Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အချိန်

    ကျွန်ုပ်တို့၏ အချိန် ရှိသမျှကို ဘုရားသခင် ပိုင်တော်မူ၏။ အချိန် ရှိသမျှကို ကိုယ်တော် ပိုင်တော်မူသည် ဖြစ်၍ ကိုယ်တော်၏ ဘုန်းထင်ရှားစေရန်၊ ကိုယ်တော်၏ အချိန် ရှိသမျှကို တိုးတက် ကောင်းမွန်စေရန်မှာ ကျွန်ုပ်တို့၏ အရေးအကြီးဆုံးသော တာဝန် ဖြစ်ပါသည်။ ကျွန်ုပ်တို့အား ပေးအပ်ထားသည့် စွမ်းရည်သတ္တိ ရှိသမျှတွင် အဘယ် စွမ်းရည်ကိုမျှ အချိန်ထက် ပို၍ တိကျမှန်ကန်စွာ စာရင်းမှတ်သားထားရန် တောင်းဆိုထားခြင်း မရှိပါ။COLB 427.1

    အချိန်၏ တန်ဖိုးကို တွက်ချက်၍ မရနိုင်ပါ။ ခရစ်တော်သည် အချိန် ရှိသမျှကို မွန်မြတ်သည်ဟု သဘောထားတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ၎င်းအတိုင်းပင် လိုက်နာသင့်ပါသည်။ အလဟဿ အချိန်ဖြုန်းရန်အတွက် အသက်တာသည် တိုတောင်းလွန်းပါ၏။ ထာဝရကာလအဖို့ ပြင်ဆင်ရန် ကျွန်ုပ်တို့တွင် ကရုဏာတော် အချိန်ကာလ ရက်အနည်းငယ်မျှသာ ရှိပါသည်။ ကျွန်ုပ်တို့မှာ ဖြုန်းစရာ အချိန် မရှိပါ။ ကိုယ်ကျိုးအတွက် အပျော်အပါးကို စုံမက်ဖို့ အချိန် မရှိပါ။ အပြစ် ဒုစရိုက်အတွင်း နစ်မွန်းနေဖို့ အချိန် မရှိပါ။ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းလွတ်ရာ နောင်ကာလအတွက် အကျင့်စာရိတ္တ တည်ဆောက်ရန် အချိန်မှာ ယခုပင် ဖြစ်၏။ စုံစမ်းစစ်ဆေး၍ တရားစီရင်သော အချိန်အတွက် အသင့် ပြင်ဆင်ထားရန် အချိန်မှာ ယခုပင် ဖြစ်ပါသည်။COLB 427.2

    လူသား မိသားစုကြီးသည် သက်ရှင်နေထိုင်ရန် အစပြုသည်နှင့် တစ်ပြိုင်နက် စာတင် သေကြေ ပျက်စီးကြ၏။ ထာဝရအသက်နှင့် ပတ်သက်၍ အမှန်တရားကို တတ်ကျွမ်းမထားပါက မရပ်မနား လှုပ်ရှား အလုပ်များနေသော ကမ္ဘာကြီးသည် အလဟဿ အဆုံးသတ်လိမ့်မည်။ သူ၏ အလုပ်ရက် ကဲ့သို့ အချိန်၏ အကျိုးကျေးဇူးကို သိသော လူသည် ထာဝရ အိမ် တော်ကို လည်းကောင်း၊ သေခြင်းတရားနှင့် ကင်းလွတ်သော အသက်တာကို လည်းကောင်း ခံစားထိုက်၏။ သူသည် မင်္ဂလာနှင့် မွေးဖွားလာ သူ ဖြစ်၏။COLB 427.3

    အချိန်ကို ရွေးယူရန် ကျွန်ုပ်တို့အား သတိပေး ဆုံးမတော်မူ၏။ သို့သော် ဖြုန်းတီးလိုက်သော အချိန်ကို အဘယ်အခါမျှ ပြန်၍ မရနိုင်၊ တဒင်္ဂမျှသော အချိန်ကိုပင် ပြန်၍ မယူနိုင်ပါ။ ကျွန်ုပ်တို့သည် အချိန်ကို ရွေးယူရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ ရွေးနုတ်ခြင်း စီမံကိန်းကြီးတွင် ကိုယ်တော် နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျန်သေးသော အချိန်ကို အကောင်းဆုံး အသုံးပြုရန် ဖြစ်ပါသည်။COLB 428.1

