Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    Chapter 4—တောပင်များ

    မ၊ ၁၃:၂၄-၃၀၊ ၃၇-၄၃။ ကို အခြေပြုပါသည်။

    “အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲသောသူနှင့်တူ၏။ လူတို့သည် အိပ်ပျော်သောအခါ ရန်သူသည် လာ၍ ကောင်းသော စပါးနှင့် လက္ခဏာ တူသော မျိုးစေ့ကို စပါးအထဲ၌ ကြဲ၍ သွားလေ၏။ အပင်ပေါက်၍ အသီးအနှံ ထွက်သောအခါ တောပင်များလည်း ထင်ရှားလျှင်”COLB 68.1

    “လယ်ကား ဤ လောက ဖြစ်၏။” ဟု ခရစ်တော် မိန့်တော်မူ၏။ သို့သော် ဤ လောကတွင် ရှိသော ခရစ်တော်၏ အသင်းတော်ကို ဆိုလိုကြောင်းကို ကျွန်ုပ်တို့ နားလည်ထားရပါမည်။ ယင်း ဥပမာသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် သက်ဆိုင်သည် ဖြစ်၍ လူသားတို့အား ကယ်တင်ရန် ကိုယ်တော်၏ အမှုတော်ကို ပုံဆောင်ထားပါသည်။ ယင်း အမှုတော်ကို အသင်းတော်အားဖြင့် ပြီးမြောက်တော်မူ၏။ မှန်ပေ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤ လောကတွင်းသို့ ဝင်ရောက်တော်မူလေပြီ၊ နေရာတိုင်းတွင် လူသားများ၏ စိတ်နှလုံးများကို လှုပ်ရှားထကြွနေစေပါ၏။ သို့သော် ဘုရားသခင်၏ စပါးကျီအတွက် စပါးများ ရှင်သန်၍ မှည့်ဝင်းစေရန် အသင်းတော်အတွင်းမှ ကျွန်ုပ်တို့ ဆောင်ရွက်ရပါမည်။COLB 68.2

    “ကောင်းသော မျိုးစေ့ကို ကြဲသော သူသည် လူသား ဖြစ်၏။ …. ကောင်းသော အစေ့ကား နိုင်ငံတော်သား ဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသား ဖြစ်၏။” ကောင်းသော မျိုးစေ့သည် သမ္မာတရားတည်းဟူသော ဘုရားသခင်၏ နှုတ်ကပါတ် တရားတော်၌ မွေးဖွားသော သူများကို ပုံဆောင်ထားပါသည်။ တောမျိုးစေ့များမှာမူကား မှားသော အခြေခံ သဘောတရားများမှ ပေါက်ဖွားသော အသီးတည်းဟူသော လမ်းလွဲသူ တစ်စုကို ပုံဆောင်ထားပါသည်။ “တောမျိုးစေ့ကို ကြဲသော ရန်သူကား မာရ်နတ် ဖြစ်၏။” တောမျိုးစေ့ကို ဘုရားသခင် ကြဲတော်မူသည် မဟုတ်၊ ကိုယ်တော်ရှင်၏ ကောင်းကင်တမန်များလည်းအဘယ်အခါမျှ မစိုက်မပျိုးကြ။ ဘုရားသခင် နှင့် လူတို့၏ ရန်သူ စာတန်လျှင် အမြဲတစေ တောမျိုးစေ့ကို ကြဲနေ၏။COLB 68.3

