Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 25—“အသီးအသီး အစွမ်းသတ္တိ ရှိသည် အတိုင်း”

    မ၊ ၂၅:၁၃-၃၀။ ကို အခြေပြုပါသည်။

    ခရစ်တော်သည် ဤ လောကသို့ ဒုတိယ အကြိမ် ကြွလာတော်မူမည့် အကြောင်း တပည့်တော်များအား သံလွင်တောင်ပေါ်တွင် ပြောကြားတော်မူ၏။ ကြွလာတော်မူမည့် အချိန် နီးသောအခါ ဖြစ်ပျက်မည့် နိမိတ်လက္ခဏာ အချို့ကိုလည်း သီးခြား ဖေါ်ညွှန်း၍ တပည့်တော်များအား သတိဝီရိယနှင့် အသင့် စောင့်နေရန် မှာထားတော်မူ၏။ “လူသားသည် ကြွလာအံ့သော နေ့ရက် အချိန်နာရီကို သင်တို့သည် မသိသောကြောင့် စောင့်နေကြလော့” ဟု သတိပေး နှိုးဆော်ခဲ့သည်ကို ယခု တစ်ဖန် ထပ်မံ၍ မိန့်မှာတော်မူ၏။ ၎င်းနောက် ကိုယ်တော် ကြွလာတော်မူမည့် အချိန်ကို စောင့်နေရမည် ဆိုသည့် အဓိပ္ပါယ်ကိုလည်း ရှင်းပြတော်မူ၏။ အလဟဿ အချိန်ဖြုန်း၍ စောင့်နေခြင်းမျိုး မဟုတ်၊ လုံ့လဝီရိယ စိုက်ထုတ်၍ လုပ်ဆောင်ခြင်း အားဖြင့် အချိန်ကို အသုံးပြု၍ စောင့်နေရန် ဖြစ်ကြောင်း သရုပ်ပြ သင်ခန်းစာကို အစွမ်းသတ္တိ ဥပမာဖြင့် သြဝါဒ ပေးတော်မူ၏။COLB 401.1

    ထိုကြောင့် ကိုယ်တော် မိန့်မှာတော်မူသည်မှာ၊ “လူ တစ်ဦးသည် အခြားသော ပြည်သို့ သွားမည်ဟု အကြံ ရှိလျက်၊ မိမိ ငယ်သားတို့ကို ခေါ်၍ မိမိ ဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီး အစွမ်းသတ္တိရှိသည်အတိုင်း တစ်ဦး၌ ငွေအခွက် ငါးဆယ်၊ တစ်ဦး၌ ငွေအခွက် နှစ်ဆယ်၊ တစ်ဦး၌ ငွေအခွက် တစ်ဆယ်ကို အပ်ပေးပြီးမှ ချက်ချင်း သွားလေ၏။”COLB 401.2

    အခြားသော ပြည်သို့ ခရီးသွားသော သူ ဆိုသည်မှာ ခရစ်တော်ကို ပုံဆောင်ထားခြင်း ဖြစ်၍ ယင်း ဥပမာကို ဟောပြောပြီး မကြာမီအတွင်း ဤ ကမ္ဘာပေါ်မှ ကောင်းကင် နိုင်ငံတော်သို့ ပန်ြလည် ကြွသွားတော့မည် ဖြစ်ပါသည်။ “မိမိ ငယ်သားတို့” သို့မဟုတ် အစေခံများ ဆိုသည်မှာ ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူများကို ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ကိုကိုယ် မပိုင်ဆိုင်ကြပါ။ “အဖိုးနှင့် ဝယ်တော်မူသော” သူများ ဖြစ်ကြ၏။ (၁ ကော၊ ၆:၂၀) ။ “ရွှေငွေ အစရှိသော ဖေါက် ပြန် ပျက်စီးတတ်သော ဥစ္စာနှင့် …. မဟုတ် …. ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးချယ်တော်မူ” သော သူများ ဖြစ်သောကြောင့်၊ ၁ ပေ၊ ၁:၁၈၊ ၁၉။ “အသက်ရှင်သော သူတို့သည် တစ်ဖန် ကိုယ့်အလိုသို့ လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူ၏ အလိုသို့ လိုက်၍ ရှင်” ရကြပါမည်။ (၂ ကော၊ ၅:၁၅)။COLB 401.3