    ယင်းသို့ ဆောင်ရွက်သော သူ၏ အကျင့်စာရိတ္တ ပုံသဏ္ဌာန်သည် ပြောင်းလဲ၏။ သူသည် ဘုရားသခင်၏ သား၊ ကောင်းကင်ဘုရင်မင်းမြတ်၏ မိသားစုဝင်၊ အရှင်ဘုရား၏ အဆက်အနွယ် ဖြစ်လာ၏။ သူသည် ကောင်းကင်တမန်များနှင့် ပေါင်းသင်းထိုက်၏။COLB 428.2

    လူသားတို့ ကယ်တင်ခြင်း ရရှိရန် ကျွန်ုပ်တို့ ဆောင်ရွက်ရမည့် အချိန်မှာ ယခုပင် ဖြစ်ပါသည်။ ခရစ်တော်၏ အမှုတော်အတွက် အလှူတော်ငွေ ထည့်သွင်းလျှင် သူတို့ တာဝန် ပြီးမြောက်ပြီဟု အချို့ ထင်မှတ် မှားကြပြီးလျှင် သူတို့ ကိုယ်တိုင် အမှုတော် ဆောင်ရွက်ရန် ပေးအပ်ထားသည့် အဖိုးထိုက်တန်သော အချိန်ကို တိုးတက် ကောင်းမွန်အောင် အားထုတ်ခြင်း မပြုဘဲ ကုန်လွန်စေကြ၏။ သို့သော် ဘုရားသခင်၏ အမှုတော်အတွက် ကိုယ်တိုင် လှုပ်ရှားပါဝင် ဆောင်ရွက်နိုင်လောက်သည့် ကျန်းမာရေး နှင့် စွမ်းအား ရှိသူတို့အတွက်မှာ မူကား အခွင့်အရေး နှင့် တာဝန် ဖြစ်ပါသည်။ ခရစ်တော် အတွက် အသက်ဝိညာဉ် ကယ်ဆယ်ရေး လုပ်ငန်းတွင် လူတိုင်း ပါဝင်ဆောင်ရွက်ရမည်။ အလှူငွေ ထည့်သွင်း ပါဝင်ခြင်းဖြင့် ယင်း လုပ်ငန်းကို အစားမထိုးနိုင်ပါ။COLB 428.3

    တဒင်္ဂအချိန်တိုင်းတွင် ထာဝရ အကျိုးသက်ရောက်မှုအတွက် ဝန်တင်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် တဒင်္ဂ လူများ ဖြစ်၍ တဒင်္ဂ အချိန်အတွင်း ဆင့်စာ ရောက်လာလျှင် အမှုတော် ထမ်းဆောင်ရန် အသင့် ဖြစ်နေရမည်။ လိုအပ်နေသော အသက်ဝိညာဉ် တစ်ခုအတွက် အသက်ရှင်ခြင်း ဆိုင်ရာ နှုတ်ကပါတ် တရားတော်ကို ယခု ချက်ချင်း ပြောရမည့် ကျွန်ုပ်တို့၏ အခွင့်အရေးကို အသုံးမချဘဲ နေလျှင် ၎င်း အခွင့်အရေးကို ကျွန်ုပ်တို့ မည်သည့်အခါမျှ ပြန်လည် မရရှိဘဲ ဆုံးရှုံးသွားနိုင်ပါသည်။ ထိုသူအား ဘုရားသခင်က “ယနေ့ ညပင် သင်၏ ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်” ဟု မိန့်တော်မူခဲ့သည် ရှိသော (လု၊ ၁၂:၂၀) ကျွန်ုပ်တို့၏ ပေါ့လျော့မှုကြောင့် ထိုသူသည် အသင့် မရှိဘဲ အသက်ဆုံးရှုံးသွားပါလိမ့်မည်။ တရားစီရင်ရာ နေ့ရက်ကြီးသို့ ရောက်သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မည်သို့ စာရင်းရှင်းကြပါမည်နည်း။COLB 428.4