    အချို့ အရှေ့နိုင်ငံများတွင် ရံဖန်ရံခါ မျိုးစေ့ ကြဲပြီးစ လယ်ယာများတွင် ဖျက်ဆီးတတ်သော တောမျိုးစေ့များကို ကြဲခြင်းဖြင့် ရန်သူကို လက်စားချေလေ့ ရှိကြပါသည်။ ယင်း တောမျိုးစေ့များမှာ ကြီးထွားနေစဉ် ကာလတွင် စပါးပင်များနှင့် ဆင်တူယိုးမှာ ဖြစ်ကြ၏။ စပါးပင်များနှင့်အတူ ကြီးပွားရှင်သန်၍ ကောင်းသော သီးနှံပင်များကို ဖျက်ဆီးသဖြင့် လယ်ရှင်ကို ဒုက္ခပေးသည် သာမက ဆုံးရှုံးနစ်နာစေ၏။ ထိုနည်းအတူ စာတန်သည် ခရစ်တော်အပေါ် ရန်ငြိုးဖွဲ့၍ မကောင်းမှု ဒုစရိုက်မျိုးစေ့များကို နိုင်ငံတော်၏ ကောင်းသော သီးနှံတို့တွင် ကြဲဖြန့်နေပါသည်။ သူ စိုက်ပျိုးသော အပင်တို့၏ အသီးများကို ဘုရားသခင်၏ သားတော်အပေါ် တာဝန် ကျရောက်စေ၏။ ခရစ်တော်၏ အမည်ကို ခံယူထားသော်လည်း ခရစ်တော်နှင့်တူသော အကျင့်စာရိတ္တ မရှိသော သူများအား အသင်းတော်တွင်းသို့ ခေါ်ဆောင်ခဲ့ခြင်းဖြင့် ထို အဓမ္မသမားသည် ဘုရားသခင်၏ နာမတော်ကို ရှုတ်ချလျက် ကယ်တင်ခြင်းလုပ်ငန်းကို အလွဲ ဖေါ်ပြခြင်းဖြင့် အသက်ဝိညာဉ်များအား ဘေးအန္တရာယ် သင့်ရောက်စေပါသည်။COLB 69.1

    အသင်းတော်တွင် ယုံကြည်သူ အစစ်များ နှင့် အတုများ ရောထွေးနေသည်ကို ခရစ်တော်၏ အမှုတော်ဆောင်များ တွေ့သိကြသောအခါ စိတ်ဆင်းရဲရကြ၏။ အသင်းတော်၏ သန့်ရှင်းရေးကို ဆောင်ရွက်လိုကြ၏။ အိမ်ရှင်၏ အစေခံတို့ကဲ့သို့ သူတို့သည်လည်း တောပင်များကို နုတ်ပစ်လိုကြ၏။ သို့သော် ခရစ်တော်က “ထိုသို့ ငါ အလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကို ရောနှော၌ နုတ်မိမည် စိုးရိမ်စရာအကြောင်း ရှိ၏။ စပါးရိတ်သည့် ကာတိုင်အောင် အပင် နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ” ဟု မိန့်တော်မူ၏။COLB 69.2

    နောက်မဆုတ် လက်မလျှော့ဘဲ ပွင့်ပွင့်လင်းလင်း အပြစ် ကျူးလွန်နေသူများအား အသင်းတော်မှ ဖြတ်တောက်ထားရမည်ဟု ခရစ်တော်က အတိအလင်း သြဝါဒပေးထားတော်မူ၏။ သို့သော် သူတို့၏ အကျင့်စာရိတ္တ နှင့် ရည်ရွယ်ချက်များကို စီရင် ဆုံးဖြတ်ရန်အတွက် အခွင့်အာဏာကိုမူကား ကျွန်ုပ်တို့အား လွှဲအပ်ထားခြင်း မရှိပါ။ ယင်း အာဏာကို ကျွန်ုပ်တို့အား လွှဲအပ်ထားသင့် မထားသင့် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့၏ သဘော သဘာဝကို ကောင်းစွာ သိတော်မူ၏။ အကယ်၍ ကျွန်ုပ်တို့သည် မူမမှန်သော ခရစ်ယာန်များဟု ကျွန်ုပ်တို့ ထင်မြင်ယူဆသော အသင်းသားများကို အသင်းတော်မှ ထုတ်ပယ်မည်ဆိုပါက ဧကန်မုချ ကျွန်ုပ်တို့အနေဖြင့် မှားယင်းကြမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်၏ အမြင်အားဖြင့် မျှော်လင့်ချက် မရှိဟု ယူဆနေသော ငယ်သားများသည် ခရစ်တော် ကိုယ်တိုင် မိမိထံတော်သို့ ဆွဲဆောင်နေသူများ ဖြစ်နေနိုင်ပါသည်။ ယင်းကဲ့သို့သောသူများကို ကျွန်ုပ်တို့၏ စုံလင်ခြင်း မရှိသော စီရင်ချက်ဖြင့် အရေးယူလိုက်ပါက သူတို့အတွက် နောက်ဆုံးသော မျှော်လင့်ချက်ကို ဖျက်ဆီးရာရောက်ပေလိမ့်မည်။ ကိုယ်ကိုကိုယ် ခရစ်ယာန်ဟု ထင်မြင်ယူဆသူများသည် နောက်ဆုံးတွင် ချိန်ခွင်နှင့် ချိန်၍ လျော့နေကြောင်း တွေ့ရကြလိမ့်မည်။ နီးစပ်သောသူများက နိုင်ငံတော်သို့ ရောက်လိမ့်မည်ဟု မထင်မမှတ်သူ အများသည်လည်း ကောင်းကင်နိုင်ငံတော်သို့ ရောက်နေကြပေလိမ့်မည်။ လူသည် အပြင် သဏ္ဌန်ကို ကြည့်၍ ဆုံးဖြတ်တတ်သော်လည်း ဘုရားသခင်မူကား စိတ်နှလုံးကို သိတော်မူသည့် အလျောက် တရားစီရင်တော်မူ၏။ တေပင် နှင့် စပါးပင်တို့သည် စပါးရိတ်သည့် ကာလတိုင်အောင် အတူ ကြီးပွားကြရမည် ဖြစ်ပါသည်။ ယင်း စပါးရိတ်သိမ်းရာကာလသည် ကရုဏာတံခါးပိတ်သော အချိန် ဖြစ်ပါသည်။COLB 69.3

