Loading...
Larger font
Smaller font
Copy
Print
Contents

ခရစ်တော်၏သရုပ်ပြ ဩဝါဒများ

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများ

    အသင်းတော်သို့ ခရစ်တော် ယုံမှတ်လွှဲအပ်ထားသည့် အစွမ်းသတ္တိများမှာ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော် ဝေငှသည့်ဆုကျေးဇူးများ နှင့် ကောင်းချီးမင်္ဂလာများကို ဆိုလိုပါသည်။ “ဝိညာဉ်တော် အားဖြင့် တစ်ယောက်သော သူအား ပညာတရားကို ပေးတော်မူ၏။ ထို ဝိညာဉ်တော် အားဖြင့် တစ်ယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ ထို ဝိညာဉ်တော် အားဖြင့် တစ်ယောက်သော သူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထို ဝိညာဉ်တော် အားဖြင့် တစ်ယောက်သော သူအား အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ကို ပေးတော်မူ၏။ တစ်ယောက်သော သူအား တန်ခိုးကို ပြနိုင်သော အခွင့်ကို လည်းကောင်း၊ တစ်ယောက်သော သူအား ပုရောဖက် ပြုနိုင်သော အခွင့်ကို လည်းကောင်း၊ တစ်ယောက်သော သူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သော အခွင့်ကို လည်းကောင်း၊ တစ်ယောက်သော သူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို လည်းကောင်း၊ တစ်ယောက်သော သူအား ထို ဘာသာစကား၏ အနက်ကို ဖေါ်ပြနိုင်သော အခွင့်ကို လည်းကောင်း ပေးတော်မူ၏။ ဤ အခွင့် ရှိသမျှတို့ကို တစ်ပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူ အသီးအသီးတို့အား အသီးအသီး ခံရသော အခွင့်ကို အလိုတော် ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။” ၁ ကော၊ ၁၂:၈-၁၁။ လူတိုင်း တူညီသော ဆုကျေးဇူးများကို ခံရကြသည် မဟုတ်ပါ။ သို့သော် အရှင်သခင်သည် မိမိ ငယ်သားတိုင်းအား ဝိညာဉ်တော်၏ ဆုကျေးဇူး အချို့ကို ဝေငှရန် ကတိထားတော်မူ၏။COLB 403.2

    ခရစ်တော်သည် တပည့်တော်များအား ထားခဲ့၍ ပြန်ကြွသွားတော် မမူမီ “သူတို့ အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့” ဟူ၍ လည်းကောင်း၊ ယော၊ ၂၀:၂၂။ “ငါ့ ခမည်းတော်၏ ကတိ ရှိသည်အတိုင်း သင်တို့၌ ငါပြုဦးမည်” ဟူ၍ လည်းကောင်း မိန့်တော်မူ၏။ လု၊ ၂၄:၄၉။ သို့သော် ကိုယ်တော်သည် ကောင်းကင်သို့ တက်ကြွသွားတော်မူပြီးနောက်မှ ဆုကျေးဇူးများကို ပြည့်စုံကုံလုံစွာ ရရှိကြပါသည်။ တပည့်တော်တို့သည် ယုံကြည်စွာဖြင့် လည်းကောင်း၊ ဆုတောင်းခြင်း အားဖြင့် လည်းကောင်း ကိုယ်တော်၏ အမှုတော်ကို ထမ်းဆောင်ရန် ကိုယ်ကိုကိုယ် လုံးလုံးလျားလျား ဆက်ကပ်အပ်နှံပြီးမှ ဝိညာဉ်တော် အထူး သွန်းလောင်းတော်မူခြင်းကို ခံရကြပါသည်။ ထိုအချိန်မှ အစပြု၍ ကောင်းကင်ဥစ္စာများကို ခရစ်တော်၏ နောက်တော်သို့ လိုက်လျှောက်သော သူများအား အထူး ကိစ္စရပ် အဖြစ် ပေးတော်မူ၏။ ကိုယ်တော်သည် “မြင့်သော အရပ်သို့ တက်ကြွတော်မူသဖြင့် များစွာသော သူတို့ကို ဖမ်းသွားတော်မူ၍ လူတို့အား ဆုလာဘ်များကို ပေးတော်မူ၏။” “ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီ ခံရကြပြီ။” ဧဖက်၊ ၄:၇၊ ၈။ ဝိညာဉ်တော်သည် “လူ အသီးအသီးတို့အား အသီးအသီး ခံရသော အခွင့်ကို အလိုတော် ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။” ၁ ကော၊ ၁၂:၁၁။ ခရစ်တော်၌ ကျွန်ုပ်တို့အတွက် ဆုကျေးဇူးများ ရှိနှင့်ပြီး ဖြစ်ပါသည်။ သို့သော် ယင်း ဆုကျေးဇူးတော်များကို ကျွန်ုပ်တို့ အမှန် ပိုင်ဆိုင်ရန်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို ခံယူခြင်း အပေါ် မူတည်ပါသည်။COLB 404.1

    ဝိညာဉ်တော်ဆိုင်ရာ ကတိတော်၏ ဆုကျေးဇူးများကို ကောင်းစွာ သဘောပေါက် နားလည် သင့်သည် အတိုင်း နားမလည်ကြသေးပါ။ ယင်း ပြည့်စုံမှုကိုလည်း သဘောပေါက်သင့် သလောက် မပေါက်ကြသေးပါ။ ဝိညာဉ်တော် မရောက်ရှိသည့်အတွက် ဧဝံဂေလိ အမှုတော်သည် ဤမျှလောက် တန်ခိုး မှေးမှိန် နေရခြင်း ဖြစ်ပါသည်။ စာပေကျမ်းဂန် ဖတ်သိ လိမ္မာခြင်း၊ စွမ်းရည်ထက်မြက်ခြင်း၊ စကားပြောကောင်းခြင်း စသည့် ပင်ကို အတိုင်း သို့မဟုတ် ဆည်းပူး၍ ရရှိထားသည့် အရည်အချင်းများ ရှိကောင်း ရှိပေလိမ့်မည်၊ သို့သော် ဘုရားသခင်၏ ဝိညာဉ်တော် မပါလျှင် မည်သည့် နှလုံးသားကိုမျှ ထိတွေ့နိုင်လိမ့်မည် မဟုတ်ပါ။ မည်သည့် အပြစ်သားကိုမျှ ခရစ်တော် ထံသို့ ပို့ဆောင်နိုင်မည် မဟုတ်ပါ။ တစ်ဘက်တွင် မူကား၊ သူတို့သည် ခရစ်တော်နှင့် ပေါင်းစပ်မှု ရှိပါက လည်းကောင်း၊ ဝိညာဉ်တော်၏ ဆုကျေးဇူးများကို လက်ခံရရှိထားပါက လည်းကောင်း သူတို့သည် ကိုယ်တော်၏ တပည့်တော်များတွင် ခွန်အား အနည်းဆုံး၊ အသိပညာ အနည်းဆုံးပင် ဖြစ်စေကာမူ လူတို့၏ စိတ်လှုပ်ရှားအောင် ပြောဟောနိုင်သည့် တန်ခိုး ရှိလိမ့်မည်။ ဘုရားသခင်သည် သူတို့အား ဤ စကြာဝဠာကြီး တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး လုပ်ကိုင်နိုင်သည့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်စေတော်မူ လိမ့်မည်။COLB 405.1