    ဘဝ အသက်တာသည် လေးနက်လွန်းသည် ဖြစ်သောကြောင့် ပစ္စုပ္ပန် ဘဝနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ လောကီရေးရာနှင့် စပ်လျဉ်းသော ကိစ္စရပ်များနှင့်သာ နစ်မွန်း၍ မနေသင့်ပါ။ ထာဝရကာလတွင် ခံစားရမည့် အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်လျှင် ဤ လောက ပူပန်သောက ကြောင့်ကြစရာ နှင့် ငြီးငွေ့ဖွယ်ရာ ထပ်တလဲလဲ လုပ်ကိုင်ဆောင်ရွက်ရသည့် အရာများသည် မြူမှုန်မျှသာ ဖြစ်ပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား အသက်တာ၏ လောကီရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမှုတော် ဆောင်ရွက်ရန် ခေါ်တော်မူ၏။ ယင်း လုပ်ငန်းအတွက် ကြိုးစား အားထုတ်ခြင်းသည်လည်း ဘုရားဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့ မှန်သော ဘာသာရေး အယူဝါဒ၏ တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ အချိန်ကို အလဟဿ ဖြုန်းတီးရန် သမ္မာကျမ်းစာတော်မြတ်က မထောက်ခံပါ။ အချိန်ဖြုန်းခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာကြီးအား အတိဒုက္ခရောက်စေသည့် အကြီးဆုံးသော အမင်္ဂလာ ဖြစ်ပါသည်။ စစ်မှန်စွာ ပြောင်းလဲသည့် အမျိုးသား အမျိုးသမီးတိုင်း လုံ့လဝီရိယ ရှိသော အမှုတော်ဆောင်များ ဖြစ်ကြပါလိမ့်မည်။COLB 429.1

    ကျွန်ုပ်တို့သည် ယဉ်ကျေးမှု နှင့် အတတ်ပညာ ဆည်းပူးရာ၌ အောင်မြင်ခြင်း ရရှိမှုသည် အချိန်ကို မှန်ကန်စွာ တိုးတက် ကောင်းမွန်အောင် အားထုတ်သည့် အပေါ် မူတည်ပါသည်။ ပိုင်းခြား သိမြင်တတ်သော ဉာဏ်ကို ပြုစုပျိုးထောင်ရာတွင် ဆင်းရဲနွမ်းပါးခြင်းက လည်းကောင်း၊ နိမ့်ကျသည့် မျိုးရိုးက လည်းကောင်း အဆီးအတား မဖြစ်သင့်ပါ။ တစ်ဒင်္ဂမျှသော အချိန်တိုင်းကိုသာ အမြတ်တနိုး အသုံးပြုပါ။ ဤနေရာတွင် အချိန် အနည်းငယ်၊ ထိုနေရာတွင် အချိန် အနည်းငယ် စသည်ဖြင့် ရည်ရွယ်ချက် မရှိသည့် စကားကို ပြော၍ အကျိုးမဲ့ ကုန်လွန်စေမည့် အချိန်၊ နံနက် မိုးလင်းစ အိပ်ရာတွင်း၌ အလဟဿ ဖြုန်းတီးမည့် အချိန်၊ ခရီးသွားလာစဉ် မီးရထား၊ မော်တော်ကားများပေါ် စီးနင်းလိုက်ပါသည့် အချိန်၊ ၎င်း ယာဉ်များကို စောင့်နေသည့် အချိန်၊ အစားအစာ စားသောက်ရန်အတွက် စောင့်ဆိုင်းနေသည့် အချိန်၊ ချိန်းချက်ထားပါလျက် နောက်ကျသော သူများကို စောင့်နေရသည့် အချိန် စသည်ဖြင့် ယင်း အချိန်တို အချိန်စကလေး များများကို တိုးတက်ကောင်းမွန်စွာ အသုံးချရန် စာအုပ်တစ်အုပ်ကို လက်ထိုင်ထား၍ လေ့လာဖတ်ရွတ် ဆင်ခြင်လျှင် မည်မျှ အကျိုးကျေးဇူး ရှိပါလိမ့်မည်နည်း။ စိတ်ပြဌာန်းထားသည့် ရည်မှန်းချက်ဖြင့် လည်းကောင်း၊ မရမနေ ပြုလုပ်လိုသည့် လုံ့လဝီရိယဖြင့် လည်းကောင်း၊ အချိန်ကို စနစ်တကျ အသုံးပြုပါက အသုံးဝင်၍ သြဇာသက်ရောက်မှု ရှိသည့် မည်သည့် ရာထူး အဆင့်အတန်းမျိုးကို မဆို ထိုက်တန်သည့် အတတ်ပညာ နှင့် စိတ်သဘောထား စည်းကမ်းသေဝပ်မှုကို လူတို့ ဆည်းပူး ရရှိနိုင်ကြပေလိမ့်မည်။COLB 429.2