    လူအပေါင်းတို့အား အတိုင်းမသိ ကြီးသော ဤ အဖိုးအခကို ပေး၍ ဝယ်ထားတော်မူသည်မှာ၊ ကောင်းကင်ဘဏ္ဍာတော် တိုက်ကြီး တစ်ခုလုံးကို ဤ လောကတွင်းသို့ သွန်းလောင်း၍ လည်းကောင်း၊ ခရစ်တော်၌ ကောင်းကင် တစ်ခွင်လုံးကို ကျွန်ုပ်တို့အား ပေးတော်မူသည် ဖြစ်၍ လည်းကောင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့ လူသားတိုင်း၏ အလိုဆန္ဒကို လည်းကောင်း၊ ချစ်ခင် စုံမက်တတ်ခြင်းကို လည်းကောင်း၊ အသိဉာဏ်ကို လည်းကောင်း၊ စိတ်ဝိညာဉ်ကို လည်းကောင်း ဝယ်ယူထားတော်မူ၏။ ယုံကြည်သော သူ ဖြစ်စေ၊ မယုံကြည်သော သူ ဖြစ်စေ လူသား အားလုံးသည် ထာဝရအရှင် ဘုရားသခင် ပိုင်ဆိုင်တော်မူသည့် ဥစ္စာပစ္စည်း ဖြစ်ကြ၏။ လူတိုင်းအား ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်ရန် ခေါ်တော်မူပြီး ဖြစ်သောကြောင့် ယင်း ခေါ်တော်မူခြင်းအတွက် မည်သို့မည်ပ့ဒ ဆောင်ရွက်ပြီးသည်ကို တရားစီရင်တော်မူသည့် နေ့ရက်ကြီး ရောက်လာသောအခါ လူတိုင်း စာရင်းရှင်းရကြပါလိမ့်မည်။COLB 402.1

    သို့သော် ဘုရားသခင် ဆင့်ဆိုတော်မူသည်ကို လူတိုင်း အသိအမှတ် မပြုကြပါ။ ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်ပါသည်ဟု အမည်ခံသော သူများကို ဥပမာပုံတွင် ကိုယ်တော်၏ ငယ်သား သို့မဟုတ် အစေခံများဟု ပုံဆောင်ထားပါသည်။ COLB 402.2

    ခရစ်တော်၏ နောက်တော်သို့ လိုက်သော သူများသည် အမှုတော် ဆောင်ရွက်ရန်အတွက် ရွေးနုတ်ထားသော သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ အသက်တာ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ကိုယ်တော်အတွက် အမှုတော် ဆောင်ရွက်ရန် ဖြစ်သည်ဟု ကျွန်ုပ်တို့အား အရှင်ဘုရား သြဝါဒ ပေးထားတော်မူ၏။ ကိုယ်တော်ရှင် ကိုယ်တိုင် အမှုတော် ဆောင်ရွက်ခဲ့ ပါသည်။ ၎င်းအပြင် ကိုယ်တော်၏ နောက်တော်သို့ လိုက်သော သူတိုင်းအား ဘုရားသခင်အတွက် လည်းကောင်း၊ လူသား အချင်းချင်းအတွက် လည်းကောင်း အမှုတော် ဆောင်ရွက်ရန် တရားဥပဒေကို ပေးအပ်ထားပါသည်။ ဤနေရာ၌ ဘဝ အသက်တာ၏ ခံယူချက်နှင့် ပတ်သက်၍ လူတို့ သိနားလည်သည်ထက် ပို၍ မြင့်မားကြောင်း ခရစ်တော်သည် လောကီသားတို့အား သရုပ်ပြထားတော်မူ၏။ သူတစ်ပါးအတွက် အမှုထမ်းဆောင်ရန် အသက်ရှင်ခြင်း အားဖြင့် လူသည် ခရစ်တော်နှင့် ဆက်စပ်လျက် ရှိနေပါသည်။ အမှုတော် ဆောင်ရွက်ခြင်းဆိုင်ရာ တရားဥပဒေသည် ကျွန်ုပ်တို့ကို လူသား အချင်းချင်းနှင့် လည်းကောင်း၊ ဘုရားသခင်နှင့် လည်းကောင်း ဆက်စပ်ပေးသည့် ကွင်းဆက် ဖြစ်ပါသည်။COLB 402.3

    ခရစ်တော်သည် မိမိ တပည့်တော်များအား “ဥစ္စာများ” အပ်ပေးတော်မူခြင်းမှာ ကိုယ်တော်အတွက် အသုံးချရန် ဖြစ်ပါသည်။ ကိုယ်တော်သည် လူ “အသီးသီး” တို့အား ကိုယ်တိုင် ဆောင်ရွက်ရန် လုပ်ငန်းတာဝန် ပေးအပ်ထားပါသည်။ ကောင်းကင်၏ ထာဝရ စီမံကိန်းတွင် လူတိုင်းအတွက် နေရာ ရှိပါသည်။ လူတိုင်းသည် ခရစ်တော်နှင့် အတူ ပူးပေါင်း၍ အသက်ဝိညာဉ် ကယ်ဆယ်ရေး လုပ်ငန်းကို ဆောင်ရွက်ရပါမည်။ ကောင်းကင် အိမ်တော်၌ ကျွန်ုပ်တို့အတွက် သတ်မှတ်ထားသည့် နေရာအတွက် စိတ်ချရမှုသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ရန် ဤ လောက၌ ကျွန်ုပ်တို့အတွက် သတ်မှတ်ထားသည့် အထူး နေရာ အပေါ်တွင် မူတည်ပါသည်။COLB 403.1