    ကယ်တင်ရှင်၏ သြဝါဒများတွင် အခြားသော သင်ခန်းစာ တစ်မျိုး ရှိပါသေးသည်။ ယင်း သင်ခန်းစာမှာ အံ့သြဖွယ်ရာ ဖြစ်သော သည်းခံခြင်း သဘောတရား နှင့် သနားစုံမက်တတ်သော မေတ္တာတရားပင် ဖြစ်ပါသည်။ တောပင်တို့၏ အမြစ်များသည် ကောင်းသော သီးနှံပင်တို့၏ အမြစ်များနှင့် ရောထွေးရစ်ပတ်နေသကဲ့သို့ အသင်းတော်၌ သစ္စာ မရှိ၊ ခရစ်ယာန် အယောင်ဆောင်သော ညီအစ်ကိုတို့သည်လည်း သစ္စာ ရှိသော တပည့်တော်များနှင့် နီးစပ်ပူးကပ်သည့် ကွင်းဆက်များ ရှိနေနိုင်ပါသည်။ ယင်း အယောင်ဆောင် အသင်းသားများ၏ အကျင့်စာရိတ္တ အမှန်မှာလည်း အပြည့်အဝ မထင်ရှားပါ။ အကယ်၍ ၎င်းတို့အား အသင်းတော်နှင့် ခွဲခွာစေမည်ဆိုပါက သာမန်အားဖြင့် ဆက်လက် သစ္စာရှိနေမည့် အသင်းသားများအတွက်ပင် ထိမိ၍ လဲစရာ အကြောင်းဖြစ်လာနိုင်ပါသည်။COLB 70.1