    ခရစ်ယာန်တိုင်း စည်းကမ်းတကျ ပြုလုပ်တတ်သည့် အလေ့အထ ရှိရမည်။ စီမံတတ်ရမည်၊ စေ့စပ်သေချာရမည်၊ လျင်မြန်ထက်မြက်ရမည်၊ ကပျက်ကျချော် နှေးနှေးကန်ကန်၊ အလွဲလွဲအမှားမှား ပြုလုပ်တတ်သူအတွက် ဆင်ခြေ မရှိပါ။ လူတစ်ယောက်သည် အလုပ်ခွင်တွင် အမြဲတစေ ထိုင်နေပါလျက် အလုပ် အပြီးလျှင် စိတ်ပါကိုယ်ရောက် မလုပ်သောကြောင့် သာတည်း။ လုပ်ငန်းတွင် နှေးကန်သောကြောင့် အကျိုး ဖြစ်ထွန်းမှု မရှိလျှင် ပြုပြင်ရန် အချိန်တန်ပြီဟု သဘောပေါက်ရမည်။ အကောင်းဆုံး အကျိုးသက်ရောက်မှု ဖြစ်စေရန် သူ၏ ဉာဏ်မျက်စိကို အသုံးပြု၍ အချိန်ဇယား ရေးဆွဲရမည်။ ချက်ကျလက်ကျ ပြုလုပ်တတ်ခြင်းကြောင့် လည်းကောင်း၊ လုပ်နည်းလုပ်ဟန်ကို သိနားလည်သောကြောင့် လည်းကောင်း၊ စည်းကမ်းနည်းလမ်းကျအောင် လုပ်တတ်ခြင်းကြောင့် လည်းကောင်း အခြား သူများ ဆယ်နာရီ လုပ်ရမည့် လုပ်ငန်း တစ်ရပ်ကို အချို့က ငါးနာရီ ဖြင့် ကောင်းစွာ ပြီးစီးအောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အချို့သော သူတို့သည် အိမ်တွင်းမှုလုပ်ငန်းကို အမြဲတစေ လုပ်နေရကြသည်မှာ အလုပ်များသောကြောင့် မဟုတ်၊ အချိန်ကုန် သက်သာအောင် အစီအစဉ် မပြုလုပ်သောကြောင့် ဖြစ်ပါသည်။ သူတို့၏ နှေးကန်မှုကြောင့် လည်းကောင်း၊ အချိန်ရွှေ့ဆိုင်းတတ်မှုကြောင့် လည်းကောင်း အနည်းငယ်မျှသော လုပ်ငန်းကို မြောက်များစွာ လုပ်နေရတတ်ပါသည်။ သို့သော် အလိုဆန္ဒ ရှိခဲ့ပါလျှင် ဤကဲ့သို့ ယောက်ယက်ခတ်ခြင်း၊ အချိန်ဆွဲခြင်း စသည့် အလေ့အထများကို ပြုပြင်နိုင်ပါသည်။ သူတို့၏ လုပ်ငန်းတွင် တိကျသော ရည်မှန်းချက် ရှိပါစေ။ ပေးထားသော လုပ်ငန်း တစ်ခုအတွက် အချိန် မည်မျှ လိုအပ်သည်ကို အတိအကျ ဆုံးဖြတ်ထားပြီးလျှင် ယင်း အချိန်အတွင်း ပြီးမြောက်အောင် စွမ်းအား ရှိသမျှ ကြိုးစားအားထုတ်ရမည်။ ဆန္ဒစွမ်းအားကို အသုံးပြုခြင်းဖြင့် လုပ်ငန်းကျင်လည်လာလိမ့်မည်။COLB 430.1

