဲ နေကြမည်လော။ ယုဒခေါင်းဆောင်များသည် ခရစ်တော်ကို ငြင်းပယ်သည် နည်းတူ သူတို့သည်လည်း ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်ကို ငြင်းပယ်ကြလိမ့်မည်လော။ ဣသရေလ လူမျိုးတို့၏ ဒုစရိုက် အပြစ်အတွက် အကျိုးသက်ရောက်မှုသည် ကျွန်ုပ်တို့ ရှေ့မှောက်တွင် ရှိနေပါသည်။ ယနေ့ အသင်းတော်သည် သတိပေး နှိုးဆော်ချက်ကို ခံယူပါမည်လော။COLB 381.1

    “အချို့သော အခက်တို့ကို ချိုးဖဲ့ပြီးမှ ရိုင်းသော သံလွင်ပင်တည်း ဟူသော သင့်ကို အထက်ငုတ်၌ ဆက်၍ စိုက်သဖြင့် အခက်များနှင့် အတူ သံလွင်ပင် အမြစ်ကို လည်းကောင်း၊ အဆီသြဇာကို လည်းကောင်း ဆက်ဆံလျှင် ချို့ဖဲ့သော အခက်တို့ကို ကဲ့ရဲ့ ဝါကြွားခြင်း မရှိနှင့်၊ မယုံကြည်သော စိတ်ရှိသောကြောင့် သူတို့ကို ချို့ဖဲ့သည် ဖြစ်၍ သင်သည် ယုံကြည်ခြင်း အားဖြင့်သာ တည်၏။ မာနစိတ် မရှိစေနှင့်၊ ကြောက်ခြင်း စိတ် ရှိစေလော့။ အကြောင်းမူကား ဘုရားသခင်သည် ပကတိ အခက်များကို နှမြောတော် မမူလျှင် သင်တို့ကို နှမြောတော်မူမည်လော။” ရောမ၊ ၁၁:၁-၂၁။COLB 381.2

    * * * * *

    Larger font
    Smaller font
    Copy
    Print
    Contents