    ဤ ဥပမာပုံတွင် ဘုရားသခင်သည် လူသားတို့နှင့် လည်းကောင်း၊ ကောင်းကင်တမန်များနှင့် လည်းကောင်း ဆက်ဆံဆောင်ရွက်တော်မူပံဒကို သရုပ်ဖေါ်ထားခြင်း ဖြစ်ပါသည်။ စာတန်သည် လိမ်လည်လှည့်ဖြားသူ ဖြစ်၏။ သူသည် ကောင်းကင်တွင် အပြစ်ကျူးလွန်သောအခါ သစ္စာ ရှိသော ကောင်းကင်တမန်များပင်လျှင် သူ၏ အကျင့်စာရိတ္တကို ပြည့်စုံအောင် ခွဲခြား၍ နားမလည်ကြပါ။ ထိုကြောင့် ဘုရားသခင်သည် စာတန်အား ချက်ချင်း အပြီးသတ် မစီရင်ခဲ့ပါ။ အကယ်၍ ဘုရားသခင်သည် စာတန်အား ထိုစဉ်က အဆုံး စီရင်ခဲ့မည်ဆိုပါက သန့်ရှင်းသော ကောင်းကင်တမန်တို့သည် ဘုရားသခင်၏ မေတ္တာတော် နှင့် ကိုယ်တော်၏ ဖြောင့်မတ်တော်မူခြင်း အကြောင်းကို သိမြင်ကြလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်းကို သံသယ ဖြစ်စေသည့် မကောင်းမှုမျိုးစေ့သည် အပြစ် နှင့် အမင်္ဂလာဆိုင်ရာ အခါးသီးများနည်းတူပင် ဆိုးရွာလိမ့်မည်။ ထိုကြောင့် မကောင်းမှုကို စတင် ဖန်တီးသူအား သူ၏ အကျင့်စာရိတ္တ ရုပ်လုံးပေါ်သည်တိုင်အောင် ချမ်းသာပေးခဲ့တော်မူ၏။ ဘုရားသခင်သည် မကောင်းမှုအပေါင်းကို ရှုမြင်တော်မူရသည့်အတွက် ခေတ်ကာလ ကြာမြင့်စွာ ကိုယ်ရောစိတ်ပါ ဝေဒနာ ခံစားတော်မူရခြင်းမှာ ဆိုးညစ်သူ၏ ပုံသက်သေ အမှားကို အကြောင်းပြု၍ မည်သူ တစ်ဦးတစ်ယောက်မျှ ပျက်စီးခြင်းသို့ မရောက်စေခြင်းငှါ ဘုရားသခင်သည် ကရာနီကုန်းတော်ပေါ်တွင် အဖိုးမဖြတ်နိုင်သော မေတ္တာ လက်ဆောင်တော်မြတ်ကို ပေးလှူတော်မူ၏။ အဖိုးထိုက်တန်သော အသီးနှံပင်များကို အန္တရာယ် မဖြစ်စေဘဲ တောပင်များကို နုတ်ပစ်ရန် မဖြစ်နိုင်သောကြောင့် ယင်းသို့ စိတ်ရှည်စွာ စောင့်ဆိုင်းတော်မူ၏။ ဘုရားသခင်သည် စာတန်အပေါ် ယင်းကဲ့သို့ စိတ်ရှည်တော်မူသည်နည်းတူ ကျွန်ုပ်တို့သည်လည်း လူသား အချင်းချင်းအပေါ် စိတ်မရှည်သင့်ပါသလော။COLB 71.1

    အသင်းတော်တွင် မထိုက်မတန်သော သူတို့ ရှိသောကြောင့် ခရစ်ယာန် အယူဝါဒ မှန်မမှန်ကို လောကီသားများက ဝေဖန်ရန် မဟုတ်ပါ။ ခရစ်ယာန်များအနေဖြင့်လည်း ယင်း မစစ်မမှန်သော ညီအစ်ကိုများကြောင့် စိတ်ပျက်အားလျော့စရာ မလိုပါ။ ရှေးရှေးက အသင်းတော်များတွင် မည်သို့ ရှိခဲ့ပါသနည်း။ အာနနိ နှင့် ရှဖိရေတို့သည် တပည့်တော်များနှင့် ပေါင်းဖက်ကြ၏။ နတ်ဝိဇ္ဇာ ဆရာရှိမုန်ကို နှစ်ခြင်းပေးခဲ့ကြ၏။ တမန်တော် ရှင်ပေါလုကို စွန့်ပစ်သွားသော ဒေမသည် ယုံကြည်သူများတွင် ရေတွက်ဝင်ခဲ့သည်။ ယုဒရှကာရုတ်သည်လည်း တပည့်တော်တို့တွင် တစ်ယောက် အပါအဝင် ဖြစ်ခဲ့၏။ ရွေးနုတ်ရှင်သည် အသက်ဝိညာဉ် တစ်ခုကိုမျှ မဆုံးရှုံးစေလိုပါ။ လူသားများ၏ ဆိုးသွမ်းလမ်းလွဲတတ်သော သဘောထားအပေါ် ကိုယ်တော်၏ အချိန်ကြမြင့်စွာ သည်းခံတော်မူခြင်းကို ထင်ရှားစေရန် ကိုယ်တော်ရှင် အချိန်ကြာမြင့်စွာ သည်းခံတော်မူခြင်းကို ထင်ရှားစေရန် ကိုယ်တော်ရှင် နှင့် ယုဒရှကာရုတ်တို့ ဆက်ဆံခဲ့ပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလည်း ယင်းသို့ပင် ပြုစေလိုတော်မူ၏။ မှားယွင်းသော ညီအစ်ကိုများအား အမှုကုန်ရာသည် ကာလတိုင်အောင် အသင်းတော်တွင် တွေ့ရှိရလိမ့်မည်ဟု ကိုယ်တော်ရှင် မိန့်တော်မူ၏။COLB 72.1