    သူတို့ ကိုယ်တိုင် တာဝန်ယူရန် နှင့် သူတို့၏ အကျင့် ဓလေ့များကို ပြောင်းလဲရန် စိတ်ပြဌာန်းခြင်း မပြုကြသောကြောင့် လူ အများ မှားယွင်းသော လမ်းစဉ်တွင် ပုံသေကားကျ ဖြစ်နေကြပါသည်။ သို့မဟုတ်ပါက သူတို့၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ယင်းသို့ပြုလျှင် သူတို့သည် နေရာအနှံ့အပြား ရေပန်းစား၍ အများက တောင်းဆိုကြလိမ့်မည်။ ထိုအခါ သူတို့ ထိုက်ထိုက်တန်တန် ဖြစ်လာရသည့် အကျိုးကျေးဇူးကို သူတို့ သဘောပေါက်ကြလိမ့်မည်။COLB 431.1

    အိမ်မှုကိစ္စတွင် ပါဝင်ကူညီခြင်းအားဖြင့် မိခင် နှင့် ဖခင်ကို ချစ်မြတ်နိုးကြောင်း ပြရမည့် အစား များစွာသော ကလေး လူငယ်လူရွယ်တို့သည် အချိန်ကို အလဟဿ ဖြုန်းတီးနေကြပါသည်။ လူငယ်လူရွယ်တို့သည် ခွန်အားဗလနှင့် ပြည့်စုံသည်အားလျော်စွာ တစ်ဦးတစ်ယောက် ထမ်းဆောင်ရမည့် မြောက်များစွာသော တာဝန်များကို ကူညီဆောင်ရွက်နိုင်ပါသည်။COLB 431.2

    ခရစ်တော်၏ အသက်တာသည် ငယ်ရွယ်စဥ်အခါမှ စ၍ စိတ်ထက်သန်စွာ လှုပ်ရှားသည့် အသက်တာ ဖြစ်ခဲ့ပါသည်။ ကိုယ်တော်သည် မိမိ ကိုယ်ကျိုးအတွက် အသက်ရှင်ခဲ့သည် မဟုတ်ပါ။ ကိုယ်တော်သည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏ သားတော် ဖြစ်တော်မူပါလျက် မိမိ လူသား ဖခင် ယောသပ် နှင့်အတူ လက်သမား လုပ်ငန်းတွင် ပါဝင် ကူညီဆောင်ရွက်ခဲ့ပါသည်။ ကိုယ်တော်၏ လုပ်ငန်းသည် အရေးပါ အရာရောက်သော လုပ်ငန်း ဖြစ်ပါသည်။ ကိုယ်တော်သည် ဤ လောကသို့ အကျင့်စာရိတ္တ တည်ဆောက်သော သူအဖြစ် ကြွလာတော်မူခဲ့သည် ဖြစ်၍ ကိုယ်တော်၏ လုပ်ငန်း အားလုံး စုံလင်ခြင်း ရှိ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် စံနမူနာ ဖြစ်တော်မူ၏။COLB 431.3

    မိဘများသည် သားသမီးတို့အား အချိန်၏ တန်ဖိုး နှင့် ၎င်းကို မှန်ကန်စွာ အသုံးပြုရန် သင်ကြားပေးရမည်။ ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေ၍ လူသားများအတွက် ကောင်းချီးမင်္ဂလာ ဖြစ်စေမည့် အရာ တစ်ခုခု ဖြစ်ပါက ကြိုးစား အားထုတ် ဆောင်ရွက်သင့်ကြောင်း သင်ကြားပေးပါ။ သူတို့ ငယ်ရွယ် နုနယ်စဉ်မှာပင် ဘုရားသခင်အတွက် သာသနာပြုသူများ ဖြစ်နိုင်ပါသည်။COLB 432.1