    ခရစ်တော်က သတိပေးထားတော်မူပါလျက် လူတို့သည် တောပင်များကို နုတ်ပစ်ရန် အကြောင်းရှာကြ၏။ မကောင်းမှုဒစရိုက်ပြုသည်ဟု ယူဆရသော သူများကို ပြစ်ဒဏ်ပေးရန် အသင်းတော်သည် ပြည်သူ့အာဏာ၏ အထောက်အပံ့ကို ခံယူကြ၏။ ခရစ်တော်၏ အခွင့်အာဏာကို အမှီပြု၍ ဆောင်ရွက်သည်ဟု အဆိုပြုသူများ၏ တိုက်တွန်းမှုဖြင့် အသင်းတော်က သတ်မှတ်ထားသော သြဝါဒတရားများမှ ကွဲလွဲခြားနားသူများကို အကျဉ်းထောင်သို့ ပို့ကြ၏၊ နှိပ်စက်ညှဉ်းပန်းခြင်း သာမက အသေသတ်ခြင်းတိုင်အောင်ပြုကြ၏။ သို့သော် ယင်းသို့ တိုက်တွန်းပေးခြင်းများမှာ ခရစ်တော်၏ သဘောတရားများ မဟုတ်ပါ။ စာတန်၏ သဘောတရားများသာ ဖြစ်ပါသည်။ ယင်းနည်းများအားဖြင့် စာတန်သည် ဤ ကမ္ဘာလောကကြီးကို မိမိ၏ တန်ခိုးအာဏာ လက်အောက်သို့ သိမ်းသွင်းလျက် ရှိနေပါသည်။ အယူလွဲမှားသည်ဟု စွပ်စွဲခြင်း ခံရသော သူအား ယင်းသို့ အရေးယူဆောင် ရွက်ခြင်းဖြင့် အသင်းတော်သည် ဘုရားသခင်ကို အလွဲပုံဆောင်လျက် ရှိနေပါသည်။COLB 72.2

    သူတစ်ပါးကို အကဲဖြတ်ခြင်း၊ စစ်ကြောစီရင်ခြင်း၊ မှားသည်ဟု ဆုံးဖြတ်စီရင်ခြင်းများကို ပြုလုပ်ရန် မဟုတ်၊ ကိုယ်အားကိုယ် မကိုးဘဲ စိတ်နှလုံးနှိမ့်ချ၍ မာန်မာန မထားရန် ဤ ဥပမာကို ပုံဆောင်၍ ခရစ်တော် ဟောကြားတော်မူ၏။ လယ်၌ ကြဲသော မျိုးစေ့ အားလုံးသည် ကောင်းသော မျိုးစေ့များ မဟုတ်ကြ။ အသင်းတော်၌ အသင်းသားအဖြစ် ပါဝင်ရုံမျှဖြင့် ခရစ်ယာန် ဖြစ်သည်ဟု မဆိုနိုင်ပါ။COLB 73.1