    သားသမီးများအား အလုပ်တာဝန် မပေးသည့် အပြစ်ထက် ကြီးလေးသော အခြား မည်သည့် အပြစ်မျှ မိဘတို့တွင် မရှိပါ။ ကလေးလူငယ်များသည် မကြာမီပင် အလဟဿ နေခြင်းကို နှစ်သက်လာကြပြီးလျှင် ကြိုးစား အားထုတ်မှု မရှိ အသုံးမဝင်သော အမျိုးသား အမျိုးသမီးများ ဖြစ်လာကြလိမ့်မည်။ သူတို့သည် အချိန်တန် အရွယ်ရောက်၍ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားချိန် ရောက်သောအခါ မိမိတို့ တာဝန်ကျသည့် လုပ်ငန်းခွင်တွင် ငြီးငွေ့ဖွယ်ရာ ပျင်းရိပျင်းတွဲ လုပ်ကိုင်ပါလျက် အခကြေးငွေကို မူကား သစ္စာ ရှိစွာ လုပ်ဆောင်ဘိသကဲ့သို့ လိုလားကြ၏။ ယင်း အလုပ်သမား အတန်းအစား နှင့် သစ္စာ ရှိသော ဘဏ္ဍာစိုးများ ဖြစ်ရမည်ဟု သဘောပေါက်သည့် လူတန်းစားတို့မှာ ကမ္ဘာကြီး ကျယ်ဝန်းသည်နှင့် အမျှ ခြားနားပါသည်။COLB 432.2

    လောကီ လုပ်ငန်းခွင်၌ ဝီရိယ မရှိခြင်း၊ ပျင်းရိခြင်း နှင့် ပေါ့ဆသည့် အလေ့အထ ရှိသူတို့သည် သူတို့၏ ဘာသာရေး အသက်တာတွင်လည်း ယင်းအတိုင်းပင် တူညီသော အလေ့အထ ရှိမည် ဖြစ်သောကြောင့် သူတို့သည် ဘုရားသခင်၏ အမှုတော်အတွက် အရည်အချင်းနှင့် ပြည့်စုံသော သူများ မဖြစ်နိုင်ပါ။ လုံ့လဝီရိယဖြင့် အလုပ်ကို ကြိုးစား၍ လုပ်ဆောင်လျှင် ကမ္ဘာလောကကြီးအတွက် ကောင်းချီးမင်္ဂလာကို ဖြစ်စေနိုင်မည့် အများသော သူတို့သည် အလဟဿနေမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ကြ၏။ အလုပ်အကိုင် မရှိခြင်း နှင့် တည်ငြိမ်သော ကြံရွယ်ချက် ကင်းမဲ့ခြင်းကြောင့် စုံစမ်းနှောင့်ယှက်ခြင်းပေါင်း တစ်ထောင်နှင့် ရင်ဆိုင်ရလိမ့်မည်။ ဆိုးသွမ်းသော အပေါင်းအသင်များ နှင့် မကောင်းသော အကျင့်များသည် စိတ်နှလုံးနှင့်တကွ အသက်ဝိညာဉ်ကိုပါ ဖေါက်ပြန်ပျက်စီးစေသည် ဖြစ်၍ ယခု ဘဝ အသက်တာ နှင့် ထာဝရအသက်တာကိုပါ ဆုံးရှုံးလိမ့်မည်။COLB 433.1

    ကျွန်ုပ်တို့သည် မည်သည့် အလုပ် အမျိုးအစားကိုပင် လုပ်ကိုင်စေကာမူ “အားထုတ်ခြင်း အရာမှာ ပျင်းရိခြင်း မရှိဘဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော်ကို လိုက်၍ အားထုတ်ကြလော့” “ဆောင်ရွက်စရာအမှု ရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့” “သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည် ဖြစ်၍ အမွေတော်တည်းဟူသော အကျိုးကို ထို သခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့” ဟု နှုတ်ကပါတ် တရားတော်က ကျွန်ုပ်တို့အား သြဝါဒ ပေးထားပါသည်။ ရောမ၊ ၁၂:၁၁။ ဒေသနာ၊ ၉:၁၀။ ကောလောသဲ၊ ၃:၂၄။COLB 433.2

    Larger font
    Smaller font
    Copy
    Print
    Contents