    အရွက်များ စိမ်းစိုနေစဉ်အချိန်တွင် တောပင်များသည် စပါးပင်များနှင့် ထပ်တူထပ်မျှ ပုံသဏ္ဌာန် တူညီကြသော်လည်း စပါးရိတ်သိမ်းချိန်သို့ ရောက်သောအခါ အနှစ်မပါ တန်ဖိုး မရှိသော တောပင်တို့သည် အနှစ်အသားနှင့် ပြည့်ဝ၍ ရွှေဝါရောင် ဝင်းမှည့်နေသော စပါးနှံများကြောင့် ခေါင်းငိုက်စိုက်ကျနေသော စပါးပင်များနှင့် လုံးဝ မတူပါ။ ဘုရားတရား၌ မွေ့လျော် ယောင်ဆောင်သော သူများမှာ ခရစ်တော်၏ နောက်တော်သို့ သစ္စာနှင့် လိုက်သော သူများနှင့် ရောပြွမ်း၍ နေချိန်တွင် ခဏသာမျှ ခရစ်ယာန်တို့၏ အသွင်အပြင်ကဲ့သို့ လူအများက တွေ့မြင်ရကြမည် ဖြစ်သော်လည်း ဤ ကမ္ဘာကြီး၏ နောက်ဆုံး စပါးရိတ်သိမ်းချိန်သို့ ရောက်သောအခါ မကောင်းသူနှင့် ကောင်းသူတို့၏ ပုံသဏ္ဌန်သည် လုံးဝ တူညီမှု ရှိကြလိမ့်မည် မဟုတ်ပါ။ ထိုသောအခါ အသင်းတော်နှင့် ဆက်သွယ်ပြီးသော်လည်း ခရစ်တော်နှင့် မဆက်သွယ်ရသေးသော သူတို့သည် တသီးတသန့် ပေါ်လွင်၍ နေကြလိမ့်မည်။COLB 74.1

    တောပင်တို့သည် စပါးပင်များနှင့်အတူ ကြီးပွားခွင့်ရကြ၏။ နေရောင်ခြည်နှင့်တကွ မိုးရေကိုလည်း အတူသောက်သုံးနိုင်ကြ၏။ သို့သော် စပါးရိတ်သိမ်းချိန်သို့ ရောက်သောအခါ “သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သော သူ၊ မဖြောင့်မတ်သော သူ၊ ဘုရားသခင်၏ အမှုတော်ကို ဆောင်သော သူ၊ မဆောင်သော သူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။” မာလခိ၊ ၃:၁၈။ ကောင်းကင် မိသားစုနှင့်အတူ နေထိုင်သော သူကို ခရစ်တော် ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်တော်မူလိမ့်မည်။ လူတိုင်း မိမိတို့၏ အပြောအဆို အလုပ်အတိုင်း တရားစီရင်ခြင်းကို ခံရကြလိမ့်မည်။ ယုံကြည်သော အမည်ခံရုံမျှဖြင့် ချိန်ခွင်တွင် ချိန်လေးစီးလိမ့်မည် မဟုတ်ပါ။ နောက်ဆုံးအချိန်အတွက် အကျင့်စာရိတ္တကသာ ဆုံးဖြတ်ချက်ပေးလိမ့်မည်။COLB 74.2

    တောပင်တို့သည် စပါးပင်များအဖြစ်သို့ ရောက်ရှိလာမည့် အချိန်ကို ကယ်တင်ရှင် ညွှန်ပြထားခြင်း မရှိပါ။ တောပင် နှင့် စပါးပင်တို့သည် စပါးရိတ်သိမ်းရာ ကာလ ဖြစ်သောကမ္ဘာကုန်ဆုံးချိန်တိုင်အောင် အတူတကွ ကြီးပွားကြ၏။ ထိုအချိန်သို့ ရောက်သောအခါ တောပင်များကို မီးလောင် တိုက်သွင်းရန် အထုံးလိုက် စုစည်း၍ စပါးပင်များကို ဘုရားသခင်၏ စပါးကျီတွင်းသို့ သိမ်းသွင်းလိမ့်မည်။ “ထိုအခါ ဖြောင့်မတ်သော သူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့ အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။” ၎င်းအပြင် “လူသားသည် မိမိ ကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင် မှားယွင်းစေသော သူတို့ နှင့် မတရားသော အမှုကို ပြုသော သူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာ မီးဖို၌ ချကြလတ္တံ့။”COLB 74.3

    * * * * *